← Chapters

ရောက်လက်စနဲ့ မထူးတော့ပါဘူး

Vol. 16 Ch. 190

ရောက်လက်စနဲ့ မထူးတော့ပါဘူး

Vol. 16 Ch. 190

ကျိယွမ်၏ မေးခွန်းကြောင့် ရဲ့လျိုယွမ်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွား၏။

"အရှင်က နောက်နေတာပဲ၊ ကျွန်တော်က နဂါးမျိုးနွယ် မဟုတ်ပါဘူး"

ရဲ့လျိုယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ သိချင်စိတ်နှင့်အတူ စိုးရိမ်စိတ်တို့ ဒွန်တွဲနေခဲ့သည်။

သူသည် မိမိ၏ မူလစွမ်းအင်အရှိန်အဝါကို ဖုံးကွယ်ရန် အဖိုးတန်ရတနာတစ်ခုကို အသုံးပြုထားပါလျက်နှင့် တစ်ဖက်လူက မည်သို့ ထိုးဖောက်မြင်သွားလေသနည်း။

"ခြေသည်းငါးချောင်းလည်း မပါဘူး၊ ချင်းလုံလည်း မဟုတ်၊ ကျူးလုံလည်း မဟုတ်ဘူးဆိုတော့... တကယ့်နဂါးစစ်စစ်တော့ မဟုတ်ပါဘူး။ အလွန်ဆုံးရှိလှ နဂါးသွေးနှော တစ်ဝက်လောက်ပဲ ရှိမှာပါ"

ကျိယွမ်က ရဲ့လျိုယွမ်၏ ငြင်းပယ်မှုကို အလေးမထားဘဲ ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။

ရဲ့လျိုယွမ်က ခပ်တည်တည်ဖြင့် ငြင်းနေသော်လည်း ကျိယွမ်၏ မျက်လုံးများက ရဲ့လျိုယွမ်၏ အချက်အလက်များကို မြင်တွေ့ခဲ့ပြီး ထိုသူက နဂါးသွေးပါသူဖြစ်ကြောင်းကို အတည်ပြုခဲ့ပြီး ဖြစ်သည်။

မင်းက ဖြီးနေ ၊ ငါ့မျက်လုံးတွေက အကုန်မြင်နေပြီ။

သူ၏စကားကို ကြားသောအခါ ရဲ့လျိုယွမ်၏ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်ပေါက်လာ၏။

သူသည် မိမိကိုယ်ကိုယ် မြင့်မြတ်သော မျိုးရိုးရှိသည့် နဂါးစစ်စစ်ဟု မှတ်ယူထားသူဖြစ်သည်။ ယခုတော့ တစ်ဖက်သားက သူ့အားချိုးနှိမ်နေလေပြီ။

ငါမှနဂါးမစစ်ရင် ဘယ်သူက စစ်တော့မှာလဲ။

ခြေသည်းငါးချောင်းနဂါး၊ ကျူးလုံ နှင့် ချင်းလုံ ဆိုသည်တို့မှာ သူတစ်ခါမျှပင် မကြားဖူးသော အမည်များ ဖြစ်သဖြင့် သွေးနှောနဂါးများသာ ဖြစ်လိမ့်မည်ဟု သူက တွေးလိုက်မိသည်။

သို့သော် တစ်ဖတ်သူ၏ထူးခြားသော ပုံစံကြောင့် သူ၏အတွေးများကို အပြင်သို့ ထုတ်မပြောဘဲ စိတ်ထဲ၌သာ ထားလိုက်၏။

သူသည် ကျိယွမ်ကို သေချာကြည့်ကာ မေးသည်။

"ဒါနဲ့ အရှင်က ဘယ်သူပါလဲ"

"ချင်းရွှေကျေးရွာရဲ့ အစောင့်အရှောက်နတ်ဘုရား၊ မူလနတ်ဘုရားပါ"

ကျိယွမ်က အမှန်အတိုင်း ဖြေပေးခဲ့သည်။

ရဲ့လျိုယွမ်နှင့် သူ၏ နောက်လိုက်များမှာ တစ်ဦးကိုတစ်ဦး နားမလည်နိုင်သလို ကြည့်လိုက်ကြ၏။

အားလုံး၏ အမြင်တွင် ကျိယွမ်၏ စွမ်းအားမှာ ကျေးရွာအဆင့် ကာကွယ်စောင့်ရှောက်ရေး နတ်ဘုရားတစ်ပါးနှင့် ကိုက်ညီမှု ရှိပါသည်။

သို့သော် ကျေးရွာအဆင့် သာမန်နတ်ဘုရားပေါက်စတစ်ပါးကို စစ်မှန်နတ်ဘုရားခြောက်ပါးက အစေခံများကဲ့သို့ ထီးမိုးပေးခြင်း၊ သစ်သီးကျွေးခြင်းများ ပြုလုပ်ပေးနေသည်မှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။

ရဲ့လျိုယွမ်သည် သူ၏ မျိုးနွယ်စုအတွင်း ဂုဏ်သရေရှိသူ ဖြစ်သော်လည်း မိမိထက် သန်မာသော လူကြီးသူမများကို ဤကဲ့သို့ အစေခံခိုင်းရန် စိတ်ပင် မကူးဝံ့ပေ။

