ကောင်းကင်ခွဲချင်းလုံကိုတောင် ငါမြင်ဖူးခဲ့တာ၊ မင်းတို့က ကိုယ့်ကိုယ်ကိုယ် စစ်မှန်နဂါးတွေလို့ ခေါ်ရဲသေးတယ်လား
Vol. 16 Ch. 192
ကျိယွမ်၏ အသံက လုံးဝပမာမခန့်နိုင်ကာ လှောင်ပြောင်သရော်သလိုပင် ဖြစ်နေသည်။
ဘေးမှအကဲခတ်နေသော နတ်ဘုရားများအားလုံး အံ့အားသင့်သွားကြ၏။
ကျိယွမ်၏ ယုံကြည်ချက်မှာ မည်သည့်နေရာမှ မြစ်ဖျားခံလာသနည်းဆိုသည်ကို သူတို့ နားမလည်နိုင်ဖြစ်နေသည်။
မြောက်ပင်လယ် နဂါးမျိုးနွယ်စု၏ အခြေစိုက်စခန်းဖြစ်သော မြောက်ပင်လယ် နတ်ဘုရားမျက်စိထဲသို့လာကာ နဂါးများကို ရန်စခြင်းမှာ သေတွင်းတူးခြင်းနှင့် အတူတူပင်။
ကျိန်ကျောင်း၏ ချုပ်တီးနိုင်စွမ်းက ကုန်ခမ်းသွားလေပြီ။
သူက ကျိယွမ်ကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ပြီး -
"မင်းအဖေက မဟာအုပ်စိုးရှင်တစ်ပါး ဖြစ်နေရင်တောင် ဒီနေ့တော့ မင်း ဒီမှာပဲ အသေခံရတော့မယ်"
မည်သို့ပင်ဖြစ်စေတော့ သူက ကျိယွမ်ကိုအလွတ်ပေးရန် အစီအစဉ် မရှိတော့ပါ။
ဒီကောင် ဒီနေ့ သေရမယ်။
ကျိန်ကျောင်း၏ ကြုံးဝါးသံကြောင့် ကျိယွမ်၏ နောက်တွင်ရပ်နေသော စစ်မှန်နတ်ဘုရားခြောက်ပါးကလည်း ကြောက်ရွံ့ခြင်းမရှိဘဲ တိုက်ပွဲဝင်ရန် အသင့်အနေအထားပြင်လိုက်ကြသည်။
အခြေအနေက ရုတ်ချည်းတင်းမာသွား၏။
ထိုအခြေအနေကို မြင်သောအခါ ရှေးဟောင်းနတ်ဘုရားအဖိုးအိုတစ်ဦးက အကြီးအကဲပီသစွာ ကြားဝင်ဖျန်ဖြေပေးရန် ကြိုးစားလာခဲ့သည်။
"ငါတို့အားလုံးက ရှေးဟောင်းနတ်ဘုရားတွေပဲ၊ ပြင်ပရန်သူတွေကလည်း ဖိအားပေးနေတဲ့အချိန်မှာ အတွင်းရေးပဋိပက္ခတွေကို ရှောင်ရှားပြီး ငြိမ်းချမ်းရေးကို ဦးစားပေးသင့်တယ်"
အဘိုးအိုက ငြိမ်းချမ်းရေးလိုလားသူအဖြစ် လူသိများသူ ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက်ပြေလည်ရေးကိုသာ တိုက်တွန်းလေသည်။
အဘိုးအို၏ စကားကြောင့် ကျိန်ကျောင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျော့ပြောင်းသွားသော်လည်း သူ၏အကြည့်က ကျိယွမ်အပေါ် စူးစူးဝါးဝါး စိုက်ကြည့်နေဆဲရှိ၏။
"အဲ့ဒီမိန်းကလေးကို ငါ့လက်ထဲ အပ်လိုက်ရင် ငါ ဒါကို ခွင့်လွှတ်ပေးမယ်"
ကျိန်ကျောင်းက အထက်စီးလေသံဖြင့် တောင်းလိုက်သည်။
လှောင်ပြောင်သလိုပြုံးနေသော ကျိယွမ်၏ မျက်နှာထားက တင်းမာသွားပြီး သူ၏ အကြည့်များက ချက်ချင်းအေးစက် သွား၏။
