← Chapters

သူတို့ဘာသာ ပြန်ပိတ်သွားတာပါ

Vol. 16 Ch. 193

သူတို့ဘာသာ ပြန်ပိတ်သွားတာပါ

Vol. 16 Ch. 193

ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းသည် ကျိယွမ်က မျက်စိမှိတ်ပြနေသည်ကို သတိပြုမိသော်လည်း မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုသို့ ပြုလုပ်ပြနေသည်ကို နားမလည်နိုင်ဖြစ်နေ၏။

အူကြောင်ကြောင်နှင့်သူ့ကိုပြန်ကြည့်နေသောဟွမ်ဟွန်းကိုမြင်လျှင် ကျိယွမ်စိတ်လေသွားသည်။

သူက ဒါလေးတောင် သဘောမပေါက်ဘူးလား ။

သူက သက်ပြင်းချပြီး နည်းနည်းထပ်ပြောလိုက်သည်။

"ကျုပ်လည်း ပန်းတွေ ပွင့်စေချင်တာပေါ့၊ ရတနာတွေရမယ်ဆိုရင် ဘယ်သူမဆို ကြိုးစားချင်ကြတာပဲ မှတ်လား"

ဝန်ခံရလျှင် ပန်းပွင့်ခြင်း၊ မပွင့်ခြင်းကို ကျိယွမ် ဂရုမစိုက်ပါ။ သူ အမှန်တကယ် လိုချင်သည်မှာ ရတနာများသာ ဖြစ်သည်။ ရဲ့လျိုယွမ် ရရှိခဲ့သည့် ရတနာနှစ်ပါးကို မြင်ရကတည်းက သူ သွားရည်ကျမတတ် ဖြစ်နေခဲ့၏။

သူက စကားကြီးစကားကျယ်များပြောထားမိသဖြင့် စတင်ရန်ခက်နေ၏။ ထို့ကြောင့် တစ်ယောက်က သူ့အားလမ်းစပေးရန် စကားခင်းနေသော်လည်း သဘောပေါက်ကြပုံမရချေ။

ကျိယွမ်က ဆည်းဆာနတ်ဘုရားကို မသိမသာကြည့်လိုက်သည်။

ယခုအခါမှာတော့ ဟွမ်ဟွန်းသည် ချီယွမ်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားဟန်ရသည်။ သူက အပြုံးဖျော့ဖျော့ဖြင့်ကျိယွမ်အနားသို့ ချဉ်းကပ်လာပြီး လမ်းစဖွင့်ပေး၏။

"မူလနတ်ဘုရားဟာ နတ်ဘုရားပုံရိပ်ဖော်ခြင်းအတတ်မှာ ပြိုင်ဘက်ကင်းတဲ့ ပါရမီရှိတယ်လို့ ငါ ကြားဖူးတယ်။ လက်တွေ့သိချင်နေတာကြာပြီ ၊ ဘယ်လိုလဲ ..တစ်ချက်လောက် စမ်းကြည့်ရဲလား။ မင်းက ပန်းတွေကို ပွင့်အောင် လုပ်နိုင်မလား သိချင်ပါသေးတယ်"

သူ၏စကားကြောင့် အခြားသော ရှေးဟောင်းနတ်ဘုရားများအားလုံး၏ အကြည့်မှာ ကျိယွမ်ထံသို့ ရောက်ရှိသွားကြသည်။ အစပိုင်းက ကျိယွမ်အပေါ် သိပ်ပြီးစိတ်ဝင်တစားမရှိခဲ့ကြသော်လည်း ယခုအခါမှာတော့ သူတို့က သိသိသာသာစိတ်ဝင်စားလာကြ၏။

ချုံးဟွာနန်းတော်သခင်မပင် မျက်လုံးများ တောက်ပသွားပြီး မျှော်လင့်ချက်အပြည့်ဖြင့် ကျိယွမ်ကို ကြည့်လိုက်၏။

"ဒါပေမဲ့ ကျုပ်သိတဲ့ နတ်ဘုရားတွေက မဟာအုပ်စိုးရှင်ချုံးဟွာကို မသိကြဘူးဗျ"

ကျိယွမ်က အမှန်အတိုင်း ပြန်ပြောလိုက်သည်။

"ကျုပ်သာ ပန်းတွေကို မပွင့်အောင် မလုပ်နိုင်ရင် ခင်ဗျားတို့ ကျုပ်ကို လှောင်မှာ မဟုတ်ဘူးမလား"

ကျိယွမ်က ပတ်ဝန်းကျင်ရှိ ရှေးဟောင်းနတ်ဘုရားများကို ဝေ့ကြည့်လျက် ကြိုတင်ပြောလိုက်ခြင်း၏။

ရှေးဟောင်းနတ်ဘုရားများက လျင်မြန်စွာပင် လက်ကာပြကြသည်။

"ဘယ်လိုလုပ်ပြီး လှောင်ရမှာလဲ"

"ပွင့်သည်ဖြစ်စေ၊ မပွင့်သည်ဖြစ်စေ ဒါဟာ ကိစ္စကြီးမဟုတ်ပါဘူး။ ကျုပ်တို့က ဘာလို့ လှောင်ရမှာလဲ"

"မူလနတ်ဘုရား ၊ စမ်းကြည့်ပါဦး။ တကယ်လို့ တစ်ယောက်ယောက်က အဓိပ္ပာယ်မရှိတာတွေ ပြောရဲရင် ကျုပ် အရင်ဆုံး အရေးယူပါ့မယ်"

ရှေးဟောင်းနတ်ဘုရားအားလုံးမှာ ယခင်နှင့်မတူတော့ဘဲ အလွန်ဖော်ရွေပျူငှာနေကြသည်။

သူတို့၏ အားပေးသံများကြောင့် ကျိယွမ်၏ မျက်ဝန်းထဲတွင် အပြုံးတစ်ခု ပေါ်လာပြီး "ဒီကမ္ဘာကြီးမှာ လူကောင်းတွေ ရှိနေသေးတာပဲ။ အားလုံးက ကျိုးကြောင်းဆီလျော်ကြတယ်" ဟု တွေးလိုက်သည်။

တီဗွီဇာတ်လမ်းတွဲများနှင့် အန်နီမေးရှင်းများထဲမှ ဇာတ်ကောင်များသည်သာ ယခုလူများကဲ့သို့ ကျိုးကြောင်းဆီလျော်ကြပါက အခြားသူများလည်း လှောင်ရဲကြမည် မဟုတ်ဟု ကျိယွမ်က သူ့ဘာသာ တွေးနေမိသည်။

လှောင်ပြောင်သူများမှာ ချက်ချင်းပင် အဆုံးစီရင်ခြင်းခံရမည် မဟုတ်ပါလား။

"ခင်ဗျားတို့အားလုံးက ကျုပ်ကို စမ်းကြည့်စေချင်မှတော့ ကျုပ် စမ်းကြည့်ပါ့မယ်။ ဘယ်သူသိနိုင်မလဲ... ပန်းတွေ ပွင့်လာနိုင်တာပဲလေ"

ကျိယွမ်က မတတ်သာသလို တီးတိုးရေရွတ်လိုက်သည်။

ဘာပဲပြောပြောစမ်းကြည့်တာ အကျိုးမယုတ်ဘူး၊ ပွင့်လာရင် ရတနာရမယ် ၊ မပွင့်တော့လည်း အရင်းပေါ့။

