← Chapters

ပိုက်ဆံမလောက်မည်ကို စိုးရိမ်စိတ်

Vol. 16 Ch. 154

ပိုက်ဆံမလောက်မည်ကို စိုးရိမ်စိတ်

Vol. 16 Ch. 154

“အင်း မဆိုးပါဘူး၊ မင်း လုပ်တာက တော်တော်လေး မြန်သားပဲ။ ငါ့ဆီ ပို့လိုက်ဦး။ ကြည့်ကြည့် ရအောင်။ ဟဲဟဲ...”

ချန်ဟွိုက်အန် စိတ်လှုပ်ရှားစွာဖြင့် လက်ချောင်းများကို ပွတ်သပ်နေမိသည်။

လီချင်းရန် ကြားလိုက်ရသည်မှာ...

[အဲဒီ စားပွဲပေါ်မှာ တင်ထားခဲ့လိုက်။ ငါ့ဘာသာယူလိုက်မယ်]

အား... ဆရာကတော့ အခုထိ အေးစက်ပြီး ခပ်တန်းတန်း ဖြစ်နေတုန်းပဲ။

လီချင်းရန် ခဏမျှ တုံ့ဆိုင်းနေပြီး သေသပ်စွာ ခေါက်ထားသော ခေါင်းအုံးစွပ်ကို စားပွဲပေါ်သို့ တင်လိုက်၏။ ထို့နောက် သူက အကြည့်ကို လွှဲလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “ဆရာ... အရင်တစ်ခါ ဆရာ့ကို လက်ဖက်ခြောက်အိတ်လေး ပေးဖို့ မေ့သွားလို့ပါ။ ဒီနေ့မှ ပြန်ရှာတွေ့လို့ ခေါင်းအုံးစွပ်နဲ့အတူ ဒီမှာပဲ ထားခဲ့လိုက်မယ်နော်။”

ထိုသို့ပြောပြီးသည်နှင့် သူက အနောက်မှ လက်ဖက်ခြောက် အိတ်လေးကို အမြန်ထုတ်ကာ ခေါင်းအုံးစွပ်ထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ ပေါင်ပေါ်မှ ဂဏာမငြိမ် ဖြစ်နေသော လက်ကလေးများကိုသာ စိုက်ကြည့်ရင်း တိတ်ဆိတ်နေတော့သည်။

သူ၏ ဆံပင်ဝဲလေးများ အောက်တွင် ဝိုင်းစက်နေသော မျက်ဝန်းလေးများမှာ အနည်းငယ် တုန်ယင်နေ၏။ တဖျတ်ဖျတ် ခတ်နေသော မျက်တောင်လေးများက သူ မည်မျှ စိတ်လှုပ်ရှားပြီး စိုးရိမ်နေကြောင်းကို ဖော်ပြနေလေသည်။

ဆရာက ခေါင်းအုံးစွပ်နဲ့ လက်ဖက်ခြောက်အိတ်ထဲက လျို့ဝှက်ချက်ကို သိသွားမှာလား...

တကယ်လို့ သူ သိသွားရင်... ငါ့ကို ဘယ်လို မြင်မှာလဲ။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်... ဒါက ဆရာ့ရဲ့ တောင်းဆိုချက်ပဲလေ။

ဒါက ဆရာကိုယ်တိုင် အလိုရှိခဲ့တဲ့အရာ ဆိုတော့ ငါ့ကို အထင်မသေးလောက်ပါဘူး။ ဟုတ်တယ် မဟုတ်လား...

ဟုတ်တယ်၊ ဟုတ်တယ်...

ဆရာ့မှာလည်း တာဝန်ရှိတယ်။ ငါ့ကိုချည်းပဲ အပြစ်ပုံချလို့ မရဘူး။ ငါ ဒါကို တမင်လုပ်တာ မဟုတ်ဘူး။

ငါက... ငါက ဆရာ့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးချင်ရုံပါ။ ဒါပါပဲ။

...

