မင်္ဂလာပါ အာဏာရှင်...နှုတ်ဆက်ပါတယ် အာဏာရှင်
Vol. 16 Ch. 156
“ဒီကောင်လေးကတော့... ဒီလောက်ချောမောတဲ့မျက်နှာကို နှမြောစရာကြီး။”
မုတ်ဆိတ်မွေးနှင့်လူက ချန်ဟွိုက်အန်၏ တိုက်ရိုက်ထုတ်လွှင့် ဗီဒီယိုကို ကြည့်ရင်း ခါးသီးစွာ ရယ်မောလိုက်မိသည်။ အကယ်၍ သူသာ ချန်ဟွိုက်အန်၏ ရုပ်ရည်မျိုးရှိပါက ဖျော်ဖြေရေး လောကထဲ တန်းဝင်သွားမည်မှာ သေချာသည်။
စတော်ဘယ်ရီဝက်ဝံရုပ် ပစ်ပေါက်ခြင်းကို ခံနေရသည်လား၊ ပြန်ထောင်မရဘဲ အလိုလို လဲကျနေသော ပစ်မှတ်ရုပ်လား၊ ဒါတွေက ကြိုတင်ဇာတ်ညွှန်းရေးထားတဲ့ ဟာသတွေလား။
ထိုသို့ရုပ်မျိုးနဲ့ဆိုလျှင် ဟာသတိုက်ရိုက်ထုတ်လွှင့်သူအနေနဲ့ အချိန်ဖြုန်းမယ့်အစား အနုပညာရှင် တစ်ဦးအဖြစ် ပွဲဦးထွက်သင့်နေလေပြီ။
ထိုစဉ် သူ၏ဖုန်း မြည်လာသည်။ တစ်ဖက်မှ ပျာပျာသလဲ အသံတစ်ခု ထွက်ပေါ်လာ၏။
“ဒါရိုက်တာလော်၊ ပြဿနာတက်ပြီ... အုပ်ချုပ်ရေးမှူး လီချန်းပိုင် ဒဏ်ရာ အပြင်းအထန် ရသွားတယ်။ သူ့ကို လုံဟူတောင် အောက်ခြေကနေ ခုလေးတင် ထမ်းထုတ်လာတာ...”
“ဘာ...”
မုတ်ဆိတ်မွေးနှင့်လူ၏ မျက်နှာပေး ချက်ချင်း ပြောင်းလဲသွား၏။
“ငါ အခုပဲ လာခဲ့မယ်။”
လီချန်းပိုင်သည် C ပြည်နယ်၏ တစ်ဦးတည်းသော ဗိုလ်ချုပ်အဆင့် မိစ္ဆာနှိမ်နင်းသူ ဖြစ်သည်။ အကယ်၍ သူသည်ပင် ဒဏ်ရာရသွားသည်ဆိုလျှင် လုံဟူတောင်ထဲတွင် ပုန်းအောင်းနေသော မိစ္ဆာက အနည်းဆုံး ဗိုလ်ချုပ်အဆင့် ရှိရပေမည်။
မုတ်ဆိတ်မွေးနှင့်လူသည် တောင်ခြေအနီးရှိ အရေးပေါ် ဆေးပေးခန်းသို့ ရောက်ရှိချိန်တွင် အတော်လေး နောက်ကျနေပြီ ဖြစ်သည်။ လီချန်းပိုင် သတိပြန်ရလာသော်လည်း သူ၏ အခြေအနေမှာ အလွန် ဆိုးရွားနေသည်။ တစ်ချိန်က ကတ္တရာစေးကဲ့သို့ နက်မှောင်ခဲ့သော ဆံပင်များ ဖြူဖွေးနေပြီး မျက်နှာမှာလည်း တွန့်လိပ်ကာ အသားအရေများ တွဲကျနေ၏။ သူက သက်လတ်ပိုင်းအရွယ်နှင့် မတူတော့ဘဲ အသက် ၇၀ကျော် အဘိုးအို တစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူ၏ သက်တမ်းဆယ်စုနှစ်ပေါင်းများစွာကို တစ်စုံတစ်ယောက်က ဆွဲနှုတ်သွားသလိုပင်။
“ဒါရိုက်တာလော်... မင်း အထူး စစ်သည်အဆင့်ကို ရာထူးတိုးသွားတယ်လို့ ကြားတယ်။ ဂုဏ်ယူပါတယ်။” လီချန်းပိုင်က မှုန်ဝါးနေသော မျက်လုံးများကို ပင့်ကြည့်ရင်း အားယူကာ ပြုံးလိုက်သည်။
“ဒါက ကံကောင်းလို့ပါ...” မုတ်ဆိတ်မွေးနှင့်လူက ယဉ်ကျေးစွာ ပြန်ဖြေပြီးနောက် စကား လမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။ “လုံဟူတောင်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ အခြေအနေကို ထိန်းချုပ်လို့ ရသေးလား...”
