မင်းလည်း ကောင်းကင်နက္ခတ်တွေကို တွက်ချက် နိုင်တယ်ပေါ့လေ
Vol. 16 Ch. 152
“အစတုန်းက အဲဒီစီနီယာက ပိုပြောနေတယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ငါ့ရဲ့ လင်းရှီးတောင်ကြားမှာ တကယ်ပဲ မိစ္ဆာအတတ် ကျင့်နေတဲ့ တပည့်ရှိနေမယ်လို့ မထင်ထားမိဘူး...”
လင်းရှီးတောင်ကြား၏ ဂိုဏ်းရင်ပြင်အလယ်တွင် ယွန်စုရှင်း ရပ်နေသည်။ သူ၏ နုနယ်သော မျက်နှာလေးမှာ ဒေါသရိပ်များဖြင့် ပြည့်နှက်နေ၏။ သူ့ရှေ့တွင် ဒူးထောက်နေသည်မှာ မျက်ရည်၊ နှပ်ချေးများဖြင့် တုန်ယင်နေသော အမျိုးသမီးတပည့်တစ်ဦးပင်။ သူတို့ ပတ်ပတ်လည်တွင် အခြားတပည့်များက ခေါင်းငုံ့ကာ အသက်ရှူသံပင် မထွက်ရဲဘဲ ရပ်နေကြသည်။
လင်းရှီးတောင်ကြားသည် တပည့်များ အချင်းချင်း တာအိုအဖော်ပြုလုပ်ခြင်း သို့မဟုတ် ဆန့်ကျင်ဘက်လိင် ကျင့်ကြံသူများနှင့် ချစ်ကျွမ်းဝင်ခြင်းကို ပြင်းပြင်းထန်ထန် တားမြစ် ထားသည်။ အကယ်၍ ဖောက်ဖျက်ပါက ပြင်းထန်သော ပြစ်ဒဏ်များရှိသည်။ သို့သော် မိစ္ဆာအတတ် ကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်လျှင် ထိုပြစ်ဒဏ်များမှာ ဘာမှမဟုတ်တော့။ အဆင့်အတန်းချင်း လုံးဝ မတူညီတော့ချေ။
“ကျွန်မကို ချမ်းသာပေးပါ သခင်မလေး... ကျွန်မ ခဏတာ မှားယွင်းသွားလို့ပါ...”
ထိုတပည့်မလေးမှာ ယွန်စုရှင်း၏ ဒေါသတကြီး ကြည့်နေသော အကြည့်ကို မရင်ဆိုင်ရဲပေ။ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ယင်နေပြီး မျက်နှာမှာလည်း ကြည့်မကောင်းအောင် ဖြစ်နေ၏။
အခွင့်အရေးရမည်ဆိုပါက သူသည် ထိုမိစ္ဆာလမ်းစဉ်ကျင့်ကြံသူနှင့် လုံးဝ ပတ်သက်လိမ့်မည် မဟုတ်ပေ။ မည်မျှပင် ရုပ်ချောပါစေ၊ မည်မျှပင် အစွမ်းထက်ပါစေ၊ အသံ မည်မျှပင် ဆွဲဆောင်မှုရှိပါစေ သူသည် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူသာ ဖြစ်သည်။ ထိုသူ့ဆီမှ မည်သည့် အရာကများ ကောင်းနိုင်မည်နည်း...
ယခုတော့မူ သူ အမှားကို သိခဲ့ပြီး နောင်တရနေပြီ... သို့သော် နောက်ကျသွားခဲ့လေပြီ။
“မိစ္ဆာအတတ် ကျင့်ကြံတာက သေသင့်တဲ့ ရာဇဝတ်မှုပဲ...” ယွန်စုရှင်းက အေးစက်စက် အသံဖြင့် လက်ဝှေ့ယမ်းလိုက်သည်။ “တစ်ယောက်ယောက် သူ့ကို ဝိညာဉ်ဖြတ်တောက်အဆိပ် ပေးလိုက်စမ်း...”
