← Chapters

ဗုဒ္ဓ၏ အကြောင်းအကျိုးကံကြမ္မာ ရှာဖွေခြင်း

Vol. 42 Ch. 481

ဗုဒ္ဓ၏ အကြောင်းအကျိုးကံကြမ္မာ ရှာဖွေခြင်း

Vol. 42 Ch. 481

"ကျွန်တော်တို့က ဗုဒ္ဓဂိုဏ်းကို သွားပြီးတော့ ဗောဓိပင်ကို ခိုးယူခဲ့တယ်... ပြီးတော့ အောင်အောင်မြင်မြင်စွာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တယ်...ဟုတ်လား"

ထျန်းလီမြို့တော်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော လှိုဏ်ဂူတစ်ဂူအတွင်းတွင် ကျန်းရွှမ်သည် မြေပြင်ပေါ်တွင်ထိုင်ပြီး ပြင်းထန်စွာ မောဟိုက်နေသည်။ ဤအချိန်တွင် နှင်းနတ်ဆိုးအရှင်၏ မယုံကြည်နိုင် ဖြစ်နေသော စကားသံများက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေပေ၏။

နှင်းနတ်ဆိုးအရှင်သည် ဤကိစ္စကို သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော်လည်း အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရသည်။

ဤသည်မှာ သူတို့၏နတ်ဆိုးဂိုဏ်းကို အစဥ်အမြဲ ဖိနှိပ်ခဲ့သော ဗုဒ္ဓဂိုဏ်းဖြစ်ကာ သူတို့ဝင်ရောက်သွားခဲ့သည်မှာ ထိုဂိုဏ်း၏ မွန်မြတ်သန့်စင်သောနယ်မြေပင်။ အရေးအကြီးဆုံးအချက်မှာ ထိုနေရာ၌ ဗုဒ္ဓအရှင်ကိုယ်တိုင် ရှိနေခြင်းပင်။

"ကံတရား လုံလောက်ရင် တကယ့်ကို ဒီလောက်ထိ အစွမ်းထက်တာလား"

ကျန်းရွှမ်က တုံ့ပြန်အဖြေမပေးသည်ကို မြင်တွေ့ချိန်၌ နှင်းနတ်ဆိုးအရှင်က ဆက်လက်၍ ရေရွတ်လိုက်သည်။

"ကံတရားက အရမ်းအစွမ်းထက်တယ်... ဒါပေမဲ့ အဲ့ဒီလောက်ထိ မှော်ဆန်တာတော့ မဟုတ်ဘူး..."

ကျန်းရွှမ်က ရှင်းပြသည်။

ကံတရားသည် အလွန်အစွမ်းထက်ပေ၏။ တစ်စုံတစ်ယောက်သည် မည်သည့်ကိစ္စတွင်မဆို ကံတရားကို ပေါင်းထည့်လိုက်ပါက အဆင်ပြေချောမွေ့သွားစေသည်။ သို့ရာတွင် ထိုအရာသည် အသက်ကယ်ဆေး မဟုတ်သည့်အပြင် စိတ်လိုက်မာန်ပါ လုပ်ဆောင်ရန်အတွက် အပေးအယူ ပစ္စည်းလည်း မဟုတ်ချေ။

"ဒါဆိုရင်... ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ထွက်ပြေးလွတ်မြောက်လာတာလဲ"

နှင်းနတ်ဆိုးအရှင်သည် မယုံကြည်နိုင် ဖြစ်နေဆဲပင်။

ကျန်းရွှမ်က တိုက်ရိုက်တုံ့ပြန်အဖြေမပေးဘဲ ခပ်ဖျော့ဖျော့အပြုံးဖြင့် မေးမြန်းလိုက်သည်။

"ခုဏက အိမ်ရှေ့စံယွမ်ချင်းက ငါ ဘယ်သူလဲ ဆိုတာ ခန့်မှန်းမိတယ်လို့ မင်း ထင်လား"