သူကသာ အကြီးအကဲများကို သစ်သီးခွံ့ခိုင်းလျှင် သစ်သီးမရသည့်အပြင် သူ၏ ခြေထောက်များပင် ရိုက်ချိုးခံရပေလိမ့်မည်။

"အရှင်က ပန်းပေါင်းတစ်ရာပွဲတော်ကို လာတာလား"

"ဟုတ်တယ်"

ကျိယွမ်က ခေါင်းညိတ်ပြရင်း သူ၏ရှေ့မှနဂါးသွေးနှောကို ကြည့်လိုက်သည်။

ဒီကောင်က နည်းနည်းတော့စပ်စုပုံရတယ် ။

"ဒါဆို ကျွန်တော်တို့ အတူတူ သွားကြမလား"

ကျိယွမ်ကို စိတ်ဝင်စားသွားသော ရဲ့လျိုယွမ်က ဖိတ်ခေါ်လိုက်သည်။

"ရတာပေါ့"

ကျိယွမ်ကလည်း တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူလိုက်၏။

ထို့နောက် သူတို့သည် မြောက်ပင်လယ်နတ်ဘုရားမျက်စိသို့ အတူတကွ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။

လမ်းခရီးတွင် ရဲ့လျိုယွမ်က ရှင်းပြလာသည်။

"ဒီဒေသမှာ သောင်းကျန်းခဲ့တဲ့ နဂါးက သိပ်မသန်မာပေမဲ့ သူ့ရဲ့ ပါရမီကတော့ ထူးခြားတယ်။ သူက မြောက်ပင်လယ် နဂါးမျိုးနွယ်ရဲ့ မျှော်လင့်ချက်လို့တောင် သတ်မှတ်ခံခဲ့ရတာ။ ဒါပေမဲ့ ဖီးနစ်မျိုးနွယ်ရဲ့ တတိယမြောက် သမီးတော်က သူ့ကို သတ်လိုက်တဲ့နောက်ပိုင်း နဂါးမျိုးနွယ်နဲ့ ဖီးနစ်မျိုးနွယ်ကြားမှာ ရန်ငြိုးတွေ ဖြစ်ခဲ့ကြတယ်"

ရဲ့လျိုယွမ် သူ၏စကားကို ရပ်ကာ ချီချီ ကို ကြည့်၏။

"မိန်းကလေး၊ မြောက်ပင်လယ် နတ်ဘုရားမျက်စိထဲကို ရောက်တဲ့အခါ မင်းရဲ့ အရှိန်အဝါကို ဖုံးကွယ်ထားတာ ပိုကောင်းလိမ့်မယ်။ နဂါးမျိုးနွယ်ကသာ သိသွားရင် ဒုက္ခရောက်နိုင်တယ်"

"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ချီချီက ရိုသေစွာ ပြန်ပြောလိုက်၏။

ဘေးတွင် ရပ်နေသော ဝမ်ဝမ်ချီက ချီချီ၏ ဖီးနစ်အရှိန်အဝါကို ဖုံးကွယ်ရန် မှော်ပညာတစ်ခု အသုံးပြုလိုက်သည်။ အကယ်၍ စစ်မှန်နတ်ဘုရားတစ်ပါးက အနီးကပ် လာရောက်စစ်မစစ်ဆေးမချင်း မသိနိုင်ပေ။

ကျိယွမ်က ချီချီကို အားပေးသလိုပြုံးပြသော်လည်း မည်သည့်မှတ်ချက်မှမပေးခဲ့ပါ။

"မြောက်ပင်လယ် နတ်ဘုရားမျက်စိဆီ သွားဖို့အတွက် အရှင် ပြင်ဆင်ပြီးပြီလား"

ရဲ့လျိုယွမ်က ကျိယွမ်အားမေးလိုက်သည်။

"ငါက အမြဲတမ်း ပြင်ဆင်ထားပြီးသားပါ"

ကျိယွမ်က မိစ္ဆာနတ်ဘုရားများကို သတ်ရန် အသင့်ဖြစ်နေခြင်းကို ရည်ညွှန်းကာ ဖြေလိုက်ခြင်းပင်။

သို့သော်ကျိယွမ် စိတ်ပျက်သလိုခံစားနေရ၏။

ခုချိန်ထိ ဘာကောင်မှပေါ်မလာသေးဘူး။မိစ္ဆာနတ်ဘုရားတွေက ရှားလှချည်လား။

"အရှင်က ရည်မှန်းချက် ကြီးမားပုံရတယ်၊ ဒီပွဲတော်မှာ အရှင် အောင်မြင်မှုတွေ ရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

ရဲ့လျိုယွမ်က ကျိယွမ်၏ နောက်ကြောင်းကို စုံစမ်းချင်သဖြင့် စကားစသည်။

"ပန်းပေါင်းတစ်ရာပွဲတော်မှာ ရတနာတွေ အများကြီး ရှိလား"

ကျိယွမ်က သူသိလိုသောကိစ္စကိုသာ မေးလိုက်၏။

ရှန်လဲ့သည် မြောက်ပိုင်းဒေသမှ မဟုတ်သဖြင့် ထိုပွဲတော်အကြောင်းအား ကောင်းကောင်းမသိသလို၊ ကျိယွမ်၏ အစေခံ နတ်ဘုရားအသစ်များမှာလည်း သာမန်ရွာသားများဖြစ်သောကြောင့် ထိုပွဲမျိုးနှင့် အလှမ်းဝေးလှသည်။

