အဖေကိုသတ်တဲ့ ငန်းမလေး
Vol. 1 Ch. 8
မီတာပေါင်းများစွာတူးပြီးနောက်မှာ လှုပ်ရှားမှုတစ်ခုကို စတင်၍ တွေ့ရပါတော့သည်။ ရွှေရောင်အလင်းက ကောင်းကင်ပေါ်ထိုးတက်သွားပြီး ဂူတစ်ခုလုံးကို လင်းလက်တောက်ပါသွားစေတော့သည်။
ကျန်းချန်က စိတ်ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်တွင်ရှိနေသော်လည်း ဖိအားပြင်းလှ၍ မတ်တပ်ရပ်ရန်ပင် အနိုင်နိုင်ဖြစ်ရ၏။ သူ့မျက်လုံးများမှာ ပုံမှန်အားဖြင့် လွန်စွာထက်ရှိလှသော်လည်း ယခုအချိန်တွင် ရှေ့ကိုပင်မမြင်နိုင်လောက်အောင်ပင်။
အလင်းရောင်ထဲတွင် ဖောက်ထွင်းမြင်ရအောင်ကြည်လင်သော လက်ညှိုးအရွယ်ခန့် သလင်းကျောက်တစ်ခု မျောနေကြောင်းကလွဲ၍ အခြားဘာမှ မမြင်ရပေ။ တဖြည်းဖြည်းနှင့် သလင်းကျောက်ပေါ်တွင် လူပုံစံမျက်နှာတစ်ခု ပေါ်လာကြောင်း ခပ်ရေးရေးတွေ့မြင်ရပြီးနောက်....
သူ သေသွားသည်။
အစ်ကိုကြီးချန်၏ဝိညာဉ် ခန္ဓာကိုယ်မှခွာ၍ လွင့်မျောသွားချိန်အထိ ဘာဖြစ်နေမှန်းမသိလိုက်ဘဲ ဆွံ့အနေလေ၏။ သူ၏ အကြီးမားဆုံးရည်မှန်းချက်မှာ အနာဂတ်တွင် ကျွမ်းကျင်သူများက သူ့ကိုသတ်ရန်ဖြစ်သော်လည်း မည်သို့သေရမည်ကို အမြဲစဉ်းစားနေခဲ့သော်လည်း ဤတစ်ကြိမ်တော့ မျှော်လင့်မထားသလို ရုတ်တရက်ဆန်လှ၏။
ရတနာလေးတူးမိတာကို သေရမယ်လို့ ဘယ်ထင်မှာလဲ။ ဒီကမ္ဘာကြီးက စောက်ရမ်းအန္တရာယ်များတယ်။
စနစ်သာမရှိရင် ကူးပြောင်းလာပြီးနောက် တစ်နာရီတောင်ကြာအောင် နေနိုင်မှာမဟုတ်ဘူးလို့ ခံစားလာရပြီ။ (ကျေးဇူးတင်လိုက်တော့...)
"ဒင်၊ လက်ခံသူကို ကမ္ဘာ့နှလုံးသား၏အပိုင်းအစက သတ်လိုက်ပါသည်..."
