← Chapters

ဝိညာဉ်စွမ်းအင်အားလုံး ကုန်ဆုံးစေခြင်း

Vol. 1 Ch. 10

ဝိညာဉ်စွမ်းအင်အားလုံး ကုန်ဆုံးစေခြင်း

Vol. 1 Ch. 10

သူ အလောတကြီးပဲ တိတ်လေးလှမ်းပြောလိုက်သည်။

"ချစ်သမီးလေး၊ အရင်တစ်ခေါက်လုပ်လိုက်သလိုပဲ ဒီသုံးယောက်ကို သတိလစ်အောင် လုပ်လို့ရမလား"

အစ်ကိုကြီးချန်မှာ အကူအညီလိုအပ်နေသည့်အတွက် အားဟွမ်ဟုမခေါ်ဘဲ ချစ်သမီးလေးဟုခေါ်၍ မျက်နှာချိုသွေးလေတော့သည်။

"မရဘူး၊ သမီး သူတို့နဲ့ထိမှ လုပ်လို့ရမှာ"

အားဟွမ်၏တုံ့ပြန်သံက ကျန်းချန်၏သိစိတ်ပင်လယ်ထဲ ပဲ့တင်ထပ်သွားသည်။

အခြားသူများကို ထိတွေ့နိုင်အောင်လှည့်ဖျားဖို့ရန်မှာ မဖြစ်နိုင်ပေ။ တစ်ယောက်ကို ထိလိုက်ပြီးနောက် တစ်ယောက်မှောက်သွားလျှင်ပင် နှစ်ယောက်ကျန်သေးသည်ဖြစ်ရာ ထိုနှစ်ယောက်က ထိုင်ကြည့်နေမည်မဟုတ်။

ကလေးမလေးတွင် အခြားအစီအစဉ်တစ်ခုရှိသေးမှန် ကျန်းချန်သေချာပေါက်သိနေသည်။

"ဆိုတော့၊ သူတို့ကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုရှိလား"

အားဟွမ်ကပြန်ဖြေသည် "ရှိတယ်၊ ဒါပေမယ့် မေမေကိုယ်တိုင်လုပ်မှရမှာ"

"ဟမ်၊ ဘာလို့လဲ"

"ကမ္ဘာ့အပိုင်းအစက သတ်ဖြတ်လို့မရဘူး။ အဲ့တာက ကောင်းကင်တာအိုရဲ့စည်းမျဉ်းပဲ"

ကျန်းချန် ဆွံ့အသွားသည်။ မမွေးခင်တုန်းက အဖေအရင်းကို သတ်ခဲ့ပြီးပြီမဟုတ်လား။ ခုကျဘာတဲ့... ကောင်းကင်တာအိုရဲ့စည်းမျဉ်းတဲ့လား...

အဲ့တုန်းကသာမသေခဲ့ရင် အခုဆို အသက်ပြန်ရှင်ခွင့်တစ်ကြိမ်ကျန်ဦးမှာလေ။

"ဒါပေမယ့်လည်း၊ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေ အကုန်ကုန်သွားအောင် မေမေ့ကိုကူညီပေးနိုင်တယ်"

ဝိညာဉ်စွမ်းအင်တွေ အကုန်ကုန်သွားမှာလား။ ဒါဆိုသူတို့တွေ သာမန်လူလိုဖြစ်သွားမှာမလား။

ဒီတစ်ခါတော့ ကျန်းချန်ပျော်ရမယ့်အလှည့်ပဲ၊ အော်ရယ်မိတော့မလို့။ ဒီအစွမ်းက ကောင်းကင်ကိုတောင်ဆန့်ကျင်နေပြီ။

ဒီအစွမ်းနဲ့ဆိုရင် ဘာကိုကြောက်ဖို့လိုဦးမလဲ။

သူ ချောင်းဟန့်ပြီးပြောလိုက်သည် "ငါ့သမီးလေးရဲ့ မသတ်ဖြတ်ရတဲ့အတွေးအခေါ်ကို အဖေထောက်ခံတယ်၊ သတ်ရဖြတ်ရတဲ့ ခက်ခဲတဲ့အလုပ်တွေကို အဖေကိုယ်တိုင် ကိုင်တွယ်လိုက်မယ်"

"မသိနိုင်တဲ့အကျိုးဆက်တွေကို တစ်ယောက်ယောက်ကတော့ တိတ်တဆိတ်ထမ်းပိုးထားရမှာပဲလေ"

ဒီအချိန်မှာတော့ အားဟောင်တစ်ယောက် မနေနိုင်စွာ မျက်စောင်းထိုးမိတော့သည်။

"ဘယ်လိုဝဋ်ကြွေးကြောင့်များ ဒီလောက်အရှက်မရှိတဲ့အမေမျိုး ရထားတာပါလိမ့်နော်"