လီချန်းပိုင်က သူ့ကို ခဏမျှ စိုက်ကြည့်ပြီးမှ ပြုံးလိုက်သည်။ “အလုပ် အပေါ်မှာပဲ အာရုံစိုက်နေတုန်းပဲလား။ ဒါရိုက်တာလော် ပီသပါပေတယ်... ငါ မင်းကို ခေါ်လိုက်တာက အရေးကြီးတဲ့ကိစ္စတစ်ခု ပြောဖို့ပါပဲ။”
“လုံဟူတောင်ထဲမှာရှိတဲ့ အနက်ရောင် ခေါင်းတလားက အပြင်ကို လုံးဝ ထွက်ပေါ်လာပြီ။ အထဲမှာ ပိတ်လှောင်ထားတဲ့ အရာက ဗိုလ်ချုပ်အဆင့်ထက်ကို အများကြီး သာလွန်နေတယ်။” လီချန်းပိုင် အသက်ရှူမမှန်ဘဲ တဟွတ်ဟွတ် ချောင်းဆိုးလိုက်သည်။
“ဒါပေမဲ့... ငါ့ကို ဒဏ်ရာရအောင်လုပ်တာက ခေါင်းတလားထဲကအရာ မဟုတ်ဘူး... တခြား တစ်ယောက်က တိုက်ခိုက်ခဲ့တာ။”
မုတ်ဆိတ်မွေးနှင့်လူ၏ မျက်နှာ တင်းမာသွားပြီး သူ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
“သူတို့ကို ငါက ခေါင်းတလားအစောင့်အရှောက်တွေလို့ ခေါ်တယ်။ သူတို့က လေးယောက် ရှိတယ်။ အဖြူရောင်မျက်နှာဖုံးတွေ ဝတ်ထားပြီးတော့ မျက်နှာဖုံးတစ်ခုချင်းစီမှာ တရုတ် စာလုံးတွေ ဖြစ်တဲ့ ချီ၊ မိန်၊ ဝန် နဲ့ လျန် ဆိုပြီး ရေးထားတယ်။”
“ငါ ချီ၊ မိန်နဲ့ ဝန်ကိုတော့ သတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ငါ့ရဲ့အားအင်တွေက ကုန်ခမ်းနေပြီ။ ငါ့အစီအစဉ်က ဆုတ်ခွာပြီးတော့ အားပြန်ဖြည့်ပြီးမှ လျန်ကို သတ်ဖို့အတွက် ပြန်လာမလို့ပဲ...”
