ဘာဖြစ်လို့ ခင်ဗျားကြီးပဲ ဖြစ်ရပြန်တာလဲ
Vol. 16 Ch. 153
“တကယ်ကို ထူးကဲတာပဲ... ဒါ သခင်လေးရဲ့ ကောင်းကင်မိစ္ဆာ ကောင်းကင်ကြည့်အတတ်ပဲ...”
အခြားသော သက်ရှိများ၏ ကံကြမ္မာကို ယဇ်ပူဇော်ပြီး ကံကြမ္မာ၏ အစအနတစ်ခုကို ချောင်းကြည့်ရသည့် လျို့ဝှက်အတတ်ပင်...
သခင်လေးကဲ့သို့ မိစ္ဆာပါရမီရှင် တစ်ဦးသာလျှင် ထိုကဲ့သို့သော အတတ်ကို တတ်မြောက် နိုင်ပေလိမ့်မည်...
မုပိုင်ရွှမ်၏ အကြည့်မှာ ပို၍ မူးယစ်ရီဝေလာခဲ့သည်။ သူ၏ လက်ချောင်းလေးများမှာ ပေါင်ပေါ်တွင် မသိမသာ စက်ဝိုင်းလေး ဆွဲနေမိသည်။ ထိုနူးညံ့ဖြူဝင်းသော ပေါင်များကို ချီရှောင်းတောင်ထွတ်မှ မည်သည့်တပည့်မှ မထိတွေ့ဖူးချေ။ တစ်စုံတစ်ယောက်က သူ၏လက်ကို မတော်တဆ ထိမိလျှင်ပင် သူက လက်ကိုင်ပဝါဖြင့် နာရီဝက်ခန့် ပွတ်တိုက်ဆေးကြောတတ်သူ ဖြစ်လေသည်။
သို့သော်လည်း ယခုတွင်မူ သူ၏ စိတ်ထဲတွင် သခင်လေး၏ နွေးထွေးသော လက်များက သူ၏ အသားပေါ်တွင် ပြေးလွှားနေသည့် ပုံရိပ်များဖြင့် ပြည့်နှက်နေတော့သည်။
မှန်ချပ်အတွင်းမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ထိုအော်ဟစ်သံများမှာ ကောင်းကင်မိစ္ဆာသခင်လေး၏ အနောက်ဘက် မှောင်မည်းသော ထောင်ထဲမှ လာခြင်းဖြစ်သည်။ အနက်ရောင် လှောင်အိမ်များစွာကို ရှုပ်ထွေးသော အခင်းအကျင်းများဖြင့် ဝန်းရံထားပြီး လိုဏ်ဂူ တစ်ခုလုံးကို ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်စေသည့် အေးစက်သော မိစ္ဆာအငွေ့အသက်များ ပျံ့နှံ့နေ၏။
လှောင်အိမ်များအတွင်း၌ ကျင့်ကြံသူများနှင့် သာမန်လူများကို အတူတကွ ပိတ်လှောင်ထားသည်။ ထိုအချိန်တွင် ရေတွက်၍မရသော သွေးများနှင့် အသက်စွမ်းအင်များက ကောင်းကင်မိစ္ဆာ သခင်လေးထံသို့ စီးဝင်သွားကြလေသည်။
သူ၏ မျက်ဆံများမှာ အမိန့်ပေးနိုင်စွမ်းရှိသော အလင်းရောင်များဖြင့် တောက်ပလာ၏။
သူ မြင်လိုက်ရလေပြီ။
သူက ဆံပင်ဖြူနှင့် ဓားကျင့်ကြံသူတစ်ဦး၏ ပုံရိပ်ယောင်ကို မြင်လိုက်ရ၏။ ထိုသူသည် အနက်ရောင်နဂါးများ ဝန်းရံလျက် အနက်ရောင်အကြေးခွံများပါသည့် ဓားရှည် တစ်လက်ကို ကိုင်စွဲထားလေသည်။
ဒီဓားကျင့်ကြံသူက... တကယ်တမ်း...
ငါ့ထက် ပိုချောနေတာလား...