နှင်းနတ်ဆိုးအရှင်က အနေခက်သောအပြုံးဖြင့် ပြောဆိုလိုက်သည်။

"သခင်ရဲ့ ရုပ်ဖျက်နိုင်စွမ်းက ကောင်းမွန်ပေမဲ့ အပြစ်လွှဲချတဲ့ စွမ်းရည်ကတော့ ညံ့လွန်းတယ်... သခင် အော်လိုက်တဲ့အချိန်မှာပဲ အိမ်ရှေ့စံယွမ်ချင်းက သခင်ဖြစ်တယ်ဆိုတာကို ခန့်မှန်းမိလောက်တယ်"

မင်းသားယွမ်ချင်းသည် အိမ်ရှေ့စံဖြစ်လာနိုင်သူဖြစ်သဖြင့် သူသည် တုံးအခြင်းမရှိချေ။ သူ မခန့်မှန်းနိုင်မှသာ ထူးဆန်းနေပေလိမ့်မည်။

"ဒါဆိုရင် ဗုဒ္ဓကရော ငါ ဘယ်သူလဲ ဆိုတာ ခန့်မှန်းမိမယ်လို့ မင်း ထင်လား"

ကျန်းရွှမ်က ဆက်လက်၍ မေးမြန်းလိုက်၏။

"သေချာတာပေါ့... သူလည်း ခန့်မှန်းမိမှာပါ"

နှင်းနတ်ဆိုးအရှင်က အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်သည်။

အိမ်ရှေ့စံယွမ်ချင်း ဤမျှထိ စိုးရိမ်ပူပန်တကြီး ပြေးလာသည်ကို ကြည့်ပါက အလုံးစုံသိမြင်ဂိုဏ်းမှ ဗုဒ္ဓဂိုဏ်းဆီသို့ လျှို့ဝှက်ချက်များ မပေါက်ကြားလျှင်ပင် ဗုဒ္ဓအရှင်က သူတို့ ရှာဖွေနေသောလူသည် ကျန်းရွှမ် ဖြစ်ကြောင်း သေချာပေါက် ခန့်မှန်းမိပေမည်။

ထို့ပြင် ကျန်းရွှမ်မှလွဲလျှင် တခြားမည်သူကမျှ သူတို့၏မျက်စိအောက်တွင် ပြဿနာရှာရဲမည် မဟုတ်ဘူးချေ။

ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။

"ငါမှန်း သိသွားရင် ငါ့မှာ ထာဝရနှလုံးသား ရှိနေတာကို သူတို့ အလိုလို သိသွားမှာပဲလေ... ပြီးတော့ ဒီအရာကို ဗုဒ္ဓက လိုချင်သလို အိမ်ရှေ့စံယွမ်ချင်းကလည်း လိုချင်နေတယ်... ငါ့ကို တစ်ဖက်ဖက်က ဖမ်းမိသွားမှာကို သူတို့ ဆန္ဒရှိမယ်လို့ မင်း ထင်လား"

"ဒါက..."

နှင်းနတ်ဆိုးအရှင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။

ဤရှင်းပြချက်နှင့်အတူ သူ လုံးလုံးလျားလျား နားလည်သဘောပေါက်သွားသည်။ အိမ်ရှေ့စံ ယွမ်ချင်းဖြစ်စေ ဗုဒ္ဓအရှင်ဖြစ်စေ သူတို့နှစ်ယောက်လုံးသည် သူ၏သခင်ကို သူတို့ကိုယ်တိုင် မဖမ်းမိလျှင်ပင် တစ်ဖက်လူထံ၌ အဖမ်းမခံရန် လိုလားကြသည်။

ထိုကြောင့်...