ချန်ဟွိုက်အန်မှာမူ မိန်းကလေးတစ်ဦးမှာ မိမိကိုယ်ကို ပြန်လည်နှစ်သိမ့်နေသည်ကို လုံးဝ မသိရှိခဲ့ပေ။

သူက ခေါင်းအုံးစွပ်နှင့် လက်ဖက်ခြောက်အိတ်ကို လက်ခံရရှိပြီးပြီ ဖြစ်သည်။ ထို့နောက် ၎င်းတို့ အပေါ်ရှိ ပန်းထိုးပုံစံလေးများကို ချက်ချင်း သတိပြုမိသွားသည်။

ခေါင်းအုံးစွပ်တွင် ကြာရွက်ပုံရှိပြီး လက်ဖက်ခြောက်အိတ်တွင် ဖားရုပ်ပုံ ရှိနေသည်။

ချန်ဟွိုက်အန် မျက်လုံးများကို မှေးလိုက်၏။

ဒါက... မရိုးရှင်းလောက်ဘူး။

“အဟက်... ဒါက တမင်လုပ်တာလား။ ဒါမှမဟုတ် တိုက်ဆိုင်မှုပဲလား...”

လီချင်းရန်၏ ရှက်တတ်ပြီး အေးဆေးသော ပင်ကိုယ်စရိုက်ကို ထည့်သွင်းစဉ်းစားပြီးနောက် သေသေချာချာ ဆန်းစစ်ကြည့်လျှင် သူက ထိုကဲ့သို့သောအရာကို တမင်လုပ်လိမ့်မည် မဟုတ်ပေ။ သူ၏ တောင်းဆိုချက်ကတင် အတော်လေး အရှက်ရစေလောက်ပြီ ဖြစ်သည်။ ခေါင်းအုံးစွပ်နှင့် အိတ်ကို ပြုလုပ်စဉ်တွင် သူက ပန်းထိုးပုံစံကို သတိမထားမိခဲ့ခြင်းသာ ဖြစ်နိုင်ခြေ ပိုများ၏။

ဒါပေမဲ့ အဲဒါတွေက အရေးကြီးလို့လား...

အရေးကြီးတာက ကြာရွက်က ဘယ်ဘက်၊ ဖားရုပ်က ညာဘက်မှာ ရှိနေတာပဲ။ အဲဒါပဲ သိဖို့ လိုအပ်တာ...

ယခင် လက်ဖက်ခြောက်အိတ်နှင့် နှိုင်းယှဉ်လျှင်... ယခု သူ့လက်ထဲရှိ အရာမှာ တကယ့် ဧကရာဇ်အဆင့် ရတနာတစ်ခုပင်။

ချန်ဟွိုက်အန်က ဖားရုပ်အိတ်ထဲသို့ လက်ဖက်ခြောက်များ ထည့်ကာ ချက်ချင်း လက်ဖက်ရည် တစ်ခွက် ဖျော်လိုက်၏။ ထို့နောက် ခေါင်းအုံးစွပ်ကို ကြာရွက်ပုံစံနှင့် အစားထိုးလိုက်ပြီး ၎င်းတွင် မျက်နှာအပ်လိုက်လေသည်။

“ဟူး... ဟူး...”

ဒီနူးညံ့တဲ့ အဝတ်စ... ဒီမူးယစ်စေတဲ့ အနံ့လေး...

ဟူး...အာနိသင်ကတော့ တကယ့်ကို အားရစရာပဲ.........

သို့သော် တစ်ခုခု လိုနေသေးသလို ခံစားလိုက်ရသည်။ ချန်ဟွိုက်အန် ခေါင်းအုံးကို ဖက်ကာ ခဏမျှ စဉ်းစားကြည့်ပြီးမှ သတိပြုမိသွားသည်။

ပြဿနာက ခေါင်းအုံးပဲ... အထဲက အစာပလာတွေ မကောင်းဘူး။

ခေါင်းအုံးအသစ် တစ်လုံး လိုအပ်နေတယ်...