ဝိညာဉ်ဖြတ်တော်အဆိပ်က လင်းရှီးတောင်ကြား၏ သီးသန့်ဖြစ်သည့် အသက်အန္တရာယ်ရှိသော အဆိပ်ဖြစ်သည်။ ၎င်းသည် လုံးဝ ကုသ၍ မရနိုင်သည်တော့ မဟုတ်သော်လည်း၊ သေသင့်သော အမှားလုပ်သူများကို ခြောက်လှန့်ရန် လုံလောက်သော အာနိသင် ရှိသည်။
“နေဦး...”
ယွန်စုရှင်း၏ အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
ယွန်ပိုင်ယွီ အရှေ့သို့ လှမ်းလာသည်။ သူ၏ အေးစက်သော အကြည့်က လူအုပ်ကို ဝှေ့ကြည့်ပြီးနောက် ဒူးထောက်နေသော တပည့်မလေးအပေါ် ကျရောက်သွားသည်။ သူက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “မင်းရဲ့ ဒန်တျန်ကို ကိုယ်တိုင် ဖျက်ဆီးလိုက်။ လင်းရှီး တောင်ကြားကို ဆယ်စုနှစ်တစ်ခုကြာ အပြစ်မရှိဘဲ အမှုထမ်းခဲ့တာကို ထောက်ထားပြီးတော့ ဆေးဥယျာဉ်တွေကို စောင့်ရှောက်ရတဲ့ အစေခံတပည့်အဖြစ် ဆက်နေခွင့်ပေးမယ်။”
ထိုစကားကို ကြားလိုက်ရသောအခါ တပည့်မလေးမှာ ဘုရားကယ်မခြင်းကို ရလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ အကြိမ်ကြိမ် ဦးတိုက်ကာ ငိုကြွေးရင်း ပြောလိုက်သည်။ “ကျေးဇူး တင်ပါတယ် ဂိုဏ်းချုပ်... ဂိုဏ်းချုပ်ရဲ့ ကရုဏာတော်ကို ကျေးဇူးတင်ပါတယ်...”
ထိုအချိန်တွင် အသက်ရှင်ခွင့်ရခြင်းမှာတင် ကောင်းချီးတစ်ခု ဖြစ်နေလေပြီ။ ကျင့်ကြံခြင်းက ဘာအရေးပါတော့မည်နည်း။ အနည်းဆုံးတော့ လင်းရှီးတောင်ကြားအတွင်းမှာ စိတ်ဝိညာဉ် ချီစွမ်းအင်နှင့် ဆေးပင်ဆေးမြစ်များ ပေါများလှသည်။ ကံကြမ္မာ၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေမည့် အစွမ်းမဲ့ သာမန်လူတစ်ယောက် ဖြစ်သွားတာထက်စာလျှင် အများကြီး သာလွန် ပါသေးသည်။
...
“အမေကတော့... ဒီနေ့လည်း သမီးကို လူဆိုးကြီး လုပ်ခိုင်းပြန်ပြီ...”
လင်းရှီးတောင်ကြား၏ အနောက်တောင်ကုန်းသို့ ရောက်သောအခါ ယွန်စုရှင်းသည် သူ၏ တင်းမာသော ပုံစံကို လုံးဝ ဖျောက်ဖျက်လိုက်ပြီ ဖြစ်သည်။ သူက ယွမ်ပိုင်ယွီ၏ လက်မောင်းကို ကုတ်ကပ်တွယ်ကပ်ရင်း နှုတ်ခမ်းစူကာ ပြောနေ၏။
ယွန်ပိုင်ယွီ ရယ်မောရင်း သမီးဖြစ်သူ၏ ခေါင်းကို ချော့မြူသည့်အနေဖြင့် အသာအယာ ပုတ်ပေးလိုက်သည်။ “တစ်နေ့ကျရင် သမီးက လင်းရှီးတောင်ကြားကို ဆက်ခံရမှာ။ သမီးရဲ့ အာဏာကို အစောကြီးကတည်းက တည်ဆောက်ထားဖို့ လိုတယ်။”
“သမီး ငြင်းတယ်။ လင်းရှီးတောင်ကြားကို အမေပဲ ထာဝရ စီမံပေးရမှာ... နှစ်ပေါင်း တစ်ထောင်၊ တစ်သောင်း၊ အမေ့အတွက်ပဲ။”