ဒီကောင်က မောက်မာလှချည်လား။
"မင်းတို့ရဲ့ နတ်ဘုရားစွမ်းအင်တွေကို ချန်ထားခဲ့မယ်ဆိုရင် မြောက်ပင်လယ် နဂါးမျိုးနွယ်စုကို ငါ အသက်ချမ်းသာပေးလိုက်မယ်"
ကျိယွမ်က သွားကြားမှလာသောလေသံဖြင့် အေးစက်စွာ တုံ့ပြန်လိုက်သည်။
ကျိန်ကျောင်း၏ စကားများက တစ်ဖတ်သတ်ဆန်သော်လည်း ပြန်လည်သင့်မြတ်ရေးကို အနည်းငယ် ဦးတည်နေ၏။
သို့သော် ကျိယွမ်၏ လေသံကတော့ ညှိနှိုင်းရန် လုံးဝဆန္ဒမရှိကြောင်း ပြသနေသည်။
အခြေအနေကို မသိသောသူများအဖို့ ကျိယွမ်မှာ လူဆိုးတစ်ယောက်ကဲ့သို့ပင် ထင်သွားလောက်သည်။
သူ၏ဘေးတွင်ရှိနေသော ရဲ့လျိုယွမ် မျက်လုံးပြူးသွား၏။သူက စိုးရိမ်တကြီးဖြင့် ကျိယွမ်အား အသံပို့ကာ သတိပေးသည်။
"အစ်ကိုကျိ၊ ခင်ဗျား အရမ်းဇွတ်တရွတ်နိုင်လွန်းနေပြီ၊ ကျွန်တော်တို့ ဒီကနေ မြန်မြန်ထွက်သွားသင့်တယ် မဟုတ်လား"
သို့သော် ကျိယွမ်က သူ၏စကားကို ဂရုမစိုက်ပေ။
"သူက ယန်နတ်ဘုရားမို့လား၊ ငါက ဘာလို့ ထွက်ပြေးပြီး မျက်နှာအပျက်ခံရမှာလဲ"
ထိုအချိန်တွင် ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းက ကျိယွမ်ဆီသို့ အသံပို့လာ၏။
"မူလနတ်ဘုရား ၊ အခြေအနေတွေ အရမ်းဆိုးရွားလာရင် ကျိန်ကျောင်းကို တားဆီးပေးဖို့ ငါ ဝင်ပါပေးပါ့မယ်"
သူ၏ ကမ်းလှမ်းချက်မှာ မြောက်ပင်လယ် နဂါးမျိုးနွယ်စုကို အကြီးအကျယ် စော်ကားရာရောက်သဖြင့် အန္တရာယ်များလှသော ရပ်တည်ချက်ဟုပင် ဆိုရမည်။
သို့သော် ကျိယွမ်၏ ဒဏ္ဍာရီအဆင့် နတ်ဘုရား ၂၁ ပါးကို တစ်ပြိုင်နက်တည်း ပုံရိပ်ဖော်နိုင်သည့် စွမ်းအားကို ယုံကြည်သဖြင့် ဟွမ်ဟွန်းက စွန့်စားရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
သူ့ရဲ့ပါရမီကို လူတွေ မသိကြသေးလို့သာ။ သိသွားရင် ငါတောငါကူညီဖို့နေရာလုနေရမှာ ၊ ခုလို လက်ဦးထားရမယ်။
"ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်တော့ မလိုအပ်သေးပါဘူး"
ကျိယွမ်က လေးစားစွာ ပြန်ပြောလိုက်သည်။
သူက ကျိန်ကျောင်းကို ရင်ဆိုင်ရာတွင် လုံးဝ တည်ငြိမ်နေ၏။အလေးအနက် မထားဟုတောင် ဆိုရမလိုပင်။
ချုံးဟွာနန်းတော်သခင်မကတော့ ဤအခြေအနေကို မနှစ်မြို့ချေ။ တိုက်ပွဲကို တားဆီးလိုသော်လည်း နှစ်ဖက်စလုံးက တိုက်ခိုက်ရန် ဆုံးဖြတ်ထားသဖြင့် သူမ ဘာမျှ မတတ်နိုင်တော့ပေ။
