ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်ဖုရှန်း
Vol. 42 Ch. 483
ကျန်းရွှမ်က ပြောဆိုသည်။
"အကြောင်းအရာ နှစ်ခုရှိတယ်... ပထမအချက်က ဟူရှန်းဆိုတဲ့လူက ကံတရား၁ပိဿာကို ချေးယူပြီး ငါနဲ့ အောင်အောင်မြင်မြင် တွေ့ဆုံနိုင်ခဲ့တယ်...သူက အိမ်ရှေ့စံဆီ ဒီသတင်းကို ရောင်းချခဲ့ပြီးတော့ ဆုလာဘ်တွေအများကြီး ရရှိသွားခဲ့တယ်... ဒုတိယအချက်ကတော့ ငါက ကောင်းကင်ကံကြမ္မာ ၈ပိဿာကို ချေးယူပြီးတော့ ဗုဒ္ဓဂိုဏ်းဆီ သွားခဲ့တယ်... ငါက ရှေးဟောင်းဗောဓိပင်ကို ခိုးယူခဲ့ပြီးတော့ အိမ်ရှေ့စံယွမ်ချင်းနဲ့ ဗုဒ္ဓအရှင်တို့ကနေ အောင်မြင်အောင် ထွက်ပြေးလွတ်မြောက်လာခဲ့တယ်"
"ဗောဓိပင်ကို ခိုးယူတယ်... အောင်မြင်အောင် ထွက်ပြေးနိုင်ခဲ့တယ်....ဟုတ်လား"
လဲ့ချန်ယီသည် ဦးနှောက်ခြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤစကားလုံးများအားလုံးကို သူ နားလည်သော်လည်း အဓိပ္ပာယ်ဖော်မရ ဖြစ်နေသည်။ ဤသည်မှာ ဗုဒ္ဓအရှင်ဖြစ်ပြီး ရင်းမြစ်ကမ္ဘာတွင် အစွမ်းထက်ဆုံး တည်ရှိမှုများအနက်မှ တစ်ယောက်ပင်။ ထို့ပြင် သူသည် အိမ်ရှေ့စံယွမ်ချင်းလည်း ရှိနေသည့်တိုင် သူတို့၏လက်ထဲမှ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လော။
"ဒီသတင်းက အမှန်ပဲလား"
လဲ့ချန်ယီသည် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူသည် ထပ်မံ၍ အသေးစိတ်ကျကျ မေးမြန်းလိုက်၏။ ထိုအချိန်ကျမှသာ လဲ့ချန်ယီသည် သူ၏ရှေ့မှ လူငယ်ကို ကြည်ညိုလေးစားစွာ ကြည့်လိုက်မိသည်။ ဤလူငယ်ထံ၌ ကံတရားကို အလွန်အမင်းအာခံနိုင်စွမ်း ရှိသည်။ အိမ်ရှေ့စံယွမ်ချင်းသည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဟု သူ အစဥ်အမြဲ ထင်မှတ်ခဲ့သော်လည်း ဤလူငယ်နှင့် နှိုင်းယှဉ်လိုက်လျှင်မူ အမှန်တကယ်ကို အရေးမပါတော့ချေ။
"ဒီသတင်းတွေကကို ထိတ်လန့်တုန်လှုပ်ဖို့ ကောင်းပြီးတော့ အလုံးစုံသိမြင်ဂိုဏ်းအတွက် အကျိုးအမြတ်တွေကို ရစေနိုင်တယ်... မင်းက အခကြေးငွေပေးဖို့ မလိုရုံတင်မကဘူး...သင့်လျော်တဲ့ ပမာဏတစ်ခုကို ငါတို့က ပြန်ပေးမှာပါ"
လဲ့ချန်ယီသည် တွက်ချက်ပြီးနောက် အကြီးအကဲကူယိုမှ ပေးပို့ထားသော သိုလှောင်လက်စွပ်တစ်ကွင်းကို ကျန်းရွှမ်ထံသို့ လက်ကမ်းပေးလိုက်သည်။
"ဒါက ကံကြမ္မချပ်ပြား သန်းငါးရာပါ... ဒါက ပြီးခဲ့တဲ့သတင်းကို ရောင်းရငွေအတွက် ဝေစုနဲ့ ဒီတစ်ကြိမ်အတွက် ဆုကြေးပါ"
