စစ်မှန်နတ်ဘုရားအဆင့် (ယင်နတ်ဘုရား) သို့ တက်လှမ်းရန် အခွင့်အလမ်းနှင့် မျောက်မျိုးနွယ်
Vol. 16 Ch. 194
မြောက်ပင်လယ်နဂါးမျိုးနွယ်စုတွင် နဂါးအဘိုးကြီး ငါးဦး စုဝေးနေကြပြီး သူတို့၏ စကားဝိုင်းမှာ ဒေါသသံများဖြင့် ပြည့်နှက်နေသည်။
"သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းလို့ ရပြီလား ၊ ဘယ်သူလဲ ၊ ဘာကောင်လဲ ပြောစမ်း"
ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အလွန် ပြင်းထန်သော အကြည့်ရှိသော ခေါင်းဆောင်က မေးမြန်းလိုက်သည်။
"မရသေးပါဘူး"
နဂါးအဘိုးအိုတစ်ဦးက အားကိုးရာမဲ့စွာ ဖြေကြားလိုက်၏။
" 'နဂါးနိုင်သူတော်စင်ဆိုတဲ့ နာမည်ကို ယူထားတာတဲ့လား၊ တော်တော့်ကို မောက်မာလွန်းတယ်"
"ရာဇဝင်ရိုင်းလိုက်တာ "
အခြားသူများကလည်း တစ်ယောက်တစ်ခွန်းကြုံးဝါးကာ ပေါက်ကွဲနေကြသည်။
သူတို့နဂါးမျိုးနွယ်၏ သက်တမ်းတလျှောက် ယခုလိုအရှက်ရစရာမျိုး မကြုံခဲ့ဖူးပေ။
"ဘာပဲပြောပြော ငါတို့ မြောက်ပင်လယ် နဂါးမျိုးနွယ်စုမှာ ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်လိုက်ရပြီ။ တကယ့်ကို ဒေါသထွက်စရာပဲ"
ကျိန်ကျောင်းနှင့် အခြား နဂါးခြောက်ကောင် သေဆုံးမှုသည် မြောက်ပင်လယ် နဂါးမျိုးနွယ်စုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့သည် မျိုးနွယ်စုတွင် အလားအလာအရှိဆုံးနှင့် အစွမ်းအထက်ဆုံး မျိုးဆက်များ ဖြစ်ကြသောကြောင့်ပင်။
လက်ရှိတွင် ကောင်းကင်ဘုံသို့ ခြေလှမ်း ၃ လှမ်းအဆင့်တွင် ရှိနေသော နဂါးဧကရာဇ်မှအပ ကျန်ရှိသော နဂါးကြီးများမှာ ပထမအဆင့်တွင်သာ ရှိကြပြီး ထပ်မံတိုးတက်ရန် အလားအလာလည်း မရှိကြတော့ပေ။
ရွှေရောင်ဝတ်နဂါးဧကရာဇ်မှာ တွေးလေဒေါသထွက်လေဖြစ်ကာ ဒေါသများဖြင့် တောက်လောင်နေသည်။
"ငါတို့မျိုးနွယ်စုရဲ့ ကျောရိုးကို ချိုးဖျက်ခဲ့တဲ့အတွက် သူ့အဖေက မဟာအုပ်စ်ုးရှင်ပဲ ဖြစ်နေပါစေဦး၊ ဒါကို ငါတို့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး"
"ဟုတ်တာပေါ့ ..ဒီအတိုင်းလွှတ်ထားလို့ ဘယ်ဖြစ်မလဲ .."
တည်ငြိမ်သော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူတို့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လှိုင်းထသွားပြီး ရှေးဟောင်းနတ်ဘုရား အုပ်စုတစ်ခု နန်းတော်အတွင်း၌ ပေါ်လာ၏။
ကျိယွမ်က ပြုံးလျက် နဂါးအိုကြီးငါးဦးကို ကြည့်လိုက်သည်။
"ဘာလို့ဆို မင်းတို့ ငါ့ကို လျော်ကြေး မပေးရသေးဘူးလေ ၊ ဟုတ်တယ်မှတ်လား"
နဂါးဧကရာဇ်၏ မျက်ဝန်းများမှာ ရုတ်တရက် ကျုံ့သွားသည်။
"ခင်.. ခင်ဗျား ..ချုံးဟွာအရှင်မ၊ အရှင်မဘယ်လိုလုပ်ပြီး နိုးထလာတာလဲ"
ချုံးဟွာအရှင်မက ဤလူသားအုပ်စုကို သူ၏ နန်းတော်ထဲသို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သူ ချက်ချင်း သိရှိလိုက်သည်။
ချုံးဟွာအရှင်မ နိုးထလာလိမ့်မည်ဟု သူ မမျှော်လင့်ထားသဖြင့် သူ၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။
"သူ နိုးနေတာ မနိုးနေတာက မင်းနဲ့ မဆိုင်ပါဘူး။ ငါ လျော်ကြေးတောင်းဖို့ လာတာ။ မင်းတို့သိလား ..အဲဒီ ကျိန်ကျောင်းက ငါ့ကို စော်ကားခဲ့တယ်၊ မင်းတို့ဆီက ရတနာတချို့ မထုတ်ပေးရင် ငါ့ဒေါသက ပြေမှာ မဟုတ်ဘူး"
ကျိယွမ်က အခွင့်ထူးခံ လူကုံထံ၏ သားတစ်ဦးကဲ့သို့ ပျင်းရိစွာ ပြောလိုက်သည်။
"ငါက ချုံးဟွာအရှင်မကို စကားပြောနေတာ၊ မင်းက ဘာမို့လို့ ဝင်ပြောရဲတာလဲ"