"တိုက်ခိုက်ကြမယ်ဆိုရင်လည်း မြောက်ပင်လယ်ရဲ့ ရှေးဟောင်းစစ်တလင်းမှာ သွားတိုက်ကြပါ၊ ပင်လယ်ရေပြင်ကို မပျက်စီးပါစေနဲ့"
သူမက သက်ပြင်းချရင်း သတိပေးလိုက်သည်။
မိစ္ဆာနတ်နတ်ဘုရားများ မရောက်လာမီက ဤကမ္ဘာ၏ စစ်မှန်နတ်ဘုရားများသည် သာမန်လူသားများကို အန္တရာယ်မဖြစ်စေရန် သတ်မှတ်ထားသော စစ်တလင်းများ၌သာ တိုက်ခိုက်လေ့ရှိကြ၏။ သို့သော် ယခုအခါတွင်မူ ထိုသို့သော စည်းကမ်းများကို ဂရုမစိုက်ကြတော့ချေ။
"မင်း သေမှာမကြောက်ရင် လိုက်ခဲ့"
ကျိန်ကျောင်းက ဒေါသတကြီးဖြင့် ကြုံးဝါးကာ စစ်တလင်းသို့ ပျံသန်းသွား၏။
ကျိယွမ်ကလည်း ခေါင်းညိတ်သဘောတူလိုက်သည်။
မကြာမီ သူတို့သည် ရှေးဟောင်းစစ်တလင်းသို့ ရောက်ရှိလာကြ၏။
ကျိယွမ်သည် ထိုနေရာသို့ ရောက်ရှိချိန်တွင် "ရှေးဟောင်းစစ်တလင်း - ဖန်ထုန်ကမ္ဘာ၏ မွေးဖွားရာအရပ်" ဟူသော အချက်အလက်ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။
အဝေးမှ ကြည့်ရှုနေကြသော ရှေးဟောင်းနတ်ဘုရားများကတော့ ကျိယွမ်ကို စိတ်ပျက်နေကြသည်။
"ဒီမူလနတ်ဘုရားက အရမ်းကို မဆင်မခြင် လုပ်တာပဲ"
တစ်ဖက်တွင် ဒုတိယအဆင့် စစ်မှန်နတ်ဘုရားတစ်ပါးနှင့် ထိပ်တန်းအဆင့် နတ်ဘုရားခြောက်ပါးရှိနေပြီး၊ ကျိယွမ်ဘက်တွင်မူ အစောပိုင်းအဆင့် နတ်ဘုရားခြောက်ပါးသာ ရှိသ၏။
"သူက ဘယ်လိုလုပ် အနိုင်ယူမှာလဲ"
"မိုက်မဲလိုက်တာ "
မည်သူကမျှ ချီယွမ် နိုင်လိမ့်မည်ဟု မထင်ကြချေ။
စစ်တလင်းထဲသို့ ရောက်သည်နှင့် ကျိန်ကျောင်းက ဟိန်းဟောက်လိုက်၏။
"နန်းတော်ထဲမှာ ငါ့ကို စော်ကားခဲ့တဲ့အတွက် မင်းက သေထိုက်တယ်"
ကျိန်ကျောင်း၏ဘေးမှ နတ်ဘုရား ခြောက်ပါးလုံးသည် ကြီးမားလှသော နဂါးကြီးများအဖြစ်သို့ အသွင်ပြောင်းလိုက်ကြ၏။
"မြောက်ပင်လယ်မှာ ငါတို့ နဂါးမျိုးနွယ်ကပဲ အစိုးရတာ၊ မင်းကိုသတ်ဖို့ ငါကိုယ်တိုင်တောင် လုပ်စရာမလိုဘူး"
ကျိန်ကျောင်းက ယုံကြည်မှုအပြည့်ဖြင့် ဆို၏။
ကျိယွမ်က ကြီးမားသော နဂါးခြောက်ကောင်ကို ကြည့်ကာ ခေါင်းယမ်းသည်။
"ငါ့မှာ နီကျားမရှိပေမဲ့ နဂါးနိုင်သူတော်စင်ရှိသေးတယ်ဆိုတာ မင်းတို့မေ့နေပုံရတယ်"
သူက ကျောက်ကျွင်းကို ကြည့်ကာ ခေါင်းညိတ်ခေါ်လိုက်၏။