ကျန်းရွှမ်က ထိုအရာကို ယူဆောင်လိုက်ပြီးနောက် တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ ဤမျှထိ များပြားသော ကံကြမ္မာချပ်ပြားများဖြင့်ဆိုလျှင် သူ ယခင်က နားလည်သဘောပေါက်ခဲ့သော မိုတောက် အရှိန်အဟုန် မြေခွေးညှို့ငင် စီးဆင်းသော အလင်းတန်း နှင့် လေဟာနယ် စသည့် ကောင်းကင်ကံကြမ္မာများအားလုံး လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။
"နှုတ်ဆက်ခဲ့ပါတယ်"
ဤကိစ္စပြီးဆုံးသွားသည်နှင့် ကျန်းရွှမ်သည် ကြာမြင့်စွာ ဆက်မနေတော့ဘဲ ချက်ချင်းဆိုသလိုပင် ထွက်ခွာသွားသည်။ သူ ထွက်သွားသည်နှင့် တပြိုင်နက် ချီထျန်းမင် ရောက်ရှိလာပြီး သူ၏ရှေ့မှ ဂိုဏ်းခွဲသခင်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"ဂိုဏ်းခွဲသခင် လဲ့... ဒီသတင်းက အသုံးဝင်လို့လား"
ဤသတင်းသည် အများဆုံးအနေဖြင့် ကျန်းရွှမ်၏ ကြောက်မက်ဖွယ်ကောင်းသော စရိုက်သဘာဝကို လူသိရှင်ကြား ဖြစ်စေရုံသာ ရှိပြီး လူအမြောက်အများကို သူ့ကိုရှာဖွေရန် တွေဝေတုံ့ဆိုင်းသွားစေပေမည်။ ဤသည်မှာ သူတို့ အလုံးစုံသိမြင်ဂိုဏ်းအပေါ် အလွန်အမင်း အကျိုးသက်ရောက်မှု မရှိချေ။
"ဒီသတင်းက ငါတို့ အလုံးစုံသိမြင်ဂိုဏ်းအပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိတာတော့ အမှန်ပဲ... ဒါပေမဲ့ ငါတို့က ဒါကို ကောင်းကောင်း အသုံးချနိုင်ရင် အဲ့ဒီကနေ အကျိုးအမြတ်တွေအများကြီး ရနိုင်တယ်..."
လဲ့ချန်ယီက ပြုံးလိုက်သည်။
"ကောင်းပြီလေ... မင်း ဒါတွေကို စိတ်ပူဖို့ မလိုဘူး... ဒီသတင်းကို ဖြန့်လိုက်ရုံပဲ... မင်း မှတ်ထားရမှာက သတင်းတစ်ခုကို အကျိုးပြုရမှတ်ငါးထောင် တန်တယ်... တစ်မှတ်မှ မလျော့စေနဲ့"
"ဟုတ်ကဲ့"
ချီထျန်းမင်သည် ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်၏။
...
"နှင်းနတ်ဆိုးအရှင် သေသွားပြီလား"
အပြာရောင်တိမ်တိုက်အရှင်၏ စကားကို ကြားပြီးနောက် ဗုဒ္ဓအရှင်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အချိန်ကြာမြင့်စွာ ရှာဖွေပြီးနောက် ကျန်းရွှမ် မဟုတ်ကြောင်း သိလိုက်ရသည်မှာ စိတ်ပျက်ဖွယ် ကောင်းပေ၏။ ယခုချိန်၌ သူသည် မည်သည်ကြောင့် လူသေတစ်ယောက်ကို ခြေရာခံမိနေသည်လော။ မည်သည့်အရာက လွဲမှားနေသနည်း။ လူသေတစ်ယောက်သည် ဗောဓိပင်ကို လာရောက်၍ ခိုးယူနိုင်သလော။
"အမှန်ပါပဲ..."
အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်လိုက်သည်။
"မဖြစ်နိုင်ဘူး... လူသေတစ်ယောက်က ရှေးဟောင်း ဗောဓိပင်ကို ခိုးနိုင်မှာ မဟုတ်ဘူး... တစ်နေရာရာမှာတော့ တစ်ခုခု မှားနေပြီ"
ဗုဒ္ဓအရှင်က ခေါင်းခါယမ်းလိုက်သည်။ သူ တစ်စုံတစ်ခုကို ဆက်လက်၍ ပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် လေထုထဲရှိ ကံကြမ္မာမြစ် ထပ်မံ၍ တုန်ခါသွားသည်ကို မြင်တွေ့လိုက်ရသည်။ အကြောင်းအကျိုး ကံကြမ္မာကြိုးမျှင်များသည် ထပ်မံ၍ပြန့်ကျဲသွားပြီး နှင်းနတ်ဆိုးအရှင်၏ပုံရိပ်ယောင်သည် လျင်မြန်စွာ ရွေ့လျားသွားပေ၏။
"ဒါက အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေပဲ... ဒီ နှင်းနတ်ဆိုးက မသေရုံတင်မကဘူး.. နတ်ဆိုးနယ်မြေဆီကို ထွက်ပြေးသွားပြီ..."
ဗုဒ္ဓအရှင်သည် တွက်ချက်မှုတစ်ခုကို ပြုလုပ်လိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။
သူ၏ စွမ်းအားသည် အလွန်မြင့်မားသော်လည်း နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်သွားပါက ချောချောမွေ့မွေ့ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု အပြည့်အဝ အာမမခံနိုင်ချေ။ သို့ရာတွင် တခြားလူတစ်ဦးအား ရှေးဟောင်းဗောဓိပင်ကို ဤအတိုင်း ခိုးယူခွင့် ပေးလိုက်လျှင် ဗုဒ္ဓဂိုဏ်း၏ ဂုဏ်သိက္ခာသည် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်ရပေလိမ့်မည်။
အရေးကြီးဆုံးအချက်မှာ ဤနှင်းနတ်ဆိုးအရှင်သည် ကျန်းရွှမ်နှင့် ဆက်နွယ်နေနိုင်ပြီး ထာဝရနှလုံးသားနှင့် ပတ်သက်နေနိုင်ခြင်းပင်။
"အိမ်ရှေ့စံယွမ်ချင်းက ဗုဒ္ဓဂိုဏ်းမှာ ရှိနေမှတော့ သူ့ကို ကောင်းကောင်းအသုံးချတာပေါ့..."
ဗုဒ္ဓအရှင်က ပြုံးလိုက်ပြီး ပန်းတစ်ပွင့်ကို ခူးဆွတ်လိုက်ရာ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ အကန့်အသတ်မရှိ ပျံ့လွင့်သွားသည်။
သူတစ်ယောက်တည်းဖြင့် နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်ခြင်းသည် အမှန်တကယ်ကို အန္တရာယ် များပေ၏။ ဗောဓိသတ္တရှစ်ပါး ပါဝင်လျှင်ပင် သူ့ဘက်မှ အနိုင်ရနိုင်ခြေ မများချေ။
ဤအချက်ကြောင့် ဗုဒ္ဓဂိုဏ်းနှင့် နတ်ဆိုးဂိုဏ်းတို့သည် အမြဲတစေ တည်ငြိမ်နေခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်မှု မပြုခဲ့ခြင်းပင်။
သို့ရာတွင် ဧကရာဇ်ဖုရှန်း ပါဝင်လာလျှင်မူ ရလဒ်သည် ကွဲပြားသွားလိမ့်မည်။ ကုန်းမြေတစ်ခုလုံး၌ အထွတ်အထိပ်အာဏာကို ဆုပ်ကိုင်ထားသော ဤလူထံတွင် သူ့ထက် များစွာပို၍မြင့်မားသော ကျင့်ကြံဆင့်ရှိသည်။ အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေကို မဆိုထားနှင့် ရင်းမြစ်ကမ္ဘာ၏ အန္တရာယ်အရှိဆုံး နေရာကိုပင် ဧကရာဇ်ဖုရှန်းသည် လွယ်လင့်တကူ ထိုးဖောက်ဝင်ရောက်နိုင်ပေမည်။
"မင်း အကျယ်ချုပ်ကနေ လွတ်သွားပြီ... လိမ်လိမ်မာမာ ပြန်သွားပြီးတော့ ကောင်းကောင်း ကျင့်ကြံပါ...မင်းက ဗောဓိသတ္တအဆင့်ကို အမြန်ဆုံး ရောက်အောင် ကြိုးစားရမယ်..."
