သတင်းအချက်အလက် ထပ်မံရောင်းချခြင်း
Vol. 42 Ch. 476
"ကံတရား ရှာဖွေတာလား"
နှင်းနတ်ဆိုးအရှင်သည် အမှန်တကယ်ကို နားမလည်နိုင်ဖြစ်သွားကာ ဇဝေဇဝါဖြင့် ကျန်းရွှမ်ကို ကြည့်လိုက်သည်။
ထိုနတ်ဆိုးအရှင်ကို လျစ်လျူရှုပြီး ကျန်းရွှမ်၏ ရုပ်ရည်သွင်ပြင်သည် ထပ်မံ၍ ပြောင်းလဲသွားပေ၏။ သူသည် အလုံးစုံသိမြင်ဂိုဏ်းသို့ တန်းတန်းမတ်မတ် ပျံသန်းသွားပြီးမှာပင် မကြာမီ ပင်မခန်းမဆောင်သို့ ရောက်ရှိသွားသည်။ သူသည် အတွင်းဘက်အကျဆုံး အခန်းသို့ လျှောက်သွားပြီး အနားသို့ ရောက်လာသော အစေခံတစ်ယောက်ကိုကြည့်၍ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"ငါက ဂိုဏ်းခွဲသခင် လဲ့ချန်ယီနဲ့ တွေ့ချင်တယ်"
ထိုအစေခံသည် အချိန်တခဏမျှ ကြက်သေသေသွားပြီးနောက် ရိုသေလေးစားစွာ ပြောဆိုသည်။
"ကျေးဇူးပြုပြီးတော့ အထောက်အထားတံဆိပ်ပြားကို ပြပေးပါ..."
ကျန်းရွှမ်က ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ရာ မိုးပြာအလုံးစုံသိမြင်တံဆိပ်ပြားသည် လေထဲတွင် ပျံဝဲသွားပြီး သူမ၏လက်ဝါးထဲသို့ ကျရောက်သွားသည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်... ကျေးဇူးပြုပြီး ခဏစောင့်ပါ... ကျွန်မ အခုပဲ သွားခေါ်လိုက်ပါ့မယ်..."
သူမ၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး နောက်သို့လှည့်ထွက်ကာ အတွင်းဘက်သို့ အလျင်အမြန် ဝင်ရောက်သွားသည်။ မကြာမီမှာပင် အကြီးအကဲချီထျန်းမင်သည် အပြေးအလွှား ရောက်ရှိလာပေ၏။ ကျန်းရွှမ်သည် သူ၏မူလရုပ်ရည်ကို အသုံးမပြုထားကြောင်း သူ ရှင်းလင်းစွာ မြင်လိုက်ရမှသာ သက်ပြင်းချနိုင်ခဲ့သည်။
"ကျေးဇူးပြုပြီး အထဲကိုဝင်ပါ"
အကြောက်အလန့်မဲ့သော ဤကောင်စုတ်သည် မူလရုပ်ရည်ဖြင့် ထွက်ပေါ်လာမည်ကို သူ အမှန်တကယ် ကြောက်ရွံနေမိသည်။ အကယ်၍ ထိုသို့ ဖြစ်ခဲ့လျှင် သူတို့၏အလုံးစုံသိမြင်ဂိုဏ်းသည် အများပြည်သူ၏ ဝေဖန်မှုပစ်မှတ် ဖြစ်လာမည်မှာ သေချာပေါက်ပင်။
သူတို့နှစ်ယောက်သည် လျင်မြန်စွာ လျှောက်လှမ်းသွားပြီး မကြာမီမှာပင် အဆောက်အအုံ၏အတွင်းပိုင်း နက်ရှိုင်းသော နေရာရှိ ခြံဝန်းငယ်လေးတစ်ခုသို့ ရောက်ရှိသွားကြသည်။ ဤအချိန်တွင် လဲ့ချန်ယီသည် ပက်လက်ကုလားထိုင်ပေါ်တွင် မှီ၍ထိုင်နေပြီး ကြည့်ရသည်မှာ သက်တောင့်သက်သာ ဖြစ်နေပုံပင်။
သူသည် ကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သဖြင့် အလုံးစုံသိမြင်ဂိုဏ်းအတွက် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ထိုကြောင့် အကြီးအကဲကူယိုသည် သူ၏အခွင့်အာဏာကို အသုံးပြုပြီး လဲ့ချန်ယီအား ငှာနချုပ်အကြီးအကဲအဖြစ် အတည်ပြုပေးခဲ့လေ၏။
ယခုအချိန်တွင် သူသည် လက်ရှိရာထူးကို ယာယီ ဆက်လက်၍ ထမ်းဆောင်ရမည်ဖြစ်ပြီး သင့်တော်သော ဆက်ခံသူကို ရွေးချယ်ပြီးသည်နှင့် မကြာမီမှာပင် ငှာနချုပ်သို့ ပြောင်းရွှေ့ခံရပေမည်။
"ဂိုဏ်းခွဲသခင်..."