နဂါးဧကရာဇ်က ကျိယွမ်ကို ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"မူလနတ်ဘုရားအရှင်မြတ်ကို ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာက သေဒဏ်ပေးထိုက်တဲ့ ပြစ်မှုပဲ"
ချုံးဟွာအရှင်မက ချက်ချင်းပင် အရေးယူလိုက်သည်။ သူမ၏ နတ်ဘုရားနယ်ပယ် ကို ဖြန့်ကျက်လိုက်ရာ ထိုနယ်ပယ်အတွင်း၌ နဂါးဧကရာဇ်သည် ကောင်းကင်ဘုံသို့ခြေသုံးလှမ်းအဆင့်တွင် ရှိနေသော်လည်း သာမန်လူသားတစ်ဦးကဲ့သို့ ဖြစ်သွားသည်။
သူမက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် နတ်ဘုရားစွမ်းအားက နဂါးဧကရာဇ်၏ ခန္ဓာကိုယ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွား၏။
မည်သည့် အသံမျှ ထွက်မလာသော်လည်း နဂါးဧကရာဇ်မှာ သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ နတ်ဘုရားပေါက်တစ်ခု ပျက်စီးသွားသည်။
"နင့်ရဲ့ နတ်ဘုရားပေါက် တစ်ခုကို ဖျက်ဆီးလိုက်တာဟာ သတိပေးချက်ပဲ"
ချုံးဟွာအရှင်မက သူမ၏ နတ်ဘုရားနယ်ပယ်ကို ပြန်လည်ရုပ်သိမ်းရင်း ပြောလိုက်သည်။ထို့နောက် သူမသည် သစ္စာရှိသော အစေခံတစ်ဦးကဲ့သို့ ကျိယွမ်၏ ဘေးတွင် ငြိမ်သက်စွာ ရပ်နေလိုက်၏။
ကျိယွမ်က ချုံးဟွာ အရှင်မကို ကျေနပ်စွာ ကြည့်လိုက်ပြီးခေါင်းညိတ်ပြသည်။
ဒီမိန်းမက ရုပ်လှသလို အကွက်လည်းမြင်တယ်၊ အခွင့်အရေးရတာနဲ့ မျက်နှာရအောင် တန်းလုပ်ဆောင်တာပဲ။
သူက နဂါးဧကရာဇ်ကို တစ်ချက် ကြည့်လိုက်သည်။
"မင်းက တကယ်ကို အမြင်အာရုံ မရှိတာပဲ။ မင်းဘေးက ကျန်တဲ့ နဂါးအိုကြီးလေးယောက်ဆို ကြောက်လွန်းလို့ စကားတောင် မပြောရဲတာကို မင်း မမြင်ဘူးလား"
အားအင်ကုန်ခန်းပြီး ရှုံးနိမ့်သွားသော နဂါးဧကရာဇ်မှာ ကျိယွမ်ကို မကျေနပ်သလို ကြည့်နေသော်လည်း စကားတစ်လုံးမှ မဟရဲတော့ပေ။
သူသည် လုံးဝ ဝေခွဲမရ ဖြစ်နေခဲ့သည်။
ချုံးဟွာအရှင်မက ဒီကောင်လေးကို ဘာလို့ဒီလောက် ရိုသေကိုင်းရှိုင်းနေရတာလဲ။
ကျိယွမ်က သူ့ရဲ့သားများ ဖြစ်နိုင်လား။
သို့သော် သူမက ကျိယွမ်အပေါ် ထားရှိသော ရိုသေမှုမှာ ထိုအကြောင်းပြချက်နှင့် မကိုက်ညီပေ။
အမေကသားကို ဒီလို ရိုသေနေစရာမှ မလိုတာ။
ကျိယွမ်က ကျန်သော အဖိုးအိုငါးဦးဘက်သို့ လှည့်လိုက်သည်။
"မင်းတို့ ငါ့ကို စော်ကားခဲ့ကြတယ်။ အခု မင်းတို့ရဲ့ ရတနာတိုက်ကို ဖွင့်လိုက်။ ငါ ပစ္စည်းတချို့ ရွေးမယ်၊ ဒါဆိုရင် ဒီကိစ္စကို အပြီးသတ်ပေးမယ်"
နဂါးဧကရာဇ်၏ အမူအယာက တောင့်တင်းသွားသော်လည်း ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေပြီး စကားမပြောရဲပေ။
အဖိုးအိုငါးဦးမှာ ချကိချင်းအဖြေမပေးသေးဘဲ ဤအခြေအနေမှ လွတ်မြောက်ရန်အတွက် လျှို့ဝှက်စွာ အလျင်အမြန် တိုင်ပင်နေကြသည်။
ခဏအကြာတွင် အဖိုးအိုတစ်ဦး ရှေ့သို့ ထွက်လာပြီး အလွန်အမင်း ရိုကျိုးသော ပုံစံဖြင့် ပြောလိုက်သည်။
"မူလနတ်ဘုရားအရှင်မြတ် .. ကျိန်ကျောင်းက အရှင်မြတ်ကို ဒေါသထွက်အောင် လုပ်ခဲ့တဲ့အတွက် သူ့ကံကြမ္မာနဲ့သူ ခံသွားရတာပါ။ သူ့သေဆုံးမှုဟာ ထိုက်တန်ပါတယ်"
အခြေအနေကို နားလည်သွားကြပြီမို့ ထိုနဂါးကြီးများသည် ကဲ့စားချေရန် ကိစ္စကို ထပ်မံ၍ မပြောဆိုကြတော့ပါ။
"ရတနာတိုက်ဆီကို လမ်းပြပါ"
ကျိယွမ်က သူတို့၏ မကျေနပ်ချက်များကို စိတ်မဝင်စားပါ၊ သူက လိုရင်းကို တည့်တည့်ပြောလိုက်သည်။ သူ၏ အာရုံမှာ ရတနာများ ရရှိရန်သာ ဖြစ်သည်။
"တကယ်လို့ ရတနာတွေက ငါ့ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူးဆိုရင်တော့..."