"ဒဏ္ဍာရီအရဆိုရင် ပြီးခဲ့တဲ့ ပွဲတော်တစ်ခုမှာ ပါရမီရှင်တစ်ယောက်က ရတနာခုနစ်ပါးတောင် ရသွားခဲ့ဖူးတယ်။ အဲဒီရတနာ တစ်ခုစီက လူတစ်ယောက်ကို စစ်မှန်နတ်ဘုရား ဖြစ်သွားစေနိုင်လောက်အောင် စွမ်းအားကြီးတယ်"

ရဲ့လျိုယွမ်က အားကျသည့်လေသံဖြင့် ပြောပြလေသည်။

ကျိယွမ်၏ မျက်လုံးများ တောက်ပသွားကာ ချက်ချင်းပြန်မေးလိုက်သည်။

"အဲဒီလောက်တောင် များတာလား။ အဲဒါတွေကို ဘယ်လိုရအောင် ယူရတာလဲ"

ရတနာများမှာ ယခုအချိန်တွင် သူ အလိုအပ်ဆုံးသော အရာများပင်မဟုတ်ပါလား။

အကယ်၍ ထိုရတနာများသာ အလုံအလောက်ရှိလျှင် သူသည် စစ်မှန်နတ်ဘုရားများကို အကန့်အသတ်မရှိ ဖန်တီးနိုင်ပြီး သူ၏ ဩဇာအာဏာကို ချဲ့ထွင်နိုင်မည်ဖြစ်၏။

"အဲဒါက မလွယ်ဘူးဗျ"

ရဲ့လျိုယွမ်က သတိပေးသည်။

"မြောက်ပင်လယ် နတ်ဘုရားမျက်စိထဲမှာ ချုံးဟွာလို့ခေါ်တဲ့ မဟာအုပ်စိုးရှင်တစ်ပါးအိပ်ပျော်နေတာနှစ်ပေါင်းများစွာကြာပြီ ။ သူက မြောက်ပင်လယ် ရေမျိုးနွယ်စုတွေထဲမှာ အသန်မာဆုံးပဲ။ ဒီပွဲတော်ရဲ့ မူလရည်ရွယ်ချက်က ပန်းတွေကို ပွင့်စေပြီး ချုံးဟွာမဟာအုပ်စိုးရှင်ကို နိုးထလာအောင် လုပ်ဖို့ပဲ"

ကျိယွမ်၏ ပုံစံက ထိုအရာများကိုမသိသေးဟန်ရှိသဖြင့် ရဲ့လျိုယွမ်သည် ကျိယွမ်မှာ အခြားအရပ်မှ လာသူ သို့မဟုတ် အားကိုးရာ နောက်ခံမရှိသူ တစ်ဦးဖြစ်မည်ဟု ပို၍ပင် ယုံကြည်သွားတော့သည်။

ကျိယွမ်က ရဲ့လျိုယွမ်အား နားမလည်သလိုကြည့်၏။

"ပန်းတွေကို ပွင့်စေချင်ရင် ဓာတ်မြေဩဇာ ကျွေးလိုက်ရင် ရတာပဲ မဟုတ်ဘူးလား။ ရွက်ဖြန်းဆေးဖြန်းပေါ့ ၊ အဲဒါမှ မရရင်လည်း လူပုလေးတစ်ယောက်ကို သူ့ကို နိုးလာအောင် နမ်းခိုင်းလိုက်လေ"

ရဲ့လျိုယွမ်မှာ ပါးစပ်အဟောင်းသားဖြင့် ကျိယွမ်အား ငေးကြည့်နေမိသည်။

သူဘာတွေပြောနေတာလဲ ၊ ငါလည်းတစ်လုံးမှ နားမလည်ပါလား။

ချီချီက အခြေအနေ မကောင်းသည်ကို ရိပ်မိသဖြင့် ဝင်ထိန်းလိုက်သည်။

"ကျွန်မရဲ့ မွေးစားအဖေက အမြဲတမ်း အဲဒီလိုပဲ ပြောတတ်တာမို့လို့ နားလည်ပေးပါအရှင်"

သူမ ရှင်းပြမှ ရဲ့လျိုယွမ်က ပိုဆိုးသွားသည်။

"မွေးစားအဖေလား"

သူက ကျိယွမ်အား အလန့်တကြားကြည့်၏။

မြင့်မြတ်တဲ့ဖီးနစ်မျိုးနွယ်တစ်ယောက်ကို မွေးစားသမီးလုပ်ထားတာလား ၊ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ၊ ငါလို စစ်မှန်နတ်ဘုရားတောင် မလုပ်ရဲဘူး။

အကယ်၍ ဖီးနစ်မျိုးနွယ်မှ တတိယသမီးတော်သာ ရှိနေသေးလျှင် ကျိယွမ်ကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်လိုက်မည် မဟုတ်ပါလား။