ကျောပြင်ကို ခဏမျှ ချောင်းကြည့်ရုံနှင့်ပင် ကောင်းကင်မိစ္ဆာသခင်လေးမှာ ထိုငြင်းမရသော ကောက်ချက်ကို ချလိုက်မိသည်။
ဒါကို လက်ခံလို့မရဘူး။
ချင်းယွန်ဘုံရဲ့ နံပါတ်တစ် အချောဆုံး မိစ္ဆာလမ်းစဉ်ကျင့်ကြံသူဖြစ်တဲ့ ငါ့ရဲ့ရုပ်ရည်က မြင့်မြတ်တယ်။ ငြင်းခုံစရာ မရှိသလို အကြွင်းမဲ့လည်း ဖြစ်ရမယ်။
“လျို့ဝှက်ဆန်းကြယ်တဲ့ပုံစံမျိုး ဖမ်းနေတာလား။ မင်းမျက်နှာကို ကြည့်ရသေးတာပေါ့...”
သူက ထောင်သားများကို ပို၍ယဇ်ပူဇော်ကာ အတတ်ကို အရှိန်မြှင့်လိုက်၏။ လှောင်အိမ်ထဲမှ ကျင့်ကြံသူများနှင့် လူသားများ တစ်ယောက်ပြီးတစ်ယောက် သွေးဆိုင်များအဖြစ် ပေါက်ကွဲ သွားကြတော့သည်။ နောက်ဆုံး ယဇ်ကောင် သေဆုံးသွားချိန်သွေးကန်မှာ ပြင်းထန်စွာ လှိုင်းထလာပြီး အနံ့အသက်မှာလည်း အလွန်ဆိုးရွားလှ၏။
ထိုအချိန်တွင်... သူက ထိုဓားကျင့်ကြံသူ၏ မျက်နှာကို နောက်ဆုံး၌ မြင်လိုက်ရလေသည်။
“ဘာ... ဘာ... ဒါက ဘာကြီးလဲဟ...”
အဓိပ္ပာယ်မရှိ၊ အံ့မခန်းလောက်အောင်၊ ဖျက်ဆီးနိုင်စွမ်းရှိလောက်အောင် ချောမောလှပသည့် ထိုမျက်နှာကို စိုက်ကြည့်ရင်း ကောင်းကင်မိစ္ဆာ သခင်လေးက စွမ်းအင်များ ပြောင်းပြန်စီးဆင်းကာ ရင်ဘတ်နှင့် အဆုတ်ဆီသို့ ဝုန်းခနဲ ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရ၏။
“ဝေါ့...”
သူ ရင်ဘတ်ကို ဖိကာ သွေးတစ်လုတ် ထွေးထုတ်လိုက်ရသည်။ သူ၏ အငွေ့အသက် ချက်ချင်း အားနည်းသွားတော့သည်။
“အား... သခင်လေး...”
မုပိုင်ရွှမ်က စိတ်ကူးယဉ်အိမ်မက်များထဲမှ လန့်နိုးသွားကာ အလန့်တကြား ကြည့်နေမိသည်။ ဓားအသိများဖြင့် ထိုးဖောက်ခံလိုက်ရသည့် သခင်လေး၏ မိစ္ဆာမျက်လုံးများမှ သွေးများ စီးကျလာသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရလေသည်။
ကောင်းကင်လျို့ဝှက်ချက်ကို တွက်ချက်ခြင်း၏ တန်ပြန်ဒဏ်ပင်။
သခင်လေးက လျို့ဝှက်အတတ်ကို သုံးခဲ့သော်လည်း တန်ပြန်ဒဏ်ကို ခံစားလိုက်ရသည်... ဆိုလိုသည်မှာ သူ ချောင်းကြည့်ခဲ့သော ထိုလူမှာ ကောင်းကင်မိစ္ဆာ ကောင်းကင်ကြည့်အတတ်ကို လေ့ကျင့်ထားသူထက်ပင် ကံကြမ္မာအပေါ် ပိုမိုကျွမ်းကျင်စွာ ထိန်းချုပ်နိုင်သူ ဖြစ်နေသည်လား...
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ အစီအစဉ်တွေကို လျို့ဝှက်ပြီးတော့ နှောက်ယှက်နေတဲ့ အဲဒီလူက ဘယ်သူများလဲ...
ငါ စုံစမ်းရမယ်။
“သခင်လေး၊ အဆင်ပြေရဲ့လား သွေးတွေ ထွက်နေတယ်ကော...”