"မင်း ဗိုက်ဆာနေတယ် မဟုတ်လား၊ ဒီနေ့တော့ အသားစားလို့ရအောင် ငါ ခွင့်ပြုပေးမယ်"
ကျောက်ကျွင်းက ကျိယွမ်၏ခွင့်ပြုချက်ရသည်နှင့် ရှေ့သို့ထွက်လာသည်။
အခြားနတ်ဘုရားများက ကျောက်ကျွင်းကို ကြည့်ကာ နားမလည်နိုင်ဖြစ်နေကြသည်။
"သူက ခရမ်းရောင်နန်းတော်အဆင့်ပဲရှိတာလေ စစ်မှန်နတ်ဘုရားတွေကို ဘယ်လိုယှဥ်မှာလဲ။"
"သူ့တပည့်ကို အသေခံခိုင်းမလို့လား"
ပရိတ်သတ်များက လုံးဝ နားမလည်နိုင် ဖြစ်နေကြ၏။
"ညီအစ်ကို၊ ကျွန်တော်တို့ ကူညီပါ့မယ်"
ရွှင်လန်းသူတော်စင်နှင့် မျက်ခုံးရှည်သူတော်စင်တို့က ကျောက်ကျွင်း၏ ကိုယ်ပေါ်သို့ လက်တင်ကာ နတ်ဘုရားစွမ်းအင်များ ကူးပြောင်းပေးလိုက်ကြ၏။
သူတို့ တစ်ခါမျှ မမြင်ဖူးသော နည်းစနစ် ဖြစ်သဖြင့် ရှေးဟောင်းနတ်ဘုရားများအားလုံး မှင်တက်သွားကြ၏။
"အဲဒီလို လုပ်လို့ရတာလား"
"ဒါက ဘာနည်းစနစ်လဲ"
သူတို့ ထူးဆန်နေစဥ်မှာပင် နဂါးခြောက်ကောင်လုံးသည် ကျောက်ကျွင်းဆီသို့ ပြေးဝင်လာ၏။
ကျောက်ကျွင်းက နဂါးများကို မထီမဲ့မြင်ကြည့်ကာ အော်ဟစ်လိုက်သည်။
"ကောင်းကင်ဘုံ နတ်နဂါး"
သူ၏ နောက်ကွယ်တွင် ရွှေရောင်နဂါးကြီးတစ်ကောင်၏ ပုံရိပ် ပေါ်လာ၏။သို့သော် ထူးဆန်းစွာပင် ထိုနဂါးမှာ အပိုင်းပိုင်း ပြတ်တောက်နေသော အလောင်းကောင်ကြီး ဖြစ်နေသည်။
"ဒါက... အဆင့် ၇ ရှိတဲ့ စစ်မှန်နဂါးကြီးရဲ့ အလောင်းပဲ"
ရဲ့လျိုယွမ်က တုန်လှုပ်စွာ ရေရွတ်လိုက်ပြီး ထိုနဂါးအလောင်းကြီးကို ထိတ်လန့်စွာကြည့်နေသည်။
ငါတို့ကမ္ဘာမှာ အဆင့် ၆ ထက်ကျော်တဲ့ နဂါးဆိုတာ မရှိသလောက်ပဲ။ ဒါက ဘယ်ကထွက်လာပါလိမ့်။
ထိုအချိန်မှာပင် ကျောက်ကျွင်းက လက်ကိုဝှေ့ယမ်းကာ ထပ်မံ၍ အော်ဟစ်သည်။
"မြေကမ္ဘာနဂါး၊"
" အဆိပ်နဂါး"
သူ၏အသံနှင့်အတူ အခြားသော နဂါးအလောင်းများစွာက သူ၏ နောက်ကွယ်၌ ပေါ်လာကုန်၏။
ထိုအလောင်းများသည် သူ ကျင့်ကြံထားသော နည်းစနစ်၏နတ်ဘုရားက သတ်ဖြတ်ခဲ့သည့် နဂါးများဖြစ်ကြောင်း ထင်ရှားလှ၏။
"အရှုံးပေးတဲ့သူကို အသက်ချမ်းသာပေးမယ်၊ ခုခံတဲ့သူကို ဖျက်ဆီးမယ်။ ငါက နဂါးတွေကို နှိမ်နင်းဖို့ ရောက်လာတာပဲ"
ကျောက်ကျွင်းက ဟိန်းဟောက်ရင်း နဂါးခြောက်ကောင်ထဲသို့ ထိပ်တိုက် တိုးဝင်သွား၏။
