အသီးအပွင့်များ ရိတ်သိမ်းချိန်
Vol. 42 Ch. 484
ဧကရာဇ်ဖုရှန်းက ကျားစေ့ကို အောက်သို့ချပြီးသူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"သွားတော့... မင်း လိုအပ်တဲ့အချိန်ကျရင် ငါ ရောက်လာမယ်...မင်း မှတ်ထားရမှာက လောကကြီးတစ်ခုလုံးက ဧကရာဇ်ပိုင်တဲ့ မြေ.... မိုးကောင်းကင်အောက်မှာရှိတဲ့ လူတွေအားလုံးက ဧကရာဇ်ရဲ့လက်အောက်ငယ်သားတွေပဲ... မင်း ရင်းမြစ်ကမ္ဘာထဲ ရှိနေသရွေ့ ငါက အတွေးတစ်ချက်နဲ့ ရောက်လာနိုင်တယ်"
"ဟုတ်ကဲ့...."
ဗုဒ္ဓအရှင်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ခြေထောက်အောက်ရှိ ကျားစေ့သည် တောက်ပသွားပြီး သူ၏ ပုံရိပ်သည် အပြင်နန်းတော်၏ဝင်ပေါက်တွင် ပြန်လည်၍ ထွက်ပေါ်လာလေပေ၏။ ဤသည်မှာ သူ နေရာမှ လုံးလုံးလျားလျား ထွက်ခွာမသွားခဲ့သည့်အလားပင်။
"ဘယ်သူလဲ"
ဤအချိန်တွင် ပတ်ဝန်းကျင်ရှိ အစောင့်များအားလုံး သူ့ကို မြင်တွေ့သွားကြသည်။ ထိုအစောင့်များသည် သူတို့၏ လက်နက်များကို မြှောက်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် သတိထားမှုများဖြင့် ပြည့်နှက်နေသည်။
"အော် မီ တော ဖော..."
အပြင်နန်းတော်တွင် ပုံရိပ်ယောင်နည်းစနစ်များ မသုံးရန် တစ်ဖက်လူက သတိပေးလိုက်ခြင်း ဖြစ်ကြောင်း ဗုဒ္ဓအရှင်က နားလည်သဘောပေါက်သွားသည်။ သူသည် နောက်ထပ် စကားမပြောရဲတော့ဘဲ လှည့်ထွက်သွားသည်။
ရေကန်ဘေးတွင်....
ဝူဖိုထျန်းက နောက်ထပ် ကျားစေ့တစ်စေ့ကို ချလိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"မင်းရဲ့ စွမ်းအားပြသမှုက တော်တော်လေး ကောင်းတာပဲ"
ဧကရာဇ်ဖုရှန်းက ခေါင်းခါယမ်းလိုက်သည်။
"အိမ်ရှေ့စံယွမ်ချင်းက အရည်အချင်းမရှိဘူး... ယွမ်ချင်း ဗုဒ္ဓအရှင်ရဲ့လက်ထဲကို ရောက်သွားတာက သူ့ကို သေချာပေါက် မောက်မာစေလိမ့်မယ်... ဗုဒ္ဓဂိုဏ်းက အစွမ်းထက်ပေမဲ့ ငါ့ရဲ့ ထျန်းလီအင်ပါယာရှေ့မှာ အလွယ်တကူ ပျက်စီးသွားနိုင်တယ်ဆိုတာ သူ့ကို နားလည်စေချင်ရုံပါ"
"ဒီကိစ္စ တစ်ခုတည်း မဟုတ်ဘူးမလား... နှစ်တွေ ကြာလာတာနဲ့အမျှ ဗုဒ္ဓဂိုဏ်းက တရားကျင့်ကြံမှုတွေကို မလုပ်တော့ဘူး.... စည်းစိမ်ဥစ္စာတွေကို မတရား စုဆောင်းတယ်.... ပြီးတော့ သူတို့က အုပ်ချုပ်ရေးဌာနတချို့မှာတောင် ဝင်ပြီးစွက်ဖက်ဖို့ ကြိုးစားခဲ့တယ်... သူတို့က မင်းရဲ့ပြောင်းပြန်အကြေးခွံကို ထိနေတာ ကြာလှပြီ... မင်း သူတို့ကို သတိပေးချင်နေတာ ကြာပြီလို့ ငါ ထင်တယ်... အဲ့ဒါကြောင့် အိမ်ရှေ့စံယွမ်ချင်း ထောင်ချောက်ထဲ ကျသွားတာကို မင်း မတားခဲ့တာပေါ့..."
