လမ်းဘေးက ကြောင်တွေ ခွေးတွေ
Vol. 16 Ch. 151
“ဘာ… ဂိုဏ်းချုပ်စု... ခင်ဗျားပြောချင်တာက ကျုပ်ရဲ့ ဇန်ဂိုဏ်းမှာ မိစ္ဆာအတတ် ကျင့်နေတဲ့ တပည့်တွေ ရှိတယ်ပေါ့လေ။ အဟက်... အော်မီတော်ဖော်... ခင်ဗျား ဒီကိုပဲ လာခဲ့လိုက်ပါ။ ဒီကိုယ်တော်က ခင်ဗျားရဲ့ ခေါင်းကို ဉာဏ်အလင်းပွင့်သွားအောင် ကိုယ်တိုင် ဆုတောင်း ပေးပါ့မယ်။”
“ဘာတွေ လာပြောနေတာလဲ။ ဂိုဏ်းချုပ်စု။ ခင်ဗျား ရူးသွားပြီလား။ ကျုပ်ရဲ့ ဓားနက်ဂိုဏ်းမှာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူတွေ ရှိဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ ခင်ဗျား... ခင်ဗျား ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲအသစ် တစ်ခု ထပ်လုပ်ဖို့ အကြောင်းပြချက် ရှာနေတာတော့ မဟုတ်ပါဘူးနော်။ အလုပ်ရှုပ် ခံမနေပါနဲ့။ ခင်ဗျားတို့ ဓားကျောင်းတော်ကိုပဲ အနိုင်ပေးလိုက်ပြီလို့ မှတ်လိုက်ပါ။”
“ဘာ ခင်ဗျားက ဓားကျောင်းတော်ရဲ့ ဂိုဏ်းချုပ်လား။ သွား... ဖယ်စမ်း...”
စုချီနျန်သည် ဓားကို ပွေ့ပိုက်ကာ တင်ပလ္လင်ခွေထိုင်ရင်း ဂိုဏ်းခန်းမ၏ ရွှေရောင်မျက်နှာကြက်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။
“လောကကြီးကတော့ တကယ်ကို ပျက်စီးနေပြီပဲ... ငါ့ရဲ့ ဓားကျောင်းတော်က ချင်းယွန်ဘုံမှာ အနည်းဆုံးတော့ နာမည်ကျော် ဂိုဏ်းကြီးတစ်ဂိုဏ်းပါ။ အခုတော့ ဒီဂိုဏ်းတွေက ငါ့ကို ဒီလို ဆက်ဆံနေကြပြီပေါ့...”
နေ့တစ်ဝက်အတွင်းမှာတင် သူသည် ဂိုဏ်းအတော်များများကို ဆက်သွယ်ခဲ့ပြီး သူတို့တွင် မိစ္ဆာကျင့်စဉ် ကျင့်နေသည့် တပည့်များ ရှိနိုင်ကြောင်း သတိပေးကာ စုံစမ်းစစ်ဆေးရန် တိုက်တွန်းခဲ့သည်။ သို့သော် သူကိုယ်တိုင် ဂိုဏ်းတိုင်းကို လိုက်စစ်ပေးရန်တော့ မရည်ရွယ်ပေ။ သူက အားယားနေသူ မဟုတ်သလို အချိန်လည်း မရှိပေ။ အကယ်၍ အားနေလျှင်ပင် ထိုဂိုဏ်းများက သူ့ကို ပေးဝင်မည် မဟုတ်ပေ။ ဂိုဏ်းတံခါးဝ မရောက်ခင်မှာတင် ထိုဂိုဏ်းက အကြီးအကဲတွေက သူ့ကို တားဆီးကြပေမည်။
“ကိုယ်တိုင်က သေလူဖြစ်နေမှန်း မသိတဲ့လူတွေကို ရှင်းပြရတာ တကယ် ခက်တာပဲ။ ကျွတ်...”