စွမ်းအားကြီးလှသော နဂါးကြီးများသည် ကျောက်ကျွင်း၏ "နဂါးနိုင်ကျိန်စာ" အောက်တွင် ကြောင်ရှေ့ရောက်သော ကြွက်များကဲ့သို့ တုန်လှုပ်ကာ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားကြသည်။ ကျောက်ကျွင်းသည် နဂါးတစ်ကောင်ကို လက်ဗလာဖြင့် ဆွဲဖြဲလိုက်ပြီး သူ၏ လက်သီးချက်များဖြင့် နဂါးများ၏ နတ်ဘုရားအပေါက်များကို ဖျက်ဆီးပစ်သည်။
ခဏအတွင်းမှာပင် နဂါးခြောက်ကောင်လုံးမှာ သွေးအိုင်ထဲတွင် လဲကျသွားတော့သည်။
ကျိန်ကျောင်းမှာ ထိုမြင်ကွင်းကြောင့် ကြောက်ရွံ့တုပ်လှုပ်သွားသည်။
"မင်းက မိစ္ဆာပဲ... သေစမ်း"
နဂါးအသွင်ပြောင်း၍ သူကိုယ်တိုင် တိုက်ခိုက်၏။ ဒုတိယအဆင့် နတ်ဘုရားဖြစ်သဖြင့် သူ၏ စွမ်းအားမှာ ရှေ့က နဂါးများထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။
"ကောင်းကင်ခွဲ ချင်းလုံကိုတောင် ငါမြင်ဖူးခဲ့တာ၊ မင်းတို့က ကိုယ့်ကိုယ်ကိုယ် နဂါးအစစ်တွေလို့ ခေါ်ရဲသေးတယ်လား"
ကျောက်ကျွင်းက လှောင်ပြောင်ကာ ကျိန်ကျောင်း၏ နဂါးကိုယ်ထည်ကြီးကို မြှောက်တင်လိုက်၏။ ထို့နောက် သူ၏လက်တစ်ဖက်က ကျိန်ကျောင်း၏ ရင်ဘတ်ကို ဖောက်ထွင်းကာ နဂါးအသည်းကို ဆွဲထုတ်ပစ်သည်။
မြောက်ပင်လယ် နဂါးမျိုးနွယ်၏ ခေါင်းဆောင်တစ်ဦးဖြစ်သော ကျိန်ကျောင်းမှာ ကျောက်ကျွင်း၏ လက်ထဲတွင် အစွမ်းမဲ့စွာဖြင့် သေဆုံးသွားလေတော့သည်။
တိုက်ပွဲအပြီးတွင် ကျောက်ကျွင်းက နဂါးအသည်းကို ကိုင်မြှောက်ကာ "ငါ့ရဲ့ ဘွဲ့အမည်ကို ငါ့ရဲ့ မူလနတ်ဘုရားသခင်က ပေးသနားခဲ့တာ၊ မှတ်ထားကြ ၊ နဂါးနိုင်သူတော်စင်ဆိုတာ ငါပဲ" ဟု ကျယ်လောင်စွာကြွေးကြော်လိုက်၏။
ကြည့်ရှုနေကြသူများအားလုံး ဆွံ့အသွားကြသည်။
ကျိယွမ်က ကျောက်ကျွင်းလက်ထဲက နဂါးအသည်းကို ကြည့်ကာ စပ်ဆုပ်သလို ခေါင်းယမ်းပြသည်။
"အသွင်ပြောင်းထားတဲ့ နဂါးအသည်းကို ငါမစားဘူး၊ အဆင့်မရှိတာ... လွှင့်ပစ်လိုက်တော့"
နဂါးခုနစ်ကောင်၏ စွမ်းအင်များကို ရရှိလိုက်သဖြင့် ဒေါသထွက်နေသောကျိယွမ်မှာ အနည်းငယ် စိတ်ကြည်လင်သွားခဲ့သည်။
သူက စစ်တလင်းဘေးတွင်ရပ်နေသော နတ်ဘုရားများကို ဖော်ရွေစွာကြည့်ပြီး မေးလိုက်၏။
"ငါ့ရဲ့ မွေးစားသမီးကို လိုချင်သေးတဲ့သူ ရှိသေးလား၊ ရှိရင် ပြောလို့ရတယ်နော်"
အားလုံးက ကြောက်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားကြကုန်၏။