သွေးကန်ထဲ စိမ်နေသော ကောင်းကင်မိစ္ဆာ သခင်လေး ကျိတုန်းက နှုတ်ခမ်းမှ သွေးများကို သုတ်ကာ အံကြိတ်လျက် ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ ဖြောင့်မှန်တဲ့ဂိုဏ်းတွေထဲမှာ ငါတို့ ထည့်ထားတဲ့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေက တစ်နေ့ကျရင် အမိခံရမှာပဲ။ သူတို့ သေတာ ငါ့အတွက် ဘာမှမဟုတ်ဘူး... အဲဒါတွေက ငါ့အစီအစဉ်ရဲ့ အစိတ်အပိုင်းတွေပဲ။”
“သခင်လေးဆိုတဲ့ အတိုင်းပါပဲ...” မုပိုင်ရွှမ်၏ မျက်လုံးများမှာ အထင်ကြီးအားကျမှုဖြင့် တောက်ပနေ၏။ မည်သည့် အခြေအနေမျိုးမှာမဆို သခင်လေးက ကြိုတင်စီမံထားပြီးသား ဖြစ်သည်။ သူနှင့် မတူပေ။ သူကတော့ တစ်ခုခုဖြစ်တိုင်း စိတ်လှုပ်ရှားတတ်၏။ ရှက်စရာ ကောင်းလှပေသည်။
“ဒါပေမဲ့ မင်း...” ကျိတုန်း၏ အေးစက်သောအကြည့်မှာ မှန်ကို ဖြတ်ကျော်လျက် မုပိုင်ရွှမ်ကို စိုက်ကြည့်လိုက်သည်။ “ချင်းယွန်ဂိုဏ်းမှာ ထိုက်ယင်တာအိုခန္ဓာ ရှိတယ်လို့ မင်း ငါ့ကို ပြောခဲ့တယ်။ အဲဒါကို ငါ့ဆီ ဘယ်တော့ ယူလာပေးမှာလဲ...”
မုပိုင်ရွှမ်၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွား၏။ သူ တွန့်ဆုတ်နေပြီးမှ ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်။ “သခင်လေး... အဲဒီ ခန္ဓာပိုင်ရှင်ကို ကျင့်ကြံသူ တစ်ယောက်က ခေါ်သွားတယ်။ အဲဒီလူက သူ့ကို တပည့်အဖြစ် လက်ခံလိုက်တဲ့ပုံပါပဲ...”
သခင်လေး၏ ပို၍အေးစက်လာသော အကြည့်အောက်တွင် သူ တုန်လှုပ်သွားပြီး အလျင်အမြန် ကတိပေးလိုက်ရသည်။ “ဒါပေမဲ့ သူက ကျုံးကျိုးလျို့ဝှက်နယ်မြေထဲကို သေချာပေါက် ဝင်လာမှာပါ... အဲဒီအချိန်ကျရင် အဲဒီထူးခြားတဲ့ ခန္ဓာကိုယ်ကို သခင်လေးပိုင်ဆိုင်စေရမယ်လို့ ကျွန်မ အာမခံပါတယ်...”
“ဟမ့်... မင်းပြောတာကို မှတ်ထား...”
ကျိတုန်းက လက်တစ်ချက် ဝှေ့ယမ်းကာ မှန်ချပ်ပုံရိပ်ကို ဖျောက်လိုက်၏။ သူ အသက်ရှူနှုန်းကို ထိန်းညှိရန် ကြိုးစားသော်လည်း... စွမ်းအင်များကို လှည့်ပတ်လေလေ ပို၍ ရှုပ်ထွေးလေလေ ဖြစ်နေသည်။ ထူးဆန်းသော ဓားအသိတစ်ခုက သူ၏ သွေးကြောများအတွင်း၌ သောင်းကျန်း နေလေသည်။
သူ့ပါးစပ်ထောင့်မှ သွေးများ ထပ်မံ စီးကျလာ၏။ သူ မနည်း နှိမ်နင်းလိုက်ရ၏။
တန်ပြန်ဒဏ်ကတော့ ရူးလောက်စရာပဲ။ အဲဒီဓားကျင့်ကြံသူကို တစ်ချက်ကြည့်ရုံနဲ့တင် ငါ့ရဲ့ တစ်လစာ ကျင့်ကြံမှုတွေ ဆုံးရှုံးသွားခဲ့ရတယ်။ မယုံနိုင်စရာပဲ...
“အဟက်... ငါက အဲဒီဘိုးဘေးကို မယှဉ်နိုင်ရင်တောင်... အဲဒီထူးခြားတဲ့ ခန္ဓာပိုင်ရှင်ရဲ့ ဆရာကိုတော့ အသာလေး ချေမှုန်းနိုင်မှာပေါ့။”
ကျိတုန်းက ကောင်းကင်နက္ခတ်ကို ထပ်မံ တွက်ချက်ပြန်သည်။ သူ၏ အစီအစဉ်မှာ ရိုးရှင်း၏။ မုပိုင်ရွှမ်က ခန္ဓာရှင်ကို ကိုင်တွယ်မည်။ သူက ထိုသူ၏ ဆရာကို ကိုင်တွယ်ပေမည်။ နှစ်ဖက်ညှပ် တိုက်ခိုက်ခြင်းက... အောင်ပွဲအတွက် အသေအချာပင်။
ခဏအကြာ...