သူတို့ဆွေးနွေးနေကြချိန်တွင် မျက်နှာခြင်းဆိုင်ရှိ လူသုံးဦးမှာလည်း သူတို့အချင်းချင်း တိတ်တဆိတ်ဆွေးနွေးနေကြလေ၏။

"ဒီကလေးက ကျပန်းတည်နေရာတစ်ခုကို ညွှန်ပြလိုက်တာဆိုရင် ဘယ်လိုလုပ်ကြမလဲ"

"သူလိမ်နေတာထင်တယ်"

"ဟုတ်တယ်၊ သူက ရုပ်ချောတာတော့မှန်တယ်၊ ဒါပေမယ့် သူ့စရိုက်က ယုံကြည်လို့ရမယ့်ပုံမပေါ်ဘူး"

ယောင်ချိုးလင်ကပြောသည် "ဒီလိုဆိုရင်ရော၊ အဲ့နေရာကို ငါသွားကြည့်လိုက်မယ်။ မင်းတို့နှစ်ယောက်က သူ့ကိုစောင့်ကြည့်ထား"

"ညီအစ်ကိုယောင်က ငါတို့ကို အရူးတွေလို့ထင်နေတာလား"

"တကယ်သာ အဲ့နေရာမှာ ရတနာရှိနေရင် ညီအစ်ကိုယောင်က အဲ့တာကိုယူပြီးလစ်တော့မှာမလား"

"ဟက် ဟက်၊ တွက်ရေးကတော့စက်သူဌေးပဲ"

"ဆိုတော့ ငါတို့ဘာလုပ်သင့်တယ်လို့ထင်လဲ"

"ဒီကလေးကို လမ်းပြခိုင်းလိုက်၊ ငါတို့သုံးယောက်လုံး နောက်ကလိုက်ကြည့်ကြမယ်"

နှစ်ဖက်လုံး 'ဆွေးနွေးပြီးကြသောအခါ' လူကြီးသုံးဦးမှာ ကျန်းချန်ကို လှမ်းကြည့်လိုက်ကြပြန်သည်။

"ကလေး၊ အဲ့နေရာကမှန်တယ်လို့ မင်းဘယ်လိုအာမခံမလဲ"

"ငါတို့မယုံဘူး၊ ဒါကြောင့် မင်းကိုယ်တိုင်..."

သူတို့ကိုလမ်းပြပေးဖို့အကြောင်း ဆုံးအောင်မပြောရသေးခင် ကျန်းချန်က ဖြတ်ပြောလိုက်လေ၏။

"မယုံကြနဲ့ပေါ့၊ ကျွန်တော်က အမှန်ပြောတာမှမဟုတ်တာ"

ထိုသို့ပြောလိုက်သဖြင့် ရုတ်တရက် အရာအားလုံးတိတ်ဆိတ်သွားသည်။

တစ်ဖက်ခြမ်းရှိ အကြီးအကဲသုံးဦးမှာ ဖြစ်ရပ်များစွာကို မြင်ဖူးထားသော်လည်း ဤသို့တုံ့ပြန်မှုမျိုးကိုတော့ မကြုံဖူးချေ။ ဆွံ့အသွားရသည့်အပြင် စကားပြောဖို့ရန်ပင် အနိုင်နိုင်ဖြစ်ရပြီး တွံတွေးပါနင်ကုန်တော့သည်။

"သေချင်နေတာလား"

ယောင်ချိုးလင်မှာ ဒေါသပြန်ထွက်လာပြီး ဓားပျံမှာ လေပေါ်ပျံဝဲလာပြန်၏။

"ဟုတ်တယ်၊ ကျွန်တော်က သေချင်နေတာ။ လာလေ၊ လာသတ်လှည့်" ကျန်းချန် လက်နှစ်ဖက်ကိုဖြန့် ရင်ကိုဖွင့်၍ ပေါ့ပါးစွာပြုံးပြလိုက်သည်။

သူ့သမီးတော်လေးရဲ့ 'ရွှေပေါင်လုံးကြီး' ကို ဖက်ထားနိုင်သရွေ့ သူ ယုံကြည်မှုအပြည့်ဖြင့် ဟန်ထုတ်နိုင်ပေသည်။

"မင်း..."