ချီထျန်းမင်က ရှေ့သို့ အလျင်အမြန်တိုးသွားသည်။
သူ၏စကားများကို ကြားပြီးနောက် လဲ့ချန်ယီသည် အလျင်အမြန် မတ်တတ်ထလိုက်ပြီး သူ၏ရှေ့မှ ကျန်းရွှမ်ကို ကြည့်လိုက်၏။
"အရှင်ကျန်းလား"
လဲ့ချန်ယီက အနည်းငယ် တွေဝေတုံ့ဆိုင်းပြီးနောက် အစမ်းသဘောဖြင့် မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
သူ၏သရုပ်မှန်ကို ထုတ်ဖော်ခဲ့သော အကြောင်းအရင်းမှာ ချီထျန်းမင်တို့လူစုသည် သူ ဝရမ်းထုတ်ခံရသောတရားခံ ဖြစ်နေသည်ကို သိသော်လည်း စွန်းချန်တို့ကို ကယ်တင်ခဲ့သောကြောင့်ပင်။ ဤသည်မှာ သူတို့ထံ၌ သူ့အပေါ် မကောင်းသောစိတ်ဆန္ဒမျိုး မရှိကြောင်း ပြသနေခြင်းပင်။ ထိုသို့ ဖြစ်နေသောကြောင့် သူ ဖုံးကွယ်နေရန် မလိုတော့ချေ။ အကြောင်းအရင်းမှာ သူ လုပ်ဆောင်မည့်ကိစ္စကြောင့် တုံးအမိုက်မဲခြင်းမရှိသော မည်သူမဆို သူ၏သရုပ်မှန်ကို ခန့်မှန်းနိုင်မည် ဖြစ်သောကြောင့်ပင်။
"အရှင်က ဒီနေရာကို တိုက်ရိုက်ရောက်လာတာ... ဘာကိစ္စများ ရှိလို့လဲ"
လဲ့ချန်ယီ အနည်းငယ် စိတ်ဝင်စားသွားသည်။
သူသည် အတင့်ရဲသူများကို မြင်တွေ့ဖူးသော်လည်း ဤမျှထိ အတင့်ရဲသူမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးချေ။
သို့ရာတွင် အိမ်ရှေ့စံမင်းသား၏လက်ထဲမှ ပြိုင်ဘက်ကင်း နတ်ဘုရားဆေးလုံးကို လုယူနိုင်ခဲ့ခြင်းမှတဆင့် ဤလူငယ်ထံ၌ အစွမ်းအစ အမှန်တကယ် ရှိနေကြောင်း ပြသနေပေ၏။
အနည်းဆုံးအနေဖြင့် သူ ယုံကြည်သည်မှာ အကယ်၍ သူသည် တစ်ဖက်လူကို အတင်းအကြပ် ထိန်းသိမ်းထားရန် ကြိုးစားလျှင် သူသာ သေသွားမည်ကိုပင်။
"ငါက သတင်းအချက်အလက်တွေ ထပ်ပြီးရောင်းချင်လို့ပါ"
ကျန်းရွှမ်က ပြောဆိုသည်။
"ပြောပါ...."