“ချင်းရန်၊ မင်းရဲ့ ခေါင်းအုံးစွပ်နဲ့ လက်ဖက်ခြောက်အိတ်က အတော်လေး ကောင်းတယ်။ အဟမ်း... မင်းဆီမှာ ပိုပြီး နူးညံ့တဲ့ အဝတ်စတွေ ရှိသေးလား။ ဆရာက အဲဒါနဲ့ လိုက်ဖက်မယ့် စောင်၊ အိပ်ရာခင်း၊ စားပွဲခင်း၊ ခေါင်းမှီ၊ ပုဝါ၊ လက်အိတ်၊ နှာခေါင်းစည်း... အဲဒါတွေအားလုံး လိုချင်သေးတယ်။”

ချန်ဟွိုက်အန်က လိုချင်သည့်အရာများကို တန်းစီပြီး ပြောချလိုက်၏။

လီချင်းရန် ကြားလိုက်ရသည်မှာ...

[မင်းရဲ့ စေတနာကို လက်ခံရရှိတယ်။ သိပ်ကောင်းတယ်။ ငါ ကျေနပ်တယ်]

...အဲဒါပဲလား။

လီချင်းရန်က ဟင်းလင်းပြင်ကို ငေးကြည့်နေမိသည်။ ဆရာ ပြောတာ ဒါပဲလား ဆိုလိုသည်က သူ သတိထားမိသည်လား၊ မသိသည်လားပင်။ သတိမထားမိသည်က ဖြစ်နိုင်ခြေ ပိုများပေသည်။ မဟုတ်လျှင် သူ တစ်ခုခု ပိုပြောပေလိမ့်မည်။

ထိုသို့တွေးလိုက်မိသဖြင့် လီချင်းရန်သည် စိတ်သက်သာရာရသလို ခံစားရသော်လည်း တစ်ဖက်တွင်လည်း စိတ်ပျက်သွားမိသည်။ သူ၏ ရင်ခုန်သံများမှာ မြန်ဆန်နေ၏။ ဆရာသာ ထိုအရာများနောက်ကွယ်က လျို့ဝှက်ချက်ကို သိသွားလျှင် မည်သို့ တုံ့ပြန်မည်ကို သူ ရုတ်တရက် သိချင်လာမိသည်။

မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ ဒါက အန္တရာယ်များလွန်းတယ်...

သူက ပေါင်ကို ဆိတ်လိုက်ရာ နာကျင်မှုကြောင့် စိတ်များ ပြန်လည်ကြည်လင်လာပြီး ရှက်သွေးဖြာနေမှုများမှာ ပျောက်ကွယ်သွားသည်။ ထိုကဲ့သို့သော အတွေးမျိုးမှာ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း သူ့ကိုယ်သူ အမြဲ သတိပေးနေရသည်။ ၎င်းမှာ မသင့်တော်ပေ။ ဆရာ့အပေါ် မလေးစားရာလည်း ရောက်ပေသည်။ အကယ်၍ ဆရာ သတိမထားမိလျှင် သူသည် ဆရာ၏ တပည့်အဖြစ်ပင် ဆက်ရှိနေနိုင်တော့မည် မဟုတ်ပေ။

ဆရာ့ကို သံသယဖြစ်ဖွယ် မေးခွန်းများ မမေးနိုင်စေရန် လီချင်းရန်က အကြောင်းအရာကို အလျင်အမြန် ပြောင်းလိုက်၏။