“ဝေါ့...”
လိုဏ်ဂူအတွင်း ပြင်းထန်သော သွေးအန်သံကြီး ထပ်မံ ပဲ့တင်ထပ်သွားသည်။ ထို့နောက်တွင်တော့ စိတ်မနှံ့သူတစ်ဦးကဲ့သို့ အော်ဟစ်သံကြီး ထွက်ပေါ်လာပေတော့သည်။
“အား... ခင်ဗျားပဲလား...”
“ဘာလို့ အခုထိ ခင်ဗျားကြီးပဲ ဖြစ်နေရပြန်တာလဲ...”
...
...
မွန်းတည့်ချိန် ရောက်လေပြီ။
ကောင်းကင်ဘုံနက္ခတ် တွက်ချက်ရမည့် အချိန်ပင်။
ချန်ဟွိုက်အန်က ရေမိုးချိုး၊ အဝတ်အစားလဲကာ အားအင်များ ဖြည့်တင်းထား၏။ သတ်ဖြတ် လိုသော ဆုံးဖြတ်ချက်များဖြင့် သူ ဂိမ်းထဲသို့ ဝင်လိုက်သည်။
ဒီနေ့တော့ ကင်ဆာဆဲလ်တွေ သေမလား၊ ငါ သေမလား တစ်ခုခုတော့ တစ်ခုခုပဲ။
ချန်ဟွိုက်အန်၏ သတ်ဖြတ်ချင်စိတ်မှာ အလွန်ပြင်းထန်လှသဖြင့် လီချင်းရန်၏ မျက်ဝန်းထဲမှ မျှော်လင့်တောင့်တနေသည့် အကြည့်များကိုပင် သူ လုံးဝ လျစ်လျူရှုထားလိုက်မိသည်။
ကောင်းကင်နက္ခတ်....စလေပြီ။
“ငါ့ခန္ဓာကိုယ်ထဲက မိစ္ဆာကင်ဆာဆဲလ်တွေကို ဘယ်ဝိညာဉ်ဆေးက နှိမ်နင်းနိုင်မလဲ...”
[ကစားသူက လက်ရှိတွင် “ကံတရားဆုံးရှုံးမှု” အခြေအနေအောက်တွင် ရှိနေသည်။ ထိုသို့ တွက်ချက်မှုမှာ အခမဲ့ ဖြစ်သော်လည်း သင်၏ “ကံတရားဆုံးရှုံးမှု”ကို ၂ ထပ် တိုးစေပါလိမ့်မည်။ ဆက်လုပ်ပါမည်လား]
ချန်ဟွိုက်အန်က ၉၉၈ထပ် ရှိနေသော “ကံတရားဆုံးရှုံးမှု” ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ နောက်ထပ် ၂ထပ် တိုးတာက ဘာထူးမှာလဲ။ ငါကတော့ ဒါတွေကို ထုံနေပြီ။
လုပ်လိုက်စမ်းပါ...
[ကောင်းကင်နက္ခတ် တွက်ချက်နေသည်...]
ချင်းယွန်ဘုံ တစ်ခုလုံးတွင် လေပြင်းများ ရုတ်တရက် တိုက်ခတ်သွား၏။ ကျင့်ကြံသူ အများအပြားမှာ ထိတ်လန့်တကြား မော့ကြည့်လိုက်ကြသည်။
[ကောင်းကင်နက္ခတ် တွက်ချက်မှု ပြီးစီးပါပြီ]
[ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံးသည် ကစားသူ၏ ခန္ဓာကိုယ်အတွင်းရှိ မိစ္ဆာကင်ဆာ ဆဲလ်များကို အပြည့်အဝ နှိမ်နင်းနိုင်ပါသည်။ (အသေးစိတ်အတွက် နှိပ်ပါ)]
ချန်ဟွိုက်အန် - ကောင်းပြီလေ၊ နှိပ်မယ်...