လဲ့ချန်ယီ တည်ကြည်လေးနက်စွာဖြင့် လက်ဟန်ပြပြီး ရှေ့ရှိ ထိုင်ခုံတွင် ထိုင်လိုက်သည်။
ကျန်းရွှမ်က ရှေ့သို့ခြေလှမ်းနှစ်လှမ်း တိုးကာ သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဒါက ကျန်းရွှမ်နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်ပဲ"
လဲ့ချန်ယီနှင့်ချီထျန်းမင်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့၏ရှေ့မှ ဤလူငယ်လေးသည် မည်သည့်လှည့်ကွက်များကို ထုတ်သုံးအုံးမည်အား သူတို့ မခန့်မှန်းနိုင်ကြချေ။
ကျန်းရွှမ်သည် သူတို့ကို ဆက်လက်၍ခန့်မှန်းခွင့် မပေးတော့ဘဲ တဲ့တိုးပြောဆိုလိုက်၏။
"သူက ရွှမ်ကျီးဂိုဏ်းကနေ ကံတရား ၈ပိဿာ ချေးယူပြီးတော့ ဗုဒ္ဓဂိုဏ်းဆီသွားပြီး ရတနာ ရှာဖွေဖို့ ကြံစည်နေတယ်"
"ကံတရား ၈... ၈ပိဿာ ဟုတ်လား... ပြီးတော့ ဗုဒ္ဓဂိုဏ်းဆီ သွားမယ် ဟုတ်လား..."
လဲ့ချန်ယီ၏မျက်လုံးများ ပြူးကျယ်သွားသည်။
'ဒါ အမှန်လား အမှားလား...ဒီသတင်းက အရမ်းပွက်လောရိုက်သွားနိုင်တယ်"
"ဒါက အမှန်ပါ"
လဲ့ချန်ယီ သံသယဝင်နေသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်... အရှင်က ဒီသတင်းကို ဘယ်လိုရောင်းဖို့ စီစဉ်ထားလဲ"
လဲ့ချန်ယီသည် တဖန်ပြန်၍ စိတ်လှုပ်ရှားသွားပေ၏။
ဤသတင်း ပျံ့နှံ့သွားသည်နှင့် တပြိုင်နက် မိုးထိမြင့်မားသော ဈေးနှုန်းကို ရရှိရုံသာမက ကြီးမားသော အုတ်အော်သောင်းတင်းနိုင်မှုကြီးကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း သူ ကြိုတင်၍ မျှော်လင့်နိုင်သည်။
ကျန်းရွှမ်က ပြောဆိုသည်။
"ဒါက ရိုးရှင်းပါတယ်... အရင်ဆုံး အိမ်ရှေ့စံမင်းသားယွမ်ချင်းကို ရှာပြီးတော့ သူ့ကို သီးသန့် ဝယ်ခိုင်းလိုက်... သူ မဝယ်ချင်ရင် တခြားလူတွေကို ဖြန့်လိုက်ပေါ့...."
