← Chapters

ဘာကြောင့်များ သေဖို့ အဲ့လောက်ခက်ရတာလဲ

Vol. 1 Ch. 1

ဘာကြောင့်များ သေဖို့ အဲ့လောက်ခက်ရတာလဲ

Vol. 1 Ch. 1

ကျန်းချန်ရဲ့ဝိညာဉ်က သူ့အလောင်းဘေးမှာ ပေါလောမျောနေပြီး စနစ် စွမ်းဆောင်ရည်ကို စိတ်ပျက်စွာနဲ့ ကြည့်နေလေရဲ့။

"ဒင်၊ လက်ခံသူ သေဆုံးသွားကြောင်း ထောက်လှမ်းမိသည်။ အမြဲတမ်း အရှုံးမရှိစနစ်ကို တရားဝင်အသက်သွင်းလိုက်ပါပြီ"

မင်းအဖိုးကို ဒင် ပါ့လား။ အရင်ရက်တွေတုန်းက ဒင် ပါလား။

"လက်ခံသူက အသက်ပေါင်း သန်း ၁၀၀ ကို ရရှိပါတယ်။ အခုအချိန်ကစပြီး အသတ်ခံရတိုင်းမှာ စက္ကန့် ၃၀ အတွင်း အပြည့်အဝ အသက်ပြန်ရှင်ပါမည်။

"သေခြင်းနဲ့ရှင်ခြင်းကြားမှာ အခွင့်အရေးကြီးတွေရှိသည်။ အသက်ပြန်ရှင်ပြီးနောက်မှာ လက်ခံသူအနေနဲ့ ပြိုင်ဘက်ကိုအနိုင်တိုက်နိုင်ဖို့ အာမခံပါတယ်..."

အစွမ်းတွေက အရမ်းလန်းပေမယ့်လည်း အစ်ကိုကြီးချန်ကတော့ တည်ငြိမ်သူကြီးပါ။ ကူးပြောင်းလာပြီးနောက်မှာ သေချာပေါက် ဒါတွေရလာမှာ သိနေတယ်လေ။

ပြဿနာက စနစ်ကြီးက အလိမ်တကာ့ထိပ်ခေါင် စနစ်လိမ်ကြီးဖြစ်နေတာပဲ။

ပထမဆုံးကူးပြောင်းလာတဲ့နေရာက မီတာရာပေါင်းများစွာနက်တဲ့ ဂူချောကြီး (ချောလွန်းလို့ တက်မရ) ထဲမှာဖြစ်နေတယ်။

ခုနှစ်ရက်၊ ရှစ်ရက်လောက်စောင့်ပေမယ့်လည်း တစ်ယောက်မှ ဖြတ်သွားဖြတ်လာမရှိ။ နောက်ဆုံးတော့ ဂူထဲမှာပဲ ရေငတ်လို့ သေသွားရသတဲ့ကွယ်။ ကူးပြောင်းလာသူတွေအတွက် စံနမူနာပြ ရှက်စရာကောင်ကြီးပါ။ (MC အတွက် မျက်ရည်တစ်စက်)

အဲ့လိုကျမှပဲ စောင်စနစ်ကပေါ်လာရော။

"ဒင်၊ လက်ခံသူက ရေငတ်လို့သေရကြောင်း တွေ့ရှိသည်။ စနစ်က အောင်မြင်မှုကိုသေချာစေဖို့ နည်းလမ်းတစ်ခု စီစဉ်နေပါတယ်။

"လက်ခံသူက ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်ကို ရရှိပြီး စားဖို့သောက်ဖို့ လုံးဝမလိုတော့ပါ"

"မှတ်ချက်- ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်ဆိုသည်မှာ လောကသုံးပါးတွင် နံပါတ်တစ် ခန္ဓာကိုယ်ဖြစ်သည်။ ပတ်ဝန်းကျင်ရှိချီများကို အလိုအလျောက်စုပ်ယူနိုင်ပြီး ကျင့်ကြံမှုအမြန်နှုန်းမှာ ကမ္ဘာပေါ်တွင် ပြိုင်ဘက်မရှိပေ။ ၎င်းသည် နတ်စွမ်းရည်များနှင့် ထူးဆန်းစွာဆက်နွယ်လျှက်ရှိပြီး လောကသုံးပါးကိုကျော်လွန်၍ ကောင်းကင်နှင့်ညီသည့် အသက်ရှည်ခြင်းကို ရရှိစေကာ ကောင်းကင်ဘုံနှင့် လူသားတို့၏ ပျက်စီးခြင်းငါးပါး မသက်ရောက်နိုင်ပါ။"

"လက်ခံသူ၊ အသက်ရှင်လော့။"