ရဲ့လျိုယွမ်က သူ၏အတွေးများကို ဘေးဖယ်ထားကာ ဆက်ရှင်းပြသည်။

"မြောက်ပင်လယ် နတ်ဘုရားမျက်စိမှာ စုဝေးပြီးရင် စစ်မှန်နတ်ဘုရားတွေဟာ ချုံးဟွာနဲ့ သက်ဆိုင်တဲ့ နတ်ဘုရားတစ်ပါးပါးကို ပုံရိပ်ဖော် ကြရတယ်။ ပုံရိပ်ဖော်လိုက်တဲ့ နည်းစနစ်တွေနဲ့ ချုံးဟွာရဲ့ မှတ်ဉာဏ်တွေကို ပိုပြီး နိုးထလာအောင် လုပ်နိုင်လေလေ၊ ဥယျာဉ်ထဲက ပန်းတွေ ပိုပွင့်လာလေလေ ဖြစ်ပြီး ရရှိမယ့် ဆုလာဘ်တွေကလည်း ပိုကြီးမားလေလေပဲ"

"တကယ်လို့ ငါက ချုံးဟွာအရှင်မနဲ့ တစ်ခါမှ မဆုံဖူးလို့ သူမနဲ့ ပတ်သက်တဲ့ နတ်ဘုရားကို စိတ်ကူးပုံဖော်လို့ မရရင်ကော"

ကျိယွမ်က ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။

သူသည် ချုံးဟွာကို မသိသလို၊ သူမနှင့် ဆက်စပ်သော နတ်ဘုရားတစ်ပါးကိုလည်း စိတ်ကူးပုံဖော်ရန် နည်းလမ်းမရှိပေ။

ငါ့အတွက်ခက်ပြီထင်တယ်။

"အဲဒါက ပြဿနာမရှိပါဘူး"

ရဲ့လျိုယွမ်က အားပေးလိုက်သည်။

"အရှင်က ချုံးဟွာကို မမြင်ဖူးရင်တောင် အရှင်စိတ်ကူးပုံဖော်တဲ့ နတ်ဘုရားတွေက မြင်ဖူးချင် မြင်ဖူးနေမှာပါ။ သူတို့က သူမရဲ့အကြောင်းကို ဖော်ပြနိုင်သရွေ့ သူမကို နိုးထလာအောင် ကူညီပေးနိုင်တဲ့ အခွင့်အရေး ရှိပါတယ်"

"စိတ်ဝင်စားဖို့ ကောင်းသားပဲ"

ကျိယွမ်က တွေးလိုက်မိသည်။

ယခု အရာက အခြားနတ်ဘုရားများ၏ မှတ်ဉာဏ်များကို အသုံးပြုကာ ချုံးဟွာကို ပြန်လည် တည်ဆောက်ပြီး နိုးထစေသည့် သဘောပင်။ သို့သော် နိုးထလာသော ချုံးဟွာသည် မူလချုံးဟွာနှင့် တူညီနိုင်ပါ့မလား။

"ကံမကောင်းတာက ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးသလို သူနဲ့ ပတ်သက်တဲ့ နတ်ဘုရားကိုလည်း စိတ်ကူးပုံဖော်လို့ မရနိုင်တာပဲ"

ကျိယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ဝန်ခံလိုက်သည်။

အခြေအနေကတော့ ဘာရတနာမှ မရနိုင်တော့တဲ့ပုံပဲ။

"ဒါပေမဲ့ ရောက်လာခဲ့ပြီပဲဟာ... ရောက်လက်စနဲ့ လေ့လာကြည့်တာပေါ့"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ဆုံးဖြတ်လိုက်သည်။ မည်သည့် အခြေအနေမျိုးတွင်မဆို အကောင်းဆုံး အသုံးချတတ်ရန် လိုအပ်သည်မဟုတ်ပါလား။

ကာလံ ဒေသံ အဂ္ဂံဓနံ တဲ့ ။ မီးစင်ကြည့်ကရုံပေါ့။

ဤသို့ဖြင့် နာရီဝက်ခန့် ကြာပြီးနောက် ကျိယွမ်နှင့် ရဲ့လျိုယွမ်တို့သည် မြောက်ပင်လယ် နတ်ဘုရားမျက်စိသို့ ရောက်ရှိလာကြ၏။

ထိုနေရာတွင် ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ရှိနေပြီး သန်မာသော နတ်ဘုရားများစွာဖြင့် ပြည့်နှက်နေသည်။

အများစုမှာ စစ်မှန်နတ်ဘုရားများ ဖြစ်ကြပြီး တစ်ဦးနှင့်တစ်ဦး စကားစမြည် ပြောဆိုနေကြကာ အလွန်စည်ကားနေ၏။

ကျိယွမ်သည် ရောက်ကာစက ပတ်ဝန်းကျင်ကို စိတ်ဝင်တစားဝေ့ကြည့်လိုက်ပြီး အတန်ကြာသောအခါ သူ၏ စိတ်ဝင်စားမှုမှာ လျော့ပါးသွားသည်။

အကုန်လုံးက ရှေးဟောင်းနတ်ဘုရားတွေပဲ ၊ ဘာသွားသုံးစားလို့ရမှာလဲ ၊ မိစ္ဆာနတ်ဘုရား

တွေ မပါဘူးပေါ့။

သူက ပတ်ဝန်းကျင်ကို စိတ်မလှုပ်ရှားတော့ပါ။

သို့သော် သူ ရောက်လာခြင်းကတော့ လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