ကျိယွမ်က မကောင်းဆိုးဝါးဆန်ဆန် တဟားဟား ရယ်မောလိုက်ရာ နဂါးအိုကြီးငါးဦးမှာ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရပြီး တုန်လှုပ်သွားကြသည်။
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုနဂါးမှာ နဂါးမျိုးနွယ်စု၏ ထုံးစံဖြစ်သော မောက်မာမှုများကို စွန့်လွှတ်ကာ ခါးကို ကိုင်းညွတ်လိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ၊ အရှင်မြတ်"
"ဒီလိုမှပေါ့ ..ရတနာတိုက်ကို သွားရအောင်"
ကျိယွမ်က ကြမ်းပြင်ပေါ်တွင် လဲကျနေသောနဂါးဧကရာဇ်ကို တစ်ချက်ကြည့်ကာ လက်ကို ဝှေ့ယမ်းလျက် အမိန့်ပေးလိုက်သည်။
အဖွဲ့သားများမှာ အစိမ်းရောင်ဝတ် အဖိုးအိုနဂါးနောက်သို့ လိုက်ပါလာရာ မကြာမီပင် ရတနာတိုက်သို့ ရောက်ရှိလာ၏။ ကျိယွမ်မှာ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။
"အကျဥ်းထောင်ထဲမှာ တည်ဆောက်ထားတဲ့ ရတနာတိုက်လား၊ တော်တော်လေးကို ဆန်းသစ်တယ်။ အကျဥ်းသားတွေက မင်းတို့ရဲ့ စည်းစိမ်တွေကို ယူပြီး ထွက်ပြေးသွားမှာ မစိုးရိမ်ဘူးလား"
မြောက်ပင်လယ် နဂါးမျိုးနွယ်စု၏ ရတနာတိုက်မှာ သီးခြားနန်းဆောင်တွင် မဟုတ်ဘဲ အကျဥ်းထောင်တစ်ခု၏ အနက်ရှိုင်းဆုံးနေရာတွင် ရှိနေခြင်းဖြစ်သည်။
အစိမ်းရောင်ဝတ် အဖိုးအိုက အလျင်အမြန် ရှင်းပြသည်။
"မူလနတ်ဘုရားအရှင်က စစ်မှန် နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ရတနာတွေကို အထူးတန်ဖိုးထားတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ အဲဒီလို ရတနာတွေကို နဂါးအကျဥ်းထောင်ထဲမှာ သိမ်းဆည်းထားပါတယ်၊ အဲဒီနေရာမှာရှိတဲ့ စမ်းရေတွင်းကနေ အဲဒီလိုရတနာတွေ တစ်ခါတလေ ထွက်ပေါ်လာတတ်လို့ပါ"
ဤစမ်းရေတွင်းမှာ ရတနာများ ရံဖန်ရံခါ ထွက်ပေါ်တတ်သည့် မြောက်ပင်လယ်နဂါးမျက်စိနှင့် ဆင်တူသည်။ ချုံဟွာနန်းတော်ရှိ ရတနာ အများစုမှာလည်း ဤနည်းဖြင့် ရရှိခဲ့ခြင်းပင်။
ထို့နောက် သူတို့သည် စမ်းရေတွင်းသို့ ရောက်ရှိလာကြသည်။
ကျိယွမ်က ထိုနေရာကို တစ်ချက် ကြည့်လိုက်၏။
【မြောက်ပင်လယ်စမ်းရေတွင်း - ရံဖန်ရံခါတွင် ရတနာများ ထွက်ပေါ်သည်။】
"ခုနစ်ခုပဲ ရှိတာလား။ တော်တော်နည်းတာပဲ"
ကျိယွမ်က ရတနာ ခုနစ်ခုကို ယူလိုက်ရင်း အေးစက်သော အမူအရာဖြင့် ပြောသည်။
သူက ရတနာ ၂၅ ခုကို တပြိုင်တည်းရရှိထားပြီးဖြစ်သဖြင့် ဤခုနစ်ခုအပေါ် စိတ်လှုပ်ရှားခြင်း မရှိပေ။
ကျိယွမ်၏ မကျေမနပ်ဖြစ်နေသော အမူအရာကို မြင်သောအခါ အစိမ်းရောင်ဝတ် အဖိုးအိုမှာ ချွေးပြန်လာသည်။
"တခြား ရတနာတိုက်တွေ မရှိတော့ဘူးလား"
"ရှိ..ရှိ ပါသေးတယ်"
အဖိုးအိုက ကျိယွမ် စိတ်မဆိုးစေရန် အလျင်အမြန် ဖြေကြားလိုက်၏။
ကျိယွမ်က သူတော်စင် ၁၈ ပါးနှင့် ကောင်းကင်ဘုံနတ်မင်းကြီး လေးပါးကို ကြည့်လိုက်သည်။
"သူတို့ရဲ့ ရတနာတိုက်ကို သွားစစ်ကြည့်လိုက်စမ်း။ အသုံးဝင်တာရှိရင် အကုန်သာ ယူခဲ့"
"အမိန့်အတိုင်းပါ"
ကောင်းကင်ဘုံနတ်မင်း လေးပါးနှင့် သူတော်စင် ၁၈ ပါးတို့သည် အစိမ်းရောင်ဝတ် အဖိုးအိုနဂါးနောက်သို့ လိုက်ပါသွားကြသည်။