ဤအချက်ကို တွေးတောမိသဖြင့် ဗုဒ္ဓအရှင်က အမိန့်ပေးလိုက်သည်။ သူ၏ပုံရိပ် တုန်ခါသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားပေ၏။ နောက်ထပ်အချိန်တခဏတွင် သူသည် တော်ဝင်နန်းတော်၏အပြင်ဘက်သို့ ရောက်ရှိသွားသည်။
ထျန်းလီအင်ပါယာ၏ တော်ဝင်နန်းတော်ကို ပြင်ပနန်းတော်နှင့် အတွင်းနန်းတော်ဟူ၍ ခွဲခြားထားသည်။ နေရာတစ်နေရာစီတွင် မရေမတွက်နိုင်သော နန်းဆောင်များနှင့် အဆောက်အအုံများ ရှိသည်။ ဗုဒ္ဓအရှင်သည် ထွက်ပေါ်လာပြီးနောက် တိုက်ရိုက်ဝင်မသွားဘဲ အပြင်နန်းတော်၏ တံခါးဝဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားလိုက်သည်။
သူ၏ခြေလှမ်းများသည် မြန်ဆန်ခြင်း မရှိသည့်အပြင် သူ၏အရှိန်အဝါသည်လည်း အားမနည်းချေ။ သို့ရာတွင် နံဘေးပတ်ဝန်းကျင်ရှိ အစောင့်များသည် သူ့ကို မမြင်သည့်အလား မလှုပ်မယှက် ရှိနေကြပြီး သူတို့၏အကြည့်များပင် ကျရောက်လာခြင်း မရှိပေ။
"ဗုဒ္ဓက ဒီနေ့ ဘာလို့ ဒီနေရာကို လာဖို့ အချိန်ရတာလဲ"
ထိုအချိန်မှာပင် ခပ်သဲ့သဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။ ဤသည်မှာ တခြားလူမဟုတ်ဘဲ ဧကရာဇ်ဖုရှန်းပင်။ ဗုဒ္ဓ ထွက်ပေါ်လာသည်နှင့် သူ ချက်ချင်းသိရှိသွားကြောင်း သိသာထင်ရှားသည်။
"ဒီဘုန်းတော်ကြီးက အရှင်မင်းကြီးကို လာပြီး တောင်းပန်တာပါ"
ဗုဒ္ဓအရှင်က လက်အုပ်ချီပြီး ပြောဆိုသည်။
"အထဲကိုဝင်ခဲ့ပြီးတော့ ပြောကြတာပေါ့"
ဧကရာဇ်ဖုရှန်း၏ ခပ်သဲ့သဲ့အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။ နောက်ထပ်အချိန်တခဏတွင် ကျားစေ့တစ်စေ့က ဗုဒ္ဓ၏ခြေထောက်အောက်တွင် ရုတ်တရက် ထွက်ပေါ်ပေ၏။ ထို့နောက် အလင်းတန်းတစ်တန်း ဖျတ်ခနဲ လင်းလက်သွားကာ သူသည် အတွင်းနန်းတော်၏ အနောက်ဖက်ခြံဝန်းထဲသို့ ရောက်ရှိသွားတော့သည်။
သူနှင့် မလှမ်းမကမ်းတွင် ကျောက်ဆောင်များနှင့် ရေကန်တစ်ကန် ရှိနေသည်။ ဧကရာဇ်ဖုရှန်းသည် ပြီးပြည့်စုံသော ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ကျားကစားနေသည်။ ထို လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ပြီးနောက် ဗုဒ္ဓအရှင်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။