"သီးသန့် ဝယ်ယူတာလား"
လဲ့ချန်ယီ ရုတ်တရက် နားလည်းသဘောပေါက်သွားသည်။
သူ၏ရှေ့မှ လူသည် အိမ်ရှေ့စံမင်းသားယွမ်ချင်းကို လှည့်စားရန် ကြံစည်နေပုံရသည်။
"အမှန်ပဲ... မင်းတို့က ဈေးနှုန်း တွက်ချက်ပြီးတော့ ငါ့ကို စရန်ငွေ ပေးချေပါ .. ပြီးတော့ သူ သီးသန့် ဝယ်တာပဲဖြစ်ဖြစ် တခြားလူတွေဆီကို သတင်းအချက်အလက်တွေ ဖြန့်ဝေတာပဲဖြစ်ဖြစ်... အမြတ်ငွေရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ငါ့ကို ပေးရမယ်"
ကျန်းရွှမ်က ပြောဆိုသည်။
"ပြဿနာ မရှိဘူး"
လဲ့ချန်ယီက အလျင်အမြန် ခေါင်းညိတ်လိုက်၏။
ဤဈေးနှုန်းသည် ထိုက်တန်ပေ၏။
တခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ယခင်သတင်းအချက်အလက် တစ်ခုတည်းဖြင့် အလုံးစုံသိမြင်ဂိုဏ်းအတွက် ကြီးမားသော အမြတ်အစွန်း ရရှိခဲ့သည်။
"ဒီလို လုပ်ကြရအောင်...ငါက အရှင်ကို အကျိုးပြုရမှတ်တစ်သောင်း စရန်အနေနဲ့ပေးထားမယ်... ရောင်းပြီးမှ ကျန်တာကို ပေးချေမယ်..."
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် လဲ့ချန်ယီက ပြောဆိုသည်။
"အဲ့ဒါတွေကို ကံကြမ္မာချပ်ပြားတွေ အဖြစ် ပြောင်းပေးပါ"
ကျန်းရွှမ်က ပြောဆိုလိုက်၏။
"ကောင်းပြီလေ...."
ဤလူငယ်သည် စိတ်မရှည်ကြောင်း သိထားသဖြင့် လဲ့ချန်ယီက လူတစ်ယောက်ကို ချက်ချင်းပြင်ဆင်ခိုင်းလိုက်သည်။
ဆယ်မိနစ်ခန့်အကြာတွင် ကျန်းရွှမ်၏ရှေ့သို့သိုလှောင်လက်စွပ်တစ်ကွင်း ရောက်လာသည်။ သူသည် ထိုအရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ဤမျှထိများပြားသော ကောင်းကင်ကံကြမ္မာစွမ်းအားများသည် အချိန်အတိုင်းအတာတစ်ခုအထိ ဖောဖောသီသီ သုံးစွဲရန် လုံလောက်ပေ၏။
"ငါ သွားတော့မယ်"
သူသည် ကံကြမ္မာချပ်ပြားများကို ရွှမ်ကမ္ဘာထဲသို့ ထည့်လိုက်ပြီး ကံတရားချေးငှားခြင်း ကိစ္စကို အသေးစိတ် ရှင်းပြလိုက်သည်။ ထို့နောက် သူ ရှင်းပြရန် လိုအပ်သည်များကို ထပ်မံပြောဆိုပြီးနောက် ထွက်ခွာသွားတော့သည်။ အလုံးစုံသိမြင်ဂိုဏ်းမှ ထွက်ခွာပြီးနောက် သူသည် လင်းကျိုးတောင်ရှိရာအရပ်သို့ ဦးတည်ပြီး လျှင်မြန်စွာ ပျံသန်းသွားသည်။
သူ ထွက်သွားသည်နှင့် တပြိုင်နက် လဲ့ချန်ယီသည် ကူးပြောင်းရေးဝင်္ကပါထဲသို့ ဝင်ရောက်သွားပြီး နောက်ထပ်တခဏအကြာတွင် အလုံးစုံသိမြင်ဂိုဏ်း၏ဌာနချုပ်သို့ ရောက်ရှိသွားသည်။
"သူ့အကြောင်း သတင်းအချက်အလက်ကို သူကိုယ်တိုင် ရောင်းချတာလား..."
လဲ့ချန်ယီ၏ရှင်းပြချက်ကို ကြားပြီးနောက် အကြီးအကဲကူယိုသည်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပေ၏။
ရိုးရိုးသားသား ပြောဆိုရလျှင် တစ်ဖက်လူ၏ရည်ရွယ်ချက်ကို သူသည်လည်း ရှင်းရှင်းလင်းလင်း မခန့်မှန်းနိုင်ချေ။
"မင်း ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်... အခု မင်း အိမ်ရှေ့စံမင်းသားယွမ်ချင်းဆီကို သွားပြီးတော့ ဒီသတင်းအချက်အလက်ကို ရောင်းလိုက်တော့"
အချိန်တခဏမျှ စဉ်းစားပြီးနောက် အကြီးအကဲကူယိုသည် သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို ဝိုးတဝါး ခန့်မှန်းမိသဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့...."