စုချီနျန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ ဂိုဏ်းငယ်လေးများက ဓားကျောင်းတော်ကို ကြောက်ရွံ့ရိုသေဆဲ ဖြစ်ပြီး စုံစမ်းစစ်ဆေးပါ့မည်ဟု ကတိပေးကြသော်လည်း အများစုမှာ နှုတ်ဖြင့်သာ အလိုက်သင့် ပြောဆိုနေခြင်းဖြစ်ကြောင်း သူ သိသည်။
အဓိက ဂိုဏ်းကြီးများထဲတွင်တော့ အဂ္ဂိရတ်ဂိုဏ်း နှင့် လင်းရှီးတောင်ကြားတို့က သေချာပေါက် စစ်ဆေးပါ့မည်ဟု အာမခံထားသဖြင့် သူ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ နှစ်ဂိုဏ်းလုံးမှာ နာမည်ကျော် ဂိုဏ်းကြီးများ ဖြစ်သော်လည်း ဓားကျောင်းတော်လောက်တော့ ဂုဏ်သတင်း မကြီးကြပေ။ သို့သော် အကယ်၍ သူတို့က မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများကို ဖော်ထုတ်ပြီး လူသိရှင်ကြား ကြေညာလိုက်လျှင် အခြားဂိုဏ်းများလည်း အလေးအနက် ထည့်သွင်းစဉ်းစားလာရမည် ဖြစ်သည်။
“အခု ချင်းယွန်ဂိုဏ်း တစ်ခုပဲ ကျန်တော့တယ်...”
စုချီနျန်၏ အကြည့်မှာ “ချင်းယွန်”ဟု ကမ္ပည်းထိုးထားသော ကျောက်စိမ်းပြားပေါ်သို့ ကျရောက် သွားခဲ့သည်။ သူ၏ မျက်နှာရိပ်မှာ ရှုပ်ထွေးသွား၏။ ဓားကျောင်းတော်နှင့် ချင်းယွန်ဂိုဏ်းမှာ ဆက်ဆံရေး မကောင်းကြပေ။ စိတ်ထဲတွင်တော့ ချင်းယွန်ဂိုဏ်း ပျက်စီးမလား၊ ရှင်မလား သူ သိပ်ဂရုမစိုက်။ သို့သော် ကိုယ်ကျင့်တရား အရတော့ သူတို့ နားထောင်သည်ဖြစ်စေ၊ မနာထောင်သည်ဖြစ်စေ သူ သတိပေးသင့်သည်။
“ထားလိုက်ပါ။ ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် ချင်းယွန်ဘိုးဘေးက ငါ့ရဲ့ ငွေလရောင် (တမ်းတရသူ) ဖြစ်နေသေးတာပဲ။ ငါ သူ့ကို အကြောင်းကြားလိုက်မယ်လေ...”
စုချီနျန်၏ မျက်နှာမှာ တစ်မျိုးတစ်မည် ဖြစ်သွားပြီး နောက်ဆုံးတွင် ကျောက်စိမ်းပြားထဲသို့ စိတ်ဝိညာဉ်ချီစွမ်းအင် အနည်းငယ် ထည့်သွင်းလိုက်သည်။ သူက ချောင်းတစ်ချက် ဟန့်လိုက်ကာ အသံကို ပြုပြင်ပြီး ကျောက်စိမ်းပြားကို အသက်သွင်းလိုက်ရာ စိတ်ဝိညာဉ်ချီစွမ်းအင် ရောင်ပြန်ဟပ်မှု တစ်ခု ပေါ်လာသည်။ အလင်းမျက်နှာပြင်တွင် သူ့ကိုယ်သူ ပြန်မြင်နေရသည်။ သူ၏ ဆံပင်ဖြူများ၊ အိုမင်းနေသော မျက်နှာနှင့် ရင့်ကျက်နေသော ပုံစံမှာ ထိုအဘွားကြီးကို မြင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
ရုတ်တရက်...
ငယ်ရွယ်သော မိန်းကလေး တစ်ယောက် အလင်းမျက်နှာပြင်ထဲတွင် ပေါ်လာသည်။
“ဂိုဏ်းချုပ်စု၊ မတွေ့ရတာ ကြာပြီနော်။”
သူက ချစ်စဖွယ် ပြုံးလိုက်သည်။ အသက်၁၆ သို့မဟုတ် ၁၇နှစ်ခန့်သာ ရှိပုံရသော်လည်း နှစ်ပေါင်းများစွာ အတွေ့အကြုံများမှ ရရှိထားသော ရင့်ကျက်သည့် ဆွဲဆောင်မှုမျိုး ရှိနေ၏။
စုချီနျန်သည် ချက်ချင်းဆိုသလို မျက်နှာပြင်ကို ပိတ်လိုက်ပြီး ဟင်းလင်းပြင်ကို ငေးကြည့်ကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။ “ဘုရားသခင်... သူ ဘယ်တုန်းက သမီး ရသွားတာလဲ...”