ကျိယွမ်က သူ၏ လက်ထဲရှိ ရတနာများကို ကြည့်ပြီးနောက် သူ့က်ုယ်သူတိတ်တဆိတ် စမ်းသပ်ကြည့်၏။ ထို့နောက် စိတ်ပျက်သော အမူအရာ ပေါ်လာခဲ့သည်။
"မလုံလောက်သေးဘူးပဲ"
ရတနာ ၃၀ ဖြင့်ပင် သူသည် စစ်မှန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် အတားအဆီးကို မကျော်ဖြတ်နိုင်သေးပေ။
"ချုံးဟွာ အရှင်မြတ်၊ ဒီရတနာတွေကို အသုံးမပြုဘဲ စစ်မှန်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တဲ့ တခြားနည်းလမ်းကို သိလား"
ကျိယွမ်၏ မေးခွန်းကြောင့် ချုံးဟွာအရှင်မမှာ အံ့အားသင့်သွားသည်။
ရတနာ ၃၀ နဲ့တောင် သူကအဆင့်မတတ်နိုင်ဘူးလား။
မူလနတ်ဘုရား ၏ ပါရမီမှာ အလွန်တရာ ထူးခြားလွန်းလှပြီး အစားရှောင် မယ်တော်ဝူရှီးထက်ပင် သာလွန်နေကြောင်း သူမ နားလည်လိုက်သည်။ ဤအချက်ကြောင့်ပင် သူသည် အဆင့်တက်ရန် ခက်ခဲနေခြင်း ဖြစ်ပေမည်။
သူမက မဆိုင်းမတွ ဖြေကြားလိုက်သည်။
"ကောင်းကင်တိုင်ကြီး ကျိုးပျက်သွားပြီးနောက် ဖန်ထုန်နယ်မြေမှာ ရတနာတွေကသာ အတားအဆီးကို ချိုးဖျက်ပေးနိုင်ပါတယ်။ စစ်မှန် နတ်ဘုရားအဆင့်ကို ရောက်ဖို့ လမ်းနှစ်သွယ်ပဲ ရှိတာပါ။ တစ်ခုက ဒီကမ္ဘာကနေ ထွက်ခွာသွားဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ ကောင်းကင်တိုင်ကြီးကို ပြုပြင်ဖို့ပါပဲ။ ဒါပေမဲ့ ဒီလမ်းနှစ်ခုလုံးက အလွန်ခက်ခဲပါတယ်။ ဖန်ထုန်ကမ္ဘာရဲ့ အတားအဆီး အပြင်ဘက်မှာ... စစ်မှန် နတ်ဘုရားအဆင့်ကို ကျော်လွန်တဲ့ တည်ရှိမှုတစ်ခုက စောင့်ဆိုင်းနေတယ်လို့ ကျွန်မ ကြားဖူးပါတယ်"
"စစ်မှန် နတ်ဘုရားအဆင့်ကိုတောင် ကျော်လွန်နေတာလား"
ကျိယွမ် လန့်သွားသည်။ သူက ကြယ်များနှင့် ပြည့်နှက်နေသော ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး သူ၏ အကြည့်မှာ သွေးရောင်ကဲ့သို့ နီမြန်းနေသော ကြယ်တစ်လုံးပေါ်သို့ ကျရောက်သွား၏။
"ငါ့အထင် မမှားဘူးဆိုရင် ကောင်းကင်တိုင်ကြီးထဲမှာလည်း စစ်မှန်နတ်ဘုရားအဆင့်ကို ကျော်လွန်တဲ့ တည်ရှိမှုတစ်ခု ရှိနေတာ မဟုတ်လား။ အခု အပြင်မှာလည်း တစ်ယောက်ထပ်ရှိနေတယ်တဲ့ ၊ ယန်နတ်ဘုရား တွေ အများကြီး စောင့်ကြည့်နေရအောင် ဒီဖန်ထုန်ကမ္ဘာက တစ်ခုခု တန်ဖိုးရှိနေလို့လား"
"ဒီကိစ္စက လျှို့ဝှက်ချက်တွေနဲ့ ဖုံးလွှမ်းနေပါတယ်။ မယ်တော်မြတ်လို အစွမ်းထက်တဲ့ သူတွေပဲ အမှန်တရားကို သိနိုင်ပါလိမ့်မယ်"
ချုံးဟွာအရှင်မက ဖန်ထုန်ကမ္ဘာ၏ အနာဂတ်အတွက် စိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။
"ဟူး....ငါ ဘာလို့ ဒီဂိမ်းရဲ့ နောက်ခံစတိုရီအကျဥ်းချုပ်ကို မသိရတာလဲ"
ကျိယွမ်က သက်ပြင်းချကာ ညည်းတွားလိုက်သည်။
ဒီဂိမ်းက ဘော့စ်တွေက တစ်ယောက်ထက်ပိုများနေတာလား။ ဘယ်နှစ်ယောက်တောင် ရှိနေပါလိမ့်။
"ဒါဆိုရင် ငါက စစ်မှန်နတ်ဘုရားအဆင့်ကို ဘယ်လိုမှ မတက်လှမ်းနိုင်တော့ဘူးလို့ ဆိုလိုတာလား"
ချုံးဟွာအရှင်မက တစ်ခုခုကို သတိရသွားပုံရပြီး စဉ်းစားဆင်ခြင်လျက် ပြောလိုက်သည်။
"အရှင့်အတွက် အသုံးဝင်နိုင်မဲ့ လျှို့ဝှက်ချက်တချို့ကိုတောါ ကျွန်မ ကြားဖူးပါတယ်"
"ပြောပြပါဦး"