[အသေးစိတ်- ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံး သို့မဟုတ် ဆေးတစ်ရာ ပြန်လည် မွေးဖွားခြင်းဆေးလုံးသည် အသုံးပြုသူ၏ ခန္ဓာကိုယ်အတွင်းရှိ ပုံမှန်ဆဲလ် အားလုံးကို အဆင့်မြှင့်တင်ပေးခြင်းဖြင့် အလုပ်လုပ်သည်။ အဆိပ်အတောက်များက အဆင့်မြှင့်ထားသော “စူပါဆဲလ်” များကို မထိခိုက်နိုင်သောကြောင့် ထိုဆေးကို သောက်သုံးသော ကျင့်ကြံသူများသည် အဆိပ်အားလုံးကို ခံနိုင်ရည်ရှိသွားမည် ဖြစ်သည် ]
“...နားလည်ပြီ။”
ချန်ဟွိုက်အန် သဘောပေါက်သွား၏။ ယခုလောလောဆယ်တွင် သူ ကင်ဆာဆဲလ်များကို မနိုင်ရသော အကြောင်းရင်းက... ထိုမိစ္ဆာကင်ဆာဆဲလ်များမှာ သူ၏ ပုံမှန်ဆဲလ်များထက် အဆင့်ပိုမြင့်နေ၍ပင်။ သူတို့ကို အနိုင်ယူရင် သူ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ လိုအပ်သည်။ သို့သော် ပြဿနာမှာ သူ ကျင့်ကြံခြင်းအဆင့် တက်လာလေလေ၊ ကင်ဆာဆဲလ်များကလည်း လိုက်ပြီး အားကောင်းလာလေလေ ဖြစ်နေခြင်းပင်။
ဒီအခြေအနေမှာ ဘယ်လို အာဟာရပဲဖြစ်ဖြစ် ကင်ဆာကို အစာကျွေးသလို ဖြစ်နေမှာပဲ။ သာမန် အဆိပ်ဖြေဆေးတွေတောင် အသုံးမဝင်ဘူး... ဘာလို့လဲဆို ကင်ဆာက အဆိပ် မဟုတ်လို့ပဲ။
ဆိုလိုသည်မှာ ဆေးပင်တစ်ရာ အဆိပ်ဖြေဆေးလုံးကသာ တစ်ခုတည်းသော ကုထုံးပင်။ ထိုဆေးက ရောဂါကို ဖယ်ရှားပေးခြင်းမျိုး မဟုတ်ဘဲ... ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းကို တိုက်ရိုက် အဆင့်မြှင့်ပေးလိုက်ခြင်း ဖြစ်ပေသည်။
“...အဟက်”
ချန်ဟွိုက်အန် ခါးသီးစွာ ရယ်မောလိုက်၏။ သူ၏ အကြည့် မှေးမှိန်သွားလေသည်။
“ငါ ဘယ်လောက်ပဲ ရုန်းကန်ရုန်းကန်... နောက်ဆုံးမှာ ငါ့ကို ကယ်နိုင်တဲ့သူက... ငါ့ရဲ့ ချင်းရန်လေး ဖြစ်နေတုန်းပဲ။”
“သူက ကျုံးကျိုးလျို့ဝှက်နယ်မြေထဲမှာ အသက်စွန့်ရဦးမယ်ပေါ့...”
“ငါ အသုံးမကျလိုက်တာ... လုံးဝကို အသုံးမကျတာပဲ... ဟားဟားဟားဟား...”
“ဆရာ... ဆရာ့အတွက် ခေါင်းအုံးစွပ်လေး ချုပ်လို့ပြီးသွားပြီ...”
ဖန်သားပြင်ပေါ်မှ နူးညံ့ချိုသာသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံလေးထဲတွင် ရင်ခုန်စိတ်လှုပ်ရှားမှုများ ပါဝင်နေလေသည်။ ချန်ဟွိုက်အန် သတိပြန်ဝင်လာသည်။
သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး... နှုတ်ခမ်းများမှာ ယုတ်မာသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။ ယုံကြည်မှု၊ ပြတ်သားမှုနှင့် မျှော်လင့်ချက်များ သူ၏ မျက်ဝန်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။
အိုး... ထူးခြားတဲ့ အဝတ်စနဲ့ ချုပ်ထားတဲ့ ခေါင်းအုံးစွပ်လား။ စိတ်ဝင်စားစရာ ကောင်းသားပဲ။
ထိုခေါင်းအုံးစွပ်ရှိနေသရွေ့... သူသာ နေ့နေ့ညည ထိုခေါင်းအုံးတွင် မျက်နှာအပ်ထားရလျှင်... အင်မော်တယ်“ချန်”အတွက် မဖြစ်နိုင်သည့် အရာမျိုး မရှိတော့ပေ...