ယွန်ပိုင်ယွီက ရင်ထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။ ထိုစကားစစ်ထိုးပွဲမှာ သူ အနိုင်ရမည့်ပွဲ မဟုတ်မှန်း သူ သိသည်။
ထို့ကြောင့် သူ စကားလမ်းကြောင်း လွှဲလိုက်သည်။ “ဟိုစီနီယာကြီးက ဂိုဏ်းချုပ်စုကို လာသတိပေးခိုင်းလို့ တော်သေးတာပေါ့။ မဟုတ်ရင် အမေတို့လည်း အမှောင်ထဲမှာပဲ ရှိနေဦးမှာ။ ဒီမိစ္ဆာအတတ်တွေရဲ့ ကိုယ်ယောင်ဖျောက်ပုံက တကယ် ကြောက်စရာကောင်းတယ်။ တကယ်လို့ နှလုံးသားမှန် ရတနာကိုသာ မသုံးခဲ့ရင် ဘေးဒုက္ခ မကျရောက်မချင်း အမေတို့ ရှာတွေ့မှာ မဟုတ်ဘူး။”
ပုံမှန်ဆိုလျှင် ဓားကျောင်းတော်၏ မဟာအကြီးအကဲအကြောင်း ပြောလျှင် ယွန်စုရှင်းက ဇွတ်ငြင်းတတ်သော်လည်း ယနေ့တွင်မူ သူက ထူးထူးခြားခြား ငြိမ်သက်နေသည်။
ကျုံးကျိုးလျို့ဝှက်နယ်မြေ ဖွင့်ခါနီးအချိန်တွင် အချို့သော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများက ဂိုဏ်းများအတွင်း မိစ္ဆာကျင့်စဉ်များကို တမင်ဖြန့်ဝေခဲ့ခြင်းမှာ... သူတို့၏ ယုတ်မာသော ရည်ရွယ်ချက်က သိသာလှသည်။ အကယ်၍ ဓားကျောင်းတော်၏ သတိပေးချက်သာ မရှိခဲ့လျှင် အကျိုးဆက်မှာ တွေးဝံ့စရာပင် မရှိချေ။
“စုရှင်း၊ တခြားဂိုဏ်းတွေကို သွားအကြောင်းကြားလိုက်ဦး။ သတိပေးပြီး သူတို့ရဲ့ တပည့်တွေကို ချက်ချင်း စစ်ဆေးဖို့ တိုက်တွန်းလိုက်...”
ယွန်ပိုင်ယွီက လေးလေးနက်နက် ညွှန်ကြားလိုက်သည်။
“ဂိုဏ်းချုပ်စုက လေးစားခံရတဲ့သူ ဖြစ်နိုင်ပေမဲ့ အချို့ဂိုဏ်းတွေက သူ့စကားကို အလေးမထား တာမျိုး ရှိနိုင်တယ်။”
“ဟီးဟီး၊ အမေပြောတာ မှန်တယ်။ ဟိုဓားပြဗိုလ် စုချီနျန် စကားကို ဘယ်သူက ယုံမှာလဲ။ သမီးတို့ လင်းရှီးတောင်ကြား စကားကိုပဲ ယုံကြမှာ...”
ယွန်စုရှင်းက အခြားဂိုဏ်းများ စုချီနျန်၏ သတိပေးချက်ကို မည်သို့ ပစ်ပယ်ခဲ့ကြမည်ကို စိတ်ကူးကြည့်ရင်း တခီးခီး ရယ်နေလေသည်။ သူက သီချင်းလေး ညည်းဆိုကာ ကျောက်စိမ်းပြားများကို ယူပြီး အခြားဂိုဏ်းများကို ဆက်သွယ်လိုက်တော့သည်။
ယွန်ပိုင်ယွီသည် ခုန်ပေါက်ပြေးထွက်သွားသော သမီးဖြစ်သူကို ကြည့်ရင်း သူ၏ မျက်ဝန်းထဲတွင် နွေးထွေးမှုနှင့် နှမြောတသမှုများ ပြည့်နှက်နေ၏။ သူ၏ ရင်ဘတ်နှင့် သွေးကြောများအတွင်းမှ စူးရှသော နာကျင်မှုက သူ့တွင် အချိန်အများကြီး မကျန်တော့ကြောင်း အမြဲတစေ သတိပေး နေသကဲ့သို့ပင်...