"ရှေးဟောင်းမျိုးနွယ်စု လို့ ခေါ်တဲ့ မျိုးနွယ်စုတစ်ခု ရှိပါတယ်။ ဒီမျိုးနွယ်စုဟာ ဟုန်ထန်စစ်ပွဲကြီး မတိုင်ခင်ကတည်းက ရှိခဲ့တာပါ။ အဲဒီမျိုးနွယ်စုထဲမှာ ဘိုးဘွားပိုင် နယ်မြေတစ်ခု ရှိပါတယ်။ တစ်ခါက အတုမဲ့ ပါရမီရှင်တစ်ယောက်ဟာ အဲဒီမြေနေရာထဲကို မတော်တဆ ဝင်သွားခဲ့တယ်။ အဲဒီပါရမီရှင်ရဲ့ ပါရမီက မယ်တော်မြတ်ထက်တောင် သာလွန်နေပြီး ရတနာတွေကို သုံးပြီး အဆင့်မတက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သူ ရှေးဟောင်းမျိုးနွယ်စုရဲ့ မြေနေရာကနေ ပြန်ထွက်လာတဲ့အခါမှာတော့ စစ်မှန်နတ်ဘုရားအဆင့်ကို ရောက်နေပြီ။ နောက်ပိုင်းမှာ အဲဒီလူကို မကောင်းဆိုးဝါးနတ်ဘုရားတစ်ပါးက ဖမ်းဆီးသွားပြီး သူတို့ရဲ့ နောက်လိုက် ဖြစ်သွားခဲ့တယ်။
"အခုတော့ ရှေးဟောင်းမျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေဟာ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ အဲဒီလူကို မောက်မာမဟာအုပ်စိုးရှင်လို့ ခေါ်ကြတယ်"
မောက်မာမဟာအုပ်စိုးရှင်၏ အမည်ကို ပြောလိုက်ရသောအခါ ချုံးဟွာအရှင်မ၏ မျက်ဝန်းများတွင် ဒေါသများဖြင့် ပြည့်နှက်သွားသည်။
အဘယ့်ကြောင့်ဆိုသော် ထိုပါရမီရှင်သည် ဖန်ထုန်ကမ္ဘာကို သစ္စာဖောက်ပြီး မကောင်းဆိုးဝါးနတ်ဘုရားများနှင့် ပူးပေါင်းသွားသောကြောင့်ပင်။
"သူက ဘယ်လိုအဆင့်တက်သွားတာလဲ"
ကျိယွမ်က မျှော်လင့်တကြီး မေးလိုက်သည်။
သူ့အတွက် လမ်းစရလာခဲ့လေပြီ။
"ဘယ်သူမှ မသိပါဘူး"
ချုံးဟွာအရှင်မက ခေါင်းခါပြသည်။
"ဟေ..."
ကျိယွမ် မျက်မှောင်ကျုံ့သွား၏။
"မောက်မာမဟာအုပ်စိုးရှင် ကိုယ်တိုင်တောင် မသိပါဘူး။ အဲဒါကြောင့် သူက ရှေးဟောင်းမျိုးနွယ်စုရဲ့ မြေနေရာကို ဝိုင်းရံထားပြီး အဖြေ ရှာဖို့အတွက် ရှေးဟောင်းနတ်ဘုရားတွေကို စမ်းသပ်မှုတွေ အမြဲ လုပ်နေတာပါ"
"တစ်နေ့ကျရင်တော့ ရှေးဟောင်းမျိုးနွယ်စုရဲ့ ဘိုးဘွားနယ်မြေကို သွားလည်ရဦးမယ် ထင်တယ်"
ကျိယွမ်က တွေးတွေးဆဆဆိုသည်။
သို့သော် သူသည် ယခုချက်ချင်းတော့ သွားဦးမည် မဟုတ်ပေ။
သေသေချာချာပြင်ဆင်ပြီးမှ သွားမယ်။
ကျိယွမ်နှင့် ချုံးဟွာအရှင်မတို့ စကားပြောရင်း လျှောက်လာကြရင်းမှ တစ်နေရာအရောက်တွင် ကျိယွမ်က ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် အဝေးရှိ လှောင်အိမ်တစ်ခုဆီသို့ စူးစမ်းလိုသော မျက်ဝန်းများဖြင့် ကြည့်နေ၏။
"မျောက်တစ်ကောင်လား၊ တိုက်ဆိုင်လိုက်တာ"
မြောက်ပင်လယ် နဂါးမျိုးနွယ်စု၏ အကျဥ်းထောင်ထဲတွင် မျောက်အချို့ကို မြင်တွေ့လိုက်ရသဖြင့် သူအံ့အားသင့်သွားသည်။
စုစုပေါင်း ၃ ကောင်ရှိပြီး မျောက်နှစ်ကောင်မှာ သာမန်မျောက်များ ဖြစ်ကာ ထိုင်လျက် အိပ်ပျော်နေကြသည်။ တတိယမြောက် မျောက်တစ်ကောင်မှာမူ သံကြိုးများဖြင့် ပတ်ထားပြီး ခြေထောက်နှင့် ခေါင်းကိုပါ ထိပ်တုံးများ ခတ်ထားလေသည်။
ထိုမျောက် လှုပ်ရှားလိုက်တိုင်း သံကြိုးသံများမှာ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။