ကျိယွမ်က ထိုသို့တွေးပြီး နတ်ဘုရားပုံရိပ်ဖော်နယ်ပယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

သူသည် အဖွဲ့လိုက်စကားပြောခန်းကို ဖြတ်ကျော်သွားစဉ် စာတိုများစွာသည် သူ၏မျက်စိရှေ့တွင် ပေါ်လာ၏။

"မွေးစားအဖေ""

"မွေးစားအဖေ လာပြီဟေ့ ၊ပုံရိပ်ဖော်နေပြန်ပြီ"

"ငါ သုန်းကျန်းဟဲကတော့ မယုံနိုင်ဘူး။ သူ နောက်တစ်ကြိမ် ထပ်ပြီး အောင်မြင်နိုင်ဦးမလား။ ဒီကမ္ဘာမှာ ဒီလောက် အဓိပ္ပာယ်မရှိတဲ့အရာ ဘယ်လိုရှိနိုင်မှာလဲ။ ဟုန်ထန်တိုက်ပွဲမှာ ရှိခဲ့တဲ့ စစ်မှန်နတ်ဘုရားတွေက နည်းနည်းပဲ ရှိတာလေ။ ဘယ်လိုလုပ်ပြီး လွတ်မြောက်လာတာတွေ ဒီလောက်များနေရတာလဲ။ ငါတော့ ယုံကိုမယုံဘူး"

"ငါတို့ကတော့ ယုံကြည်မှုအပြည့်ပဲ"

ကျိယွမ်သည် သူ့အားဝေဖန်နေသူများကို ပြန်မဖြေခဲ့ပါ။

တော်ကြာ မွေးစားဖေဖေခေါ်နေဦးမယ် ။ မသိချင်ယောင်ဆောင်မှ။

သူသည် ပုံရိပ်ဖော်တောင်ဆီသို့ တိုက်ရိုက်သွားလိုက်၏။

မိုးထိမတက်မြင့်မားသော တောင်ကြီးကိုကြည့်ကာ ခေတ္တမျှစဥ်းစားပြီးနောက် သူက စတင်၍ ပုံရိပ်ဖော်လေသည်။

"လောကမှာ ပြိုင်ဘက်ကင်းတဲ့အလှဘုရင်မ ထောင်ပေါင်းများစွာထဲကမှ အနှိုင်းမဲ့တဲ့ အလှနတ်ဘုရားမ"

သူက အသံတိုးတိုးဖြင့် မျက်လုံးမှိတ်ကာ ဆက်တိုက်ရွတ်ဆိုနေသည်။

ကျိယွမ်၏အသံ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ရောင်စုံအဝတ်အစားများ ဆင်မြန်းထားသည့် ရင်သပ်ရှုမောဖွယ် အမျိုးသမီးတစ်ဦး၏ ပုံရိပ်က လှပစွာ ပေါ်လာခဲ့သည်။

ယခုအခါမှာတော့ ပုံရိပ်ဖော်တောင်က မေးခွန်းနှစ်ခုမေး၏။

ကျိယွမ်၏ အမြုတေက လင်းလက်သွားပြီး သူကထိုအဆင့်ကို ထုံးစံအတိုင်း ရွှီရှောင်လုပ်ကာ ကျော်ဖြတ်လိုက်သည်။

ခဏအကြာတွင် အဖွဲ့လိုက်စကားပြောခန်းထဲမှ သုန်းကျန်းဟဲမှာ သွေးအန်မတတ် ဖြစ်သွားရသည်။

"ငါ့ရဲ့ အနှိုင်းမဲ့ လူငယ်နတ်ဘုရားဧကရာဇ် ခေတ်က တကယ်ပဲ ကုန်ဆုံးသွားပြီလား။ ဘယ်လိုလုပ်ပြီး နောက်ထပ် ဒဏ္ဍာရီအဆင့် ပေါ်လာနိုင်တာလဲ"

ရွှေရောင်အလင်းတန်းကို မြင်ရပြီး ငှက်ပေါင်းများစွာ၏ တေးသီသံကို ကြားလိုက်ရသောအခါ သုန်းကျန်းဟဲမှာ လုံးဝပင် စိတ်ဓာတ်ကျသွားတော့သည်။

ထိုအချိန်တွင် ပန်းပေါင်းတစ်ရာပွဲတော်ထဲတွင် ငြိမ်သက်နေခဲ့သော ကျိယွမ်က သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

"ပန်းနတ်သမီးက ကျုပ်အတွက် မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ ယူဆောင်လာပေးပါစေလို့ မျှော်လင့်ရတာပဲ"

ကျန်ရှိနေသူအားလုံးကလည်း ကျိယွမ်ကို စိုက်ကြည့်နေကြ၏။

သူက ဘယ်လိုနတ်ဘုရားကို ပုံဖော်မှာပါလိမ့်။

ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်နည်းတစ်ခုသည် ကျိယွမ်၏ ဘေးတွင် လွင့်မျောလာသည်။

"ဒဏ္ဍာရီအဆင့်..."

စိတ်ကောင်းရှိသော ဒုတိယအဆင့်စစ်မှန်နတ်ဘုရားအဖိုးအိုပင် အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားရသည်။

သို့သော် ပန်းပွင့်ခြင်းသည် နတ်ဘုရားပုံရိပ်ဖော်နည်းစနစ်၏ အဆင့်အတန်းအပေါ်တွင် မူတည်ခြင်းတော့ မရှိပါ။ တစ်ခါတစ်ရံတွင် သာမန်နည်းစနစ်တစ်ခုကပင် ပန်းများကို ပွင့်စေနိုင်သည်။ထူးခြားအဆင့်နှင့် ရှားပါးအဆင့်များသုံးသော်လည်း ပန်းတစ်ခုမှ မပွင့်ခဲ့သည်များလည်း အကြိမ်ကြိမ်ပင်။

သို့သော် ဒဏ္ဍာရီအဆင့် နည်းစနစ်ကို ပွဲတော်၌ မသုံးဖူးသဖြင့် ထူးခြားမည် မထူးခြားမည်ကို မသိကြပါ။

"ဒဏ္ဍာရီအဆင့်ကို ပန်းပွင့်ဖို့သုံးမှာလား"

"ဒီမူလနတ်ဘုရားက တကယ်ပဲ ပါရမီရှင်ထင်တယ်"

"မင်းက အခုထိထင်တယ်လုပ်တုန်းလား ၊သူက ဒဏ္ဍာရီအဆင့်ကိုတောင် ဖန်တီးနိုင်နေပြီလေ.."