ကျန်းချန်ခမျာ လွန်စွာခွန်အားနည်းလှသဖြင့် မကျေမနပ်ဖြစ်ရန်ပင် မတတ်နိုင်ပေ။ အပိုင်းအစတစ်ခုကသတ်လိုက်လို့ သေသွားတာတဲ့၊ ရှက်ဖို့ကောင်းလိုက်တာ။
"လက်ခံသူ၏ လက်ရှိအဆင့်မှာ အဆင့် ၂ ဖြစ်သည့်အတွက် တစ်ရက်လျှင်နှစ်ကြိမ် အသက်ပြန်ရှင်နိုင်သည်။ ဒုတိယအကြိမ် အသက်ပြန်သွင်းနေသည်။ လက်ခံသူကို ကမ္ဘာ့မူလ အရှိန်အဝါ ပေးအပ်လိုက်သည်။"
"ဤအရှိန်အဝါဖြင့်ဆိုလျှင် ကမ္ဘာ့နှလုံးသား အပိုင်းအစက လက်ခံသူကို သခင်အဖြစ် အသိအမှတ်ပြုလိမ့်မည်။"
ကျန်းချန် အသက်ပြန်ရှင်နေစဉ်တွင် တူးထုတ်ထားသောအပိုင်းအစတွင်လည်း မှော်ဆန်သောအပြောင်းအလဲများ ဖြစ်ပေါ်နေသည်။
သလင်းကျောက်မှာ ပို၍ ပို၍ ဝေဝါးလာပြီး လူပုံသဏ္ဍာန်မှာ ပို၍ထင်ရှားလာပြီး ကိုယ်လုံးတီးကလေးငယ်တစ်ဦးအဖြစ် ပုံပြောင်းသွားသည်။
၎င်း မြေပေါ်ရောက်သည်နှင့်တစ်ပြိုင်နက် ကလေးငယ်မှာ ချက်ခြင်းကြီးထွားလာ၏။
ကျန်းချန် အသက်ပြန်ရှင်၍ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ကလေးငယ်မှာ အသက် သုံး၊ လေးနှစ် အရွယ်အဖြစ် ကြီးထွားလာပြီးဖြစ်သည်။ ထိုကလေးငယ်မှာ အသက် ခြောက်နှစ်အရွယ်ခန့်အထိ ဆက်လက်ကြီးထွားလာပြီးမှသာ ရပ်တန့်သွားတော့သည်။
"ဒါက အဲ့ဒီအပိုင်းအစရဲ့ပုံစံလား"
"ဝိညာဉ်အသွင်ပြောင်းသွားတာလား။"
ကျန်းချန်တွင် အရာများစွာကိုလက်ခံနိုင်စွမ်းမြင့်သော်ငြား၊ ဤကမ္ဘာတွင် မည်သည့်အရာမဆို ဖြစ်ပွားနိုင်ကြောင်း လက်ခံထားသော်ငြား ဤတစ်ကြိမ်တွင်တော့ အံ့ဩမှုက အထွတ်အထိပ်ပင်။ မယုံနိုင်လောက်အောင် ဖြစ်ရ၏။
အလွန့်အလွန် လှပသော ကလေးမလေးသည် သူ၏ နက်မှောင်၍ လုံးဝန်းလှသော မျက်လုံးရွဲကြီးများဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလေ၏။
ထို့နောက်... ထို့နောက်... သူ၏ ချစ်စဖွယ် လက်ဝတုတ်လေးများကို ဆန့်တန်း၍ အမောင်ကျန်းချန်ထံ တည့်တည့်ပြေးလာတော့သည်။
"မေမေ"
"မေမေ"
*ဖူး*
ကျန်းချန် သွေးအန်လေပြီ။
စနစ်ကထည့်သွင်းပေးလိုက်သည့် ကမ္ဘာ့မူလအရှိန်အဝါကြောင့် ဤအပိုင်းအစက သူ့ကို သခင်အဖြစ်သတ်မှတ်မည်မှန်း သိထားသော်လည်း ဤသို့ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိ။
တိရစ္ဆာန်ငယ်လေးများလို့ ဥမှပေါက်ကာစအချိန်တွင် ပထမဆုံးတွေ့သူကို မိဘအဖြစ်သတ်မှတ်သကဲ့သို့အရာမျိုး ကြားဖူးခဲ့ရာ ယခုကြုံရပေတော့သည်။ ဤအပိုင်းအစက ထိုသို့နည်းလမ်းမျိုးဖြင့် သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုလိမ့်မည်ဟု ယောင်လို့တောင်မတွေးမိပေ။
အခုတော့... အခုတော့... မေမေတဲ့
ကလေးမလေးမှာ အလွန်သန်မာလှသည်။ ကလေးမလေး ပြေးဖက်ခြင်းကြောင့် ကျန်းချန်မှာ လွင့်ထွက်လုမတတ် ခံစားလိုက်ရ၏။ (လေဟပ်လို့၊ တကယ်မဖက်ရသေးဘူးရယ်....)