ကျိယွမ်က သဘောကျသလို ပြုံးပြီး အေးအေးဆေးဆေးထပ်ပြောသည်။
"ငါက နောက်နေတာပါ ၊ တစ်မျိုးမထင်ကြနဲ့ ၊ ပန်းပွဲတော်ကို ပြန်သွားကြတာပေါ့"
စကားဆုံးသည်နှင့် သူကရှေ့ဆုံးမှနေ၍ ပန်းပွဲတော်ကျင်းပရာ နေရာသို့ ပြန်လာခဲ့၏။
ပွဲတော်သို့ပြန်ရောက်သော်လည်း အများစုသည် ပန်းပွင့်များကိုဖန်တီးရန် စိတ်မပါကြတော့ပါ။လောလောလတ်လတ်ဖြစ်ထားသော တိုက်ပွဲအကြောင်းကိုသာ တီးတိုးမှတ်ချက်ချနေကြကုန်သည်။
" မြောက်ပင်လယ်နဂါးမျိုးနွယ်က ဒီကိစ္စအတွက် လက်တုန့်ပြန်မှာ သေချာတယ်"
"သူရဲ့တပည့်သုံးသွားတဲ့ နည်းစနစ်က ဘယ်လိုမျိုးလဲ ၊ နဂါးတွေက်ု ဖိနှိပ်နိုင်တဲ့ပုံပဲ"
အားလုံးက အနည်းငယ်စိုးရိမ်နေကြသည်။
နဂါးမျိုးနွယ်စု၏ ဒေါသထဲကို သူတို့ပါရောပါသွားမည်ကို မလိုချင်ကြပါ။
ထိုအခိုက် ချီချီအား ဖိတ်စာပေးခဲ့သော အဘွားအိုက ကျိယွမ်တို့အနီးသို့ ရုတ်တရက်ရောက်လာခဲ့သည်။
"မူလနတ်ဘုရားအရှင်...နဂါးမျိုးနွယ်စုက ရန်သူတွေ မရောက်လာခင် အမြန်ဆုံးတိမ်းရှောင်ဖို့ နန်းတော်သခင်မက တိုက်တွန်းပါတယ်တဲ့ ၊ ကျန်တဲ့အခြေအနေကို သူထိန်းထားမှာမို့ အမြန်ဆုံးတိမ်းရှောင်သင့်ပါတယ်"
ကျိယွမ်၏ ဘေးတွင်ရပ်နေသော ရဲ့လျိုယွမ်က သူမ၏စကားကို ခေါင်းညိတ်ကာ သဘောတူလိုက်၏။
"ညီအစ်ကိုချီ နန်းတော်သခင်မအကြံပေးတာ သင့်တော်ပါတယ်"
သူကလည်း ကျိယွမ်အားရှောင်တိမ်းစေချင်သည်။
ချီယွမ်ကသူတို့၏ စကားများကို ကြားသောအခါ ခေါင်းယမ်းပြသည်။
"ပွဲမပြီးသေးဘဲ ငါက ဘာလို့ သွားရမှာလဲ၊ ရတနာတွေလည်း မရသေးဘူးကို"
ကျိယွမ်က ထိုသို့ပြောပြီးနောက် မတတ်နိုင်သလို ညည်းညူး၏။
"ဟူး... ရုပ်ချောလွန်းတော့လည်း ခက်သားပဲ၊အကုန်လုံးက ကူညီချင်နေကြတယ် ၊ ငါ့ရုပ်ကသာ နည်းနည်းဆိုးရင်တစ်ယောက်ယောက်က အမြင်ကပ်ပြီး ပန်းပွင့်အောင် လုပ်ပြဖို့ စိန်ခေါ်မှာ သေချာတယ်"
"ခုတော့ ငါ့ကို စိန်ခေါ်မဲ့သူက မရှိဘူးဖြစ်နေတယ်"
သူက ထိုသို့ညည်းညူရင်းမှ အဝေးတွင်ရပ်နေသော ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းကို ကြည့်ကာ မသိမသာ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ဟွမ်ဟွန်းက မူလနတ်ဘုရား၏ ထူးဆန်းသောအပြုအမူကြောင့် အံ့သြသွားလေသည်။
"ဘာလဲဟ ၊ သူက ယောက်ျားချင်းကြီးကို မျက်စိလာမှိတ်ပြနေတာလား "