ကျိယွမ်က သံကြိုးအထပ်ထပ်ခတ်ထားသော မျောက်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူ၏အကြည့်ကို သတိထားမိပုံဖြင့် လှောင်အိမ်ထဲမှမျောက်က သူ့ကို ရန်လိုစွာ သွားဖြဲပြသည်။
ထိုအခိုက် နဂါးတစ်ကောင်က အလျင်အမြန် ရှေ့သို့ ထွက်လာသည်။
"အရှင်မြတ်၊ ဒီမျောက်က ရှေးဟောင်းမျောက်ဝံမျိုးနွယ်စုကပါ။ သဘာဝအတိုင်း ရိုင်းစိုင်းပြီး ကျွန်တော်တို့ နဂါးမျိုးနွယ်စုကို တစ်ခါ တိုက်ခိုက်ခဲ့ဖူးလို့ ဖမ်းပြီး ဒီမှာ ချုပ်ထားတာပါ"
"သူ့ကို လွှတ်ပေးလိုက်ပါ"
ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
အကယ်၍ သူသည် မျောက်ကို အခြားနေရာတွင် တွေ့ခဲ့လျှင်တော့ ထူးခြားသည်ဟု သဘောထားမည် မဟုတ်ပေ။ သို့သော် နဂါးမျိုးနွယ်စု၏ အကျဥ်းထောင်ထဲတွင် တွေ့ရသဖြင့် သူ စိတ်ဝင်စားသွားခြင်း ဖြစ်သည်။
စွန်းဝူခုန်နဲ့ ပတ်သတ်နေမလား ၊ အမွှေးကလည်း ထူးခြားတယ်။
နဂါးက လှောင်အိမ်ကို ချက်ချင်း ဖွင့်ပေးလိုက်ရာ မျောက်သုံးကောင်မှာ ထွက်လာကြသည်။ ၎င်းတို့အနက် နှစ်ကောင်မှာ ကျိယွမ်ကို ထိတ်လန့်စွာ ကြည့်နေကြသော်လည်း သံကြိုးခတ်ခံထားရသော မျောက်မှာမူ သူ့ကို မောက်မာစွာ စိုက်ကြည့်နေသည်။
နဂါးက ရှင်းပြသည်။
"အရှင်မြတ်၊ ဒီမျောက်က ပါရမီ အရမ်းထူးခြားပါတယ်၊ ရှေးဟောင်းမျောက်ဝံမျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေထဲမှာ ပါရမီအရှိဆုံးပဲ။ သူက ခရမ်းရောင်နန်းတော်အဆင့်နှောင်းပိုင်းမှာပဲ ရှိသေးပေမဲ့ မဟာအုပ်စိုးရှင် ဖြစ်လာနိုင်တဲ့ အလားအလာ ရှိပါတယ်။"
ထိုရွှေရောင်အမွေးနှင့် မျောက်၏ ပါရမီမှာ အလွန်တရာ ထူးခြားလွန်းသဖြင့် မြောက်ပင်လယ် နဂါးမျိုးနွယ်စုကို စော်ကားခဲ့သော်လည်း အသက်ဘေးမှ ချမ်းသာခွင့် ရရှိထားခြင်း ဖြစ်သည်။ နဂါးများက သူ့ကို မသတ်ဘဲ အကျဥ်းချထားပြီး ရှေးဟောင်းမျောက်ဝံမျိုးနွယ်စုမှ လာရောက် ရွေးထုတ်မည်ကို စောင့်ဆိုင်းနေခြင်းပင်။
ပြင်းထန်သော ပါရမီနှင့် သဘာဝအတိုင်း မခံချင်စိတ် ရှိမှုကြောင့် ထိုရွှေရောင်မျောက်မှာ ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် မကြောက်မရွံ့ ရှိနေခြင်း ဖြစ်သည်။
ရွှေရောင်မျောက်က ကျိယွမ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်
"မျိုးနွယ်စုခေါင်းဆောင်က ငါ့ကို လာကယ်ခိုင်းတာလား" ဟု ပေါ့ပျက်ပျက် မေးလိုက်သည်။
"မဟုတ်ဘူး"
ကျိယွမ်က မျောက်ကိုစိတ်ဝင်စားစွာကြည့်နေရင်း ပြန်ဖြေ၏။
"ဪ၊ ဒါဆိုလည်း ပြီးတာပဲ"
ရွှေရောင်မျောက်က စိတ်ဝင်စားမှု လျော့နည်းသွားပြီး စကားဆက်မပြောတော့ပေ။ သူ၏ စိတ်ထဲတွင် ကျိယွမ်သည် သူတို့ကို လွှတ်ပေးခြင်းဖြင့် ရှေးဟောင်းမျောက်ဝံမျိုးနွယ်စု၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု မှတ်ယူလိုက်သည်။
ဒီလူသားက ငါ့ကိုအသုံးချပြီး မျိုးနွယ်ခေါင်းဆောင်တွေကို မျက်နှာလုပ်ချင်နေတာပဲ။
ကျန်သော မျောက်နှစ်ကောင်က ထိုမျောက်နှင့်မတူပါ ။ သူတို့က ရှေ့သို့ တိုးလာကြသည်။
"ဒီကျေးဇူးကို ငါတို့ မှတ်ထားပါ့မယ်"
ပိန်လှီသော မျောက်တစ်ကောင်က လေးစားစွာ ပြော၏။
"ကယ်တင်ပေးတာ ကျေးဇူးတင်ပါတယ်"