"ဒီဘုန်းတော်ကြီးက ဧကရာဇ်ဖုရှန်းနဲ့ ဂိုဏ်းချုပ်ဝူဖိုထျန်းတို့ကို အရိုအသေပြုပါတယ်"
ဤပြီးပြည့်စုံသော ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိသည့် လူလတ်ပိုင်းအရွယ်အမျိုးသားသည် ရုပ်ခန္ဓာကိုယ် ကောင်းကင်ကံကြမ္မာ၏ဆက်ခံသူဖြစ်သော မသေမျိုးသိုင်းပညာဂိုဏ်း၏ ဂိုဏ်းချုပ်ဝူဖိုထျန်းပင်။ ဤဂိုဏ်းသည် အမြဲတစေ မျိုးဆက်တစ်ဆက်တည်းသာရှိပြီး သူ့တစ်ယောက်တည်းသာ ရှိသော်လည်း မည်သူမှ သူ့ကို လျှော့မတွက်ရဲချေ။ အကြောင်းအရင်းမှာ တစ်ဖက်လူသည် ရင်းမြစ်ကမ္ဘာတွင် ထာဝရရွှေခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ခဲ့သည့် တစ်ဦးတည်းသောပုဂ္ဂိုလ် ဖြစ်နေသောကြောင့်ပင်။
"ဗုဒ္ဓအရှင်က ယဉ်ကျေးလွန်းနေပြီ... ငါ့ရဲ့သားက မင်းကို ဒုက္ခပေးခဲ့တာပါ..."
ဧကရာဇ်ဖုရှန်းက မော့မကြည့်ဘဲ ကျားဆက်ကစားနေသည်။
"ဒါက..."
ဗုဒ္ဓအရှင်၏မျက်ခွံများ အနည်းငယ် တုန်ခါသွားသည်။ အိမ်ရှေ့စံယွမ်ချင်း ဗုဒ္ဓဂိုဏ်းထဲသို့ဝင်လာသည်နှင့် သူသည် သတင်းများအားလုံးကို ပိတ်ဆို့ထားခဲ့ပြီး နတ်ဘုရားစိတ်အာရုံဖြင့်ပင် ထောက်လှမ်း၍ မရနိုင်ချေ။ သူ ဤတစ်ကြိမ် လာရောက်ချိန်၌ ဧကရာဇ်ဖုရှန်းသည် အလွန်အံ့အားသင့်သွားမည် သို့မဟုတ် ဒေါသထွက်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ထို့နောက် သူသည် အခွင့်ကောင်းယူပြီး အပေးအယူ လုပ်မည်ဟု တွေးတောခဲ့ပေ၏။ ရလဒ်အနေဖြင့် သူ စကားမပြောရသေးမီမှာပင် တစ်ဖက်လူက သိနှင့်နေလေပြီ။ ဤသည်မှတဆင့် ဧကရာဇ်ဖုရှန်းသည် အရာအားလုံးကို သိရှိထားကြောင်း ပြသနေခြင်း မဟုတ်လော။
"ကျန်းရွှမ်က သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးပြုပြီးတော့ အိမ်ရှေ့စံယွမ်ချင်းကို ဗုဒ္ဓဂိုဏ်းထဲ မျှားခေါ်ခဲ့တယ်... ပြီးတော့ မင်းက သူ့ရဲ့အထောက်အထားကို သိသွားတာကြောင့် ထာဝရနှလုံးသားကို လက်လွတ်မခံချင်ဘူး... နှစ်ယောက်ကြား ပြိုင်ဆိုင်မှုအောက်မှာ ကျန်းရွှမ်က ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်..."
ကျားစေ့တစ်စေ့ကို ချလိုက်ပြီးနောက် ဧကရာဇ်ဖုရှန်းက အပြုံးနှင့် ဗုဒ္ဓအရှင်ကို ကြည့်လိုက်သည်။
"ငါ ပြောတာတွေက မှန်ရဲ့လား.."