ရှေးဟောင်းနတ်ဘုရားများသည် အံ့အားသင့်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

"ဒဏ္ဍာရီအဆင့်... ရှေးခေတ်တုန်းကဆိုရင် ဒါဟာ ဆဋ္ဌမအဆင့် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ တန်ခိုးရှင်တွေနဲ့ပဲ ထိုက်တန်တာ"

ထိုကဲ့သို့သောနည်းစနစ်သည် မဟာအုပ်စိုးရှင်တစ်ပါးကိုပင် ဖန်တီးပေးနိုင်စွမ်း ရှိသည်။ ၎င်းကို ပန်းပေါင်းတစ်ရာပွဲတော်တွင် မြင်တွေ့ရခြင်းမှာ အမှန်တကယ်ပင် အံ့ဩစရာ ကောင်းလှသည်။

ကျိယွမ်ကို လမ်းစဖွင့်ပေးခဲ့သော ဆည်းဆာနတ်ဘုရားဟွမ်ဟွန်းပင် အံ့အားသင့်သွားသော်လည်း သူ၏ တုံ့ပြန်မှုမှာ အခြားသူများထက် ပိုမို တည်ငြိမ်သည်ဟု ဆိုရမည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခင်က ဒဏ္ဍာရီအဆင့် ၂၁ ခုကို မြင်တွေ့ခဲ့ပြီး ဖြစ်ရာ နောက်ထပ်တစ်ခုကို လက်ခံရန်မှာ သူ့အတွက် ပို၍ လွယ်ကူနေသည်။

သူက ရှေးခေတ်တုန်းက ဘယ်လိုအဆင့်အတန်းပါလိမ့်၊ ဘာလို့ ငါတို့မသိတဲ့နတ်ဘုရားတွေကို သူကသိနေတာလဲ။

"မူလနတ်ဘုရား .. ဒီနတ်ဘုရားက ချုံးဟွာအရှင်မနဲ့ ဘယ်လို ပတ်သက်မှု ရှိလဲ"

ဟွမ်ဟွန်းက မနေနိုင်စွာ မေးလိုက်မိ၏။

ချုံဟွာနန်းတော်သခင်မသည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် ကျိယွမ်ကို ကြည့်နေမိသည်။

ထိုမျှ အစွမ်းထက်သော ပုံရိပ်ဖော်နည်းစနစ်သည် သူမ၏ဆရာမနှင့် ဆက်နွှယ်မှု ရှိနိုင်ပြီး သူမကို နိုးထလာစေရန် ဖြစ်နိုင်ချေ ရှိလောက်မည်ဟု တွေးကာ ရင်ခုန်လာသည်။

"ဒီနတ်ဘုရားကို ပန်းနတ်သမီးလို့ ခေါ်တယ်၊ ပန်းတွေရဲ့ သခင်မပေါ့။ သူက ချုံးဟွာအရှင်မကို သိပုံမရဘူးဗျ"

ကျိယွမ်က အမှန်အတိုင်း ပြောလိုက်သည်။

အခြားသူများမှာ 'ပန်းနတ်သမီး' ဟူသော အမည်နာမနှင့် ရင်းနှီးခြင်း မရှိကြသဖြင့် တစ်ယောက်ကိုတစ်ယောက် မေးဆတ်ပြကာ မေးမိကြ၏။

သို့သော် အားလုံးက မသိကြောင်း ခေါင်းခါပြကြသည်။

"နှစ်ယောက်လုံးက ပန်းတွေနဲ့ ပတ်သက်နေတာဆိုတော့ ဆရာမက ဒီပန်းနတ်သမီးကို သိရင် သိမှာပါ"

မျှော်လင့်ချက်ထားနေသော နန်းတော်သခင်မက စိတ်လှုပ်ရှားစွာ ဝင်ပြောလိုက်သည်။

အားလုံးကလည်း သဘောတူသလို ခေါင်းညိတ်လိုက်ကြပြီး ကျိယွမ်၏ ဘေးမှ ပုံရိပ်ဖော်နည်းစနစ်ကို ကြည့်ကာ ပန်းများ ပွင့်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

ကျိယွမ်က ဒဏ္ဍာရီအဆင့် နည်းစနစ်ကိုကြည့်ကာ တီးတိုးရွတ်ဆိုလိုက်၏။

" ပန်းနတ်သမီး..သွားလို့ရပြီ"

ရုတ်တရက်ဆိုသလို နည်းစနစ်ထဲမှ တောက်ပနေသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအမျိုးသမီးသည် ရောင်စုံဖဲကြိုးများကို ကိုင်ဆောင်လျက် ကျော့ရှင်းစွာ ရှေ့သို့ လှမ်းလာသည်။ သူမမှာ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သော်လည်း ရှေးဟောင်းနတ်ဘုရားများမှာ သင်းပျံ့သော ရနံ့တစ်ခုကို ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

၎င်းမှာ ပန်းခင်းအားလုံး၏ ရနံ့နှင့် ညနေခင်း၏ လေပြေညင်းကဲ့သို့ပင်။

ပန်းနတ်သမီး၏ပုံရိပ်က လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် ပန်းပွဲတော်မှ ပန်းပွင့်တစ်ခုချင်းစီကို တို့ထိလိုက်သကဲ့သို့ ဖြစ်သွား၏။

ပန်းများမှာ အများစု ငုံနေဆဲဖြစ်ပြီး အချို့မှာ ပွင့်နေပြီသား ဖြစ်သည်။

ထူးထူးခြားခြားဖြစ်မလာသောကြောင့် ရှေးဟောင်းနတ်ဘုရားများမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

သိပ်တော့မထူးဆန်းသလိုပဲ။

ထိုအခိုက် ပန်းခင်းအား သေသေချာချာကြည့်နေသော ရှေးဟောင်းနတ်ဘုရားတစ်ဦး၏ မျက်လုံးများ အလန့်တကြား ပြူးကျယ်သွားသည်။

"ဒီပန်းတွေက..."

သူက စကားပြောရန် ပြင်လိုက်သော်လည်း ကျိယွမ်ကို ကြည့်ကာ စကားကို အဆုံးမသတ်ဘဲ ပြန်တိတ်နေလိုက်သည်။

အခြားသော ရှေးဟောင်းနတ်ဘုရားများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

မျှော်လင့်ချက်ဖြင့် ပြည့်နေခဲ့သော နန်းတော်သခင်မ၏ မျက်ဝန်းများမှာ သိသိသာသာ ကျုံ့သွားတော့သည်။

"ဘာတွေ ဖြစ်နေတာလဲ။ ပန်းတွေက... ဘာလို့ ပြန်ပိတ်သွားတာလဲ"

မှန်ပါသည်။

ပန်းနတ်သမီး၏ပုံရိပ် ပေါ်လာသည်နှင့်အမျှ ပန်းပေါင်းတစ်ရာပွဲတော်ရှိ ပန်းများမှာ သိသိသာသာ ပြောင်းလဲလာသည်။ သို့သော် ပွင့်လာမည့်အစား အများစုမှာ... ပြန်ပိတ်သွားကြပြီး ပွင့်နေပြီးသား ပန်းများပင် ပွင့်ငုံများအဖြစ်သို့ ပြောင်းလဲသွားကာ အဖူးအငုံအဆင့်အချို့က ပျောက်ကွယ်သွားသည်အထိ ပင် ဖြစ်သွားသည်။

"ဘယ်..ဘယ်လိုဖြစ်တာလဲ"

နန်းတော်သခင်မက ထိတ်လန့်စွာဖြင့် ကျိယွမ်အား ချက်ချင်းမေးလိုက်သည်။

ငါကပန်းတွေပွင့်ခိုင်းတာလေ ၊ သူက အကုန်ပြန်ငုံခိုင်းပစ်တယ်တဲ့လား။

နန်းတော်သခင်မ၏ အထိတ်တလန့်မေးခွန်းကို ကြားသောအခါ ကျိယွမ်က ခေါင်းခါ၏။

"ငါနဲ့မဆိုင်ဘူးလေ ၊ သူတို့ဘာသာ ပြန်ပိတ်သွားကြတာ ဖြစ်မှာပေါ့ "

"ဘာ.."