ယောင်ချိုးလင်မှာ အမှန်အတိုင်းဆိုရလျှင် ရတနာ၏တည်နေရာကိုမသိရသေးသရွေ့ ထိုကောင်လေးကို သူမသတ်နိုင်ပေ။

"သူ့ကို သင်ခန်းစာပေးလိုက်၊ နာကျင်မှုကို ခံစားခိုင်းလိုက်ကြ"

အခြားအကြီးအကဲနှစ်ဦးမှာလည်း မျက်နှာများ မည်းမှောင်သွားကြသည်။

*ဝှစ်*

ဓားပျံမှာခြောက်ပိုင်းကွဲသွားပြီး အလင်းတန်းခြောက်ခုအဖြစ် ကျန်းချန်ကို တိုက်ခိုက်လေတော့သည်။

သို့သော်... သို့သော်... တစ်မီတာလောက်သာ ရှေ့သွားရသေးသည်၊ ပုံရိပ်ခြောက်ခုလုံး ရုတ်တရက်ဖျော့တော့သွားပြီး မြေပြင်ပေါ်ပြုတ်ကျသွားတော့၏။

ဓားရှည်မှာလည်း သာမန်သံဓားအဖြစ် ပြောင်းလဲသွားသကဲ့သို့ ၎င်း၏တောက်ပမှုအားလုံးပျောက်ကွယ်သွားသည်။

"ဘာလဲဟ"

ယောင်ချိုးလင်မှာ သူမြင်ရသည်ကိုပင်မယုံနိုင်ပေ။

ချီစုစည်းခြင်းအဆင့်အထိ ကျင့်ကြံပြီးချိန်မှစ၍ သူ၏ဓားပျံမှာ ယခုကဲ့သို့ လမ်းတစ်ဝက်တွင် ပြုတ်မကျဘူးချေ။

"ဘာတွေဖြစ်နေတာလဲ"

အခြားအကြီးအကဲနှစ်ဦးမှာလည်း စိတ်ပျက်သွားရသည်၊ ဤသို့သောပုဂ္ဂိုလ်မျိုးနှင့် အဆင့်တူဖြစ်ရခြင်းအတွက် အရှက်ရစရာပင်။

သူတို့၏ခွန်အားကိုထုတ်ပြ၍ ဤကောင်လေးကို အညံ့ခံလာအောင်လုပ်သည့်အချိန်မှာမှ ဤကဲ့သို့ အဆင့်နိမ့်အမှားမျိုး ကျူးလွန်နေသည်။

ရှက်စရာပဲ... ရှက်စရာပဲ

ထို့ကြောင့် သူတို့ကိုယ်တိုင်လုပ်ရတော့မည်ဟုတွေး၍ ဓားပျံများကို ကိုယ်စီထုတ်ကြလေရာ...

"ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ ဘယ်ရောက်သွားတာလဲ"

"ဘာတွေဖြစ်နေတာလဲ ငါ့ရဲ့ ဝိညာဉ်စွမ်းအားတွေ လုံးဝပျောက်သွားတယ်"

"ငါရောပဲ"

သူတို့၏အမူအရာများ ပျက်ယွင်းသွားရုံသာမက ကြောက်လန့်သွားကြလေ၏။

ကျင့်ကြံသူများအတွက် ဝိညာဉ်စွမ်းအား၊ နတ်အာရုံနှင့် ခန္ဓာကိုယ်တို့မှာ အခြေခံသုံးခုဖြစ်၏။

ဝိညာဉ်စွမ်းအားမရှိလျှင် ဝိညာဉ်စွမ်းအားလိုအပ်သည့် သိုင်းနည်းစနစ်အားလုံးနှင့် နတ်နည်းစနစ်အားလုံး သုံးမရပေ။

ခန္ဓာကိုယ်ကျင့်ကြံသူများလည်းမဟုတ်ကြသည့်အတွက် ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်ရောက်နေသည့် သူတို့၏ခန္ဓာကိုယ်များမှာ အထူးတလည်သန်မာနေခြင်းလည်းမရှိပေ။

ဝိညာဉ်စွမ်းအားသုံးစွဲရသည့် လျှို့ဝှက်နည်းစနစ်များအတွက် လုံလောက်သည့် ဝိညာဉ်စွမ်းအားမရှိသရွေ့ သူတို့၏အစွမ်းများ ကြီးမားစွာလျော့ကျသွားပေမည်။

ယခုအချိန်တွင် သူတို့၏တိုက်ခိုက်နိုင်စွမ်းမှာ ယောင်ယွင်ရွှမ်၏ မူလဖြစ်တည်ခြင်းအဆင့်ထက်ပင် အားနည်းနေသေးသည်။

သူတို့မကြောက်လန့်လဲ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

"တားမြစ်နယ်မြေကြောင့်များဖြစ်တာလား"

"မဖြစ်နိုင်ဘူး"

"တားမြစ်နယ်မြေက ဝိညာဉ်စွမ်းအားမရှိတာပဲရှိတာ ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင်အပေါ် သက်ရောက်မှုမရှိဘူး"