“ဒါပေမဲ့ အဲဒီကောင်က ငါ့နောက်ကို တောင်အောက်အထိ လိုက်လာလိမ့်မယ် မထင်ထားဘူး။ ငါ တောင်အောက်က ထွက်ပေါက်နားမှာ သတိလက်လွတ်ဖြစ်သွားတဲ့အချိန်ကို သူက စောင့်ပြီး... ရုတ်တရက် တိုက်ခိုက်လိုက်တာ။”
“…ဝေါ့... ဝေါ့...” လီချန်းပိုင်က သွေးမည်းများကို အန်ထုတ်လိုက်ပြီး တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။
မုတ်ဆိတ်မွေးနှင့်လူက ဆေးဝန်ထမ်းများကို ခေါ်ရန် ချက်ချင်း ထရပ်လိုက်သော်လည်း လီချန်းပိုင်က သူ၏လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆွဲထား၏။
“ထိုင်ပြီး နားထောင်။ ငါ့မှာ အချိန်အများကြီး မရှိတော့ဘူး။”
“လျန်က... သူ တိုက်ခိုက်ခံရတဲ့သူရဲ့ သက်တမ်းကို ခိုးယူတာ။ အခုချိန် ရှန့်ရှောင်ယွမ်ကို ခေါ်လာရင်တောင် ငါ့ကို ကယ်နိုင်တော့မှာ မဟုတ်ဘူး။”
“အုပ်ချုပ်ရေးမှူးလီ... မင်း...” မုတ်ဆိတ်မွေးနှင့်လူက သူ့ကို ကြည့်ရင်း ဘာမှမတတ်နိုင်သဖြင့် စိတ်မကောင်း ဖြစ်နေသည်။ လီချန်းပိုင်၏ နောက်ဆုံးအချိန်ကို သက်သေအဖြစ် ရောက်ရှိ လာမည်ဟု သူ မထင်ထားခဲ့ပေ။
လီချန်းပိုင်က အားနည်းသော လက်တစ်ဖက်ကို ဝှေ့ယမ်းပြပြီး မုတ်ဆိတ်မွေးနှင့်လူ၏ လက်ကို အတင်း ဆုပ်ကိုင်လိုက်သည်။
“ခေါင်းတလားအစောင့်အရှောက်တွေရဲ့ ရည်မှန်းချက်က အနက်ရောင် ခေါင်းတလားထဲမှာ ပိတ်လှောင်ထားတဲ့အရာကို ပြန်လည်ရှင်သန်အောင် လုပ်ဖို့ပဲ။ တကယ်လို့ အဲဒီအရာသာ နိုးထလာရင်... C ပြည်နယ် တစ်ခုလုံး သွေးပင်လယ် ဖြစ်သွားလိမ့်မယ်။”
“မင်းရဲ့ ထူးခြားတဲ့ စွမ်းရည်အကြောင်း ငါကြားဖူးတယ်။ မင်းမှာ မိစ္ဆာကင်ဆာဆဲလ်တွေ ရှိတယ်မလား။ မင်းမှာ ခိုးယူခံရမယ့် သက်တမ်းဆိုတာ မရှိဘူး။ လျန်ကို သတ်နိုင်မယ့် တစ်ဦးတည်းသောလူက မင်းပဲ။”
“လော်ရှီးဖော်။ သွားတော့။ လျန်ကို သွားသတ်...”
မုတ်ဆိတ်မွေးနှင့်လူ၏ အကြည့် အေးစက်သွားသည်။ “လျန်က ဘယ်မှာလဲ။ လုံဟူတောင်မှာပဲ ရှိနေတုန်းလား...”
“ဟုတ်တယ်...”
“အဲဒီကောင် အသက်ရှူနေသေးတယ်ဆိုရင်... ငါ သူ့ကို သေချာပေါက် သတ်ပေးမယ်...”