စစ်မှန်နတ်ဘုရားအများစုမှာ အစေခံတစ်ဦး သို့မဟုတ် နှစ်ဦးဖြင့်သာ လာကြသော်လည်း သာမန်လူဖြစ်သော ကျိယွမ်က စစ်မှန်နတ်ဘုရာခြောက်ပါး အပါအဝင် လူအယောက် နှစ်ဆယ်ကျော်ဖြင့် ရောက်လာခြင်းကြောင့် လူအုပ်ထဲ၌ အလွန်ပင် သိသာထင်ရှားနေ၏။

"သူက ဘယ်သူလဲ"

"တစ်ခါမှ မမြင်ဖူးဘူး"

"အခြံအရံတွေကတော့ အတော်များတာပဲ"

"စစ်မှန်နတ်ဘုရား ၆ ပါးက အစေခံလုပ်ပေးနေရတာဆိုတော့... သူက မဟာအုပ်စိုးရှင်ကြီးတစ်ပါးရဲ့ သားဖြစ်မှာပေါ့"

ရှေးဟောင်းနတ်ဘုရားများသည် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ပြောဆိုနေကြပြီး အချို့က အားကျကာ အချို့ကမူ ကျိယွမ်၏ ဟန်ရေးပြမှုကို အထင်သေးစွာ ကြည့်နေကြသည်။

ကျိယွမ်နှင့် ရဲ့လျိုယွမ်တို့သည် နန်းတော်အတွင်းတစ်နေရာ၌ ထိုင်ကာ ပွဲတော်စတင်ရန် စောင့်ဆိုင်းနေကြသည်။

"ပျင်းစရာပဲ .. ငါ အဲဒီအသီးတွေ စားချင်တယ်၊ သွားယူပေးဦး"

ကျိယွမ်က ခရီးပန်းလာသဖြင့် ဗိုက်ဆာနေကာ နတ်မင်းကြီးလေးပါးကို အစားအသောက် သွားယူရန် ခိုင်းလိုက်သည်။

နတ်မင်းကြီးလေးပါးမှာ မူလကတည်းကပင် အလွန်လှပသောမိန်းမပျိုများဖြစ်ကြ၏။ စစ်မှန်နတ်ဘုရားဖြစ်လာပြီးနောက် ပို၍ပင် လှပလာကြရာ ခန်းမတစ်ခုလုံး၏ အာရုံစိုက်ရာ ဖြစ်နေ၏။

အခြားသော စစ်မှန်နတ်ဘုရားများသည် ထိုမျှ လှပသော အဆင့်မြင့်အစေခံများကို မြင်သောအခါ ထူးဆန်းနေ၏။

သူတို့အတွက် နတ်ဘုရားဖြစ်ရန်မှာ ပါရမီအပေါ် မူတည်သော်လည်း ဤလေးဦးမှာမူ အလှအပပေါ်တွင် မူတည်နေသကဲ့သို့ ဖြစ်နေသည်။

ကျိယွမ်၏ အမိန့်ကိုကြားသောအခါ နတ်သမီးလေးပါးက တွန့်ဆုတ်ခြင်းမရှိဘဲ နွဲ့နှောင်းသော အမူအရာများဖြင့် အစားအသောက်များ သွားရောက် ယူဆောင်ပေးလိုက်ကြ၏။

နတ်သမီးလေးများကဲ့သို့ လှပသော ပုံရိပ်လေး လေးခုက စားပွဲပေါ်မှ အစားအသောက်များကို သိမ်းဆည်းနေသည်မှာ အမှန်တကယ်ပင် ထူးဆန်းသော မြင်ကွင်းတစ်ခုပင်။

ရဲ့လျိုယွမ်က ထိုအရာကို မြင်သောအခါ မနေနိုင်စွာ ပြောမိ၏။

"ညီအစိကိုကျိယွမ်... မင်းကတော့ တကယ့်လူထူးလူဆန်းပဲ"

"တကယ်လို့ ငါက ပန်းတွေကိုပွင့်အောင်မလုပ်နိုင်လို့ ရတနာတွေ မရဘူးဆိုရင်တောင်... အလကားတော့ အဖြစ်မခံနိုင်ဘူးလေ။ ကောင်းကောင်းစားသွားတာပေါ့"

ကျိယွမ်က အကျိုးအကြောင်းခိုင်လုံစွာ ရှင်းပြလိုက်၏။

နတ်မင်းကြီးလေးပါးက အစားအသောက်များ ယူလာသောအခါ ကျိယွမ်က သူတော်စင် ဆယ့်ရှစ်ပါးကို လှည့်ကြည့်ကာ ခေါ်သည်။

"မင်းတို့လည်း အတူတူ စားကြ"

ထိုအချိန်တွင် အသက်ကြီးသောအသံတစ်ခုက ကြားဖြတ်နှုတ်ဆက်သည်။

"အရှင်က ချင်းရွှေကျေးရွာက မူလနတ်ဘုရားလား"