သူတို့သုံးဦးသား အံ့ဩစွာဖြင့် အကြောင်းရင်းကိုရှာဖွေနေကြသည်။

သူတို့သုံးဦး မည်သို့ခန့်မှန်းစေကာမူ သူတို့ရှေ့ရှိ ကလေးမလေးကြောင့် ဤသို့ဖြစ်ရမှန်း ဘယ်တော့မှသိမည်မဟုတ်။

"တော်တယ်"

ကျန်းချန် သူ့သမီးတော်လေးကို စိတ်ထဲမှလက်မထောင်ပြလိုက်သည်။

သူ၏ဝိညာဉ်ဓားကိုကိုင်ဆောင်၍ ထိုသုံးဦးရှေ့တွင် ရဲရင့်စွာဝှေ့ယမ်းနေလေသည်။

"ခင်ဗျားတို့သုံးယောက်က ကျွန်တော့်ကိုသတ်ပါဆိုတာကို လေးလေးစားစားမရှိဘူး၊ လာပါ လာသတ်စမ်းပါ"

ကျန်းချန်ချဉ်းကပ်လာသည်ကိုကြည့်ရင်း ထိုသုံးဦးမှာ အလျင်အမြန်နောက်ဆုတ်သွားကြသည်။

"ကလေး၊ ငါတို့ရဲ့ ဝိညာဉ်စွမ်းအားတွေ မရှိတော့ပေမယ့် မင်းလည်းမထိခိုက်ဘဲနေမှာမဟုတ်ဘူး"

"မှတ်တယ် ငါတို့သုံးယောက် မင်းကတစ်ယောက်တည်း၊ မင်းမနိုင်ပါဘူး"

သူတို့စိတ်ထဲတွင် ဝိညာဉ်စွမ်းအားများ ပျောက်ဆုံးသွားခြင်းမှာ တားမြစ်နယ်မြေ၏လွှမ်းမိုးမှုကြောင့်ဖြစ်သည်ဟု ထင်နေသည့်အတွက် ကျန်းချန်လည်း ဝိညာဉ်စွမ်းအားရှိမည်မဟုတ်ဟု ထင်ထားကြသည်။

သူတို့ပြော၍မပြီးခင်မှာပင် ကျန်းချန်၏ပုံရိပ်က သူရှိရာနေရာမှ ရုတ်တရက်ပျောက်ကွယ်သွားသည်။

ဝိညာဉ်စွမ်းအားမရှိသဖြင့် အကြီးအကဲသုံးဦး၏ တုံ့ပြန်မှုများမှာ အလွန်အမင်း‌နှေးကွေးနေပြီး မရှောင်နိုင်ပေ။

*ဘန်း ဘန်း ဘန်း*

သူတို့သုံးဦးစလုံး ဝိညာဉ်ဓားဖြင့် ရှယ်တီးခံရလေသည်။

ကျန်းချန်က ဓားသွားဖြင့်မခုတ်ဘဲ ဓားနှောင့်ဖြင့်ထုခဲ့ရာ ခေါင်းတွင် ဘုတစ်ဘုစီထွက်လာလေသည်။

"မင်းလုပ်ရဲလား"

"အစုတ်ပလုတ်ကောင်လေး၊ ငါတို့ကိုအရှက်ခွဲရဲတယ်ပေါ့"

ထိုလူကြီးသုံးဦးမှာ ဒေါသအထွက်လွန်၍ ရူးမတတ်ဖြစ်နေကြသည်။ သူတို့မှာ ချင်လန်စီရင်စုရှိ ဝိညာဉ်ခွဲထုတ်ခြင်းအဆင့် အကြီးအကဲများဖြစ်ကြသည်။ ဤသို့သော် 'ဆက်ဆံမှု'မျိုး- ခေါင်းကိုဓားနှောင့်နဲ့ထုခြင်းမျိုး-က သေအောင်အရှက်ခွဲခံရခြင်းဖြစ်၏။

ထို့ကြောင့် ကျန်းချန်တွင် အဘယ်ကြောင့် ဝိညဉ်စွမ်းအားရှိနေကြောင်းမေးရန် သတိမရကြပေ။

"အာ၊ ဆောရီးဗျို့။ ခင်ဗျားတို့ရဲ့ မြင့်မြတ်တဲ့ဂုဏ်သိက္ခာတွေကို မေ့သွားတယ်"

ကျန်းချန်က ရယ်ရင်းမောရင်း တောင်းပန်လိုက်ပြီးနောက် ဓားပျံကိုဆင့်ခေါ်လိုက်လေသည်။

ဓားပုံရိပ်ခြောက်ခု လေထုထဲဖြတ်သန်းသွားသည်၊ တစ်ယောက်လျှင်နှစ်ခု အတိအကျ။

"ဒီလိုသေခြင်းမျိုးကရော ခင်ဗျားတို့ရဲ့ ဂုဏ်သိက္ခာနဲ့ညီပြီလား"

All Chapters