“ငါ့ကိုတောင် မပြောဘူး...”
သူ ၄၅ဒီဂရီခန့် ခေါင်းမော့ကာ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
[ရှင် ဘာတွေ ရူးကြောင်ကြောင် ပြောနေတာလဲ]
ပွင့်နေဆဲဖြစ်သော ကျောက်စိမ်းပြားဆီမှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်လာသည်။
[ဒီအဘွားကြီးမှာ သမီးမရှိဘူး။ ကျွန်မက နုပျိုဆေး တစ်လုံး သောက်လိုက်ရုံပါ။]
ရင်းနှီးနေသော ထိုအက်ရှရှ အသံကြီးကို ကြားလိုက်ရမှသာ စုချီနျန် စိတ်အေးသွားသည်။ သူက မျက်နှာပြင်ကို ပြန်ဖွင့်ပြီး ပြုံးစိစိဖြင့် ပြောလိုက်သည်။
“ရုံချင်းယွန်။ မင်း ဘာတွေ လုပ်ထားတာလဲ။ မင်းပုံစံက ဂုဏ်သရေရှိတဲ့ လူတစ်ယောက်နဲ့ လုံးဝ မတူတော့ဘူး။”
[အဲဒါ အရေးမကြီးဘူး။ ကျွန်မ ရှင့်ကို တစ်ခု မေးစရာ ရှိတယ်]
[လီချင်းရန်ရဲ့ ဆရာက ရှင်တို့ ဓားကျောင်းတော်မှာ ရှိနေတာလား]
“ဟုတ်တယ်။” စုချီနျန်က မေးရသည့် အကြောင်းရင်းကို အံ့သြသွားသော်လည်း ရိုးရိုးသားသားပင် ဖြေလိုက်သည်။ “လီချင်းရန်ရဲ့ ဆရာက ငါတို့ကျောင်းတော်ရဲ့ မဟာအကြီးအကဲပဲ။ သူ့ရဲ့ ဝါစဉ်အရဆိုရင် ဘိုးဘေးလို့ ခေါ်တာတောင် မမှားဘူး။”
[သူနဲ့ တိုက်ရိုက် ဆက်သွယ်လို့ရတဲ့ ကျောက်စိမ်းပြား ပေးလို့ရမလား]
ချင်းယွန်ဘိုးဘေး၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားသည်။ သူက နှုတ်ခမ်းကို ကိုက်ကာ အကြည့်လွှဲလိုက်၏။
စုချီနျန် - “...”
နေပါဦး။ တစ်ခုခုတော့ လွဲနေပြီ။
သီးသန့် ကျောက်စိမ်းပြား လိုချင်ရင် ဒီအတိုင်း တောင်းရုံပဲလေ။ ဘာလို့ အရှက်သည်းနေတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ...
“ရုံချင်းယွန်... မင်း... မဟုတ်မှလွဲရော...”
[အမလေး... ကျွန်မက အခုတလော ဓားသိုင်းကို စိတ်ဝင်စားလာလို့ပါ...]