တစ်ဖက်က လှုပ်ရှားသည်နှင့် နောက်တစ်ဖက်က သေချာပေါက် ဝင်ရောက်တားဆီးပေလိမ့်မည်။

သူတို့၏အရှုပ်အထွေးများအောက်တွင် သူ၏သခင်ကို ထွက်ပြေးရန် အခွင့်အရေး ပေးလိုက်သကဲ့သို့ ဖြစ်သွားပေ၏။

"သခင်... သခင်က ဒါကို တွက်ချက်ထားတာလား"

နှင်းနတ်ဆိုးအရှင်၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဤလူသည် ဗုဒ္ဓဂိုဏ်းထဲသို့ တစ်ယောက်တည်း ဝင်သွားရဲသည်မှာ မထူးဆန်းတော့ချေ။ အမှန်အားဖြင့် သူ အားကိုးသည်မှာ ကံတရား မဟုတ်ဘဲ မဟာဗျူဟာပင်။

"ဒါက ရိုးရှင်းတဲ့ စိတ်ခံစားချက် ထိန်းချုပ်မှု တစ်ခုပါပဲ"

ကျန်းရွှမ်က ခေါင်းခါယမ်းလိုက်သည်။

စိတ်ခံစားချက်ကံကြမ္မာ တိုးတက်လာသည်နှင့်အမျှ တခြားသူများ၏ စိတ်ခံစားမှုများနှင့် အတွေးများအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းသည် ပို၍ကျွမ်းကျင်လာပြီး အားစိုက်ထုတ်ရန် မလိုတော့ချေ။ အရေးကြီးဆုံးအချက်မှာ ထာဝရနှလုံးသား၏ အဆက်မပြတ် သန့်စင်မှုအောက်တွင် သူ၏စိတ်ဝိညာဉ်စွမ်းအားသည်လည်း ပို၍ အားကောင်းလာခြင်းပင်။

ဗုဒ္ဓအရှင်ဖြစ်စေ အိမ်ရှေ့စံယွမ်ချင်းဖြစ်စေ သူတို့သည် သူ၏ထာဝရနှလုံးသားကို လိုချင်ပြီး လျှို့ဝှက်ရည်ရွယ်ချက်များ ရှိနေသရွေ့ သူ အမြတ်ထုတ်၍ ရနိုင်သည်။

"ဒါက မဟုတ်သေးဘူး..."

နှင်းနတ်ဆိုးအရှင်သည် ထိတ်လန့်တုန်လှုပ်နေပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည်။

"အိမ်ရှေ့စံက ဒီအခွင့်အရေးကို ဆုံးရှုံးသွားတာကြောင့် မင်းကို အချိန်တိုအတွင်းမှာ ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်... ဒါပေမဲ့... ဗုဒ္ဓက အကြောင်းအကျိုး ကောင်းကင်ကံကြမ္မာကို ကျင့်ကြံထားတာ... မင်း ဗောဓိပင်ကို ခိုးယူတာက အကြောင်းတရားဆိုရင် သူ မင်းကို ရှာဖွေတာက အရမ်းရိုးရှင်းမှာပေါ့"

အကြောင်းအကျိုး ကောင်းကင်ကံကြမ္မာသည် ခြေရာခံရာတွင် အကောင်းဆုံးပင်။

ဗုဒ္ဓအရှင်သည် အစပိုင်းတွင် များစွာလှုပ်ရှားခြင်း မရှိသည်မှာ မထူးဆန်းတော့ချေ။ အကယ်၍ သူသည် ကျန်းရွှမ်ကို ဖမ်းမိလျှင်ပင် အိမ်ရှေ့စံယွမ်ချင်းက လူကို မရရအောင်လုယူမည်အား သူ သိရှိထားပေ၏။

ဤကိစ္စတွင် ဧကရာဇ်ဖုရှန်းပင် ဝင်ရောက်စွက်ဖက်လာနိုင်သည်။ အကယ်၍ ထိုသို့ဖြစ်လာလျှင် သူ ထာဝရနှလုံးသားကို ရရှိရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

သို့ရာတွင် ကျန်းရွှမ် ထွက်ပြေးသွားကာ ဗုဒ္ဓဂိုဏ်း၏ဗောဓိပင် ဆုံးရှုံးသွားသဖြင့် သူသည် အကြောင်းပြချက် အသာစီးရရှိသွားရုံသာမက ဧကရာဇ်ဖုရှန်းဆီမှ အကျိုးအမြတ်များလည်း တောင်းဆိုနိုင်ပေမည်။ ထို့နောက် သူသည် အကြောင်းအကျိုးကံကြမ္မာ၏ လျှို့ဝှက်နည်းစနစ်များကို အသုံးပြုပြီး တစ်ဖက်လူကို ရှာဖွေကာ တိတ်တဆိတ် ရှင်းပစ်နိုင်ပေမည်။

ထိုလူကို ရှာတွေ့သရွေ့ ဗောဓိပင်သည် သူ၏အပိုင် ပြန်ဖြစ်လာမည် မဟုတ်လော...

