အားဟွမ် (အဝါလေး)
Vol. 1 Ch. 9
သူ့ဆီက လေ့လာသင်ယူဖို့ပြောတာလေ သိစိတ်ပင်လယ်ထဲကို ကျူးကျော်ဖို့မဟုတ်ဘူး....
နင်က တကယ့်ကို တည့်တိုးကြီး ပြတ်ပြတ်သားသားကို လုပ်ချပစ်လိုက်တာပဲ။
ကျန်းချန်မှာ ပြောစရာစကားမရှိအောင်ကို ဖြစ်ရလေပြီ။
သို့သော်လည်း ပြီးခဲ့တာတွေက ပြီးသွားပြီဆိုတော့ ဘာမှလုပ်မရတော့ပေ။ ဒါ့အပြင် ဒီလိုလုပ်လိုက်တာကလည်း ပြဿနာတော်တော်များများကို ရှင်းပြီးသားဖြစ်သွား၏။
အနည်းဆုံးတော့ ကလေးမလေးကြည့်ရတာ အကုန်သိသွားပုံရသည်။
ကျိလင်းဟန်အတွက်တော့ စိတ်မကောင်းပေ၊ သူကအပြစ်ကင်းပါသည်။
"ဆိုတော့ အခုအကုန်သိသွားပြီမလား"
"ဟုတ်" ကလေးမလေးက ချိုသာစွာပြုံးပြသည်။
ကျန်းချန်က သူ့မေးစေ့ (မုတ်ဆိတ်မှမရှိတာ) ကို ပွတ်လိုက်သည်။
"ဒါဆိုရင် ဒီနေရာကဘယ်နေရာလဲ"
"ဖေးယွင်ပြည်နယ်၊ ချင်လန်စီရင်စုထဲက တားမြစ်နယ်မြေရဲ့ အရှေ့မြောက်ထောင့်မှာ"
"ချင်လန်စီရင်စုထဲမှာ အဆင့်မြင့်ဂိုဏ်း ဘယ်နှစ်ခုရှိလဲ"
"ဖေးရှန်ဂိုဏ်းနဲ့ ခွန်အားခြင်းတူတာ ဆယ့်ခုနှစ်ဂိုဏ်း၊ အဓိကဂိုဏ်းကြီးရှစ်ဂိုဏ်းထက် အားကြီးတာ ဂိုဏ်းတစ်ဂိုဏ်းနဲ့ မြင့်မြတ်မိသားစုတစ်ခု"
ကလေးမလေးက တုံ့ဆိုင်းခြင်းမရှိ စဉ်းစားရန်ပင်မလိုဘဲ ပြန်ဖြေလိုက်သည်။
"အဲ့ဒီဂိုဏ်းနဲ့ မြင့်မြတ်မိသားစုက ဘယ်လိုခေါ်တာလဲ"
"ချီရီဂိုဏ်းနဲ့ တွမ့်မူမိသားစု၊ နှစ်ခုလုံးမှာ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတွေရှိတယ်"
ကျန်းချန် ကျေနပ်စွာခေါင်းညိမ့်လိုက်သည်။ ဤအချက်အလက်များကို သူမသိပေ။
"တော်တယ်"
"ဟီးဟီး..."
ချီးကျူးခံလိုက်ရ၍ ကလေးမလေး ပျော်သွားပြီး ကျေနပ်စွာဖြင့် သူ့လက်မောင်းကို ဖက်တွယ်ထားတော့သည်။
"အခု အရာအားလုံးကို သိနေပြီဆိုတော့..." ကျန်းချန်ကဆိုသည်။
"ငါက ယောက်ျားတစ်ယောက်ဆိုတာလည်းသိမှာပဲ။ ဖေဖေလို့ခေါ်သင့်တယ်မလား"
"မေမေ ဘာပြောတာလည်းဆိုတာ နားမလည်ဘူး"
ကလေးမလေး၏ မျက်တောင်ကော့များ လှုပ်ရှားသွားပြီး ငိုတော့မယောင်ယောင်၊ မျက်လုံးထဲတွင် အပြစ်ကင်းစင်မှုများအပြည့်... (အင်နိုးဆန့်လေး...)