အခြားသူများမှာ ဝါးခနဲမရယ်မိအောင် တော်တော်လေး ထိန်းထားကြရသည်။

ထိုသူသည် စကားကို ပါးစပ်ထဲတွေ့ရာ ပြောလွန်းလှ၏။ ယခုအချိန်အထိ အသက်ရှင်နေသေးသည်မှာပင် တော်တော်ကံကောင်းလှလေပြီ။

နန်းတော်သခင်မက ထိုအဖြေကို လက်မခံသော်လည်း ပိုအရေးကြီးသည်ကို အော်ဟစ်လိုက်သည်။

"သူ့ကို ရပ်ခိုင်းဦးလေ ၊ ရပ်ခိုင်းလိုက်တော့"

ယခုလိုသာ၍ ဆက်ဖြစ်နေပါက ပွဲတော်ရှိ ပန်းအားလုံးမှာ ပိတ်သွားကြပေလိမ့်မည်။

ချုံးဟွာနန်းတော်၏ နှစ်ပေါင်းများစွာ အားထုတ်မှုများမှာလည်း အချည်းနှီး ဖြစ်သွားရပေတော့မည်။

ကျိယွမ်က ထိုမြင်ကွင်းကို ကြည့်ကာ သွားဖြီးလေးနှင့် ဖြေ၏။

"ဟီးဟီး ..နောက်ကျသွားပြီဗျ"

ပန်းနတ်သမီး၏ပုံရိပ် ပေါ်လာခြင်းနှင့်အတူ မူလက ပွင့်နေသော ပန်းများ၏ လေးပုံသုံးပုံမှာ ပြန်ပိတ်ရန် ရွေးချယ်သွားကြပြီ ဖြစ်သည်။

ပွင့်နေသော ပန်းအရေအတွက်မှာ သိသိသာသာ လျော့နည်းသွားပြီး ပန်းပေါင်းတစ်ရာပွဲတော်မှာ 'ပန်းငုံပေါင်းတစ်ရာပွဲတော်' နှင့် ပို၍ တူသွားတော့သည်။

ရှေးဟောင်းနတ်ဘုရားများမှာ နှုတ်ဆိတ်လျက် ကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် ပြောမထွက်နိုင်သော စကားလုံးများဖြင့် ပြည့်နှက်နေသည်။

"ဒါ ပန်းနတ်သမီး မဟုတ်ဘူး၊ ပန်းဖျက်ဆီးသူပဲ"

"ပန်းတွေကို ပွင့်အောင် လုပ်မယ့်အစား ပိတ်အောင် လုပ်နေတာ။ ပန်းနတ်သမီးဆိုတဲ့ ဘွဲ့နဲ့ လုံးဝ မကိုက်ဘူး"

"ချုံဟွာနန်းတော်သခင်မတော့ ကံဆိုးတာပဲ"

"သူခမျာ ဒီလို ခါးသီးမှုကိုတော့ မျိုသိပ်ရုံပဲ ရှိတော့တာပေါ့"

ရှေးဟောင်းနတ်ဘုရားများသည် ချုံးဟွာနန်းတော်ကိုသာ သနားနေမိကြသည်။

ပန်းပေါင်းတစ်ရာပွဲတော်အတွက် နှစ်ပေါင်းထောင်ချီ၍ ကြိုးစားခဲ့ရသော သူမ၏အ ကြံစည်မှာ လုံးဝပျက်စီးသွားရလေပြီ။

ယခုဆိုလျှင် ပန်းများ၏ လေးပုံတစ်ပုံအောက်သာ ပွင့်တော့သည်။

ချုံးဟွာနန်းတော်သခင်မသည် မြေပြင်ပေါ်သို့ ပုံရက်သား လဲကျသွားပြီး မျက်ဝန်းများမှ ဗလာဖြစ်နေကာ ငိုကျွေးလေတော့သည်။

"ပြီးသွားပြီ၊ အားလုံး ပြီးသွားပြီ"

ပန်းများ ပိတ်သွားလေပြီ။ ၎င်းတို့ကို ပြန်ပွင့်လာစေရန်မှာ အလွန်ပင် ခက်ခဲကြောင်း သူမအသိဆုံးပင်။

ငါ့ရဲ့ဆရာမလည်း ဘယ်တော့မှ နိုးထလာမှာမဟုတ်တော့ဘူး။

ချုံးဟွာနန်းတော်မှ တပည့်များမှာလည်း စိတ်ဓာတ်ကျကာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေကြသည်။ ပွဲတော်သို့ တက်ရောက်လာသော ရှေးဟောင်းနတ်ဘုရားများမှာလည်း နောင်တရဟန်ဖြင့် မျက်နှာပျက်နေကြသည်။

ကျိယွမ်အား မြှောက်ပေးမိသော ဆည်းဆာနနတ်ဘုရားအဘိုးအိုသည်လည်း နန်းတော်သခင်မကို အားနာစွာကြည့်နေ၏။

ဒီလိုမှန်းသိရင် ငါမမြှောက်ပေးပါဘူး။ အခုတော့..။

သူက ပန်းပင်များကို ကြည့်ကာ မည်သို့နှစ်သိမ့်ပေးရမည် မသိဖြစ်နေရသည်။

ထိုအချိန်မှာပင် ရုတ်တရက် ကျိယွမ်က ဝမ်းသာအားရ လေသံဖြင့် ရယ်မောလိုက်ပြီး "ဟားဟား ဟားဟား ..ပန်းတွေ ဘာလို့ ပိတ်သွားတယ်ဆိုတာ အခု ကျုပ် နားလည်သွားပြီ" ဟု ဆိုလိုက်သည်။

အားလုံးက ငိုတော့မလိုဖြစ်နေချိန်တွင် သူကဗလိုင်းကြီးထရယ်နေ၏။ သူ၏ ရယ်မောသံမှာ လေးနက်နေသော ပတ်ဝန်းကျင်နှင့် လုံးဝပင် ဖီလာဆန့်ကျင်နေတော့သည်။

နန်းတော်သခင်မက ကျိယွမ်ကို အံကြိတ်ကာ စိုက်ကြည့်နေပြီး သူ့ကို အစိမ်းလိုက်ကိုက်စားပစ်ချင်စိတ်များပင် ပေါ်နေသည်။

ဒင်းက ရယ်နိုင်သေးတယ်ပေါ့၊ ပန်းတွေ ဘာလို့ ပိတ်သွားသလဲဆိုတာ ဘယ်သူက ဂရုစိုက်မှာလဲ။

သူတို့ ဂရုစိုက်သည်က ပန်းများ ပွင့်လာပြီး ချုံးဟွာအရှင်မ နိုးထလာဖို့ပင် မဟုတ်ပါလား။

ကျိယွမ်၏ စကားများမှာ တစ်ယောက်တည်း စင်ပေါ်တက် ကပြနေသကဲ့သို့ ဖြစ်နေပြီး မည်သူမျှ ဝင်ရောက်ပြောဆိုခြင်း မရှိကြပေ။