“ဆရာ၊ ဂိုဏ်းချုပ်စုက သတင်းပို့လာပါတယ်။ သူက တခြားဂိုဏ်းတွေကို မိစ္ဆာကျင့်စဉ်တွေ အကြောင်း သတိပေးလိုက်ပြီတဲ့။ နောက်ပိုင်း အဂ္ဂိရတ်ဂိုဏ်းနဲ့ လင်းရှီးတောင်ကြားတို့က မိစ္ဆာအတတ် ကျင့်ကြံနေတဲ့ တပည့်တွေကို ရှာတွေ့ခဲ့တယ်။ အဲဒီဂိုဏ်းနှစ်ခု ကြေညာလိုက် ပြီးတာနဲ့ ချင်းယွန်ဘုံက ဂိုဏ်းအားလုံး တင်းတင်းကြပ်ကြပ် စစ်ဆေးနေကြပါပြီ။ မိစ္ဆာအတတ် ကျင့်ကြံတဲ့ တပည့်အားလုံးကိုလည်း ဖမ်းမိသွားပြီ။”

လီချင်းရန်၏ မျက်ဝန်းများမှာ အထင်ကြီးအားကျမှုဖြင့် တောက်ပနေ၏။ ဒါ သူရဲ့ ဆရာပဲ။ စုချီနျန်က ယုံကြည်လို့ မရနိုင်ပေမဲ့ ဆရာကတော့ သူ့ကို အသုံးချပြီး မရေရာတဲ့ အခြေအနေ တစ်ခုကို ရေရာတဲ့ အခြေအနေတစ်ခု ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဒါက ခေါင်းဆောင်မှုရဲ့ အနုပညာပဲ ဖြစ်မယ်။

ဆရာက ငါ့ကိုရော ဘယ်တော့ အသုံးချမလဲ မသိဘူး...

[ချင်းယွန်ဂိုဏ်းကော ဘယ်လိုလဲ]

ချန်ဟွိုက်အန်က ထိုဂိုဏ်းတွင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူနှင့် တွေ့ခဲ့ဖူးသည်ကို သတိရကာ မေးလိုက်ခြင်း ဖြစ်သည်။

“ချင်းယွန်ဂိုဏ်းမှာလည်း မိစ္ဆာကျင့်စဉ် ကျင့်ကြံသူတွေကို ဖမ်းမိပါတယ်။ ဆရာ...”

လီချင်းရန်က ပြန်ဖြေသည်။

“သူတို့ တကယ် နားထောင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”

ချန်ဟွိုက်အန် ခေါင်းခါလိုက်သည်။ ချင်းယွန်ဂိုဏ်းက သူတို့ကိုယ်သူတို့ အထက်တန်းလွှာများဟု သတ်မှတ်ထားကြသည် ဖြစ်ရာ ယခုလို အမှန်တကယ် ဖော်ထုတ်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ လီချင်းရန်၏ ဘေးကင်းရေးနှင့် ဓားကျောင်းတော် အကျိုးစီးပွား အတွက်သာ မဟုတ်လျှင် သူ သတိပေးနေမည် မဟုတ်ပေ။

သူက လီချင်းရန်၏ ရှင်သန်နိုင်စွမ်းကို စစ်ဆေးရန် အဓိကတာဝန်ကို ဖွင့်ကြည့်လိုက်သည်။ ယခု မိစ္ဆာဂိုဏ်း၏ အစီအစဉ်များ ပျက်ပြားသွားပြီဖြစ်ရာ သူ၏ ရှင်သန်နှုန်း တိုးလာသင့်သည်။

သို့သော်လည်း...

[လီချင်းရန်၏ ဂိမ်းအတွင်း ရှင်သန်နှုန်း - ၆၂%]

[ကောင်းကင်နက္ခတ် အရိပ်အမြွက် (၂) - ကျုံးကျိုးလျို့ဝှက်နယ်မြေတွင် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူ အမြောက်အမြားနှင့် မိစ္ဆာသားရဲအချို့ ရှိနေလိမ့်မည်]

“...ဘာလဲ ဘာလို့ အခုထိ ဒီလောက်တောင် နိမ့်နေသေးတာလဲ။”

ချန်ဟွိုက်အန် မျက်မှောင်ကြုတ်လိုက်၏။ ၁% တိုးလာခြင်းမှာ လီချင်းရန်၏ ကျင့်ကြံခြင်း အဆင့် တိုးတက်လာခြင်းကြောင့်သာ ဖြစ်သည်။ သို့သော် ကောင်းကင်နက္ခတ်၏ အရိပ်အမြွက်မှာ ပြောင်းလဲခြင်း မရှိသေး။

၎င်းမှာ ထူးဆန်းပေသည်။ ဆိုလိုသည်မှာ မိစ္ဆာဂိုဏ်း၏ အစီအစဉ်က ထိုတပည့်များကို လျို့ဝှက်နယ်မြေထဲ သစ္စာဖောက်ခိုင်းရန် မဟုတ်ပေဘူးလား...

