ခရမ်းရွှေသပိတ်
Vol. 42 Ch. 480
"အိမ်ရှေ့စံမင်းသားက အကြောင်းပြချက် မရှိဘဲနဲ့ ရောက်လာပြီးတော့ လူတစ်ယောက်ကို ရှာနေတယ်လို့ ပြောတယ်... အခုတော့ အဲ့ဒီလူက တိုက်တိုက်ဆိုင်ဆိုင် ထွက်ပေါ်လာတယ်...ငါက ဘယ်လိုလုပ်ပြီး ယုံရမှာလဲ..."
ဗုဒ္ဓသည် စကားပြောလိုက်ပြီး သူ၏မျက်လုံးအကြည့်သည် ဗောဓိသတ္တများပေါ်သို့ ကျရောက်သွားပေ၏။
"အဲ့ဒီလူကို ဖမ်းလိုက်... လိုအပ်ရင် သတ်ပစ်လိုက်စမ်း"
"ဟုတ်ကဲ့"
ခန်းမထဲတွင်ရှိနေသော ဗောဓိသတ္တရှစ်ပါးလုံး ချက်ချင်းပြေးထွက်သွားကြသည်။
"ခဏစောင့်ကြပါအုံး... အရှင် ဗောဓိသတ္တတို့..."
ထိုအချိန်မှာပင် သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး ဇီသာတေးသွားသည် မိုးရေစက်များအလား ပျံ့လွင့်လာကာ လူများအားလုံး၏လှုပ်ရှားမှုများကို အလိုအလျောက် ရပ်တန့်သွားစေသည်။
ဗောဓိသတ္တများသည် တညီတညွတ်တည်း လှည့်ကြည့်လိုက်ရာ အိမ်ရှေ့စံယွမ်ချင်းနှင့်အတူ ပါလာသော ရန်ချူးယောင်ကို မြင်တွေ့လိုက်ရသည်။ သူမသည် ဂီတရတနာ တစ်ပါးဖြစ်သည့် 'ကောင်းကင်ကိုးလွှာ တေးသွားဇီသာ'ကို မည်သည့်အချိန်က ထုတ်ယူလိုက်သည်မှန်း မသိရဘဲ တီးခတ်နေသည်ကို ချက်ချင်းမြင်တွေ့လိုက်ရသည်။
ဤဇီသာကို ဖီးနစ်ငှက်များ နားခိုသော ဝူထောင်သစ်သားဖြင့် ထုလုပ်ထားပြီး ကြယ်ပဲ့တင်သံ ကျောက်တုံးများဖြင့် စီခြယ်ထားသည်။ ကြိုးများမှာမူ ငရဲကိုးထပ် ကောင်းကင်ပိုးချည်မျှင်များပင်။ သူမသည် ဇီသာကို ညင်သာစွာ တီးခတ်လိုက်ရုံဖြင့် လူအများ၏စိတ်ဝိညာဉ်ကို လှုပ်ခတ်စေပြီး လေဟာနယ်သည် သီးခြားဖြစ်တည်မှုတစ်ခု ဖြစ်လာပေ၏။ ဗောဓိသတ္တများသည် ကျင့်ကြံဆင့် မြင့်မားသော်လည်း အချိန်တိုအတွင်းတွင် ထိုလေဟာနယ်အတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိကြချေ။
"အတင့်ရဲလိုက်တာ...."