ဤကဲ့သို့ စဉ်းစားကြည့်လျှင် သူသည် ရတနာကို မဆုံးရှုံးရုံသာမက ထာဝရနှလုံးသားကိုလည်း အလကား ရရှိနိုင်ပေမည်။ ထို့ပြင် သူသည်ဧကရာဇ်ဖုရှန်းကို အပြစ်ရှိစိတ် ခံစားရအောင် လုပ်ဆောင်နိုင်ပြီး အိမ်ရှေ့စံကိုလည်း ထိန်းချုပ်နိုင်ပေမည်။

.

ဤသည်မှာ တစ်ချက်ခုတ် သုံးချက်ပြတ် အကြံအစည်ပင်။

ထိုကြောင့် သူ ခရမ်းရွှေသပိတ်ကို ပစ်လွှတ်လိုက်သည်က ဟန်ပြသက်သက်သာ ဖြစ်ပေမည်။ အိမ်ရှေ့စံယွမ်ချင်းမှ ကျောက်စိမ်းတံဆိပ်ငယ် ထုတ်မသုံးလျှင်ပင် ဗုဒ္ဓအရှင်သည် ကျန်းရွှမ်ကို တခြားအကြောင်းပြချက်များနှင့် လွှတ်ပေးပေလိမ့်မည်။

"ဗုဒ္ဓက အဲ့ဒီလို တွေးနေလောက်တယ်..."

ကျန်းရွှမ်က ရယ်မောလိုက်သည်။

...

လင်းကျိုးတောင်ပေါ်ရှိ ချိတ်ပိတ်ထားသော အခန်းတစ်ခန်းအတွင်းရှိ နံရံများပေါ်၌ ထူထပ်သိပ်သည်းသော ကျမ်းစာများကို ရေးထိုးထားသည်။

အခန်းအတွင်း၌ ဘုန်းတော်ကြီးတစ်ပါးသည် နံရံကို မျက်နှာမူကာ ပလ္လင်ခွေထိုင်နေပြီး ဗုဒ္ဓကျမ်းစာများကို မရပ်မနား ရွတ်ဆိုနေပေ၏။

ထိုအချိန်မှာပင် အလင်းတစ်တန်း တောက်ပလာပြီး ပုံရိပ်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုဘုန်းကြီးသည် မူလက ဂရုမစိုက်သော်လည်း တစ်ဖက်လူ၏ပုံပန်းသွင်ပြင်ကို ရှင်းလင်းစွာ မြင်လိုက်ရချိန်၌ သူ၏မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် အလျင်အမြန် မတ်တတ်ထလိုက်ပြီး ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"အပြာရောင်တိမ်တိုက်က ဗုဒ္ဓအရှင်ကို အရိုအသေပြုပါတယ်"

အမှန်အားဖြင့် ကျမ်းစာရွတ်ဆိုနေသော ဘုန်းတော်ကြီးမှာ ကျန်းရွှမ်၏မိတ်ဆွေဟောင်းကြီးဖြစ်ကာ အကျယ်ချုပ်ကျခံနေရသော အပြာရောင်တိမ်တိုက်အရှင်ပင်။

အခန်းထဲတွင် ထွက်ပေါ်လာသူမှာ ဧကရာဇ်ဖုရှန်းကို သွားရှာမည်ဟု အစောပိုင်းက ပြောဆိုခဲ့သော ဗုဒ္ဓအရှင် ဖြစ်သည်။

"မင်းမှာ အဲ့ဒီကျန်းရွှမ်ရဲ့ ကိုယ်ပိုင်ပစ္စည်း ဒါမှမဟုတ် တခြားပစ္စည်းတွေ ရှိလား"

ဗုဒ္ဓက မေးမြန်းသည်။

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းခါယမ်းလိုက်သည်။

"မရှိပါဘူး....ဒါက ဒီငယ်သားရဲ့ ညံ့ဖျင်းမှုပါ..."