လီချန်းပိုင် စိတ်သက်သာရာရသွားသည့် ပုံစံဖြင့် နောက်ဆုံးသက်ပြင်းကို ချလိုက်သည်။ သူက အနက်ရောင် သံလိုက်အိမ်မြှော င်တစ်ခုကို ထုတ်ယူကာ မုတ်ဆိတ်မွေးနှင့်လူ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ အလယ်ဗဟိုတွင် လျန်ဟူသော နီရဲနေသည့် စာလုံးတစ်လုံးမှာ ကျောက်မက်ဖွယ် တောက်ပနေ၏။
“ဒါက လင်းမျိုးနွယ်စုရဲ့ ဝိညာဉ်လိုက် သံလိုက်အိမ်မြှောင်ပဲ။ ဒါနဲ့ဆိုရင် မင်း လျန်ကို ရှာတွေ့နိုင်လိမ့်မယ်။”
“နောက်ပြီးတော့ တစ်ခု ရှိသေးတယ်...” လီချန်းပိုင်က သူ၏ အားနည်းသောလက်ကို မုတ်ဆိတ်မွေးနှင့်လူ၏ ပုခုံးပေါ် တင်လိုက်သည်။ သူ၏ အသံမှာ တိုးသော်လည်း ပြတ်သား လှသည်။ “ဒါကို ငါ့အတွက် မလုပ်နဲ့။ ထျန်ဖူအတွက် လုပ်။ C ပြည်နယ်အတွက် လုပ်။ တာ့ရှားအတွက် လုပ်ပါ။ ငါတို့လို ကံမကောင်းတဲ့ ဝိညာဉ်တိုင်းအတွက် လုပ်ပေးပါ။”
လီချန်းပိုင်က အခန်း၏မျက်နှာကြက်ကို စိုက်ကြည့်ရင်း အသံမှာ တိုးဝင်ပျောက်ကွယ်သွားသည်။ မုတ်ဆိတ်မွေးနှင့်လူ သတိပြန်ဝင်လာချိန်တွင်... သူ အသက်ရှူ ရပ်သွားခဲ့ပြီ ဖြစ်သည်။
မုတ်ဆိတ်မွေးနှင့်လူက သံလိုက်အိမ်မြှောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း လီချန်းပိုင်၏ မျက်လုံးများကို ညင်သာစွာ ပိတ်ပေးလိုက်သည်။ ထို့နောက် သူ ထရပ်ကာ အပြင်သို့ ထွက်ခွာ ခဲ့တော့သည်။ မိစ္ဆာတစ်ကောင်ကို သတ်ရမည့်အချိန် ရောက်လာလေပြီ။
“ပိုက်ဆံ။ ငါ ပိုက်ဆံလိုတယ်။ ဘယ်သူ့မှာ ပိုက်ဆံရှိလဲ...”
“ပိုက်ဆံတွေ... နေရာတိုင်းက ပိုက်ဆံတွေ ငါ့ဆီကို လာကြစမ်း...”
[ ဟင်း... ဆရာကြီးကတော့ ရူးနေပြန်ပြီ ]
ပါ့ကျီသည် ဆိုဖာပေါ်မှာ အော်ဟစ်နေသော ချန်ဟွိုက်အန်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
[ ဒါပေမဲ့ ဆရာကြီး အခုလို ခဏခဏ ရူးနေတာက တကယ်တော့ ကောင်းတဲ့အရာပဲ။ ဒါက သူ့ရဲ့ အခြေအနေက တည်ငြိမ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ သူ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ရတော့မယ့် လက္ခဏာ မဟုတ်ဘူး။ ဒါက ငါ့ကို ပြင်ဆင်ဖို့အတွက် အချိန်ပိုရစေတယ် ]
ထိုသို့တွေးရင်းနှင့် ပါ့ကျီက သူ၏ သွေးတစ်စက်ကို ရှောင်ချင်း၏ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
[ မြန်မြန် အားကောင်းအောင်လုပ်။ ဆရာကြီးအမိန့်ပေးထားတဲ့အတိုင်း ခြေထောက်လှလှ တစ်စုံ ရအောင်လုပ်။ အဲဒါသာ မင်းလုပ်နိုင်ရင် ငါတို့ဘဝတွေ အများကြီး ပိုလွယ်သွားလိမ့်မယ် ]
ရှောင်ချင်းက နာခံစွာ ခေါင်းညိတ်ပြလိုက်သည်။ ပုံမှန်ဆိုလျှင် သူ့အနေဖြင့် လူသားပုံစံသို့ လုံးဝပြောင်းလဲရန် နှစ်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်သော်လည်း ဆရာကြီးက အလျင် လိုနေသဖြင့် သူ အပေးအယူတစ်ခုကို ကြံဆလိုက်သည်။ တစ်စိတ်တစ်ပိုင်း ပြောင်းလဲခြင်းပင်။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အနည်းငယ် လျော့နည်းသွားနိုင်သော်လည်း... ဆရာကြီးနှင့် ပါ့ကျီတို့နှင့်အတူ နေထိုင်နေရသဖြင့် တိုက်ခိုက်ရန် လိုအပ်မည်မဟုတ်ပေ။
ထိုစဉ်...