ဆယ်စက္ကန့်ကျော်ကြာပြီးနောက်... ကျန်းချန်၏ဝိညာဉ်မှာ ကောင်းကင်မှရွှေရောင်အလင်းများဖြင့် ဝန်းရံလျှက် ခန္ဓာကိုယ်သို့ပြန်ဝင်လာလေသည်။ ထိုအချိန်တွင် ဖြစ်တည်မှုတစ်ခုလုံးမှာ အသစ်ပြန်လည်ဖန်ဆင်းလိုက်သကဲ့သို့ ခံစားရပေသည်။

အလင်းရောင်ပေါ်လာပြီး ပျောက်ကွယ်သွား၏။ ဆာလောင်သည့်ခံစားချက်လည်း လွင့်ပါးသွားလေသည်။

သူ့မျက်နှာက ပိုမိုချောမောလာပြီး အသွင်အပြင်က ပိုမိုပြည့်စုံလာသည်။

သူက စနစ်မျက်နှာပြင်ကိုကြည့်လိုက်သည်။

လက်ခံသူ- ကျန်းချန်။

လူမျိုး- လူသား။

နယ်ပယ်- သေမျိုး။

နတ်အစွမ်း- မရှိ။

ကျင့်ကြံမှုနည်းလမ်း- မရှိ။

သိုင်းပညာ- မရှိ။

မှော်ရတနာ- မရှိ။

စနစ်အဆင့်- ၁ (တစ်ရက်တစ်ကြိမ်၊ စု၍မရ)

တစ်ရက်တစ်ကြိမ်လား။

တစ်ရက်ကိုတစ်ခါပဲ အသက်ပြန်ရှင်မယ်လို့ ဆိုလိုတာများလား။

ထုံးစံအတိုင်းဆိုရင် ကနဦးလက်ဆောင်ထုပ် ရှိရမှာမဟုတ်ဘူးလား။

ကျန်းချန်က အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့၊ စောင့်ဆိုင်းနေသော်လည်း... စနစ်က တိတ်ဆိတ်မြဲ၊ တစ်ကြိမ်တည်း များများပြောလိုက်ရ၍ အောက်စီဂျင်ပြတ်သွားသကဲ့သို့တည်း။

ဘာတွေဖြစ်နေတာလဲ။

ဒါပဲလား။

ပုံမှန်ဇီဝကမ္မဖြစ်စဉ်တွေထက် ပိုထူးခြားသွားတာကလွဲရင် ဘာမှလည်းမခံစားလိုက်ရပါလား။

ကျင့်ကြံမှုအမြန်နှုန်းက ကမ္ဘာပေါ်မှာပြိုင်ဘက်ကင်း၊ ပတ်ဝန်းကျင်ကချီတွေကို အလိုအလျောက်စုပ်ယူမယ်- ဆိုလိုတာက အိပ်နေရင်း အဆင့်တက်နေမှာပေါ့၊ ဟုတ်တယ်မလား။

ဒါကြီးက အရမ်းမိုက်ပြီး အရမ်းလန်းနေတာပဲ။ လေပေါ်ပျံနိုင်တဲ့အထိ ကျင့်ကြံပြီးရင် ဒီနေရာကနေ ထွက်သွားလို့ရပြီပေါ့၊ ဟုတ်တယ်မလား။

ပြဿနာက ဒီဂူပတ်ဝန်းကျင်မှာ စုပ်ယူစရာ ဝိညာဉ်ချီ လုံးဝမရှိတာပဲ။

အခုတော့နားလည်သွားပြီ- စနစ်က အလိုအလျောက်အသက်ဝင်လာတာပဲ။ ဆုလက်ဆောင်တွေယူဖို့ဆိုရင် နောက်ထပ် အကြိမ်နည်းနည်းလောက်သေရမယ့်သဘောရှိတယ်။

ဒါကြောင့် တစ်ယောက်ယောက်နဲ့တွေ့ဖို့လိုတယ်၊ နတ်စွမ်းရည်အကြမ်းစားတွေရှိတဲ့ အစွမ်းထက်သူမျိုးနဲ့တွေ့ဖို့လိုတယ်။

စိတ်မကောင်းစရာက ဂူက တိတ်ဆိတ်ငြိမ်သက်လို့ အသက်ရှိတဲ့လူမပြောနဲ့ သက်ရှိ အင်းဆက်တစ်ကောင်တောင်မရှိဘူး။ ဆိုတော့ အန္တရာယ်ဆိုတာ ဝေးပေါ့။

အန္တရာယ်ပေးမယ့်အရာ မရှိဘူးဆိုရင် တစ်ခုဖန်တီးရမှာပဲ။

နံရံကိုခေါင်းနဲ့ပြေးတိုက်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေရင်လည်း သေတာပဲမလား။