ကျိယွမ်ကတော့ ထိုသို့ တုံ့ပြန်မှု မရှိခြင်းကို ဂရုမစိုက်ပါ။

"မယ်တော်မိဖုရားကြီးရဲ့ မွေးနေ့မှာ နတ်မင်းတွေအားလုံးက ကောင်းချီးတွေ ပေးကြတယ်။အဲဒီအချိန်မှာ နတ်သမီးတစ်ပါးက ပွဲတော်ကို ပိုပြီး စည်ကားစေဖို့ ပန်းနတ်သမီးကို ဖိတ်ပြီး ပန်းအားလုံးကို တစ်ပြိုင်တည်း ပွင့်အောင် လုပ်ဖို့ အကြံပေးခဲ့တယ်"

အစပိုင်းတွင် စိတ်မဝင်စားကြသည့်သူများအားလုံး၏ အာရုံမှာ ကျိယွမ်ထံသို့ ရောက်ရှိသွားသည်။

မယ်တော်မိဖုရားကြီးတဲ့လား။

အဲဒါကရော ဘယ်သူကြီးလဲ။

"မယ်တော်မိဖုရားကြီးရဲ့အမိန့်နဲ့ ပန်းနတ်သမီးကို ဖိတ်ခေါ်ပြီး ပန်းတွေကို ပွင့်အောင် လုပ်ခိုင်းကြတာပေါ့ ၊အခုအခြေအနေနဲ့တောင် ဆင်နေရော ၊ ဒါပေမဲ့ ပန်းနတ်သမီးက သူတို့ရဲ့တောင်းဆိုမှုကို ငြင်းလိုက်တယ်"

အားလုံးက နားမလည်သလို ကျိယွမ်အားကြည့်နေ၏ ။

သူက ဘာလို့ငြင်းတာလဲ။

သူက ပန်းမပွင့်စေချင်တဲ့နတ်သမီးမို့ထင်တယ်။

ခုပဲကြည့်ပါလား ပွင့်နေတဲ့ပန်းတွေတောင် ပြန်ပိတ်ကုန်တာ။

ကျိယွမ်က သူ၏စကားကို မဆက်သေးဘဲ လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ပြီး အနီးဆုံးမှ ပန်းတစ်ပွင့်ကို ခူးယူလိုက်၏။

ဒီကောင်ကတော့ ...။

နန်းတော်သခင်မက လက်ကျန် ရှိစုမဲ့စုပန်းလေးများကို နှမြောသလိုကြည့်ကာ အံကြိတ်သည်။

ကျိယွမ်က လှပသောပန်းပွင့်လေးကို ရိုးတံမှ ကဗျာဆန်ဆန် ကိုင်ထားပြီး တစ်ချက်နမ်းရှိုက်လိုက်သည်။

မသိလျှင် သူက ပန်းများကို အလွန်နှစ်သက်မြတ်နိုးသော ဥယျာဥ်မှုးလိုလို ဘာလိုလိုပင်။

အောင်မလေး... ပြောပါတော့ဟ။

အပိုတွေ သရုပ်ဆောင်နေတာ တော်ပါတော့ ။

ကျိယွမ်က အားလုံးကိုပြုံးပြပြီး ဆက်ပြော၏။

"ပန်းနတ်သမီးက ပြောတယ် ၊ ပန်းဆိုတာ သူ့အချိန် သူရာသီနဲ့ သဘာဝအတိုင်းပွင့်မှသာ

တန်ဖိုးရှိတာ။ အတင်းအကြပ်ပွင့်ခိုင်းတာဟာ ပန်းအလှကိုဖျက်ဆီးတာဖြစ်ပြီး ပန်းတွေကိုတန်ဖိုးမထားတာ ၊ စော်ကားတာပဲတဲ့ ၊ ရှင်တို့ ပန်းလှလှလေးတွေ လိုချင်ရင် စောင့်နိုင်ရမယ် ၊ အဲဒီလို စောင့်ရတာကိုက ပန်းရဲ့တန်ဖိုးပဲ ၊ ငါ့ပန်းတွေကို တန်ဖိုးမဲ့အောင် မလုပ်နိုင်ဘူး ၊ နင်တို့ပန်းလှလှလေးတွေကိုချစ်တယ် ၊ မြတ်နိုးတယ်ဆိုရင် သဘာဝတရားအတိုင်း သူတို့ပွင့်ပေးမဲ့အချိန်ကို စောင့်ကြတဲ့"

ချီယွမ်သည် သူ၏ မှတ်ဉာဏ်ထဲမှ ဝူကျီထျန်းနှင့်ပန်းပွင့်များအကြောင်းပုံပြင်ကို ပြန်ပြောပြလိုက်ခြင်းဖြစ်သည်။

ဟုတ်တာ ..မဟုတ်တာ အသာထား ၊ လက်ရှိအခြေအနေအရ ၊ ငါက ဖြီးမှရတော့မှာ။

သူက ပရိတ်သတ်၏တုန့်ပြန်မှုကို စောင့်ကြည့်နေလိုက်သည်။

"အဲဒီလိုလား.."

"ဟုတ်သလိုလိုပဲ.."

"ဒါဆို ပန်းတွေပြန်ပိတ်ကုန်တာ သူ့ရာသီမဟုတ်သေးလို့ပေါ့"

ရှေးဟောင်းနတ်ဘုရားများသည် ထိုပုံပြင်ကို စဉ်းစားကာ ပန်းနတ်သမီး၏ လွှမ်းမိုးမှုကြောင့် ပန်းများ ပိတ်သွားခြင်း ဖြစ်နိုင်ကြောင်း သဘောပေါက်လာကြသည်။

သူမသည် ပန်းများကိုမပွင့်စေနိုင်သောကြောင့် မဟုတ်ပါ ။ရာသီမဟုတ်ဘဲ မပွင့်စေချင်ခြင်းသာ ဖြစ်သည်။

"ပန်းနတ်သမီးက ပနိးတွေကို တကယ်ချစ်မြတ်နိုးတဲ့ သူပဲ "

ဤအကျိုးအကြောင်းပြချက်မှာ သူတို့အတွက် ယုတ္တိရှိနေသည်။ သို့သော် ထိုသို့ဆိုစေကာမူ ပန်းများမှာ ပိတ်သွားခဲ့ပြီ မဟုတ်ပါလား။

ချုံဟွာနန်းတော်သခင်မမှာ ပို၍ပင် နှလုံးကြေကွဲနေရပြီး သူမ၏ စိတ်ပျက်အားငယ်မှုကို ဖော်ပြရန် စကားလုံးပင် ရှာမတွေ့တော့ပါ။

ဘာပဲပြောပြော ငါလိုချင်တာ ဒီရလဒ်မဟုတ်ဘူး။

အားလုံးက ကျိယွမ်အားအပြစ်မတင်ကြတော့သော်လည်း နန်းတော်သခင်မကို သနားသလိုကြည့်နေမိကြသည်။

ထိုအချိန်တွင် ကြည်လင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

"မူလနတ်ဘုရားရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"

ရှေးဟောင်းနတ်ဘုရားများမှာ ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ကြရသည်။

သူတို့က အသံလာရာသို့ လှည့်ကြည့်မိသောအခါ ချုံးဟွာနန်းတော်၏ အတွင်းပိုင်းမှ လှပသောအမျိုးသမီးတစ်ဦး ကျော့ရှင်းစွာ ထွက်ပေါ်လာသည်ကို အားလုံးမြင်တွေ့လိုက်ရသည်။