ဝါဂွမ်းရောင်ဝတ်စုံဝတ်ထားသော အဘိုးအိုတစ်ဦးက ကျိယွမ်တို့အနီးသို့ ချဉ်းကပ်လာ၏။ သူ၏ အရှိန်အဝါမှာ ဒုတိယအဆင့် စစ်မှန်နတ်ဘုရား ဖြစ်ရာ လက်ရှိခန်းမအတွင်း အသန်မာဆုံးသူများထဲမှ တစ်ဦးဟု ဆိုရမည်။

ကျိယွမ်၏ အနီးမှ နတ်ဘုရားခြောက်ပါးက အဖိုးအိုအား စိုးရိမ်စိတ်ဖြင့် ကြည့်လိုက်ပြီး ကျိယွမ်အနားသို့ ပို၍တိုးကပ်သွားကြသည်။

ကျိယွမ်က သူတို့အာ လက်ကာပြ၏။

"ဟုတ်ပါတယ်၊ အဘိုးကရော အတူတူ စားမလို့လား"

ကျိယွမ်က အဘိုးအိုကို ကြည့်ကာ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"ငါက ရှေးဟောင်းနတ်ဘုရားမဟာမိတ်က ဆည်းဆာနတ်ဘုရားပါ ။ မကြာသေးခင်က မဟာမိတ်ထဲက လူတစ်ယောက်က အရှင့်ကို စော်ကားမိခဲ့လို့... တောင်းပန်ဖို့ လာတာပါ"

ဆည်းဆာနတ်ဘုရားက ရိုးသားစွာပြောနေပုံရလေသည်။

ဒုတိယအဆင့် စစ်မှန်နတ်ဘုရားတစ်ပါးက စစ်မှန်နတ်ဘုရားပင် မဖြစ်သေးသူတစ်ဦးကို ဤကဲ့သို့ နှိမ့်ချဆက်ဆံနေခြင်းမှာ အခြားနတ်ဘုရားများအတွက် အလွန်ပင် အံ့သြစရာ ကောင်းလှသည်။

"ကျုပ်ကို စော်ကားတဲ့သူကို ရှင်းပြီးပြီဆိုတော့ ဒီကိစ္စကို ပြီးသွားပြီလို့ပဲ သတ်မှတ်လိုက်ပါ။ တကယ်တော့ ခင်ဗျားတို့က ပြဿနာလာရှာမလားလို့ စောင့်နေတာ၊ အခုလို တောင်းပန်ဖို့ လာမယ်လို့ မထင်ထားဘူး။ ကျုပ်တောင် နည်းနည်း အသားမကျသလိုပဲ"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။

"ငါတို့အားလုံးက ရှေးဟောင်းနတ်ဘုရားတွေပဲဟာ၊ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့၊ အချင်းချင်း သတ်ဖြတ်နေလို့ မကောင်းပါဘူး"

ဆည်းဆာနတ်ဘုရားက ထိုသို့ပြောရင်း ကျိယွမ်၏ ဘေးမှ နတ်ဘုရားများကို ကြည့်ကာ အသံလွှတ်ကာ မေးလိုက်သည်။

"အရှင်ကြီးရဲ့ ဘေးက နတ်ဘုရားတွေအားလုံးက နည်းလမ်းအသစ်တွေနဲ့ ပုံရိပ်ဖော်ထားတာလား"

ဆည်းဆာနတ်ဘုရားသည် ကျိယွမ်၏အကြောင်းကို ယခင်ကတည်းကသိထားပြီး သူသည် မကြာသေးမီက စွမ်းအားကြီးသော နတ်ဘုရားများကို ပုံရိပ်ဖော်ခဲ့ကြောင်း သိထားသည်။ ချင်းရွှေကျေးရွာ အန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်းမှာလည်း ကျိယွမ်က စွမ်းအားကြီးသော နတ်ဘုရားတစ်ပါးကို စိတ်ကူးပုံဖော်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူက ယူဆထားသည်။

ယခုကိုယ်တိုင်တွေ့သောအခါ စစ်မှန်နတ်ဘုရားအများအပြားကို တွေ့လိုက်ရသဖြင့် အဖြေမှာ ပို၍ရှင်းလင်းသွား၏။

နည်းစနစ်အသစ်တွေပဲ ဖြစ်ရမယ်၊ အခြားဖြစ်နိုင်စရာမရှိဘူး။

ပုံရိပ်ဖော်တောင်တွင် ပေါ်ပေါက်ခဲ့သော ဒဏ္ဍာရီအဆင့် နတ်ဘုရား ၂၁ ပါးမှာလည်း ချင်းရွှေရွာစောင့်နတ်ဘုရား၏ ဖန်တီးမှုသာဖြစ်သည်ကို သူသဘောပေါက်သွားသည်။

ဒီလိုလူကို ရန်သူလုပ်ရင် အကျိုးယုတ်ဖို့ပဲရှိမယ်၊ တတ်နိုင်သမျှ မိတ်ဆွေဖွဲ့ထားမှ။

မဟာအုပ်စိုးရှင် ဆည်းဆာနတ်ဘုရား၏ ရင်းနှီးဖော်ရွေသော အပြုအမူကြောင့် အခြားနတ်ဘုရားများက ကျိယွမ်ကို မဟာအုပ်စိုးရှင်တစ်ပါး၏ သားဟု ပို၍ ထင်မှတ်သွားကြသည်။