ဝူဖိုထျန်းက ပြောဆိုသည်။
"ဒီနေ့ကစပြီး ဘယ်သူမဆို မင်းက ကျင့်ကြံဖို့ပဲသိတဲ့ လူရိုင်းတစ်ယောက်လို့ ပြောလာရင် ငါက ပထမဆုံး သဘောမတူတဲ့လူ ဖြစ်လာလိမ့်မယ်"
ဧကရာဇ်ဖုရှန်းက ဝန်မခံသကဲ့သို့ ငြင်းဆန်ခြင်းလည်းမပြုဘဲ ခပ်သဲ့သဲ့ရယ်မောလိုက်သည်။
ဧကရာဇ်တစ်ပါးအနေဖြင့် ထျန်းလီမြို့တော် အတွင်းရှိ သတင်းများအားလုံးကို သူ ရှင်းလင်းစွာ သိရှိထားသည်။ အိမ်ရှေ့စံယွမ်ချင်းသည် တပ်များကိုစုစည်းပြီး ဗုဒ္ဓဂိုဏ်းထံသို့ သွားကာ ပြဿနာကြီးကြီးမားမား ဖြစ်စေခဲ့သည်ကို သူ မည်သည်ကြောင့် မသိရှိဘဲ နေမည်နည်း။
သူ ဤကိစ္စကို သိထားသော်လည်း မတားဆီးသည်မှာ သူ့ထံ၌ အစီအစဉ်များ ရှိနေသောကြောင့်ပင်။
"ထာဝရရွှေခန္ဓာကိုယ်ဆိုတာက အပြစ်အနာအဆာကင်းမဲ့တဲ့ ရုပ်ခန္ဓာကိုယ်တင် မကဘူး...တွေးတောဆင်ခြင်တတ်တဲ့ ဦးနှောက်လည်း ပါတယ်"
ဝူဖိုထျန်းက ခေါင်းခါယမ်းလိုက်သည်။
"အဲ့ဒါက အမှန်ပဲ..."
ဧကရာဇ်ဖုရှန်းက တုံ့ပြန်လေသည်။ သူ ဆက်လက်၍ စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် လေပြေလေညှင်းတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားပေ၏။ ထို့နောက် အနက်ရောင်ပုံရိပ်တစ်ခုက သူ၏ရှေ့တွင် ထွက်ပေါ်လာကာ သူ၏နားအနီးသို့ကပ်ပြီး စကားအနည်းငယ် တီးတိုးပြောဆိုလိုက်သည်။
"စိတ်ဝင်စားစရာပဲ"
ဧကရာဇ်ဖုရှန်းက လက်ဝှေ့ယမ်းလိုက်ရာ ထိုပုံရိပ် ပြန်လည်၍ ပျောက်ကွယ်သွားသည်။
"ဘာဖြစ်ပြန်ပြီလဲ"
ဝူဖိုထျန်းက စိတ်ဝင်တစား မေးမြန်းလိုက်၏။
"အလုံးစုံသိမြင်ဂိုဏ်းက ရှေးဟောင်းဗောဓိပင် ခိုးယူခံရတဲ့ အကြောင်း သိသွားပြီ... အခု နေရာအနှံ့မှာ သတင်းတွေ လိုက်ဖြန့်နေတယ်"
ဧကရာဇ်ဖုရှန်းက ပြောဆိုသည်။
"ဒီသတင်းကို ဖြန့်တာက ဘာအဓိပ္ပာယ် ရှိလို့လဲ... တော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာကို တမင်တကာ ထိခိုက်အောင် လုပ်တာလား"
ဝူဖိုထျန်းသည် အချိန်တခဏမျှ ကြက်သေသေသွားပြီးနောက် တစ်စုံတစ်ရာကို သတိရသွားသည်။
"မဟုတ်ဘူး... ဒါက... ကံတရားကို ရှာနေတာလား"
"အမှန်ပဲ... ဒီကျန်းရွှမ်က ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ...ယွမ်ချင်းက သူ့ကို တကယ်ကြီး ယှဉ်လို့မရနိုင်ဘူးပဲ"
ဧကရာဇ်ဖုရှန်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆို...သူ စွန့်စားခဲ့တာတွေ...ရှေးဟောင်း ဗောဓိပင်ကို ခိုးယူခဲ့တယ် ဆိုတာတွေရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ဒါဖြစ်နေတာကိုး..."