ဒီကလေးမလေးကတော့ ဟန်ဆောင်တတ်နေပြီပဲ၊ ဟမ်။
ကျန်းချန်မျက်လုံးလှိမ့်လိုက်ပြီး ထပ်ပြောလိုက်သည်
"သမီးကိုနာမည်မပေးရသေးဘူးပဲ၊ နာမည်တစ်ခုပေးဦးမှပါ"
ကလေးမလေးမှာ လက်ဖောင်းဖောင်းလေးများကို လက်ခုပ်တီး၍ ပျော်ရွင်စွာဆိုလေသည်။
"အိုကေ..အိုကေ၊ သမီးကိုနာမည်ပေးဦး မေမေ"
"သမီးမွေးလာတုန်းက အဝါရောင်အလင်းတန်းကြီး ကောင်းကင်ကိုထိုးတက်သွားတာဆိုတော့ အားဟွမ် (အဝါလေး) လို့ခေါ်မယ်"
ကလေးမလေးမှာ ချက်ချင်းနှုတ်ခမ်းစူသွားလေ၏။ သူ့မျက်နှာပေါ်မှ ပျော်ရွှင်မှုမှာ ချက်ချင်းပင် ဒေါသအဖြစ် ကူးပြောင်းသွားပြီး ကျယ်လောင်စွာ ကန့်ကွက်လေတော့သည်။
"မဟုတ်ဘူး၊ ဒီလိုနာမည်ဆိုးကြီး မလိုချင်ဘူး"
ကျိလင်းဟန်ထံမှ ပုံမှန်ဗဟုသုတများကိုပါရရှိထားသဖြင့် အားဟွမ်ဆိုသည့်အမည်မှာ ခွေးကလေးများကိုသာပေးလေ့ရှိမှန်း သူသိလေသည်။
"သမီးကြိုက်ကြိုက် မကြိုက်ကြိုက်၊ မိဘတွေကပေးတဲ့နာမည်ကိုယူရမှာပဲ"
ကျန်းချန်မှာ အံကိုကြိတ်၍ဆိုလေသည်။ မွေးလာလာချင်းမှာ အဖေ့ကိုသတ်လိုက်တာလေ၊ အဲ့ကိစ္စနဲ့ပတ်သက်လို့ အခုအချိန်အထိ တာဝန်မယူခိုင်းရသေးဘူး။
"ဒီလိုနာမည်က မှတ်မိလွယ်တယ်၊ ပျိုးထောင်ဖို့လွယ်တယ်လေ။ သမီးကောင်းဖို့အတွက်ပါ။ ဖေဖေလို့ပြောင်းခေါ်မယ်ဆိုရင်တော့ နာမည်ပြောင်းပေးမှာပေါ့"
"ဟမ့်"
အားဟွမ်မှာ သူ့ကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတော့သည်။
အစ်ကိုကြီးချန်ဆိုသည်မှာ တွန်းအားပေးတိုင်း လျှော့ပေးတတ်သူမှမဟုတ်။ ကလေးမလေး၏ ချစ်စဖွယ်မျက်လုံးများမှာ ဒေါသထွက်နေလျှင်ပင် ချစ်စရာကောင်းနေသော်ငြား၊ နှလုံးသားလေးအရည်ပျော်သွားပေမယ့် စည်းကမ်းကစည်းကမ်းပဲ။
ထို့ကြောင့် လူကြီးနှင့် လူကလေးတို့ အပြိုင်စိုက်ကြည့်နေကြလေတော့သည်။
အချိန်တော်ကြာပြီးနောက် အားဟွမ်မှာ မပီကလာပီကလာပြောလေသည်။ (ကလေးဆိုတော့ လျှော့ပေးရတော့တာပေါ့)
"မေမေက အဆိုးဆုံးပဲ"
ကလေးမလေးမှာ သူ့ကိုခေါ်သည့်အခေါ်အဝေါ်အား မပြောင်းသေးပေ။ ကျန်းချန်အတွက် တစ်ဘဝစာ မေမေဖြစ်ရတော့မည့်ပုံပေါ်တော့သည်။