...
လင်းရှီးတောင်ကြားနှင့် အဂ္ဂိရတ်ဂိုဏ်းတို့သည် မိစ္ဆာကျင့်စဉ် ကျင့်ကြံသူ တပည့်များကို ဖော်ထုတ်နိုင်ခဲ့ကြောင်း တပြိုင်နက်တည်း ကြေညာခဲ့ကြသည်။
ထိုသတင်း ပြန့်နှံ့သွားသည်နှင့် တစ်ပြိုင်နက် ချင်းယွန်ဘုံ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တော့သည်။ စုချီနျန်၏ သတိပေးချက်ကို လျစ်လျူရှုခဲ့သော ဂိုဏ်းများသည်လည်း အရေးပေါ် စုံစမ်းစစ်ဆေးမှုများ ချက်ချင်း စတင်ကြတော့သည်။
မကြာမီ အဂ္ဂိရတ်ဂိုဏ်းဘက်မှ သတင်းထွက်လာသည်။ ထိုမိစ္ဆာကျင့်စဉ်မှာ အလွန်သိမ်မွေ့ပြီး ဖုံးကွယ်ရ လွယ်ကူလှသည်။ ထို့ကြောင့် ဂိုဏ်းအသီးသီးမှာ အဂ္ဂိရတ်ဂိုဏ်းမှ အသစ် ဖော်စပ်ထားသော မိစ္ဆာဖော်ဆေးလုံးများကို သူတို့တပည့်များအတွက် အလုအယက် ဝယ်ယူကြတော့သည်။
ရက်အနည်းငယ်အတွင်းမှာတင် ဂိုဏ်းများအတွင်း ပုန်းအောင်းနေသော မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အများအပြား ပေါ်ထွက်လာသည်။ ဒေါသထွက်နေသော ဂိုဏ်းချုပ်များက အကြီးအကျယ် သုတ်သင်ရှင်းလင်းရန် အမိန့်ပေးကြသော်လည်း၊ ကံဆိုးစွာပင် အချို့ဂိုဏ်းများမှာ မိစ္ဆာ တစ်ကောင်မှပင် ဖမ်းမမိခဲ့ချေ။ အများစုမှာ အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ် သွားကြပြီ ဖြစ်သည်။
ချင်းယွန်ဂိုဏ်းလည်း မိစ္ဆာဖော်ဆေးလုံး တစ်သုတ် ဝယ်ယူခဲ့သည်။ ဂိုဏ်းချုပ် ဝူတွမ်ထျန်းသည် ထိုဆေးလုံးများကို တောင်ထွတ်အသီးသီးရှိ အကြီးအကဲများထံ ဖြန့်ဝေပေးကာ စစ်ဆေးရန် အမိန့်ပေးခဲ့သည်။
ချီရှောင်းတောင်ထွတ်တွင် တာအိုပညာရှင် ချင်းရွှမ်းက ဆေးလုံးများကို လုချန်ထျန်းထံ ပေးလိုက်သည်။
“ငါတို့ ချင်းယွန်ဂိုဏ်းမှာ မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ ရှိမယ်လို့ ငါ မယုံဘူး... အထူးသဖြင့် ချီရှောင်း တောင်ထွတ်မှာပေါ့။ ဒါပေမဲ့ ဒါက ဂိုဏ်းချုပ်ရဲ့ အမိန့်ဆိုတော့ မင်းရဲ့ ကြီးကြပ်မှုအောက်မှာ အားလုံးကို ဆေးတိုက်လိုက်။”
“လုချန်ထျန်း။ ဒါ မင်းကိုပဲ လွှဲလိုက်တော့မယ်။” ချင်းရွှမ်က ပေါ့ပေါ့ပါးပါး ပြောပြီး ထွက်သွားတော့သည်။ သူကိုယ်တိုင် ကြီးကြပ်ရန် စိတ်မဝင်စားချေ။
လုချန်ထျန်းက ဆေးလုံးများ ဖြန့်ဝေရန် ပြင်နေစဉ် မုပိုင်ရွှမ်က ရုတ်တရက် ရှေ့သို့ လှမ်းလာပြီး ဆေးလုံးများကို လက်ထဲမှ လုယူကာ တခီးခီး ရယ်လိုက်သည်။
“ဟေး ဂျူနီယာညီမ၊ မင်း...”