ဂီတ ကောင်းကင်ကံကြမ္မာကို နားလည်ထားသော မိန်းကလေးတစ်ယောက်က မြင့်မြတ်သော ဗောဓိသတ္တများကို တားဆီးဝံ့သလော။ ဤှသည်က ရုတ်တရက် ဖြစ်ပေါ်သွားခြင်းဖြစ်သော်လည်းသူတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်။ နီဗားနား ဗောဓိသတ္တသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ လူအုပ်ကြီးကို တားဆီးကန့်သတ်ထားသော ဇီသာတေးသွားသည် ချက်ချင်းပျက်ပြယ်သွားပေ၏။
ဤဗောဓိသတ္တကိုယ်တိုင်သည် လေဟာနယ်ကို ဖြတ်သန်းသွားလာနိုင်စွမ်း ရှိသည်။ ယခုချိန်၌ သူ၏စွမ်းအားကို ထုတ်ဖော်အသုံးပြုလိုက်ချိန်တွင် ရန်ချူးယောင်၏စွမ်းအားသည် မနိမ့်ကျသော်လည်း ခုခံနိုင်စွမ်း မရှိတော့ချေ။
သို့ရာတွင် ဤအခိုက်အတန့်လေး အတွင်းမှာပင် ဗောဓိပင်ကို ခိုးယူသွားသော ပုံရိပ်သည် ဆုမီရူတောင်၏နယ်ပယ်မှ ထွက်ခွာသွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
"အိမ်ရှေ့စံမင်းသား... ဒါ ဘာသဘောလဲ... ဗောဓိပင်ကို ပြန်မရရင် ကျွန်တော်တို့ ဗုဒ္ဓဂိုဏ်းကို ခင်ဗျား ရှင်းပြရလိမ့်မယ်..."
နီဗားနားဗောဓိသတ္တသည် အလွန်ဒေါသထွက်နေသဖြင့် သူ၏ရင်ဘတ် ပေါက်ကွဲလုနီးပါး ဖြစ်နေသည်။ သူသည် ထပ်မံ၍စကားမပြောတော့ဘဲ ပို၍လျင်မြန်စွာ ပြေးထွက်သွားသည်။ တခြားဗောဓိသတ္တများသည်လည်း စူးရှသော အကြည့်ဖြင့် အိမ်ရှေ့စံယွမ်ချင်းကို ကြည့်ကာ ပင်မခန်းမဆောင်၏ပြင်ပသို့ အလျင်အမြန် ပြေးထွက်သွားကြသည်။
"ငါလည်း သွားကြည့်လိုက်ဦးမယ်..."
အိမ်ရှေ့စံယွမ်ချင်းသည် အလျင်အမြန် နောက်လှည့်ပြီး ထွက်ခွာသွားရန် ပြင်လိုက်သော်လည်း သူ၏ခန္ဓာကိုယ် ထပ်မံ၍ တောင့်တင်းသွားသည်ကို ခံစားလိုက်ရသည်။ ကြာပန်းပလ္လင်ပေါ်ရှိ ဗုဒ္ဓသည် မကျေမနပ် ဖြစ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
"မင်းတို့နှစ်ယောက် ဒီမှာ နေခဲ့စမ်း"
ဝုန်း...
အလွန်အစွမ်းထက်သော စွမ်းအားတစ်ရပ် ဆင်းသက်လာပြီး အိမ်ရှေ့စံယွမ်ချင်းနှင့် ရန်ချူးယောင်တို့ကို လွှမ်းခြုံသွားသည်။ သူတို့သည် မည်မျှပင် ကြိုးစားသော်လည်း မလှုပ်ရှားနိုင်တော့ချေ။
အသက်ပင်လယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသော အိမ်ရှေ့စံယွမ်ချင်းသည် အလွန် စွမ်းအားကြီးမားသော်လည်း ဗုဒ္ဓအရှင်ကဲ့သို့သော ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ် ပုဂ္ဂိုလ်နှင့် နှိုင်းယှဉ်လျှင် အလှမ်းကွာဟနေဆဲပင်။
"စိတ်ချပါ... ဘယ်သူပဲဖြစ်ဖြစ် ငါ့တို့ဗုဒ္ဓဂိုဏ်းက ပစ္စည်းကို ခိုးယူပြီးရင် လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
သူတို့နှစ်ယောက်ကို နောက်ထပ်ပြဿနာများ မရှာနိုင်စေရန် ကန့်သတ်ပြီးနောက် ဗုဒ္ဓက ကျယ်လောင်စွာ အော်ငေါက်လိုက်ပြီး သူ၏လက်ဝါးကို ရှေ့သို့တွန်းပို့လိုက်သည်။ အချိန်တခဏအတွင်းမှာပင် ခရမ်းရွှေသပိတ်တစ်လုံသည် လေထုထဲသို့ ပျံသန်းသွားပေ၏။
ဤသည်မှာ ဗုဒ္ဓ၏မှော်ရတနာဖြစ်သော ခရမ်းရွှေသပိတ်ပင်။
ထိုအရာကို ဖရိုဖရဲခရမ်းရွှေဖြင့် သန့်စင်ထားပြီး "မဟာယာန အတိုင်းအဆမဲ့ အသက်ကျမ်းစာ"မှ ကျမ်းစာစာလုံးများကို ရေးထိုးထားသည်။ ထိုရတနာ၏စွမ်းအားသည် အကန့်အသတ်မရှိဘဲ ဗုဒ္ဓအရှင်၏ အစွမ်းအထက်ဆုံး မှော်ရတနာများထဲမှ တစ်ခုဖြစ်ကာ အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုး နှင့် သံသရာအမွေအနှစ်မျှော်စင်တို့ထက် များစွာပို၍ သာလွန်သည်။
ဝုန်း....