သူ့ထံ၌ ထိုပစ္စည်းမျိုး ရှိနေခဲ့လျှင် တစ်ဖက်လူကို ရှာတွေ့ပြီး ဖြစ်ပေမည်။ ထိုသို့ဖြစ်လာပါက သူသည် ရွေးချယ်စရာမရှိသော အခြေအနေမျိုးသို့ ကျရောက်မည်မဟုတ်ဘဲ ယခုကဲ့သို့ အကျယ်ချုပ် ကျခံနေရမည် မဟုတ်ချေ။

"ထားလိုက်တော့"

အပြာရောင်တိမ်တိုက်အရှင်ထံတွင် အမှန်တကယ် မရှိကြောင်း မြင်လိုက်ရသဖြင့် ဗုဒ္ဓအရှင်က ခေါင်းခါယမ်းလိုက်သည်။

"ဒီလူက ဗောဓိပင်ကို အခုလေးတင် ခိုးသွားတယ်... ငါ အခု သူ့ရဲ့ အကြောင်းအကျိုးကို ရှာဖွေနေတယ်... မင်းက အဲ့ဒါ သူ ဟုတ်မဟုတ် အတည်ပြုပေးပါ"

"ဗောဓိပင်ကို ခိုးသွားတာလား..."

အပြာရောင်တိမ်တိုက်အရှင်၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဗုဒ္ဓအရှင်အတွက် ဤသစ်ပင်၏အရေးပါပုံကို သူ ကောင်းစွာသိရှိထားသည်။ ဤမျှထိ အဖိုးတန်သော ရတနာကို တစ်စုံတစ်ယောက်က ဤအတိုင်း ခိုးယူသွားခဲ့သလော...

သို့ရာတွင် ဗောဓိပင်ကို ခိုးယူခြင်းခံလိုက်ရသဖြင့် အကြောင်းအကျိုးဆက်စပ်မှုသည် သဘာဝကျကျ ဖြစ်ပေါ်လာပေလိမ့်မည်။ ဗုဒ္ဓအရှင်ကိုယ်တိုင် လှုပ်ရှားမည်ဖြစ်သောကြောင့် ကျန်းရွှမ်သည် မည်သို့မျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

"ဗုဒ္ဓရဲ့အမိန့်တော်ကို ကျွန်တော်က လေးလေးနက်နက် နာခံပါ့မယ်"

ဗုဒ္ဓအရှင်၏ ရည်ရွယ်ချက်ကို သိထားသဖြင့် အပြာရောင်တိမ်တိုက်အရှင် လက်အုပ်ချီပြီး ပြောဆိုလိုက်သည်။

ဗုဒ္ဓသည် သူ၏လက်ဝါးကို ညင်သာစွာ ဖမ်းဆုပ်လိုက်ရာ ကံကြမ္မာမြစ်တစ်စင်းက သူ၏မျက်စိရှေ့ရှိ လေဟာနယ်ထဲတွင် ချက်ချင်းထွက်ပေါ်လာသည်။ မြစ်ရေသည် အဆုံးမရှိ တလိမ့်လိမ့်ထနေပြီး အလွန်ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်ထားပေ၏။

ဤမြစ်သည် အလွန်ထူးဆန်းပြီး ယခင် ကံကြမ္မာမြစ်များအားလုံးနှင့် အနည်းငယ် ကွဲပြားခြားနားသည်။ ထိုအရာ၏အဆုံးသတ်များသည် ဆက်စပ်နေပြီး *မိုးဘီးယပ်စ်ကွင်းကဲ့သို့ ဖြစ်နေသည်။

သို့ရာတွင် မြစ်ရေစီးဆင်းမှုအရှိန်သည် လုံးလုံးလျားလျား မရပ်တန့်ချေ။ တခြားကောင်းကင်ကံကြမ္မာ မြစ်များကဲ့သို့ပင် ထိုအရာသည် လှိုင်းထန်ပြီး စွမ်းအားကြီးမားပေ၏။

အကြောင်းအကျိုး ကောင်းကင်ကံကြမ္မာ....