နောက်တစ်နေ့၊ အသက်ပြန်ရှင်မယ့်အချိန်ပြည့်သွားပြီးတဲ့အခါ နံရံကိုမျက်နှာမူလို့ ပြေးတိုက်မယ့်ဟန်ပြင်ပါ‌တော့တယ်။

မီတာသုံးဆယ်လောက်ပြေးပြီးနောက်မှာ မျှော်လင့်ထားသလိုပဲ စနစ်ဆီကအသံထွက်လာ၏။

"လက်ခံသူ၏ ကိုယ့်ကိုယ်ကိုယ်သတ်သေမည့် လက်ရှိအခြေအနေကိုကြည့်၍ အပိုဆောင်း အဓိပ္ပါယ်ရှိသောအကြံပြုချက်ပေးလိုက်ပါသည်- ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းသည် ကိုယ်ပိုင်ဆန္ဒဖြစ်၏။ စနစ်မှ လက်ခံသူ၏ကိုယ်ပိုင်ဆန္ဒကို အလေးထားသောအားဖြင့် အဓိကလိုက်နာရန်လမ်းကြောင်းအဖြစ်မှတ်ယူကာ အသက်ပြန်သွင်းခြင်းလုပ်ဆောင်ချက်ကို ပိတ်ထားပါမည်။"

အဓိပ္ပါယ်ရှိတယ် ဟုတ်လား။

မင်းဖင်ကြီး အဓိပ္ပါယ်ရှိပါလား။

ငါ့ဆန္ဒတွေကို တကယ်ပဲ အလေးထားတယ်ဆိုရင် ဒီနေရာကနေ ခေါ်ထုတ်သွားပါလား။

ကျန်းချန်ခမျာ အချိန်မီမရပ်နိုင်ရှာဘူး။ အရေးပေါ်ဘရိတ်အုပ်လိုက်ပေမယ့်လည်း နံရံကိုဝင်တိုက်တော့မှာမို့ ခေါင်းကိုလက်နဲ့ကာလိုက်ရုံပဲတတ်နိုင်တော့တယ်။ နံရံကိုဝင်တိုက်ပြီး နာကျင်ခံစားလိုက်ရတာပဲအဖတ်တင်တယ်၊ ဘာမှမဖြစ်သွားတာကံကောင်း။

ဒီဂူက လူသူမရှိ၊ ခြောက်ကပ်တဲ့ လမ်းဆုံးလိုနေရာမျိုးမှာများ ရှိနေသလားထင်ရတယ်။

နောက်တစ်လလုံးလုံး လှုပ်ရှားမှု တစ်စုံတစ်ရာမရှိ။ လူမလာ၊ ဘာကောင်မှမလာ။ မိုးတစ်စက်တောင်မကျ။

ကောင်းကင်ဘုံ ဖျက်စီးခြင်းရဲ့ မဖျက်စီးနိုင်သော ခန္ဓာကိုယ်က အရမ်းကိုကောင်းမွန်ပါတယ်။ သူက မကျင့်ကြံနိုင်သော်လည်း အသက်ကြီးခြင်းမရှိ၊ သေဆုံးခြင်းမရှိ၊ စားဖို့သောက်ဖို့မလို။ မျက်နှာမှာ အရေးအကြောင်းတောင်မပေါ်ဘူး၊ ဖုန်လည်းမတင်ဘူး။

ကျန်းချန်မှာတော့ အချိန်တိုင်းလိုလို အိပ်နေလိုက် သတိရရင် စနစ်ကို အပြစ်တင်လိုက်နဲ့ လည်ပတ်နေတော့တယ်။

စနစ်က သူ့ကို သေအောင်ကျီစားနေတယ်လို့ ထင်မြင်လာပါပြီ။

သူ့ကို စနစ်တစ်ခုပေးလိုက်တယ်။ ဒါပေမယ့်လည်း စတဲ့နေရာမှားနေတယ်။

ကမ္ဘာမြေကြီးကို ထက်ခြမ်းခွဲနိုင်လောက်တဲ့ အစွမ်းတစ်ခုပေးတယ်၊ ဒါပေမယ့် ဘယ်သူနဲ့မှ မတွေ့တဲ့နေရာမှာလာထားသွားတယ်။

အခုအချိန်မှာ သူ့ရဲ့အကြီးမားဆုံးဆန္ဒကတော့ သက်ရှိလူသားတစ်ဦးနဲ့ တွေ့ချင်တာပါပဲ။ သားရဲတစ်ကောင် ဒါမှမဟုတ် မိစ္ဆာသားရဲတစ်ကောင်ဆိုလည်း ရပါတယ်လေ။