ခရမ်းရွှေသပိတ် ပေါ်လာသည်နှင့် တပြိုင်နက် တောင်တန်းမြစ်ပြင်တံဆိပ်ပြားဖြင့် ကန့်သတ်ခံထားရသော လေဟာနယ်သည် ချက်ချင်းစုတ်ပြဲသွားပေ၏။ ဤမှော်ရတနာသည် အနည်းငယ် တောက်ပသွားပြီး ထွက်ပြေးနေသော ကျန်းရွှမ်၏နောက်ကျောဘက်တွင် ပေါ်လာလေသည်။
တစ်ဖက်လူ၏ လိုက်လံဖမ်းဆီးမှု နယ်ပယ်မှ လွတ်မြောက်ပြီဟု ထင်မှတ်ကာ ကျန်းရွှမ်သည် ရွှမ်ကမ္ဘာ၏ လေဟာနယ်ကူးပြောင်းခြင်း နည်းစနစ်ကို အသုံးပြု၍ ထွက်ပြေးရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် မိုးကောင်းကင်ယံမှနေ၍ ကြီးမားသည့် စုပ်ယူအားတစ်ရပ် ဆင်းသက်လာကာ သူ့ကို လုံးလုံးလျားလျား လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရသည်။
သူ အလျင်အမြန် မော့ကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးသူငယ်အိမ်များ အလိုအလျောက် ကျဉ်းမြောင်းသွားသည်။
ကြီးမားသော ခရမ်းရွှေသပိတ်တစ်လုံးသည် မိုးကောင်းကင်ယံအထက်တွင် တည်ရှိနေပြီး သူ့ကို လုံးလုံးလျားလျား လွှမ်းခြုံထားသည်ကို မြင်တွေ့မိလေ၏။ ဤရတနာ၏အောက်တွင် သူသည် ထွက်ပြေးရန် ကြိုးစားနေသော မျောက်တစ်ကောင်အလားပင်။ သူ့ထံ၌ အလွန်မြင့်မားသော ကျင့်ကြံဆင့်စွမ်းအားရှိသော်လည်း သူ ကူကယ်ရာမဲ့ဖြစ်နေသည်။
ဤသည်မှာ ဗုဒ္ဓအရှင်၏စွမ်းအား ဖြစ်သလော...