ချင်းယွန်ဘိုးဘေးသည် နီမြန်းနေသော ပါးပြင်လေးတွေကို အုပ်ကာ မျက်ဝန်းထဲတွင် ဆွဲဆောင်မှုများ ပြည့်နှက်လျက် ရွှန်းရွှန်းဝေအောင် ကြည့်နေသည်။ သူက အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ထပ်ပြောသည်။
[အဲဒီစီနီယာရဲ့ ဓားသိုင်းက တကယ့်ကို ထူးခြားတယ်။ ကျွန်မက... သူ့ဆီမှာ ဓားလမ်းစဉ်ကို အနက်ရှိုင်းဆုံး လေ့လာချင်လို့ပါ]
စုချီနျန် တိတ်ဆိတ်သွား၏။ သူ့အာရုံများ မမှားဘူးဆိုလျှင် သူ၏ ငွေလရောင်ကတော့ အခိုးခံရတော့မည်။ သူခိုးသူလည်း သူ၏ မဟာအကြီးအကဲ ဖြစ်နေ၏။
ခံစားချက်ကတော့... တကယ့်ကို ထူးဆန်းလှ၏။ မိမိ၏ တာအိုအဖော်ဟောင်းက အဘိုးဖြစ်သူကို ချစ်မိသွားသလိုမျိုးပင်။ သူ အတော်ကြာ စဉ်းစားပြီးမှ မေးခွန်းတစ်ခုသာ မေးလိုက်သည်။
“...မင်းရဲ့သားကော သိလား။”
ချင်းယွန်ဘိုးဘေးနှင့် စကားပြောရခြင်းမှာ ယခုတစ်ခါမှာတော့ ပထမဆုံးအကြိမ် အဆင်ပြေ သွားသည်။ ပုံမှန်ဆိုလျှင် သုံးခွန်းထက် ပိုမပြောရဘဲ ရန်ဖြစ်ကြစမြဲ ဖြစ်သည်။
ရုံချင်းယွန်က လေးလေးနက်နက် ပြောကြားခဲ့သည်မှာ အကယ်၍ ဂိုဏ်းများအတွင်း မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများ ခိုးဝင်နေသည့် ကိစ္စမှာ ထိုစီနီယာကြီး ထောက်ပြထားသည့် ကိစ္စ ဆိုလျှင် သူ့အနေဖြင့် ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို သေချာ စုံစမ်းစစ်ဆေးခိုင်းပေမည်။ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများ အခြေအနေကို အခွင့်ကောင်းယူခွင့် ပေးလိမ့်မည် မဟုတ်ပေ။
ကျောက်စိမ်းပြားကို ပိတ်လိုက်ပြီးနောက် စုချီနျန် ခြောက်ကပ်ကပ် ရယ်မောကာ သက်ပြင်း ချလိုက်သည်။
“ဟူး... ငါ့မှာ ငွေလရောင်ပေါင်း တစ်ရာကျော် ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီနေ့ ငါ့ရဲ့ တာအိုနှစ်လုံးသား တစ်ခုလုံး ကြေမွသွားတော့မှာ...”
ထို့နောက် သူက အမျိုးသမီး ကျင့်ကြံသူများ၏ သီးသန့် ဆက်သွယ်မှု ကျောက်စိမ်းပြား အစုအဝေးထဲမှ ချင်းယွန်ဂိုဏ်း၏ ကျောက်စိမ်းပြားကို ယူကာ မနှစ်မြို့ဖွယ် ကြည့်ပြီး ဘေးသို့ ပစ်ထားလိုက်သည်။ ထို့နောက် သူ၏ဓားပျံပေါ်သို့ တက်ကာ လျိုရှားတောင်ထွတ်သို့ ဦးတည်လိုက်သည်။ ဘိုးဘေးကို အစီရင်ခံရန် အချိန်တန်လေပြီ။
“ချင်းရန်၊ ဒါတွေက ချင်းယွန်ဘုံ ဂိုဏ်းအားလုံးဆီက ပြန်ကြားချက်တွေပဲ။”
အခန်းလေးထဲတွင် စုချီနျန်က လီချင်းရန်ကို ကျောက်စိမ်းပြား တစ်ခု ပေးလိုက်သည်။ သူ ထွက်ခွာတော့မည့် အချိန်တွင် ရပ်တန့်ပြီး ပြန်လှည့်ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“ဒါနဲ့... ငါ ခုနတင် ချင်းယွန်ဘိုးဘေးနဲ့ စကားပြောခဲ့တယ်။ အဲဒီအဘွားကြီးတော့ ရူးသွားပြီ ထင်တယ်။ နုပျိုဆေး သောက်ပြီး သူ့ကိုယ်သူ ငယ်ရုပ် ပြန်ဖမ်းထားတယ်။ အခုဆို သူက အရမ်းကို ဆွဲဆောင်မှု ရှိပြီး လှပနေတာ... နူးညံ့နေတာပဲ... ဒါနဲ့ သူ မင်းရဲ့ ဆရာကို သိလား...”
ခေါင်းအုံးစွပ်ကို အာရုံစိုက် ချုပ်နေသော လီချင်းရန်သည် ရုတ်တရက် ခေါင်းမော့ကာ ကြည့်လိုက်သည်။
“ဂိုဏ်းချုပ်... ရှင် သူ့ကို ပေးလိုက်သေးလား...”