အကြောင်းတရားသည် အကျိုးတရား ဖြစ်ပြီး အကျိုးတရားသည်လည်း အကြောင်းတရား ဖြစ်ကာ ဆက်စပ်နေသည်။

အကြောင်းတရားကြောင့် အကျိုးတရားဖြစ်လာသလော အကျိုးတရားကြောင့် အကြောင်းတရားဖြစ်လာသလောကို မည်သူက ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်မည်နည်း။

"ဗောဓိပင်နဲ့ကျန်းရွှမ်ကြားက အကြောင်းအကျိုးဆက်စပ်မှုကို ရှာဖွေမယ်..."

ဗုဒ္ဓအရှင်က သူ၏လက်ချောင်းများကို ညင်သာစွာ လှုပ်ခတ်လိုက်ရာ ကံကြမ္မာမြစ်ထဲမှ ပါးလွှာသောကြိုးမျှင်တစ်ခု ပျံ့လွင့်လာသည်။ ဤသည်မှာ ဗောဓိပင်၏ အကြောင်းအကျိုးကံကြမ္မာပင်။ ဗုဒ္ဓအရှင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။

ဝှစ်....

ပါးလွှာသောကြိုးမျှင်၏ အဆုံးတွင် ဝေဝါးပြီး မပီပြင်သော ပုံရိပ်ယောင်တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။ ထိုအရာသည် ထင်ရှားပြတ်သားခြင်းဘဲ သူ၏ရုပ်ရည်ကို မမြင်နိုင်ရုံသာမက အလွန်ဝေးကွာနေပြီး လေဟာနယ်အတွင်း၌ ပုန်းအောင်းနေသည့်အလားပင်။ အကယ်၍ ဗုဒ္ဓ အရှင်ကိုယ်တိုင် အကြောင်းအကျိုး ကောင်းကင်ကံကြမ္မာကို အသုံးမပြုခဲ့လျှင် ထိုပုံရိပ်ကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ချေ။

"ဒါက ကျန်းရွှမ်လား"

ဗုဒ္ဓအရှင်က အသက်ကို ညင်သာစွာ ရှူထုတ်လိုက်ပြီး သူ၏ သွယ်လျသောလက်ချောင်းဖြင့် ကြိုးမျှင်အဆုံးရှိ ပုံရိပ်ထံသို့ ညွှန်ပြလိုက်သည်။

အပြာရောင်တိမ်တိုက်အရှင်က အလျင်အမြန် လှမ်းကြည့်လိုက်သည်။ သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏မျက်ခွံများ အဆက်မပြတ် တုန်ခါသွားပေ၏။

"သူ... သူ မဟုတ်ဘူး"

"မဟုတ်ဘူးလား... ခုဏက လူက ကျန်းရွှမ် မဟုတ်ဘူးလား"

ဗုဒ္ဓအရှင်သည် ထိတ်လန့်သွားပြီး မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"ဒါဆိုရင် ... မင်း ဒီလူကို မှတ်မိလား"

"မှတ်မိပါတယ်"

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်လိုက်သည်။

"သူ... သူက နှင်းနတ်ဆိုးအရှင်လေ... သူက သေသွားပြီ"

* မိုဘီးယပ်စ်ကွင်း=ဂျာမာန်သင်္ချာပညာရှင် August Ferdinand Mobiusကို အစွဲပြု၍ ခေါ်ထားတာပါ...မြန်မာလိုပြန်ရရင် မျက်နှာပြင်တစ်ဖက်တည်းရှိတဲ့ကွင်း ဒါမှမဟုတ် လိမ်ထားတဲ့ကွင်းလို့ အဓိပ္ပါယ်ရပါတယ်...chromeမှာ ရိုက်ရှာလို့ ရပါတယ်

All Chapters