“ဒီည ငါ နောက်ထပ် ကောင်းကင်နက္ခတ်ကို ထပ်သုံးမယ်... ပြီးတော့ လျို့ဝှက်နယ်မြေ မပွင့်မချင်း နေ့တိုင်း သုံးမယ်။ ဒါကို မဖော်ထုတ်နိုင်ဘူးဆိုတာ မယုံဘူး...”

ချန်ဟွိုက်အန်၏ မျက်နှာ မှောင်ကျသွား၏။ ယနေ့ညတွင် သူက ချင်းယွန်ဘုံရှိ မိစ္ဆာဂိုဏ်း၏ အစီအစဉ်များကို တိုက်ရိုက် တွက်ချက်ပေတော့မည်။

ကံတရားဆုံးရှုံးမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့လား...

အဟက်။ ကံနည်းနည်း ဆိုးတာက ဘာဖြစ်လဲ။ ငါက ၁၅မီတာထူပြီးတော့ သံမဏိနံရံတွေပါတဲ့ အထူးအခန်းထဲမှာ နေနေတာပဲ။ ဘာများ ဖြစ်နိုင်မှာမို့လို့လဲ။ ပေါက်ကွဲထွက်သွားမှာ မို့လို့လား...

ကလင် ကလင် ကလင်...

ဖုန်းမြည်လာသည်။ သူ့အခန်း၏ အများသုံးလိုင်းပင်။ ချန်ဟွိုက်အန် ဖုန်းဖြေရန် ထလိုက် စဉ်မှာပင်... မည်သည့်အရာကိုမျှ မတိုက်ဘဲ ချော်လဲကာ ကြမ်းပြင်နှင့် မျက်နှာကို ဝုန်းခနဲ ဆောင့်မိသွားတော့သည်။

...

“ရှင်က KSC-01 (ဝက်ဝံရုပ်လေး)နဲ့ KSC-02 (မိစ္ဆာစနိုက်ပါ)တို့ကို သုံးပြီးတော့ တိုက်ရိုက် ထုတ်လွှင့်ချင်တယ် ဟုတ်လား...”

ကျောက်ရင်းက ဗီဒီယိုဖိုင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ ဖိုင်ထဲတွင် နှာခေါင်းသွေးများ ထွက်နေသော ချန်ဟွိုက်အန်ကို တွေ့လိုက်ရ၏။

ဗိုလ်ချုပ်အဆင့် နိုးထသူ၊ အဆင့်(A) အကျဉ်းသား တစ်ဦးက... ပြန့်ပြူးနေသော ကြမ်းပြင်ပေါ် ချော်လဲပြီး နှာခေါင်း ကျိုးသွားခြင်းကို မျက်မြင်မတွေ့ရင် မည်သူ ယုံနိုင်မည်နည်း...

“ဟုတ်ပါတယ်။”

ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။ သူ၏ ကျိုးသွားသော နှာခေါင်းမှာ ချက်ချင်း ပြန်လည် ကောင်းမွန်နေပြီ ဖြစ်သည်။ သူ နှာခေါင်းကို ကိုင်ထားရင်း အသံဗလုံးဗထွေးဖြင့် ပြောလိုက်၏။

“ဒီကောင် နှစ်ကောင်က စကားနားမထောင်ဘူး မဟုတ်လား။ သူတို့ကို ကျွန်တော့်ဆီမှာပဲ လာထားလိုက်။ ကျွန်တော် သူတို့ကို လိမ္မာအောင် လုပ်ပေးမယ်။ ပြီးတော့ မစ်ရှင်တွေလည်း လုပ်ခိုင်းမယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော် သူတို့ကို သုံးပြီး တိုက်ရိုက် ထုတ်လွှင့်မယ်... ရသမျှ ပိုက်ဆံကတော့ ကျွန်တော့်အပိုင်ပဲ။ ဘယ်လိုလဲ...”