"အား"

အပေါ်ကလာတဲ့အော်သံက သူ့အတွေးတွေကို နှောင့်ယှက်လိုက်တယ်။

နောက်ဆုံးတော့ သက်ရှိလူသားတစ်ဦး ပေါ်လာပြီပေါ့။

အစ်ကိုကြီးချန်မှာတော့ မျက်ရည်ကျမတတ် ခံစားလိုက်ရပါပြီ။

အပေါ်ကိုမော့ကြည့်လိုက်တဲ့အခါ နယူတန်ရဲ့နိယာမကို အတိအကျလိုက်နာတဲ့ စကတ်ကြီးကို တွေ့လိုက်ရပါတယ်။ (စကတ်လန်နေတာ.....)

ခရမ်းရောင်နဲ့အဖြူရောင်စပ်ကျား စကပ်တစ်ထည် အပေါ်လန်နေတယ်၊ ဝတ်ထားတဲ့သူက အောက်ကိုပြုတ်ကျလို့ပေါ့။ ခြေထောက်သွယ်သွယ်လေးနှစ်ချောင်းက လေထဲ ဟိုကန်ဒီကန်နဲ့ မြန်မြန်ပဲပြုတ်ကျလာတယ်။

"ဘုံး။"

မြေကြီးပေါ်ပြုတ်ကျ။

ဟူး... ကျန်းချန်ကတော့ မကူညီပေးလိုက်နိုင်လို့ စိတ်မကောင်းစွာနဲ့ တွေးမိလိုက်တယ်။ ဒီလောက်အမြင့်ကြီးကပြုတ်ကျလာမှတော့ အရေးကြီးအစိတ်အပိုင်းတွေ ပြားကုန်ပြီနေမှာ။ (ဘာကိုပြောတာလဲဆိုတာကတော့...)

ကျိလင်းဟန်မှာတော့ ထဖို့ခက်နေလေရဲ့။ သူ ပထမဆုံးလုပ်တာကတော့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်တာမဟုတ်ဘဲ ရှုပ်ပွနေတဲ့ဆံပင်တွေကို သပ်ရပ်အောင်ဖြီးသင်ပြီး ဝတ်စုံပေါ်ကဖုန်တွေခါလို့ သပ်ရပ်အောင်ပြင်တာပါပဲ။ (မိန်းမတွေများ...)

အသွင်အပြင်က အလွန်အရေးကြီးတယ်ဆိုတာ သင်သိပါသလား။

သူ့ပုံစံက အသက် ၁၆၊ ၁၇ လောက်ပဲရှိဦးမှာဖြစ်ပြီး လှပ တင့်တယ်တဲ့ အသွင်အပြင်ရှိကာ၊ မျက်တောင်ကော့တွေနဲ့ စီးဆင်းနေတဲ့ရေလို မျက်လုံးနက်ကြီးတွေနဲ့ပေါ့။

သူ့ရဲ့ဂါဝန်မှာ ဖုန်တွေ၊ သွေးတွေပေနေပြီး ဆံပင်နက်တွေက ရှုပ်ပွလို့ ပါးပြင်ကပန်းရောင်နည်းနည်းသန်းနေတာ ရင်သပ်ရှုမောဖွယ်အလှကို ပိုင်ဆိုင်ထားဆဲပါပဲ။

ငါးစက္ကန့်ကြာပြီးနောက် ကျိလင်းဟန်က သပ်ရပ်အောင်ပြင်ဆင်ပြီးနောက်မှသာ ပတ်ဝန်းကျင်ကို ကြည့်ရှုပါတော့တယ်။ အခုမှပဲ လူတစ်ယောက်ရှိနေတာတွေ့တာ။ (တော်ပါပေတယ်)

သူ့နောက်လိုက်နေတဲ့သူတွေအကြောင်း တွေးမိလိုက်တော့ သူ့ပုံစံက ဖြူဖျော့သွားပြီး နောက်ကိုခြေနှစ်လှမ်းဆုတ်လို့ ဝိညာဉ်ပစ္စည်း ဓားပျံကိုထုတ်လိုက်ပြီး မေးတော့တယ်။ (အမလေးလေး...မြွေဆိုရင်ကိုက်တာကြာပေါ့)

"ရှင်ဘယ်သူလဲ။"

ကျန်းချန် ရယ်လိုက်ပြီး သူ့ကိုရန်စတော့သည်။

"ငါက မင်းအဖိုးဟ။ လာ၊ မြန်မြန်လာ၊ ငါ့ကိုလာသတ်လှည့်စမ်း။"

All Chapters