"မေမေ၊ သမီးကိုဖက်"
ကျန်းချန်မှာ ကလေးမလေးကို ကောက်ချီလိုက်ရင်း နှုတ်ခမ်းများတွန့်သွားရသည်။
"ဖေဖေလို့ခေါ်၊ ဒီလောက်ခန့်ငြားတာ မမြင်ဘူးလား"
ကလေးမလေးမှာ ရုတ်တရက် ငိုပွဲဆင်သွားသည် "မေမေ၊ သမီးကိုမလိုချင်တော့ဘူး၊ ဝါး..."
ကလေးမလေးမှာ ကျန်းချန်ကို ပို၍တင်းကျပ်စွာဖက်တွယ်လေရာ ကျန်းချန်လေးမှာ အသက်ရှုမဝဖြစ်သွားရလေ၏။
"လိမ္မာတဲ့ကလေးလေး၊ ဖေဖေလို့ခေါ်နော်"
"မေမေ"
"လူစကားနားမလည်ဘူးလား"
"မေမေ"
နောက်ဆုံးတော့ လက်လျှော့လိုက်ရပြီး မေမေအခေါ်ခံကာ ဂူထဲမှထွက်လာရတော့သည်။
ဂူအပြင်ဘက်ရှိ ကျိလင်းဟန်မှာ ရယ်ရလွန်း၍ မတ်တပ်ပင်မရပ်နိုင်တော့။ ကျန်းချန်နောက်တစ်ကြိမ်သေသွားကြောင်း သူမသိလိုက်သော်လည်း ပုံပြောင်းသွားသည့်အပိုင်းအစက သခင်အဖြစ်အသိအမှတ်ပြုလိုက်ကြောင်းကိုတော့ တွေ့မြင်လိုက်ရလေသည်။
ကမ္ဘာ့နှလုံးသားအပိုင်းအစကို တစ်ခါမှမကြားဖူးသော်လည်း ပုံပြောင်းနိုင်သည့်အရာမှန်သမျှမှာ အလွန်အရည်သွေးမြင့်ကြောင်းကိုတော့ သိရှိသေး၏။
"ဂုဏ်ပြုပါတယ် ဂိုဏ်းခေါင်းဆောင်"
ယခုအချိန်တွင် ကျန်းချန်ကို ဂိုဏ်းခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်လေရာ ဤရတနာကိုရရှိနိုင်ခြင်းအတွက် ပျော်ရွှင်ရလေသည်။
သို့သော်လည်း ရယ်ချင်စိတ်ကိုမူ ထိန်း၍မရသေးပေ။
အစ်ကိုကြီးချန်မှာ ယောက်ျားကြီးဖြစ်လျှက် မေမေအခေါ်ခံရ၍ အရှက်ရနေလေ၏။
"အခေါ်အဝေါ်ပြောင်းဖို့ကို နောက်မှဖြည်းဖြည်းသင်ပေးလို့ရပါတယ်။ သူ့ကိုကြည့်ရတာ ဘာကိုမှ နားလည်ပုံမရသေးဘူး"
"အိုး၊ သူ့ကို သန့်ရှင်းရေးလုပ်ပေးလိုက်ဦး"
"အဝတ်အစား ဝတ်ပေးလိုက်ဦး"
ထိုသို့ပြောပြီးနောက် ကလေးမလေးကို ကမ်းပေးလိုက်သည်။
"မဟုတ်ဘူး၊ မေမေကိုပဲလိုချင်တယ်"
ကလေးမလေးက ထိုသို့ဆိုလေရာ ကျိလင်းဟန်ခမျာ မျက်ရည်ဝဲမမတ်ခံစားလိုက်ရလေ၏။ သို့သော်လည်း ကျန်းချန်က အလွန်ကျေနပ်သွားလေသည်။ အပိုင်းအစက သူ့ကိုသခင်အဖြစ် အပြည့်အဝသတ်မှတ်လိုက်ပုံရလေသည်။