ကလေးမလေးက သူ့ကိုအဆိုးဆုံးဟုပြောနေသော်လည်း သူ့လက်ကလေးများမှာ ကျန်းချန်၏လည်ပင်းကို ဖက်တွယ်ထားဆဲဖြစ်သည်။
"အားဟွမ်က စကားနားထောင်ဖို့လိုတယ်"
ကျန်းချန်က သူ့ကျောလေးကိုပွတ်ရင်း ပြုံးလိုက်သည်။
သူပြောပြီးပြီးချင်းမှာပဲ အဝေးက လှုပ်ရှားသံကြားလာရသည်။ မကြာမီ လူသုံးဦးပေါ်လာ၏။
၎င်းတို့ထဲမှတစ်ဦးမှာ သူနှင့်အလွန်ရင်းနှီးသည့် ယောင်ချိုးလင်ပင်ဖြစ်တော့သည်။
အခြားသူနှစ်ဦးမှာမူ ၎င်းတို့၏အသက်အရွယ်နှင့် အသွင်အပြင်ကိုကြည့်ခြင်းအားဖြင့် ယောင်ချိုးလင်ကဲ့သို့ပင် ကျီယွဲ့ဂိုဏ်းမှ အကြီးအကဲများပင်ဖြစ်ရပေမည်။
"အပေအတေကောင်လေး၊ ငါ့သမီးကိုသတ်လိုက်တာ မင်းပဲ"
ယခင်က သူ၏ ခွဲထုတ်ထားသောစိတ်ဝိညာဉ်မှာ အသတ်ခံလိုက်ရပြီး ကျန်းချန်၏ တည်နေရာနှင့် ပုံစံကို ဖော်ထုတ်နိုင်ခဲ့သည်။
နဂိုက ဖေးရှန်ဂိုဏ်းတွင် အောင်ပွဲကျင်းပနေရာမှာ လက်စားချေရန်အတွက် အမြန်ထွက်လာခဲ့ခြင်းဖြစ်၏။ အခြားအကြီးအကဲနှစ်ဦးကိုပါ အကူအဖြစ် ဖိတ်ခေါ်လာခဲ့ပေသည်။
"သေစမ်း"
သမီးကိုသတ်သည့်ရန်ညှိုးကား မကြေလည်နိုင်ပေ။ သွေးကြွေးဆပ်ရမည်ဖြစ်၏။ ယောင်ချိုးလင်မှာ ဓားကွက်ထုတ်တော့သည်။
ဤအကွက်မှာ ကျန်းချန်အတွက် လွန်စွာရင်းနှီးလှသည်။ သူမိတ္တူကူးထားသည့် လခြမ်းကွေးဓားနည်းစနစ်ဖြစ်သည့်အတွက် အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်များတွင် ချီစီးဆင်းနေပုံကိုပြင် မြင်နေရသလိုလို။
ရန်သူမှာ ယောင်ချိုးလင်တစ်ဦးတည်းဆိုလျှင် သူတိုက်ခိုက်နိုင်သေးသည်။ ယောင်ချိုးလင် တတ်သမျှ ကျန်းချန်လည်းတတ်သည်လေ။ ကျင့်ကြံမှု၊ တိုက်ပွဲအတွေ့အကြုံ အကုန်ထပ်တူညီသည်။ လက်ရည်တူတိုင်နိုင်ပေသည်။
ပြဿနာမှာ အခြားအကြီးအကဲနှစ်ယောက်က ယောင်ချိုးလင်ထက် အားနည်းမည့်ပုံမရခြင်းဖြစ်၏။
"အကြီးအကဲယောင် ရပ်ဦး"
"မေးခွန်းနည်းနည်းအရင်မေးကြည့်ရအောင်"
အရေးကြီးသည့်အချိန်မှာပဲ အခြားအကြီးအကဲနှစ်ဦးက ယောင်ချိုးလင်ကို ရပ်တန့်လိုက်သည်။
"ငါလက်စားချေမှာကို လာတားနေကြတာလား" ယောင်ချိုးလင်က ဒေါသတကြီးမေး၏။
"ညီအစ်ကိုယောင် စိတ်လျှော့..."