"ဟုတ်တယ်၊ ကျွန်တော် ပုံရိပ်ဖော်ခဲ့တာ"

ကျိယွမ်က အဘိုးအို၏မေးခွန်းကို အမှန်အတိုင်း ဖြေလိုက်သည်။

ဆည်းဆာနတ်ဘုရားက ပို၍စိတ်လှုပ်ရှားသွားပြီး ကျိယွမ်အား ထပ်မေးလိုက်သည်။

"အဲဒီနည်းစနစ်အချို့ကို ရောင်းဖို့ အစီအစဉ် ရှိလား။ ရှိရင် ငါ ဈေးကြီးပေးပြီး ဝယ်ပါ့မယ်"

နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်များသည် နောက်လိုက်များအတွက်သာမက စစ်မှန်နတ်ဘုရားများ အတွက်လည်း အလွန်အဖိုးတန်၏။ ဆည်းဆာနတ်ဘုရားကဲ့သို့ ဒုတိယအဆင့် ရောက်နေသူများအတွက် နောက်တစ်ဆင့်ထပ်တက်ရန် အလွန်ခက်ခဲလေသည်။ အကယ်၍ သူနှင့် ကိုက်ညီသော နည်းစနစ်တစ်ခုခုကိုသာ ရရှိပါက အဆင့်တက်ရန် အခွင့်အရေး ရှိလာနိုင်၏။

ကျိယွမ်က ခေါင်းခါလိုက်ပြီး "ကျွန်တော်က နည်းစနစ်တွေကို မရောင်းဘူး။ နောက်လိုက်တွေအတွက်ပဲ သုံးတာ။ ဒါပေမဲ့ ခင်ဗျားသာ ချင်းရွှေကျေးရွာကို လာမယ်ဆိုရင်တော့ တစ်ခုလောက် ပေးချင်ပေးမှာပေါ့"

ဆညိးဆာနတ်ဘုရားအဘိုးကြီးသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း ထိုကိစ္စကို ထပ်မပြောတော့ပါ ။ဆက်ပြောလျှင် တစ်ဖက်သားကိုမလေးစားရာ ကျပြီး မလိုလားအပ်သော ပြဿနာများရှိလာနိုင်၏။ ကျိယွမ်ကဲ့သို့ အလားအလာရှိသူနှင့် ရန်သူဖြစ်မည့်အစား မိတ်ဖွဲ့ထားခြင်းက အကျိုးမယုတ်နိုင်ပေ။

"ကောင်းပါပြီ၊ နောက်နောင ငါတို့ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ မျှော်လင့်ပါတယ်"

သူက ထိုမျှသာ ပြောလိုက်သည်။

ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏ အသံ ပေါ်ထွက်လာ၏။

"အခု လူစုံပြီဆိုတော့... ကျွန်မနောက်ကို လိုက်ပြီး မြောက်ပင်လယ် နတ်ဘုရားမျက်စိထဲကို ဝင်ကြပါ"

မြင့်မြတ်သော ပုံရိပ်ရှိသည့် အမျိုးသမီးတစ်ဦး ပေါ်လာပြီး စုဝေးနေသော နတ်ဘုရားများကို ခေါင်းညိတ်နှုတ်ဆက်သည်။

ကျိယွမ်သည် စပျစ်သီးတစ်ခိုင်ကို ကောက်ယူကာ အိတ်ထဲသို့ထည့်လိုက်ပြီး တစ်လုံးစီ ဖြုတ်စားရင်းမှ အခြားနတ်ဘုရားများနှင့်အတူ မြောက်ပင်လယ် နဂါးမျက်လုံးထဲသို့ ဝင်ရောက်ခဲ့သည်။

နတိဘုရားမျက်လုံးသည် မြေပြင်ထဲသို့ နစ်ဝင်နေသော ကြီးမားသည့်ဝဲဂယက်ကြီးတစ်ခုနှင့် တူပြီး အားကောင်းသော ဟင်းလင်းပြင်လှိုင်းများကို ထုတ်လွှတ်နေသည်။ ဝဲဂယက်ထဲတွင် ရေများအစား ဟင်းလင်းပြင် စွမ်းအင်များဖြင့် ပြည့်နှက်နေပုံရ၏။

အမိန့်ပေးတံဆိပ်ကို ကိုင်ဆောင်ထားသော အမျိုးသမီးက စစ်မှန်နတ်ဘုရားများကို တစ်ဦးချင်းစီ စစ်ဆေးသည်။ မိစ္ဆာနတ်ဘုရားအသစ်များ အယောင်ဆောင်ဝင်ရောက်လာခြင်း မရှိကြောင်းနှင့် ဖိတ်စာများ မှန်ကန်ကြောင်း အတည်ပြုပြီးမှ အားလုံးကို ဝင်ခွင့်ပြုလိုက်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိယွမ်၏ ရှေ့မှ မြင်ကွင်းမှာ ပြောင်းလဲသွားသည်။ သူတို့သည် ရေအောက်နန်းတော်တစ်ခုကဲ့သို့သော နေရာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တွင် ငုံနေသော ပန်းကလေးများ၊ စိမ်းလန်းစိုပြည်သော အပင်များဖြင့် ပြည့်နှက်နေပြီး ဂဏန်းများ၊ ပြည်ကြီးငါးများနှင့် ခရုကဲ့သို့သော ရေသတ္တဝါမျိုးစုံ ကူးခတ်နေကြသည်။