"လိမ္မာတဲ့ကလေးလေး၊ ဒီအန်တီက အကြောင်းအရာတွေအများကြီး သင်ပေးမှာလေ၊ သွားသင်လိုက်နော်။ လိမ္မာတယ်"
ကလေးမလေးက ကျန်းချန်ကိုကြည့်၍ နောက်ဆုံးတွင် သဘောတူလိုက်သည်။
"မေမေ့စကားနားထောင်မယ်"
ကျန်းချန်အလွန်ကျေနပ်သွားသည်။
"လိမ္မာတဲ့ကလေးလေး"
ကျိလင်းဟန်မှာ ပျော်ရွှင်စွာဖြင့် ကလေးကိုချီလိုက်ရာ.... ပစ်လဲသွားလေသည်။
*အိုး*
ကျန်းချန် အမြန်ပြေးထူလိုက်ရသည်။
"ဘာလုပ်လိုက်တာလဲ၊ သူ့ကိုတော့မသတ်လိုက်ပါဘူးနော်"
စနစ်ကသူ့ကိုပဲ အသက်ပြန်သွင်းပေးနိုင်တာလေ၊ တစ်ခြားသူတွေမပါဘူး။
ကျန်းချန်တွင် ကျိလင်းဟန်အပေါ် အမြင်ကောင်းရှိလေသည်။
ဤကလေးမမှာ အခြားကျင့်ကြံသူများကဲ့သို့ တွေ့သည့်သည်နှင့် အော်ဟစ်သတ်ဖြတ်နေခြင်းမျိုးမရှိ။ သူ ရတနာတစ်ခုရရှိကြောင်း တွေ့သည့်အခါတွင်လည်း လောဘမကြီးဘဲ စိတ်ကောင်းနှလုံးကောင်းရှိသည်။
ဂိုဏ်းချုပ်အဖြစ်မရှိရင်တောင်မှ ဤကလေးမကိုတော့ ဆိုးတာတစ်ခုခု မဖြစ်စေချင်ပါ။
ကလေးမလေးက ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်ကာ "သမီး သူ့ကိုမသတ်ပါဘူး။ မကြာခင်ပြန်နိုးလာပါလိမ့်မယ်"
"ဟမ်"
ကျိလင်းဟန်မှာ သတိမေ့သွားခြင်းဖြစ်ကြောင်း ကျန်းချန်စစ်ဆေးတွေ့ရှိရသည်။
"သူ့ကိုဘာလုပ်လိုက်တာလဲ"
"မေမေပဲ သူ့ဆီကသင်ယူဆို။ သမီးက သူ့ရဲ့သိစိတ်ပင်လယ်ထဲဝင်ပြီး သူသိသမျှအားလုံးကို သင်ယူလိုက်တာလေ"
ကလေးမလေက ထိုသို့ပြောလိုက်ပြီးနောက် သူ့လက်လေးများကို ဝှေ့ယမ်းလိုက်ရာ ကြယ်မှုန်များကဲ့သို့ ပန်းရောင်အလင်းများ ဖွဲ့တည်လာတော့သည်။
ထို့နောက် သူ့ခန္ဓာကိုယ်လေးပေါ်တွင် ဝတ်စုံတစ်စုံပေါ်လာ၏။
မူလက ရှုပ်ပွနေသောဆံပင်မှာလည်း မှော်ဆန်ဆန်ပင် ကျစ်ဆံမြီးနှစ်ခုအဖြစ် ထုံးဖွဲ့သွားလေတော့သည်။
ကလေးမလေးကိုပြန်ကြည့်လိုက်လျှင် လူသားငယ်လေးတစ်ဦးနှင့် ကွာခြားခြင်းမရှိတော့ပေ။