သူမ၏ လှပသောမျက်ဝန်းများသည် ဇဝေဇဝါ ဖြစ်နေခြင်းမျိုးမရှိဘဲ ကြည်လင်လှသည်။ သူမ၏လည်ပင်းတွင် ရွှေရောင် ပန်းဆွဲကြိုးကို ဆင်မြန်းထားပြီး ဖြူစင်သော ဝတ်စုံတွင် ထူးခြားသည့်ပန်းများပါသောအပင်ပုံစံသုံးခုဖြင့် တန်ဆာဆင်ထားသည်။

သူမ၏ ရှိနေမှုမှာ ပန်းပေါင်းများစွာ ပွင့်လန်းလာသကဲ့သို့၊ ကောင်းကင်ယံ ကြည်လင်သွားသကဲ့သို့ သင်းပျံ့သော ရနံ့များဖြင့် လေထုထဲတွင် ပြည့်နှက်သွားစေသည်။

"ချုံးဟွာကျွင်းကျယ်"

ဒုတိယအဆင့် စစ်မှန်နတ်ဘုရားမှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွာသည်။

သူတို့ရှေ့မှ အမျိုးသမီးမှာ အခြားသူမဟုတ်၊ နှစ်ပေါင်းထောင်ချီကြာ အိပ်မောကျနေခဲ့သည့် ချုံဟွာနတ်အရှင်မပင် မဟုတ်ပါလား။

ငိုကြွေးနေသော နန်းတော်သခင်မသည်လည်း ကြောင်အမ်းသွားရသည်။ သူမသည် ရင်းနှီးသော ထိုပုံရိပ်ကို ကြည့်ကာ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်လျှံလျက်

မျက်ရည်များက တာတမံကျိုးသလို စီးကျလာသည်။

"ဆရာမ"

ဤအမျိုးသမီးမှာ အမှန်တကယ်ပင် သူမ၏ဆရာ ချုံးဟွာကျွင်းကျယ် ဖြစ်သည်။

သို့သော် သူမ မည်သို့ နိုးထလာရသနည်း။

အားလုံးအံ့သြစွာ ငေးနေမိစဥ်မှာပင် ချုံဟွာကျွင်းကျယ်သည် ကျိယွမ်၏ရှေ့သို့ ချဉ်းကပ်လာကာ လက်နှစ်ဖက်ကို စုံမိုးလျက် ဦးညွှတ်လိုက်သည်။

"ဒီနှိမ့်ကျတဲ့ အမျိုးသမီးဟာ စတုတ္ထအဆင့်မှာ ကြာရှည်စွာ ပိတ်မိနေပြီး ပန်းနတ်ဘုရားရဲ့တန်ခိုးဝိညာဥ်ကို ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ မူလနတ်ဘုရားအရှင်ရဲ့ စကားတွေကြောင့် ကျွန်မ ဉာဏ်အလင်း ရခဲ့ပါပြီ"

ချုံးဟွာကျွင်းကျယ်သည် ဒဏ်ရာရရှိကာ အိပ်မောကျနေခဲ့ခြင်း ဖြစ်ပြီး နိုးထရန် နည်းလမ်းနှစ်ခုသာ ရှိသည်။

ပထမနည်းလမ်းမှာ ပန်းအားလုံး ပွင့်လန်းလာပြီး သူမ၏ မှတ်ဉာဏ်အားလုံး ပြန်လည်ရရှိကာ ဒဏ်ရာရထားသည့် အခြေအနေအတိုင်း နိုးထလာခြင်း ဖြစ်သည်။

ဒုတိယနည်းလမ်းမှာ မိမိ၏ အကန့်အသတ်များကို ကျော်ဖြတ်ကာ ပန်းနတ်ဘုရား၏တန်ခိုးဝိညာဥ်ကို နားလည်သဘောပေါက်ခြင်း ဖြစ်သည်။

ချုံးဟွာနန်းတော်မှ မည်သူကမျှ ဒုတိယရွေးချယ်မှုအကြောင်းကို မစဉ်းစားမိခဲ့ကြပါ။

အကြောင်းမှာ မဟာအုပ်စိုးရှင်တစ်ပါးကပင်လျှင် ချုံးဟွာအရှင်မကို ဉာဏ်အလင်းရရန် မကူညီနိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် ချုံးဟွာအရှင်မက ပထမနည်းဖြင့် နိုးထလာခဲ့လျှင်ပင် ပန်းနတ်ဘုရား၏ နတ်ဘုရားဝိညာဉ်ကို နားလည်ရန်မှာ မလွယ်ကူလှပေ။

သို့သော် ယခုအခါ ကျိယွမ်၏ စကားများက ချုံးဟွာအရှင်မကို ပန်းနတ်ဘုရား၏ အနှစ်သာရကို နားလည်သွားစေကာ သူမကို အဆင့်ကျော်လွန်ပြီး နိုးထလာစေခဲ့ခြင်း ဖြစ်သည်။

အခြားသော ရှေးဟောင်းနတ်ဘုရားများမှာ ဆွံ့အသွားကြသည်။

"ချုံးဟွာအရှင်မက... အဆင့်တက်သွားတာလား"

"သူမက ပန်းနတ်ဘုရားရဲ့ နတ်ဘုရားဝိညာဥ်ကို ဆုပ်ကိုင်နိုင်သွားပြီပေါ့"

ရှေးဟောင်းနတ်ဘုရားများမှာ မနာလိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။

နတ်ဘုရားဝိညာဉ်ဆိုသည်မှာ မဟာအုပ်စိုးရှင်များပင် တောင့်တရသည့်အရာ ဖြစ်သည်။

အုပ်စိုးရှင်အဆင့်ရှိ နတ်ဘုရားများမှာ ၎င်းကို ထိတွေ့နိုင်စွမ်းပင် မရှိကြပေ။ မဟာအုပ်စိုးရှင်များသာလျှင် တန်ခိုးဝိညာဉ်ကို ရရှိရန် အခွင့်အရေး အနည်းငယ် ရှိသည်။

နတ်ဘုရားဝိညာဉ်ကို ရရှိသော မဟာအုပ်စိုးရှင်သည် ယင်နတ်ဘုရား နယ်ပယ်ကို ကျော်လွန်နိုင်သည့် အလားအလာရှိသည်ဟု အဆိုရှိ၏။

သို့သော် ရှေးခေတ်ကတည်းကပင် မဟာအုပ်စိုးရှင်များစွာမှာ နတ်ဘုရားဝိညာဉ်ကို ဆုပ်ကိုင်နိုင်ခဲ့သော်လည်း မည်သူမျှ ယင်နတ်ဘုရား နယ်ပယ်အထက်ကို အမှန်တကယ် မကျော်လွန်နိုင်ခဲ့ကြပေ။

သို့သော် ၎င်းမှာ ထူးကဲသော အောင်မြင်မှုတစ်ခု ဖြစ်နေဆဲပင်။

ပုံရိပ်ဖော်နည်းစနစ်တစ်ခုတည်းနဲ့ မူလနတ်ဘုရားက ချုံးဟွာအရှင်မကို နိုးထစေရုံမကဘဲ ဉာဏ်အလင်းပါပွင့်စေတယ်ပေါ့။

၎င်းမှာ မယုံနိုင်စရာပင်။

ရှေးဟောင်းနတ်ဘုရားများသည် ကျိယွမ်ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

ချုံးဟွာအရှင်မသည် ရှေ့သို့ ပိုတိုး၍ လှမ်းလာကာ မဟာအုပ်စိုးရှင်တစ်ပါး၏ မာန်မာနများကို ဘေးဖယ်လျက် တောင်းဆိုလေသည်။

"မူလနတ်ဘုရားသာ စိတ်မရှိဘူးဆိုရင် ဒီနှိမ့်ကျတဲ့ အမျိုးသမီးက အရှင့်ရဲ့ တပည့်အဖြစ် အမှုထမ်းပါရစေ"

"ဘာ..."