ကျောက်ရင်း သေသေချာချာ စဉ်းစားကြည့်သည်။ စိတ်ဝိညာဉ်ချီစွမ်းအင်များ နိုးထလာပြီးနောက် မိစ္ဆာများ ရှိနေသည်ကို ဖုံးကွယ်ထား၍ မဖြစ်နိုင်တော့ပေ။ မိစ္ဆာနှိမ်နင်းသူဗျူရိုအနေဖြင့် လူထုကို အသားကျအောင် ကူညီပေးရန် လိုအပ်သည်။ တိုက်ရိုက်ထုတ်လွှင့်ခြင်းမှာ ဖျော်ဖြေရေးပုံစံလည်း ဖြစ်သလို ပညာပေးဖို့လည်း အကောင်းဆုံးနည်းလမ်းပင်။

ချန်ဟွိုက်အန်က မည်သည်ကြောင့် ပိုက်ဆံများ ထိုမျှလောက် လိုချင်နေရကြောင်းကိုတော့ လော်ရှီးဖော်က သူ့ကို ပြောပြထားပြီးပြီ ဖြစ်သည်။ ချန်ဟွိုက်အန်တွင် ငွေကြေး မလုံလောက်မှု စိုးရိမ်စိတ် ရှိနေခြင်းပင်။ အမှန်အတိုင်းပြောရလျှင် သူ ၎င်းကို နားလည်သည်။ နိုးထသူတိုင်း ကိုယ်စီ အစွဲအလမ်းတွေ ရှိကြ၏။ ဥပမာအားဖြင့်... သူဆိုလျှင် တစ်နေ့ကို အကြိမ်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုယ် လျှပ်စစ်တုတ်ဖြင့် တို့ရတာကို နှစ်သက်လေသည်။

“...ကောင်းပြီလေ။ KSC-01နဲ့ KSC-02ကို ရှင့်ဆီ လာထားဖို့ စီစဉ်ပေးမယ်။” သူ ခဏမျှ တွန့်ဆုတ်သွားပြီးမှ ထပ်ပြောလိုက်သည်။ “သူတို့အပေါ် နည်းနည်း ညှာတာဦး။ ဟုတ်ပြီလား။”

“စိတ်ချပါ။ ကျွန်တော်တို့က အရမ်းကို တည့်ကြပါတယ်။”

“...တခြား ဘာများ လိုချင်သေးလဲ။”

ချန်ဟွိုက်အန် ခဏစဉ်းစားပြီးနောက် လက်တစ်ချောင်း ထောင်ပြလိုက်သည်။

“သြော်... ကျွန်တော့်ကို စီလီကွန်ခေါင်းအုံး တစ်လုံး ရှာပေးပါ။ အထဲမှာ စီလီကွန်တွေ အပြည့်ပါရမယ်။ အသားအရေနဲ့ တူတဲ့ ထိတွေ့မှုမျိုး ရှိရမယ်...”

ကျောက်ရင်း - “ဟမ်...”

ချန်ဟွိုက်အန် - “အာ... ကျွန်တော်က အိပ်ရင် ဝက်ဝံရုပ်တွေကို ဖက်ပြီးတော့ ပုစွန်တုပ်တွေ ဝါးစားရတာ ကြိုက်လို့ပါ။ အိပ်ရေးဝဖို့က အရေးကြီးတယ်လေ။ သိတယ်မလား...”

ကျောက်ရင်း - “…”

...

...

All Chapters