နောက်တစ်ကောင်က ထပ်ပြောသည်။
"ဘာမှ မဟုတ်ပါဘူး၊ ငါက ရုတ်တရက် ဆက်နွှယ်မှု ရှိတယ်လို့ ခံစားမိလို့ပါ"
ကျိယွမ်က သူ၏ စိတ်အလိုအတိုင်း ပြောလိုက်၏။
ရွှေရောင်မျောက်က စိတ်မရှည်တော့ပုံဖြင့် ထိုနှစ်ကောင်ကို ငေါက်သည်။
"နံပါတ် ၆၊ နံပါတ် ၇၊ အချိန်ဖြုန်းမနေနဲ့၊ ဒီကို လာခဲ့"
ထိုနှစ်ကောင်မှာ သူ၏ နောက်လိုက်များသာ ဖြစ်ကြပုံရ၏။
ကျိယွမ်က တဟားဟား ရယ်မောလိုက်သည်။
"မင်းက ရိုင်းစိုင်းလှချည်လား"
ထိုအခိုက် ဘေးမှ နဂါးတစ်ကောင်က မနေနိုင်စွာ မှတ်ချက်ပေးလိုက်သည်။
"ဒီမျောက်ရဲ့ ပါရမီက ထူးခြားတော့ တစ်ခါက မဟာအုပ်စိုးရှင် တစ်ပါးက သူ့ကို တပည့်အဖြစ် လက်ခံချင်ခဲ့တယ်၊ ဒါတောင် သူက ငြင်းပယ်ခဲ့တာ ။ ဒီလို ပါရမီရှင်မျိုးကို သေချာ ပြုစုပျိုးထောင်ရင် အစွမ်းထက်တဲ့ စစ်မှန် နတ်ဘုရား ဖြစ်လာမှာ သေချာပါတယ်။ ဒါကြောင့် သူကမောက်မာနေတာပါ"
ကျိယွမ်က ပြုံးလိုက်ပြီး ထိုကိစ္စသေးသေးလေးများကို ဂရုမစိုက်နေတော့ပေ။
သူနှင့်အဖွဲ့သားများ ဆက်လက် ထွက်ခွာလာစဉ် ရွှေရောင်မျောက်မှာ ကျိယွမ်ကို ရဲရဲတင်းတင်း လှမ်းအော်သည်။
"မင်းဆီမှာ ရတနာနံ့တွေ ရနေတယ်။ ငါ့ကို တချို့ ပေးဦးမလား"
"ငါ့အတွက် လိုအပ်နေလို့ပါ"
ကျိယွမ်က တည်ငြိမ်စွာ ငြင်းပယ်လိုက်၏။
ရွှေရောင်မျောက်က ထပ်ပြီးတောင်းဆိုချင်သော်လည်း ကျိယွမ်၏ဘေးမှ ခန့်မှန်းရခက်သော ချုံးဟွာအရှင်ကို မြင်သောအခါ တုံ့ဆိုင်းသွားခဲ့သည်။
"မူလနတ်ဘုရား အရှင်မြတ် ၊ ကျွန်တော်တို့ ရလာပါပြီ "
အော်သံနှင့်အတူ လူတစ်စုက သူတို့ဆီသို့ ချဉ်းကပ်လာကြသည်။
၎င်းတို့မှာ သူတော်စင် ၁၈ ပါးနှင့် ကောင်းကင်ဘုံနတ်မင်း လေးပါးတို့ ဖြစ်ကြပြီး နဂါးနန်းတော်မှ ရတနာများကို ကိုင်ဆောင်ထားကြကာ မျက်နှာများမှာ ပျော်ရွှင်မှုဖြင့် ဝင်းပနေ၏။
ကောင်းကင်ဘုံဘုရင်မလေးပါးမှာ ကျိယွမ်၏ ဘေးတွင် အခိုင်းအစေများကဲ့သို့ ရပ်နေကြပြီး သူတို့၏ စွမ်းအားများကို ဖုံးကွယ်ထားသဖြင့် စစ်မှန်နတ်ဘုရားအဆင့် မဟုတ်လျှင် မည်သူမျှ သူတို့၏ အစွမ်းအစကို မသိနိုင်ပေ။
သာမန်မျောက်နှစ်ကောင်မှာ ရတနာများကို မြင်သောအခါ မျက်လုံးများ တောက်ပသွားကြသည်။
ရွှေရောင်မျောက်က ဝမ်ဝမ်ချီ၏ လက်ထဲမှ သွေးရောင်လှံတံကို စိုက်ကြည့်နေ၏။
"ဟေး၊ မင်းရဲ့ ရတနာတွေကို မပေးချင်ဘူးဆိုရင်တော့ မင်းရဲ့ အစေခံ ကိုင်ထားတဲ့ အဲဒီလက်နက်ကို ငါ လိုချင်တယ်"
ရွှေရောင်မျောက်က အထက်စီးမှ တောင်းဆိုလိုက်သည်။ သူ၏ မျက်ဝန်းများကလည်း လိုချင်တပ်မက်မှုများဖြင့် တောက်လောင်နေ၏။
ကျိယွမ်က အံ့အားသင့်သွားသလို မျောက်ကိုကြည့်သည်။ ဒီမျောက်က ခေါင်းတစ်ခုခုဖြစ်နေတာလား။ဒီလောကထဲက တိရိစ္ဆာန်တွေက အသိဉာဏ်ရှိကြတာကို ၊ ဒီကောင့်ကြမှ ဘာလွဲနေပါလိမ့်။
"မင်း ဘာပြောလိုက်တာလဲ"
ရွှေရောင်မျောက်က ပမာမခန့်ထပ်ပြော၏။
"မင်းက ငါတို့ ရှေးဟောင်းမျောက်ဝံမျိုးနွယ်စုနဲ့ မိတ်ဖွဲ့ချင်လို့ မဟုတ်လား။ ငါတို့ကို စည်းရုံးချင်ရင် ငါ့ကို စိတ်ကျေနပ်အောင် လုပ်ပေးရမယ်။ ငါက ရှေးဟောင်းမျောက်ဝံမျိုးနွယ်စုရဲ့ အနာဂတ်ဘုရင်ပဲ။ အဲဒီလှံကို ငါ လိုချင်တယ်"