ထိုအသံက ကျိယွမ်ထံမှမဟုတ်ပါ ။

ရှေးဟောင်းနတ်ဘုရားများက လန့်ဖြန့်ကာ အော်ဟစ်လိုက်သော အသံများသာဖြစ်၏။

မဟာအုပ်စိုးရှင်တစ်ပါးက အုပ်စိုးရှင်တစ်ပါးတောင်မဖြစ်သေးတဲ့ ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်ရဲ့ တပည့်ဖြစ်ဖို့ တောင်းပန်းနေတယ်တဲ့။

ချုံးဟွာနန်းတော်သခင်မမှာ မျက်လုံးများ အံ့သြလွန်း၍ ပြူးကျယ်နေသည်။

ငါတော့ ရူးတော့မှာပဲ။

ယနေအဖို့ သူမခမျာ စိတ်ခံစားချက်ပေါင်းစုံကို အချိန်တိုအတွင်း ခံစားလိုက်ရသည် မဟုတ်ပါလား။

ယခုလည်း သူမအနေဖြင့် ကျိယွမ်ကို "ဆရာဘိုးဘိုး" ဟု ခေါ်ရတော့မည်လော။

ကျိယွမ်က သူ၏ရှေ့မှ ချုံးဟွာအရှင်မကို ကြည့်ကာ ခေါင်းခါ၏။

"ကျုပ်က တပည့်လက်မခံပါဘူး"

သူသည် တပည့်ယူခြင်း ကိစ္စများဖြင့် အလုပ်မရှုပ်ချင်ပါ။

ကျိယွမ်၏ တုံ့ပြန်မှုက လူတိုင်းကို ပို၍ပင် အံ့အားသင့်သွားစေသည်။ သူတို့သာဆိုလျှင် ဝမ်းမြောက်ဝမ်းသာ လက်ခံမိကြမည် ဖြစ်သည်။

မဟာအုပ်စိုးရှင်တစ်ပါးကို တပည့်အဖြစ်မလိုချင်သူ မည်သို့ရှိနိုင်မည်နည်း။

ထို့အပြင် သူမသည် ကြင်နာတတ်သော အရှင်မတစ်ဦးဖြစ်ပြီး စစ်မှန်သော သစ္စာစောင့်သိမှုကို ကမ်းလှမ်းနေခြင်း ဖြစ်သည်။ မည်သူမဆို သူမကို တပည့်အဖြစ် လက်ခံကြမည်သာ။

အနားတွင် ရပ်နေသော ရဲ့လျိုယွမ်မှာလည်း မယုံကြည်နိုင်သော မျက်နှာပေးဖြင့် ကျိယွမ်အား ကြည့်လျက် ရှိသည်။

ကျိယွမ်၏ ငြင်းဆိုမှုကြောင့် ချုံးဟွာအရှင်မမှာလည်း ခဏမျှ ကြောင်သွားရသည်။ ဤကဲ့သို့သော ရလဒ်မျိုးကို သူမ ထင်မှတ်မထားခဲ့ပါ။

သူမသည် ကျိယွမ်ကို ကြည့်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သကဲ့သို့ မျက်ဝန်းများတွင် ခိုင်မာမှုများ ပေါ်လာသည်။

"ဒါဆို ဒီနှိမ့်ချတဲ့ အမျိုးသမီးဟာ မူလနတ်ဘုရားရဲ့အနားမှာ အမြဲတမ်း အမှုထမ်းဖို့ အသင့်ပါပဲ"

"ဘာ..."

ယခု အသံက ပထမအသံထက်များစွာ ကျယ်လောင်နေ၏။

ရှေးဟောင်းနတ်ဘုရားများမှာ လုံးဝပင် အံ့အားသင့်သွားကြရတော့သည်။

ချုံးဟွာအရှင်မသည် မဟာအုပ်စိုးရှင် တစ်ဦး ဖြစ်ရုံသာမက လှပသော အမျိုးသမီးတစ်ဦးလည်း ဖြစ်နေသည် မဟုတ်ပါလား။

ငါသာဆိုလို့ကတော့ကွာ..။

အားလုံးက ကျိယွမ်အား မနာလိုစွာ ကြည့်မ်ကြသည်။

ဒါဆိုရင်တော့ သူမငြင်းနိုင်လောက်တော့ပါဘူး ။

ဒီလောက်လှပတဲ့ မဟာအုပ်စိုးရှင်ကို အိပ်ယာနွေးအောင် လုပ်ခိုင်းလိုက်ရလို့ကတော့။

အဟမ်း...စိတ်ထိန်း စိတ်ထိန်းစမ်း။

ကျိယွမ်က ချုံဟွာအရှင်မကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ထပ်ပြောလ်ုက်သည်။

"ကျုပ် လက်မခံနိုင်ဘူး"

"ဘာ...."

အားလုံးမှာ အထိတ်တလန့် ထမအော်မိစေရန် ထိန်းထားလ်ုက်ကြရသည်။

ဒီကောင် အရမ်းဘဝင်ကိုင်နေတာလား။

ဘယ်လိုတောင် ငြင်းရက်တာလဲ။

ကျိဟွမ်က ဆက်ပြောလိုက်၏။

"ကျုပ်က အစေခံ မလိုပါဘူး။ ကျုပ်ရဲ့ ချင်းရွှေကျေးရွာက ရွာသားတစ်ယောက်အဖြစ် ဝင်မလား"

ချုံဟွာအရှင်မက ပြာပြာသလဲ ခေါင်းညိတ်ပြသည်။ သူမ၏ မျက်ဝန်းများတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်လာပြီး ဦးညွှတ်၏။

"ကျေးဇူးတင်ပါတယ်၊ မူလနတ်ဘုရားအရှင် ၊ ကျွန်မ ချင်းရွှေရွာသားဖြစ်ပါပြီ"

ဖန်ထုန်လောကတွင် ဤကဲ့သို့သော စကားပြောဆိုမှုမှာ စာချုပ်တစ်ခု ချုပ်ဆိုလိုက်သကဲ့သို့ပင်။ ချုံဟွာအရှင်မကဝန်ခံပြီး ကျိယွမ်က ခွင့်ပြုလိုက်သည်နှင့် သူမသည် ကျိယွမ်၏ ရွာသားတစ်ဦးအဖြစ် သတ်မှတ်ခံရပြီ ဖြစ်သည်။

"ကောင်းပြီ၊ ကျုပ်တို့ရွာမှာ နောက်ဆုံးတော့ မဟာအုပ််စိုးရှင် တစ်ယောက် ရှိလာပြီပဲ။ ဒီနတ်ဘုရားပုံရိပ်ဖော်နည်းနစ် ခင်ဗျားကို ဆုအဖြစ် ပေးမယ်"