"အမှန်ပါပဲ..."
ဗုဒ္ဓအရှင်သည် ထပ်ခါတလဲလဲခေါင်းညိတ်လိုက်ပြီး သူ၏နဖူးမှ ချွေးစေးများ ယိုစီးကျလာသည်။ ဧကရာဇ်ဖုရှန်းသည် အစွမ်းထက်ကြောင်း သူ သိရှိထားသော်လည်း ဤမျှထိ စွမ်းအားကြီးလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။ တစ်ဖက်လူသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သိထားရုံသာမက သူတို့၏ အတွေးများနှင့် ရည်ရွယ်ချက်များကိုလည်း အသေးစိတ်ကျကျ နားလည်ထားသည်။
"ဒီကိစ္စက အိမ်ရှေ့စံ ယွမ်ချင်းရဲ့ အဆင်အခြင်မဲ့မှုဆိုတာ အမှန်ပါပဲ... ဒီလို လုပ်ကြရအောင်... မင်းက သူ့ကို သုံးရက်လောက် ချုပ်နှောင်ထားပြီးတော့ သူ့ရဲ့ စိတ်နေစိတ်ထားကို ပြုပြင်ပေးလိုက်ပါ... ပြီးခဲ့တဲ့တစ်ကြိမ်က ကျရှုံးမှုက သူ့ကို နည်းနည်းအဆင်အခြင်မဲ့ သွားစေခဲ့တယ်"
ဧကရာဇ်ဖုရှန်းက ဆက်လက်၍ ပြောဆိုသည်။
"အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ကျွန်တော်က လေးလေးစားစား နာခံပါ့မယ်"
ဗုဒ္ဓအရှင်က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။
ဗုဒ္ဓအရှင် သဘောတူလိုက်သည်ကို မြင်တွေ့ချိန်၌ ဧကရာဇ်ဖုရှန်းသည် နောက်ထပ်ကျားစေ့တစ်စေ့ကို ကောက်ယူပြီး အပြုံးဖြင့် ပြောဆိုလိုက်၏။
"တောင်းပန်တဲ့အနေနဲ့ ရှေးဟောင်း ဗောဓိပင် ပြန်ရအောင် ငါက တစ်ကြိမ် ကူညီပေးမယ်... ထာဝရနှလုံးသားအတွက်ကတော့ မင်း လုယူချင်တာပဲဖြစ်ဖြစ် တခြားတစ်ခုခုကို လုပ်ချင်တာပဲဖြစ်ဖြစ် ငါက ဝင်ပါမှာမဟုတ်ဘူး"
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်..."
ဗုဒ္ဓအရှင်က အလျင်အမြန် ဦးညွှတ်လိုက်ပြီး သူ၏နောက်ကျောတပြင်လုံး ဇောချွေးများဖြင့် စိုရွှဲနေသည်။ လေညှင်းတစ်ချက် တိုက်ခတ်သွားချိန်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် စိတ်လှုပ်ရှားစွာဖြင့် ရောက်လာပြီး အပေးအယူတစ်ခုအတွက် ကောင်းမွန်စွာ ညှိနှိုင်းနိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သို့ရာတွင် သူ မည်သည့်အရာကိုမျှ မပြောဆိုရသေးမီမှာပင် သူ၏ရှေ့ ဧကရာဇ်သည် အရာအားလုံးကို သိရှိထားပေ၏။ ထို့ပြင် ဧကရာဇ်သည် သူ၏သေးငယ်သော အတွေးစများကိုလည်း တစ်ချက်မကျန် ခန့်မှန်းနိုင်မည်ဟု သူ အိပ်မက်ထဲ၌ပင် တွေးထင်မထားခဲ့မိချေ။
ဤသည်မှာ ပထမတန်းစား ကောင်းကင်ကံကြမ္မာ၏စွမ်းအား ဖြစ်သလော။
ဤစွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းပေ၏။