"ဒါနဲ့ ဒီမှာ ရွှေတုတ်ချောင်း ရှိလား"

ကျိယွမ်က ရုတ်တရက် လွှတ်ခနဲ မေးလိုက်မိသည်။

ဘေးမှ နတ်ဘုရားများက သူ့ကို နားမလည်သလို ကြည့်လိုက်ကြသည်။ သူတို့ ထိုကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မကြားဖူးကြပေ။

"အဲဒါက ဘာလဲ"

ရဲ့လျိုယွမ်က ကျိယွမ်အား တိုးတိုးကပ်မေးသည်။

"အဲဒါက မျောက်တစ်ကောင် ကိုင်တဲ့ လက်နက်လေ၊ တော်တော်လေး စွမ်းတယ်၊ ပင်လယ်ကိုတောင် မွှေနှောက်ပြီး ပြောင်းပြန်လန်သွားအောင် လုပ်နိုင်တာ"

ကျိယွမ်က ပခုံးတွန့်ရင်း ပြောလိုက်သည်။

အနောက်ဘက်သို့ ခရီးသွားခြင်းပုံပြင်အရဆိုလျှင် ၎င်းမှာ မှော်ဝင်တုတ်တစ်ချောင်းသာ ဖြစ်သော်လည်း ကျိယွမ်၏ မှတ်ဉာဏ်ထဲတွင်မူ ၎င်းမှာ အလွန်အဖိုးတန်သော ရတနာဖြစ်သည်။ စိတ်ကြိုက် ကျုံ့နိုင်၊ ဆန့်နိုင်သော ရွှေတုတ်ချောင်းကို မည်သည့် ယောကျ်ားက မလိုချင်ဘဲ ရှိပါမည်နည်း။ ထိုတုတ်သာ ရှိလျှင် သူသည် မိစ္ဆာနတ်များကို အလွန်လွယ်ကူစွာ နှိမ်နင်းပြီး သတ္တဝါအားလုံးကို အမိန့်ပေးနိုင်မည် မဟုတ်ပါလား။

ကံမကောင်းသည်မှာ ကျိယွမ်တွင် မျောက်ဘုရင်စွန်းဝူခုံးကို ပုံရိပ်ဖော်ရန် မိစ္ဆာ နတ်ဘုရားစွမ်းအင် မလုံလောက်သလို၊ စစ်မှန်နတ်ဘုရားအဖြစ် အဆင့်တက်ရန် လိုအပ်သော ရတနာများလည်း မရှိသေးပေ။

သို့မဟုတ်ပါက ဆွန်းဝူခုန်းကို အသက်သွင်းရသည်မှာ အလွန်ပျော်စရာ ကောင်းပေလိမ့်မည်။

ထိုအခိုက် နန်းတွင်းသူ အမျိုးသမီး၏ အသံက သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

သူမက နတ်ဘုရားများကို ကြည့်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

-"ပန်းပေါင်းတစ်ရာပွဲတော် စတင်ပါပြီ။ အားလုံးကို... ပန်းပင်လယ်ကြီးကို နိုးထလာအောင် ဖိတ်ခေါ်ပါတယ်"

ယခင်ပွဲတော်များတွင် ပန်းပင်လယ်၏ သုံးပုံနှစ်ပုံခန့်ရှိသော ပန်းများ ပွင့်ဖူးခဲ့ကြသော်လည်း ကျန်သုံးပုံတစ်ပုံမှာ ယခုချိန်ထိ မပွင့်သေးပေ။ အကယ်၍ ပန်းအားလုံး ပွင့်သွားပါက မဟာအုပ်စိုးရှင် ချုံးဟွာ နိုးထလာမည် ဖြစ်ပြီး၊ မြောက်ပင်လယ် ရေမျိုးနွယ်စုများအတွက် အားကိုးရာ အကြီးအကဲတစ်ပါးကို ရရှိကာ နဂါးမျိုးနွယ်၏ ကျူးကျော်မှုကို ကြောက်စရာ လိုတော့မည် မဟုတ်ပေ။

စုဝေးနေသော နတ်ဘုရားများသည် ငုံနေသော ပန်းလေးများကို ကြည့်ကာ မိမိတို့၏ ကံကို စမ်းရန် အသင့်ဖြစ်နေကြ၏။

မြောက်ပင်လယ် နတ်ဘုရားမျက်စိအတွင်း ဖုံးကွယ်ထားသော ရတနာများသည် အလွန်တန်ဖိုးရှိလှရာ၊ တစ်ခုတည်းနှင့်ပင် နောက်လိုက်တစ်ဦးကို စစ်မှန်နတ်ဘုရားစစ်စစ် ဖြစ်စေနိုင်သည်ဟု ဆိုကြသည်။

ထိုအချိန်တွင် ရဲ့လျိုယွမ်က ပန်းပင်လယ်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ကျိယွမ်ကို ပြောလိုက်သည်။

"ညီအစ်ကိုကျီ၊ ကျွန်တော် အရင် စမ်းကြည့်လိုက်ဦးမယ်"

All Chapters