လဲ့ချန်ယီသည် လှည့်ထွက်သွားသော်လည်း သူ ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးသောအချိန်တွင် သူ၏နောက်မှ အသံတစ်သံကို ကြားလိုက်ရသည်။
"ထားလိုက်တော့... ငါကိုယ်တိုင်ပဲ လုပ်လိုက်မယ်... မင်းရဲ့စွမ်းအားက မလုံလောက်သေးဘူး... ဈေးကောင်းမရမှာကို စိုးရိမ်ရတယ်"
အကြီးအကဲကူယိုက ထိုသို့ပြောဆိုပြီးသည်နှင့် လေထုထဲသို့ ခုန်တက်ကာ ပျံသန်းသွားသည်။
လဲ့ချန်ယီသည် ငှာနချုပ်အကြီးအကဲ ဖြစ်လာသည်မှာ မကြာသေးသဖြင့် သူ၏ အဆင့်အတန်းနှင့် ရာထူးသည် အကြီးအကဲကူယိုထက် များစွာနိမ့်ကျနေဆဲပင်။ ဤကိစ္စကို သူကိုယ်တိုင် ကိုင်တွယ်ခြင်းက ပိုကောင်းပေလိမ့်မည်။
...
လင်းကျိုးတောင်သည် ဗုဒ္ဓအရှင်မှ ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့ပြီးနောက် ဗုဒ္ဓဂိုဏ်းကို တည်ထောင်ခဲ့သော နေရာပင်။ ဤနေရာတွင် ဗုဒ္ဓဂိုဏ်း၏နောက်လိုက် သန်းပေါင်းများစွာရှိပြီး ဗောဓိသတ္တများ အဆင့်မြင့်ဘုန်းတော်ကြီးများ ဘုန်းတော်ကြီးများစသဖြင့် အဆင့်ဆင့်အုပ်ချုပ်မှု တင်းကြပ်ပြီး ထိပ်သီးကျင့်ကြံသူများ ပေါများသည်။
အထူးသဖြင့် ဘုန်းတော်ကြီးများ နေထိုင်သော ဆုမီရူတောင်သည် ကြီးမားသော မှော်ရတနာ တစ်ခုဖြစ်ပြီး နတ်ဘုရားနယ်မြေအဖြစ် သန့်စင်ထားကာ မျက်စိတစ်မှိတ်အတွင်း လက်စွပ်တစ်ကွင်းအဖြစ် ပြောင်းလဲနိုင်သည်။ ဤနေရာတွင် နတ်ဆိုးမျိုးနွယ်၏အနှစ်သာရအမြူတေကို အားကိုးပြီး အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်စွမ်းအားကို ယာယီသာထုတ်သုံးနိုင်သော ကျန်းရွှမ်ကို မဆိုထားနှင့် မြင့်မြတ်သွေးနတ်ဆိုးဧကရာဇ် သို့မဟုတ် နတ်ဆိုးအရှင်များကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များပင်လျှင် မဆင်မခြင်ဝင်သွားပါက ပြန်ထွက်လာနိုင်မည် မဟုတ်ချေ။
နှင်းနတ်ဆိုးအရှင်၏ ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်အောက်တွင် ကျန်းရွှမ်သည် ထိုကဲ့သို့နေရာမျိုးသို့ တက်တက်ကြွကြွ ပျံသန်းသွားလေသည်။
သို့သော် သူသည် တောင်ခြေရင်းသို့ မရောက်မီ ရပ်တန့်လိုက်ပြီး ရှေ့ဆက်မသွားတော့ချေ။
"မင်း သဘောပေါက်သွားတာ ကောင်းပါတယ်..."