“စီနီယာအစ်ကို၊ အဂ္ဂိရတ်ဂိုဏ်းရဲ့ ဆေးလုံးတွေက ချင်းယွန်ဘုံမှာ အကောင်းဆုံးလို့ ကြားဖူးတယ်။ မြင့်မြတ်နယ်မြေတွေ ဒါမှမဟုတ် ဟင်းလင်းပြင်ချောက်နက်သာ ဝင်မပါရင် သူတို့ရဲ့ ဆေးတွေကို ဘယ်သူမှ မယှဉ်နိုင်ဘူးတဲ့။ ကျွန်မက သိချင်လို့ ကြည့်ရုံတင်ပါ။ ဘာလို့ ဒီလောက်တောင် စိတ်ပုပ်နေရတာလဲ...”
မုပိုင်ရွှမ်က နှုတ်ခမ်းလေး စူကာ မကျေနပ်သလို ဟန်ဆောင်လိုက်သည်။ ချီရှောင်းတောင်ထွတ်မှ အခြားတပည့် သုံးဦးကလည်း ချက်ချင်းပင် ဝိုင်းပြောကြတော့သည်။
“စီနီယာအစ်ကို၊ ညီမလေးကို ကြည့်ခွင့်ပေးလိုက်ပါ၊ ဒါက ကိစ္စအကြီးကြီးမှ မဟုတ်တာ။”
“ဟုတ်တယ်။ တကယ်လို့ သူ အဲဒါတွေကို ပစ်ချလိုက်ရင်တောင် ကျွန်တော် ရှောင်ယိဖုန်းက အဲဒါထက် ပိုကောင်းတာကို ချက်ချင်း ဖော်ပေးနိုင်တယ်...”
“စီနီယာအစ်ကို၊ ညီမလေးက အစ်ကို့ကို အမြဲ ကပ်နေတာပဲလေ။ ဘာလို့ သူ့အပေါ် ဒီလောက် တင်းကြပ်နေရတာလဲ...”
အားလုံး၏ ဝိုင်းပြောမှုကြောင့် လုချန်ထျန်းမှာ ဘာမှပြန်မပြောနိုင်တော့ပေ။ ကံကောင်းစွာဖြင့် မုပိုင်ရွှမ်သည် ဆေးလုံးများကို ခဏမျှ စစ်ဆေးပြီးနောက် ပြန်ပေးခဲ့သည်။
“ရော့... ကပ်စေးနှဲတဲ့ စီနီယာအစ်ကို... ဟမ့်။ ဒီမိစ္ဆာဖော်ဆေးလုံးတွေက ဘာမှ မထူးခြားပါဘူး။ ဒုတိယစီနီယာအစ်ကိုရဲ့ အဂ္ဂိရတ်ပညာကိုတောင် မမီဘူး...”
ထိုစကားကို ကြားသောအခါ ရှောင်ယိဖုန်းမှာ ဂုဏ်ယူဝင့်ကြွသွားပြီး မုပိုင်ရွှမ်၏ မျက်စိစူးရှပုံကို ချက်ချင်း ချီးကျူးတော့သည်။ လုချန်ထျန်းမှာမူ စည်းကမ်းထိန်းသိမ်းရန်သာ အာရုံစိုက်နေသဖြင့် လက်ထဲမှ ဆေးလုံးများ အလဲခံလိုက်ရသည်ကို သတိမထားမိခဲ့။
တစ်နာရီအကြာတွင်... ချင်းယွန်ဂိုဏ်းက အရေးပေါ် အစည်းအဝေး ကျင်းပခဲ့သည်။
မိစ္ဆာအတတ် ကျင့်ကြံနေသော တပည့်သုံးဦး ပေါ်ထွက်လာသည်။ မိစ္ဆာဂိုဏ်း၏ တည်နေရာနှင့် ပတ်သက်၍ သတင်းအချက်အလက် မပေးနိုင်သည့်အတွက် သူတို့အား နေရာမှာတင် ကွပ်မျက် လိုက်ကြသည်။ ဂိုဏ်းအစည်းအဝေး တစ်ခုလုံးတွင် တာအိုပညာရှင် ချင်းရွှမ်းသည် မျက်လုံးများကို မှိတ်ထားပြီး ဘာကိုမှ စိတ်ဝင်စားပုံ မရပေ။
အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ချီရှောင်းတောင်ထွတ်မှာ လုံးဝ သန့်ရှင်းနေပြီး မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ တစ်ဦးမှ မရှိသောကြောင့်ပင်။ အားလုံးက ပုံမှန်အတိုင်း ဖြစ်နေ၏။
...