ဗုဒ္ဓအရှင်သည် သူကိုယ်တိုင် ရောက်မလာဘဲ မှော်ရတနာတစ်ခုတည်းကို စေလွှတ်လိုက်ရုံဖြင့်ပင် ကျန်းရွှမ်ကို အစွမ်းကုန် ထုတ်သုံးစေပြီး ကူကယ်ရာမဲ့ ဖြစ်သွားစေသည်။
"ငါက သေချာပေါက် လွတ်မြောက်နိုင်တယ်... ကံတရား... ငါ့အတွက် ကုန်ဆုံးပေးစမ်း"
ကျန်းရွှမ်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး အဝေးမှ ပျံသန်းလာနေသော ဗောဓိသတ္တရှစ်ပါးသည် အချိန်မရွေး ရောက်လာတော့မည်ကို သူ မြင်လိုက်ရသည်။ ထိုအချိန်ကျပါက သူသည် ထပ်မံ၍ မလွတ်မြောက်နိုင်တော့ဘဲ အသတ်ခံရတော့မည်ကို သိရှိထားပေ၏။ သူသည် ကျယ်လောင်စွာ အော်ငေါက်လိုက်ပြီး သူ၏ခန္ဓာကိုယ် အတွင်းမှ ကံတရားစွမ်းအားများကို အရူးအမူး စုစည်းလိုက်သည်။
ကံတရား၃ပိဿာသည် ကောင်းကင်ဥပဒေသ မြို့တော်မှ ချောချောမွေ့မွေ့ ထွက်ပြေးရန် မလုံလောက်နိုင်သော်လည်း ဗုဒ္ဓဂိုဏ်းမှ လွတ်မြောက်ရန်မှာမူ ပြဿနာကြီးတစ်ခု မဖြစ်သင့်ချေ။
ဤသည်မှာ သူ ဤနေရာ၌ သူ၏အစီအစဉ်ကို လုပ်ဆောင်ရဲသည့် အကြောင်းအရင်းလည်းဖြစ်သည်။
ကံတရားများ လျင်မြန်စွာ ကုန်ဆုံးသွားစဉ်မှာပင် ရုတ်တရက် သေးငယ်သော ကျောက်စိမ်းတံဆိပ်ပြားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုတံဆိပ်ပြားသည် အနည်းငယ် တုန်ခါသွားပြီး ခရမ်းရွှေသပိတ်၏ ဝါးမျိုနိုင်စွမ်းကို ထွင်းဖောက်လိုက်၏။
ဤသည်မှာ အိမ်ရှေ့စံ၏အမှတ်အသားဖြစ်သော အသေးစားကျောက်စိမ်းစည်းတံဆိပ်ပင်။
ဧကရာဇ်သည် လောကကြီးကို ထိန်းချုပ်ပြီး အိမ်ရှေ့စံသည် ဆက်ခံသူအနေဖြင့် သူ၏ အဆင့်အတန်းသည် နိမ့်ကျသော်လည်း လူတစ်ယောက်မှလွဲ၍ တခြားလူများအားလုံး၏ အထက်တွင် ရှိသည်။ ဤအသေးစားကျောက်စိမ်းစည်းတံဆိပ်တွင် အထွတ်အထိပ် အာဏာတစ်ရပ် ပါဝင်သည်။ ရတနာအဆင့်အတန်းအရ ထိုအရာသည် ခရမ်းရွှေသပိတ်နှင့် မယှဉ်နိုင်သော်လည်း ထိုအရာ၏ စွမ်းအားသည် လုံးလုံးလျားလျား နိမ့်ကျခြင်းမရှိပေ။
နှစ်ဖက်ထိပ်တိုက်တွေ့ဆုံလိုက်သည်နှင့် ခရမ်းရွှေသပိတ်၏ဝါးမျိုနိုင်စွမ်း ချက်ချင်းပျောက်ကွယ်သွားပြီး ကန့်သတ်ခံထားရသော ကျန်းရွှမ်သည် လွတ်လပ်မှုကို ပြန်လည်၍ ရရှိသွားပေ၏။
"ဟား ဟား ဟား...နှုတ်ဆက်ပါတယ်..."
ဤအချိန်တွင် ကျန်းရွှမ်သည် ဗုဒ္ဓဂိုဏ်းနှင့် တောင်တန်းမြစ်ပြင်တံဆိပ်ပြားတို့၏ ထိန်းချုပ်ထားသော နယ်ပယ်မှ လွတ်မြောက်သွားလေပြီ။ သူ၏ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်ပြီးနောက် သူ မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
"တောက်..."