သူ တိုက်ရိုက်ဝင်သွားခြင်း မရှိသည်ကို မြင်တွေ့ချိန်၌ နှင်းနတ်ဆိုးအရှင်က သက်ပြင်းချလိုက်သည်။
"အခုက တောင်ပေါ်တက်သွားဖို့ အချိန်ကောင်း မဟုတ်သေးဘူး... ငါက လူတစ်ယောက် ရောက်လာမှာကို စောင့်ရမယ်"
ကျန်းရွှမ်က အပြုံးနှင့် ပြောဆိုသည်။
"ဘယ်သူ့ကို စောင့်မှာလဲ"
နှင်းနတ်ဆိုးအရှင် မေးမြန်းလိုက်သည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
"ငါက အိမ်ရှေ့စံမင်းသားယွမ်ချင်း ရောက်လာမှာကို စောင့်နေတာပဲ"
"သတင်းအမှားတစ်ခုအတွက် သူ တကယ်ကြီး လာမယ်လို့ မင်း ထင်နေတာလား"
နှင်းနတ်ဆိုးအရှင် ဆွံ့အသွားသည်။
ဤသခင်သည် အံ့အားသင့်ဖွယ်ကောင်းသော အစီအစဉ်တစ်ခုခုကို လုပ်ဆောင်ထားသည်ဟု သူ တွေးထင်ခဲ့မိသည်။
'တကယ်တမ်းကျတော့ ဒါပဲလား'
ဂုဏ်သတင်းကြီးမားကာ ဥာဏ်ရည်ထက်မြက်သော အိမ်ရှေ့စံမင်းသားသည် ဤသတင်းအချက်အလက်ကို ကျန်းရွှမ် တိတ်တဆိတ် ဖြန့်လိုက်ကြောင်းကို မည်သည်ကြောင့် မခန့်မှန်းမိဘဲ နေမည်နည်း။ သူသည် ဤကိစ္စကို သိသွားသည်နှင့် မည်သည်ကြောင့် အပြေးအလွှား ရောက်လာမည်နည်း။
"သူ သေချာပေါက် လာလိမ့်မယ်... ဘာလို့လဲဆိုတော့ သူ မလောင်းရဲလို့ပဲ"
ကျန်းရွှမ်က ပြောဆိုသည်။
ဗုဒ္ဓပင်လျှင် သူ ပြီးပြည့်စုံအောင် မကျင့်ကြံနိုင်ခဲ့သော ထာဝရနှလုံးသားကို လိုချင်နေသည်။ ထို့ကြောင့် မင်းသားယွမ်ချင်းသည် ထိုသတင်းအချက်အလက်ကို ဝယ်ယူရန် ကြီးမားသော ဈေးနှုန်းအား ပေးချေရပေလိမ့်မည်။
ဟူရှန်း ယူလာသော သတင်းသည် အမှန် ဖြစ်နေလျှင် သူ မည်သို့ပြုလုပ်ရမည်နည်း။ အိမ်ရှေ့စံမင်းသားဖြစ်သော သူ အစီအစဉ်များ အားလုံး ပျက်စီးသွားရုံသာမက သူကိုယ်တိုင်သည်လည်း ဟာသပြက်လုံးတစ်ခု ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သတင်းအမှား ဖြစ်နိုင်ကြောင်း သိနေလျှင်ပင် သူသည် နောက်ဆက်တွဲ အကျိုးဆက်များကို ဂရုမစိုက်ဘဲ ရှေ့သို့ တိုးလာပေလိမ့်မည်။
ဤသည်မှာ ပြောင်ပြောင်တင်းတင်း အကွက်ချကြံစည်မှု တစ်ခုပင်။
မင်းသားယွမ်ချင်းကို ထောင်ချောက်အတွင်းသို့ တိုးဝင်လာအောင် ဖိအားပေးနေသည့် ဗြောင်ကျကျ ကြံစည်မှုတစ်ခုပင်။