“မပေးပါဘူး။ ငါ့မှာ ပေးဖို့လည်း မရှိဘူး၊ ရှိရင်တောင် မပေးဘူး။” စုချီနျန်က နဖူးမှ ချွေးအေးများ သုတ်ရင်း အလျင်အမြန် ခေါင်းခါပြလိုက်သည်။
ဘုရားသခင်။ သူက လီချင်းရန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် တစ်ခုကို အမှန်တကယ် တွေ့လိုက်ရခြင်း ဖြစ်သည်။
“ဒါဆိုရင် တော်သေးတာပေါ့။” လီချင်းရန်က စိတ်အေးသွားသလို သက်ပြင်းချကာ နူးညံ့စွာ ပြုံးလိုက်သည်။ “ဆရာက အရမ်း အလုပ်ရှုပ်နေတာ။ သူက မိစ္ဆာကြီးတွေကို တိုက်ခိုက်ရသလို ခန္ဓာကိုယ်ထဲက အဆိပ်တွေကိုလည်း နှိမ်နင်းနေရတာ။ လမ်းဘေးက ကြောင်တွေ ခွေးတွေ သူ့ကို အနှောင့်အယှက် ပေးဖို့ မလိုဘူး။”
“ဒါပေါ့၊ ဒါပေါ့။ ဟားဟား... ငါ... ငါ အလုပ်ရှိသေးလို့ သွားလိုက်ဦးမယ်။”
စုချီနျန် ခြောက်ကပ်ကပ် ရယ်မောရင်း လျိုရှားတောင်ထွတ်မှ အမြန်ပြေးထွက်လာခဲ့သည်။ အရမ်း ကြောက်စရာကောင်းသည်။ သူက ချင်းယွန်ဘိုးဘေးကို လမ်းဘေးခွေးလို့ တိုက်ရိုက် ခေါ်လိုက်တာနှင့် အတူတူပင်။
သူ၏ အခြားတပည့်ဖြစ်သူ ယွဲ့ချန်ချီကမှ တော်သေးသည်။ နည်းနည်းတော့ နှေးသည်။ အရက် ကြိုက်သည်။ သို့သော် အနည်းဆုံးတော့ ပုန်ကန်မည့် စိတ်ကူးလည်း မရှိသလို ဆရာ့ရဲ့ ပုဂ္ဂလိက ဘဝကိုလည်း ဝင်မစွက်ဖက်ပေ။
ဟူး... ဒီလို တပည့်မျိုးနဲ့ဆိုရင်တော့ ဘိုးဘေးခမျာ မောင်းမဆောင်ကို အေးအေးဆေးဆေး တည်ဆောက်နိုင်မှာ မဟုတ်ဘူး။
စုချီနျန်က ဓားကို စီးလျက် ခေါင်းခါကာ သက်ပြင်းချရင်း ထွက်ခွာသွားတော့သည်။
“ကျွတ်... ရုံချင်းယွန်... မင်းက တကယ်ကို သနားစရာ ကောင်းတာပဲ... ဟဲဟဲ။”
စားပွဲတွင် လီချင်းရန်က အတော်ကြာအောင် မှိုင်တွေနေမိသည်။ ထို့နောက် သူသည် တစ်ဝက် တစ်ပျက် ချုပ်ထားသော ခေါင်းအုံးကို ပြန်ဖြုတ်လိုက်၏။
အဝတ်စကို ကြာရွက်ပုံ ဖော်ထားသည့် အစဖြင့် အစားထိုးလိုက်ပြီး သူ တစ်ခါမှ မပေးရဲခဲ့သည့် လက်ဖက်ခြောက် အိတ်လေးကို ထုတ်ယူကာ ဂရုတစိုက် ပြောင်းပြန်လှန်လိုက်ရာ ဖားရုပ်လေး တစ်ရုပ် ပေါ်လာသည်။ ဖားရုပ်လေးနှင့် ကြာရွက်လေးကို သူ၏ လက်ချောင်းလေးများဖြင့် ပွတ်သပ်နေရင်း လက်များမှာ အနည်းငယ် တုန်ယင်နေ၏။
သူ၏ မျက်နှာမှာ ပို၍ပို၍ နီမြန်းလာသည်။ သို့သော် နောက်ဆုံးတွင်တော့ သူ ၎င်းကို မူလအတိုင်း ပြန်မလဲတော့ပေ။