မျောက်က သူ၏ ထူးခြားသော ပါရမီကြောင့် အလွန်မောက်မာနေပြီး မည်သူမျှ သူ့ကို အမှန်တကယ် နာကျင်အောင် မလုပ်ဝံ့ဘဲ မျိုးနွယ်စုက လာရွေးသည်အထိသာ အကျဥ်းချထားလိမ့်မည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
"မင်း ငါ့ကို လွှတ်ပေးလိုက်လို့ ငါက ကျေးဇူးတင်မယ်လို့ မထင်နဲ့။ မင်း ဘာကြံစည်နေလဲဆိုတာ ငါ သိတယ်။ မင်းရဲ့ အကူအညီ မပါရင်တောင် ငါ့ရဲ့ ထူးခြားတဲ့ ပါရမီနဲ့ဆိုရင် မြောက်ပင်လယ် နဂါးမျိုးနွယ်စုက ငါ့ကို ဘာမှ မလုပ်ရဲပါဘူး။ ဒါကို သုံးပြီး ငါ့ကို မချုပ်ကိုင်နိုင်ဘူးဆိုတာ မှတ်ထား"
ရွှေရောင်မျောက်က ခိုင်မာစွာ ဆက်ပြောသည်။
ကျိယွမ်က ထိုမျောက်ကို အလွန်စိတ်ကုန်သွားတော့သည်။
ဒီကောင့်ကို ပါရမီရှိတယ်ပြောတဲ့သူတွေက အကန်းတွေလား၊ ငါ့ရွာက ခွေးတောင် သူ့ထက်အသိဉာဏ်ပိုရှိတာကို။
"မင်းလို မျောက်တစ်ကောင်က အွန်လိုင်းက လူဆိုးတွေရဲ့ အကျင့်ဆိုးတွေကို အတုယူပြီး ထင်ရာတွေကို မှတ်ချက် ချနေပါလား။ ထူးဆန်းလိုက်တာ၊ မင်းမှာ ကီးဘုတ်တောင် မရှိဘဲ ဘာလို့ ဒီလို စကားတွေ ပြောနေရတာလဲ။ မင်းတို့လောကမှာ ဒီလို အပြုအမူမျိုးတွေ မရှိဘူးလို့ ငါ ထင်ထားတာ"
ကျိယွမ်သည် ထိုမျောက်ကို လွှတ်ပေးခဲ့ခြင်းမှာ ၎င်း၏ ပါရမီကို သဘောကျ၍ သော်လည်းကောင်း၊ မျောက်ဝံမျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ချင်၍ သော်လည်းကောင်း မဟုတ်ပေ။
နဂါးအကျဥ်းထောင်ထဲတွင် မျောက်တစ်ကောင်ကို တွေ့ရသည့် တိုက်ဆိုင်မှုကို စိတ်ဝင်စားရုံမျှသာ ဖြစ်သည်။
ပါရမီက သူ့အတွက် အရေးမကြီးပေ။
သူတော်စင် ၁၈ ပါး၏ ပါရမီမှာပင် ဤလောကတွင် အစွမ်းအထက်ဆုံးဟုခေါ်နေကြသော အစားရှောင်မယ်တော်ထက်ပင် သာလွန်နေ၏။
သူ့လိုမျောက်တစ်ကောင်က ဟိုခုန်ဒီခုန်နှင့် စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေသည်မှာ စိတ်ပျက်စရာ ကောင်းလှသည်။
ရွှေရောင်မျောက်သည် ကျိယွမ်၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားသည်။
"မင်း ဒီလိုလုပ်လို့ ရှေးဟောင်းမျောက်ဝံမျိုးနွယ်စုရဲ့ မျက်နှာသာပေးမှုကို မရနိုင်ဘူး။ ငါ ကိုယ်တိုင်—"
"တော်လိုက်တော့ ၊ နားညီးတယ်"
ရွှေရောင်မျောက်၏ စကားမဆုံးခင်မှာပင် ကျိယွမ်က သူ၏ သွေးရောင်ဓားကို ဆွဲထုတ်လိုက်ပြီး လျှပ်တစ်ပြက်အတွင်း မျောက်ကို ခုတ်သတ်လိုက်သည်။
သူက ဓားဖြင့် မျောက်အလောင်းကို ညွှန်ပြလျက် ပြောလိုက်သည်။ "ငါ မင်းကို သည်းခံနေတာ ကြာပြီ။ နောက်တစ်လုံးလောက် ထပ်ပြောကြည့်ဦး၊ ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်"
ကံဆိုးစွာပင် ရွှေရောင်မျောက်မှာ သွားဖြီးလေးနှင့်သေဆုံးနေပြီ ဖြစ်သဖြင့် ပြန်မပြောနိုင်တော့ပေ။
သူ ဂုဏ်ယူခဲ့သော ပါရမီနှင့် မခံချင်စိတ်များမှာ ဘာမျှ တန်ဖိုးမရှိတော့ချေ။
အနီးနားတွင်ရှိနေသော နဂါးများမှာ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ချွေးစေးများ ပြန်လာကြ၏။
သူတို့ကအချင်းချင်းကြည့်လိုက်သည်။
သူ့ကို နားညီးအောင် မလုပ်မိစေနဲ့။