“သခင်လေး။ ကျွန်မတို့ရဲ့ နယ်ရုပ်တွေ အများကြီး ပေါ်ကုန်ပြီ။ ဘာဆက်လုပ်ကြမလဲ”
ချင်းယွန်ဂိုဏ်း၏ အပြင်ဘက်ရှိ သီးခြား ဝိညာဉ်စိုက်ခင်းတစ်ခုတွင်... မုပိုင်ရွှမ်သည် ရှေ့မှ မှန်ချပ်ကို စိုက်ကြည့်နေသည်။ သူ၏ မျက်နှာမှာ လေးနက်နေ၏။
မှန်ချပ်အတွင်း၌ သွေးကဲ့သို့ နီရဲသော ရေကန်တစ်ခု ရှိနေသည်။ အလယ်တွင် ထိုင်နေသည်မှာ နီရဲသော ဆံနွယ်ရှည်များ ရှိသည့် အရပ်ရှည်ရှည် လူတစ်ဦး ဖြစ်သည်။ သူ၏ ရုပ်ရည်မှာ အလွန်စူးရှပြီး လူသားမဟုတ်သော ဆွဲဆောင်မှုမျိုး ရှိနေသည်။ မျက်လုံးမှိတ်ထားသည့်တိုင် သူ၏ တည်ရှိမှုမှာ ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။
မုပိုင်ရွှမ်၏ အကြည့်မှာ ပို၍ပို၍ ပူပြင်းလာသည်။ သူ၏ အသက်ရှူသံများ မြန်လာပြီး သူ၏ လက်များမှာ မသိမသာ ပေါင်ပေါ်သို့ ရောက်ရှိသွားသည်။
ရုတ်တရက် သွေးကန်ထဲမှ ထိုလူက မျက်လုံးများကို ဖွင့်လိုက်သည်။
မိစ္ဆာစွမ်းအင်များ ဝုန်းခနဲ ထွက်ပေါ်လာ၏။ သူ၏ နီရဲသော ဆံနွယ်ရှည်များမှာ အရိုင်းဆန်စွာ လွင့်ပျံသွားပြီး သူ၏ အသက်ရှူသံနှင့်အတူ ပတ်ဝန်းကျင်မှ သွေးများမှာလည်း ပြင်းထန်စွာ လှိုင်းထသွားသည်။ နီရဲသော မျက်ဝန်းထဲတွင် ယုတ်မာသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး အေးစက်စွာ ပြုံးလိုက်၏။
“ဟမ့်... ငါ့ရဲ့ ကောင်းကင်မိစ္ဆာဂိုဏ်း အစီအစဉ်တွေကို ဘယ်သူက ဝင်နှောက်ယှက်ရဲတာလဲ။ ကြည့်ရသေးတာပေါ့...”
ထိုသို့ပြောပြီးနောက် သူက အကြည့်ကို ကောင်းကင်ယံသို့ ပင့်တင်လိုက်သည်။ သူ၏ နီရဲသော မျက်ဆံများမှာ ဆိုးယုတ်သော အလင်းရောင်များ တောက်ပလာပြီး ကောင်းကင်ဘုံထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်...
သူက ကံကြမ္မာ၏ လျို့ဝှက်ချက်များကို စတင်တွက်ချက်နေပြီ ဖြစ်သည်။
...