ဗောဓိသတ္တများ တစ်ပြိုင်နက်တည်း ရောက်ရှိလာကြသည်။ သူတို့သည် ပျောက်ကွယ်သွားသော ပုံရိပ်နှင့် သူတို့၏ရှေ့ရှိ အိမ်ရှေ့စံ ခေါ်ဆောင်လာသော မရေမတွက်နိုင်သည့် စစ်သည်များကို မြင်တွေ့လိုက်ရသည်။ သူတို့၏မျက်လုံးများ ဒေါသကြောင့် ကျဉ်းမြောင်းသွားပေ၏။
ဗုဒ္ဓဂိုဏ်း၏ သန့်စင်မွန်မြတ်သော နယ်မြေသည် ကျူးကျော်ဝင်ရောက်ခံရရုံသာမက ဗောဓိပင်လည်း ပြောင်ပြောင်တင်းတင်း လုယူခံလိုက်ရသည်။
ဤကိစ္စကို မည်သို့ပင် တွေးတောစေကာမူ သူတို့ နာကျည်းမုန်းတီးနေပေ၏။
"အဲ့ဒီလူတွေအားလုံးကို ဖမ်းခေါ်လာခဲ့စမ်း"
ဗောဓိသတ္တများ ဒေါသထွက်နေစဉ်မှာပင် ဗုဒ္ဓ၏ ဖျော့တော့တော့အသံ ထွက်ပေါ်လာသည်။
"ဗုဒ္ဓရဲ့အမိန့်တော်ကို ကျွန်တော်တို့က ရိုရိုသေသေ နာခံပါတယ်"
ဗောဓိသတ္တရှစ်ပါးသည် တွေဝေတုံ့ဆိုင်းနေဝံ့ခြင်း မရှိချေ။ သူတို့သည် လက်အုပ်ချီ၍ အရိုအသေပြုလိုက်ပြီးနောက် သူတို့၏လက်များကို ညင်သာစွာ ဖမ်းဆုပ်လိုက်ကြသည်။ ထိုနောက် စစ်သည်အမြောက်အများကို သူတို့ ၏လက်ဝါးထဲရှိ ဗုဒ္ဓနယ်မြေထဲ၌ ဖမ်းချုပ်ပြီး သူတို့နှင့်အတူ ခေါ်ဆောင်သွားတော့သည်။
အချိန်တခဏအကြာတွင် လူများအားလုံး ပင်မခန်းမဆောင်သို့ ပြန်ရောက်လာကြသည်။ ဤအချိန်တွင် အိမ်ရှေ့စံယွမ်ချင်းနှင့်ရန်ချူးယောင်တို့သည် ဗုဒ္ဓအရှင်၏စွမ်းအားဖြင့် ချိတ်ပိတ်ခံထားရပြီး မလှုပ်မယှက် မတ်တတ်ရပ်နေကြသည်။
"အိမ်ရှေ့စံမင်းသား... ဘာလို့ ငါတို့ဗုဒ္ဓဂိုဏ်းရဲ့ မွန်မြတ်တဲ့ ဗောဓိပင်ကို ခိုးယူရတာလဲ"
ဗုဒ္ဓက တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် အိမ်ရှေ့စံယွမ်ချင်းကို ကြည့်လိုက်၏။
"အဲ့ဒီလူက ကျွန်တော် ဖမ်းချင်တဲ့ သူခိုးပဲ... ကျွန်တော့်ရဲ့လူ မဟုတ်ဘူး"
အိမ်ရှေ့စံယွမ်ချင်းက ရှင်းပြလိုက်သည်။
"မင်းရဲ့လူ မဟုတ်ဘူးလား... ဒါဆိုရင် မင်းက ဘာလို့ ငါတို့ကို အကြိမ်ကြိမ် တားဆီးနေရတာလဲ... အိမ်ရှေ့စံမင်းသားက ငါတို့ကို အရူးတွေလို့ ထင်နေတာလား"
နီဗားနားဗောဓိသတ္တက ဒေါသတကြီး တုံ့ပြန်ပြောဆိုသည်။
သူ တစ်ယောက်တည်း ဒေါသထွက်နေသည် မဟုတ်ဘဲ တခြားဗောဓိသတ္တများအပြင် ဗုဒ္ဓအရှင်ပင်လျှင် ဒေါသထွက်နေကြသည်။
အကယ်၍ သူသာ တောင်တန်းမြစ်ပြင်တံဆိပ်ပြားနှင့် အသေးစားကျောက်စိမ်းစည်းတံဆိပ်ကို ဆက်တိုက် ထုတ်မသုံးခဲ့လျှင်....