အကြီးအကဲနှစ်ဦးက လက်များကိုဝှေ့ယမ်း၍ပြောသည်။
"ကောင်လေး၊ ဒီနေရာမှာ အဝါရောင်အလင်းတန်းတစ်ခု ကောင်းကင်ပေါ်ထိုးတက်သွားတာ မြင်လိုက်လား"
"မင်း အမှန်အတိုင်းဖြေသရွေ့ အသက်ချမ်းသာပေးမယ်"
အားဟွမ်မွေးဖွားလာစဉ်ကဖြစ်စဉ်မှာ အလွန်ကြီးကျယ်လွန်းသည်။ ထိုသုံးဦးမှာ လာသည့်လမ်းတွင်တွေ့လိုက်သော်လည်း တည်နေရာအတိအကျကိုမသိချေ။
အလင်းရောင်မှာမည်သည့်အတွက်ကြောင့်ဖြစ်ကြောင်း မသိသော်လည်း ရှားပါးရတနာတစ်မျိုးဖြစ်ကြောင်း အရူးပင်ခန့်မှန်းမိနိုင်သည်။
ထိုသို့မေးလိုက်သည့်အချိန်တွင် ဒေါသထွက်နေသည့် ယောင်ချိုးလင်ပင် ဒေါသပြေသွားသည်။
လက်စားချေမယ် ဒါပေမယ့် နည်းနည်း နောက်ဆုတ်ထားလိုက်မယ်။
"ကျွန်တော်ပြောပြရင် ကျွန်တော့်ကိုမသတ်တော့ဘူးလား"
ကျန်းချန်မှာ ဆွဲဆောင်ခံလိုက်ရသည့်ဟန်ဖမ်းထားသည်။
အကြီးအကဲနှစ်ဦးက အမြန်ပင် အာမခံလေသည်။
"ဒါပေ့ါ၊ ငါတို့အဖိုးကြီးတွေက ဘယ်တော့မှမလိမ်ဘူး" (ပြောတာပဲ...)
ဒီလိုပြောလိုက်ပေမယ့် သူတို့တွေးနေတာက မသတ်ဘူးပြောတာလေ၊ မရိုက်မနှက်ဘူးလို့ ပြောတာမှမဟုတ်တာ။ ရိုက်နှက်ရင်းနဲ့ လက်လွန်သွားရင်လည်း လက်လွန်ကြက်သွန်ပေါ့။
ငါတို့က ကတိပေးထားပေမယ့် ကတိမပေးထားတဲ့ တစ်ခြားတစ်ယောက်လည်း ကျန်သေးတယ်မလား။
သူ့ကိုဖမ်းပြီး အကြီးအကဲယောင်ဆီပေးလိုက်မယ်၊ ကြိုက်တာလုပ်ပလေ့စေပေါ့။
"ကောင်းပြီ၊ အဲ့နေရာမှာ"
ကျန်းချန်က နေရာတစ်ခုကို အေးအေးဆေးဆေး ညွှန်ပြလိုက်သည်။
ဒီလူကြီးသုံးယောက်ရဲ့လှည့်ကွက်သေးသေးလေးတွေကို အကြိမ်ပေါင်းများစွာတွေ့ဖူးပြီးသားပါ။ အစ်ကိုကြီးချန်က ဘယ်လိုလုပ်ဒီလောက်'အ'မှာလဲ။
ဘယ်လိုထွက်ပြေးရမလဲစဉ်းစားနေလို့သာ။
သူ့ရဲ့ အသက်ပြန်ရှင်မယ့်အချိန်ကန့်သတ်ချက်ပြည့်မယ့် နောက်တစ်နေ့အထိပုန်းနေပြီးမှ ဟန်ရေးပြ... မှားလို့.... မကောင်းသူပယ်မှာပေါ့။
ဒါပေမယ့်လည်း ကျိလင်းချန်က မြေပေါ်မှလဲနေတုန်းလေ။ အစ်ကိုကြီးချန်ဆိုတာ သူ့လူတွေကို ထားခဲ့ရိုးထုံးစံမရှိ။ အခုဆိုပိုဆိုးသေး၊ သမီးကကောက်ရထားသေးတာ။ ထွက်ပြေးလို့ကိုလွတ်မှာမဟုတ်ဘူး။
"မေမေ၊ သူတို့တွေက မေမေ့ကိုသတ်ချင်နေကြတာလား"
အားဟွမ်က သူ၏ မျက်တောင်ကော့ကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ စပ်စုလေသည်။
ကျန်းချန်သတိရသွားပြီ။ ဒီကလေးမလေးက လူသတ်သမား အကြီးစားကြီးလေ၊ သူဘယ်လိုများမေ့နိုင်ရတာလဲ၊ သူတောင်တစ်ခါသေပြီးပြီမလား။