အကျဉ်းခန်း(၀)၏ အပြင်ဘက်။
မှောင်မည်းနေသော စင်္ကြံလမ်း။
မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးရောင်များက နံရံပေါ်တွင် ကြောက်မက်ဖွယ် အရိပ်များကို ဖြစ်ပေါ်စေသည်။
မိစ္ဆာနှိမ်နင်းသူ နှစ်ဦးက ထူထဲသော သံမဏိတံခါးကြီး၏ အပြင်ဘက်တွင် ရပ်ရင်း စိုးရိမ်တကြီး တိုးတိုးလေး ပြောနေကြသည်။
“...ဒါက အကျဉ်းခန်း(၀)ပေါ့။ တံခါးက တော်တော်ထူတာပဲ။”
“ဒါပေါ့။ ဒီမှာ C ပြည်နယ်ရဲ့ အားအကောင်းဆုံး အကျဉ်းသား KSC-0 ရှိနေတာလေ။”
“နာမည်ပြောင်က အာဏာရှင်တဲ့။”
“ကြားတာကတော့ သူရောက်လာတာနဲ့ KSC-01နဲ့ KSC-02ကို ချက်ချင်း နှိမ်နင်းလိုက်တာတဲ့။ သူ့ရဲ့ စွမ်းအားက ကြောက်စရာကောင်းလွန်းလို့ တံခါးတွေကိုပါ အားဖြည့်ထားရတာ။”
“...သူ့ကို ငါတို့ကို ကူညီဖို့ စည်းရုံးနိုင်ပါ့မလား။ သူက ငါတို့ကို သေအောင် သတ်လိုက်ရင် ဘယ်လိုလုပ်မလဲ...”
“အင်း... ကြားတာကတော့ သူက ကင်ဆာနဂါး ပေါ်မလာသရွေ့တော့ တည်ငြိမ်တယ်တဲ့။ ဒါပေမဲ့ သူက အေးစက်ပြီး ခပ်တန်းတန်း နေတတ်တယ်လို့လည်း ပြောကြတယ်... မေးကြည့်ကြမလား”
ဂျိန်း...
သံမဏိတံခါးပေါ်ရှိ သတ္တုအပေါက်လေး ပွင့်သွား၏။ လွန်စွာချောမောသော မျက်နှာတစ်ဝက် ပေါ်ထွက်လာသည်။ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်ဝန်းတစ်စုံပင်။ မိစ္ဆာနှိမ်နင်းသူ နှစ်ဦးမှာ ထိတ်လန့်သွားပြီး အေးခဲသွားကြသည်။
ထို့နောက်...
“မင်္ဂလာပါ အာဏာရှင်... နှုတ်ဆက်ပါတယ် အာဏာရှင်။”
“ကျွန်တော်တို့ တမင် စော်ကားတာ မဟုတ်ပါဘူး... တမင် မဟုတ်ပါဘူး...”
“နေကြဦး....”
ချန်ဟွိုက်အန်က ယုတ်မာသလိုရှိသော်လည်း စိတ်အားထက်သန်သော ပုံစံဖြင့် ပြုံးလိုက်သည်။
“မင်းတို့မှာ ပိုက်ဆံရှိလား...”
“မင်းတို့ ငါ့ကို ဘာခိုင်းခိုင်း... ကိစ္စမရှိဘူး။”
“ပိုက်ဆံသာ ရှိမယ်ဆိုရင် ငါ လုပ်မယ်... ခီး ခီး ခီး...”
မိစ္ဆာနှိမ်နင်းသူ နှစ်ဦးမှာ အချင်းချင်း ကြောင်ကြည့်နေကြပြီးမှ မျက်နှာချိုသွေးကာ ပြုံးပြ လိုက်ကြသည်။
“ရှိတယ်... ရှိတာပေါ့...”
“ဆရာကြီး အာဏာရှင်သာ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုရင်... ဆုကြေးငွေတွေနဲ့ ပစ္စည်းရောင်းရငွေ အားလုံးက ခင်ဗျား အပိုင်ပါပဲ...”