သူ၏အဖော် ရန်ချူးယောင်သည် ကောင်းကင်ကိုးလွှာတေးသွား ဇီသာကို ထုတ်မသုံးခဲ့လျှင်...
ထိုသူခိုးကောင်သည် ထွက်ပြေးရန် အခွင့်အရေးကို မည်သည်ကြောင့် ရရှိနိုင်မည်နည်း...
"ကျွန်တော်က ခင်ဗျားတို့ကို တားဆီးတာလား... ခင်ဗျားတို့ကသာ ကျွန်တော် လိုက်ဖမ်းတာကို တားဆီးခဲ့တာ အသိသာကြီးပဲ... မဟုတ်ရင် သူက ကျွန်တော်ရဲ့အကျဉ်းသား ဖြစ်နေလောက်ပြီ..."
အိမ်ရှေ့စံယွမ်ချင်းက အေးစက်စက် နှာမှုတ်လိုက်၏။
ဤနေရာသည် ဗုဒ္ဓဂိုဏ်း၏ဌာနချုပ် ဖြစ်သော်လည်း သူသည် မြင့်မြတ်သော အိမ်ရှေ့စံမင်းသား ဖြစ်သဖြင့် တစ်ဖက်လူများသည် သူ့ကို သတ်ရဲမည်ဟု သူ မယုံကြည်ချေ။ ထို့ကြောင့် သူသည် များစွာစိုးရိမ်ပူပန်ခြင်း မရှိပေ။
"မင်းက အပြစ်ကို လွှဲချနေတာပဲ... အရှက်မဲ့လိုက်တာ..."
နီဗားနား ဗောဓိသတ္တ ဒေါသထွက်သွားသည်။
"ဘယ်သူက အပြစ်လွှဲချနေလဲ ဆိုတာ ရှင်းပါတယ်... ကျွန်တော်က တရားခံပြေးကို ဖမ်းချင်ရုံ သက်သက်ပဲ..."
အိမ်ရှေ့စံယွမ်ချင်းသည်လည်း နောက်မဆုတ်ပေ။
"ဂုဏ်သတင်းကြီးမားတဲ့ အိမ်ရှေ့စံမင်းသားက တကယ့်ကို ကျိုးကြောင်းဆီလျော်မှု မရှိတာပဲ... ဒီလိုဆိုမှတော့ မင်းတို့တွေ သူ့ကို စောင့်ကြည့်ထားလိုက်... ထွက်မသွားစေနဲ့... ငါက ဧကရာဇ်ဖုရှန်းဆီကို သွားပြီးတော့ ဗောဓိပင်ကို ယူသွားတာက သူ့ရဲ့ညွှန်ကြားချက် ဟုတ်မဟုတ် မျက်နှာချင်းဆိုင် မေးမြန်းအုံးမယ်..."
ဗုဒ္ဓသည် ကြာပန်းပလ္လင်ပေါ်မှ မတ်တတ်ထရပ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ နောက်ထပ်အချိန်တခဏတွင် သူသည် မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
အိမ်ရှေ့စံမင်းသားတစ်ယောက် ဖြနေသဖြင့် သူသည် မင်းသားယွမ်ချင်းကို သတ်ဖြတ်ပိုင်ခွင့် သို့မဟုတ် အကျဥ်းချထားပိုင်ခွင့် မရှိချေ။ သို့ရာတွင် သူသည် ဧကရာဇ်ဖုရှန်းထံ သွားရောက်ပြီး အကျိုးအကြောင်း ပြောပြကာ တစ်ဖက်လူ၏သားဖြစ်သူသည် မည်သည့်အရာအား လုပ်ဆောင်လိုသည်ကို မေးမြန်းနိုင်သည်။