ကျိယွမ်သည် တန်ဖိုးကြီးမားလှသော နည်းစနစ်ကို ပေါ့ပေါ့ပါးပါးပင် ကမ်းပေးလိုက်သည်။

"ဪ... ဒါနဲ့။ ကျုပ်က ခင်ဗျားကို နိုးပေးခဲ့တာဆိုတော့ စစ်မှန်နတ်ဘုရားအထိ အဆင့်တက်စေနိုင်တဲ့ ဒီက ရတနာတွေက ကျုပ်နဲ့ပဲ ဆိုင်သွားပြီ မဟုတ်လား"

ကျိယွမ်က အဓိကအကြောင်းအရာကို မေးလိုက်သည်။

သူသည် ပန်းပေါင်းတစ်ရာပွဲတော်သို့ ထိုရတနာများ ရရှိရန်အတွက် တကူးတကလာခဲ့ခြင်းပင်။

ချုံဟွာအရှင်မကို သူ၏ရွာသားအဖြစ် ခေါ်ယူနိုင်ခဲ့ခြင်းကတော့ မမျှော်လင့်ထားသော အပိုဆုတစ်ခုသာ ဖြစ်၏။

"ဒါပေါ့"

ချုံဟွာအရှင်မက ခေါင်းညိတ်ပြကာ သူမ၏ နုနယ်သော လက်ကလေးကို ဝေ့ယမ်းလိုက်သည်။

ချက်ချင်းလိုလိုပင် မြောက်ပင်လယ် နဂါးမျက်စိထဲမှ ရတနာ ၂၅ ပါးသည် သူမ၏ လက်ထဲသို့ ပျံသန်းဝင်ရောက်လာကြ၏။

"လက်ရှိမှာ မြောက်ပင်လယ် နဂါးမျက်စိထဲကနေ ရတနာ ၂၅ ပါးပဲ ပေါ်ထွက်လာပါသေးတယ်။ အားလုံး ဒီမှာပါ"

မြောက်ပင်လယ် နဂါးမျက်စိသည် ရတနာများ အခါအားလျော်စွာ ပေါ်ထွက်တတ်သည့် ထူးခြားသော နေရာတစ်ခု ဖြစ်သည်။ထို့ကြောင့် ချုံးဟွာနန်းတော်က အခြားနေရာများထက် ရတနာများပို၍ ပိုင်ဆိုင်နေခြင်းပင်။

ကျိယွမ်သည် ရတနာ ၂၅ ပါးကို အားမနာတမ်းသိမ်းယူကာ အလွန်ဝမ်းသာသွားသည်။

"ဒီခရီးစဉ်က မဆိုးပါဘူး။ခင်ဗျားတို့တော့ မသိဘူး ၊ ကျုပ်ကတော့ နည်းနည်းအမြတ်ထွက်သွားပြီ"

သူ၏စကားကြောင့် ချုံးဟွာနန်းတော်သခင်မမှာ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။

အခြားသော ရှေးဟောင်းနတ်ဘုရားများသည်လည်း မူလနတ်ဘုရား၏ ကလေးဆန်သောလုပ်ရပ်ကို ကြည့်ကာ ရယ်ချင်နေကြသည်။

ချုံးဟွာအရှင်ကို ရွာသားအဖြစ် ရရှိလိုက်ခြင်းကပင် အမြတ်ထွက်နေလေပြီ ၊ ယခု ရတနာများကို ထပ်မံရရှိလိုက်သောအခါမှာတော့ ပြောစရာပင်မလိုတော့ပါ ။

ဒါတောင် သူကအမြတ်နည်းနည်းပဲ ထွက်တယ်ဆိုပဲ။

ကျိယွမ်သည် ရတနာများကို သိမ်းလိုက်ရင်းမှ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် နန်းတော်အဝင်ဝသို့ မျှော်ကြည့်၏။

"မြောက်ပင်လယ် နဂါးမျိုးနွယ်စုဝင်တွေက ငါ့ကို တောင်းပန်ဖို့ အခုထိ ရောက်မလာသေးဘူးလား"

သူ့အနားတွင် မဟာအုပ်စိုးရှင်တစ်ပါးရှိနေပြီဖြစ်ရာ ကျိယွမ်သည် အခွင့်အရေးကို အပြည့်အဝ အသုံးချရန် ဆုံးဖြတ်လိုက်သည်။

မြောက်ပင်လယ် နဂါးမျိုးနွယ်စုမှာ သူ့ကို စော်ကားခဲ့သဖြင့် လျော်ကြေးမရဘဲ ထိုကိစ္စကို သူ အလွယ်တကူ လက်လွှတ်မည် မဟုတ်ပေ။

ရှေးဟောင်းနတ်ဘုရားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ယခင်ကဆိုလျှင် မြောက်ပင်လယ် နဂါးမျိုးနွယ်စုက မင်းကို ပြဿနာမရှာရင်ပဲ ကံကောင်းလှပြီဟု သူတို့ ပြောကြပေလိမ့်မည်။

သို့သော် ယခုအခါတွင်မူ ကျိယွမ်၏ စကားမှာ အပြည့်အဝပင် ယုတ္တိရှိနေသည်။

ချုံးဟွာနန်းတော်သခင်မ၏ မျက်နှာပေးမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် လေးစားစွာဖြင့် ရှေ့သို့ လှမ်းလာသည်။

"မြောက်ပင်လယ် နဂါးမျိုးနွယ်စုက နဂါးအိုကြီးတွေ နိုးထလာကြပါပြီ။ သူတို့ ရှေးဟောင်းစစ်မြေပြင်က ကိစ္စကို ဆွေးနွေးနေကြတုန်း ဖြစ်မှာပါ"

ကျိယွမ်က ကျိန်းကျောက်ကို သတ်လိုက်ကတည်းက ချုံဟွာနန်းတော်သခင်မသည် သူတို့၏ အိမ်နီးချင်း မြောက်ပင်လယ် နဂါးမျိုးနွယ်စု၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေခဲ့၏။

မြောက်ပင်လယ် နဂါးမျိုးနွယ်စုတွင် တတိယအဆင့်ရှိ နဂါးအိုကြီး တစ်ကောင် ရှိနေသေးသည်။ ယခုအချိန်တွင် ထိုနဂါးများသည် ကျိန်းကျောက် သေဆုံးမှုအတွက် အကြိတ်အနယ် တိုင်ပင်နေကြပေလိမ့်မည်။

"သူတို့က နှေးလွန်းတာပဲ။ လာမဲ့အရေးကို ဘာတွေဖင်လေးနေကြတာလဲ ၊ ဒါကြောင့်လည်း အရေးမပါတဲ့ အင်အားစု ဖြစ်နေတာပေါ့"

ကျိယွမ်က စိတ်မရှည်သလို မှတ်ချက်ချလိုက်သည်။

"ချုံဟွာအရှင်မ ..လမ်းပြပေး။ ကျုပ် မြောက်ပင်လယ် နဂါးမျိုးနွယ်စုဆီကို သွားလည်ချင်လို့"

"အရှင်ရဲ့ အမိန့်အတိုင်းပါပဲ"

ချုံးဟွာအရှင်မက ချိုသာစွာ ပြုံးလျက် ဆိုလိုက်သည်။

သူမအတွက် မူလနတ်ဘုရား၏ အလိုအတိုင်းအမှုထမ်းခြင်းမှာ သူတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည့် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။

"ကျွန်မနောက်က လိုက်ခဲ့ပါ"

All Chapters