ဝူဖိုထျန်းသည်လည်း ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။
ဧကရာဇ်ဖုရှန်းက သက်ပြင်းချလိုက်သည်။
"သူက အရာအားလုံးကို တွက်ချက်ထားပြီးတော့ ဗုဒ္ဓအရှင်ကိုတောင် အသုံးချရဲတယ်... သူက တကယ်ကို သတ္တိကောင်းတာပဲ"
"ဟား ဟား ဟား... ဗုဒ္ဓအရှင်တင် မဟုတ်ဘူး... သူက မင်းကိုပါ ထည့်တွက်ထားတယ်လို့ မင်း ထင်လား"
ဝူဖိုထျန်းက ထူးဆန်းသော အမူအယာဖြင့် ဧကရာဇ်ဖုရှန်းကို ကြည့်လိုက်သည်။
"သူ တွက်ချက်ထားတာပေါ့... မဟုတ်ရင် သူက နှင်းနတ်ဆိုးအရှင်ကို အရပ်ဆယ်မျက်နှာ နတ်ဆိုးနယ်မြေဆီ ပြန်လွှတ်လိုက်မှာ မဟုတ်ဘူး"
ဧကရာဇ်ဖုရှန်းက ခေါင်းညိတ်လိုက်၏။
"မင်းကရော... ဂုဏ်သတင်းကြီးမားတဲ့ ဧကရာဇ်ဖုရှန်းက သူ့ရဲ့အကြံအစည်အတိုင်း အဖြစ်ခံမလို့လား"
ဝူဖိုထျန်း သိချင်စိတ်ပြင်းပြသွားသည်။
သူ၏ရှေ့မှ လူသည် မည်သည့်အရာကိုမျှ သည်းမခံတတ်သူပင်။ ဗုဒ္ဓအရှင်သည် အပြင်နန်းတော် ရှေ့သို့ ရောက်ရှိလာပြီး အစောင့်များ မမြင်အောင် ကိုယ်ယောင်ဖျောက်ထားရုံဖြင့် ချက်ချင်းပညာပေးခံလိုက်ရသည်။ ယခုချိန်၌ ဤကျန်းရွှမ်သည် သူ့သား၏ ထာဝရနှလုံးသားကို လုယူရုံသာမက သူ့ကိုပင် အကွက်ချကြံစည်မှုတစ်ခုအတွင်းသို့ ဆွဲသွင်းခဲ့သည်။
သူ သည်းခံနေမည်ဆိုသည်မှာ မယုံကြည်နိုင်ဖွယ် ကိစ္စတစ်ရပ်ပင်။
"မင်း ဘာမှစိတ်မပူပါနဲ့... ကံကြမ္မာဆိုတာ ဘာမလို့လဲ.....ပြီးတော့ အကြွင်းမဲ့စွမ်းအားရဲ့ရှေ့မှာ အကြံအစည်တွေအားလုံးက ထင်ယောင်ထင်မှားတွေပဲဆိုတာ သူ နားလည်အောင် ငါ လုပ်ပေးလိုက်ပါ့မယ်"
ဧကရာဇ်ဖုရှန်းက ပြုံးလိုက်သည်။
"ဒါဆိုရင် ငါက စောင့်ကြည့်ရသေးတာပေါ့..."
ဝူဖိုထျန်းသည် စကားဆက်မပြောတော့ဘဲ ကျားကစားခြင်းကို အာရုံစိုက်လိုက်၏။ သို့ရာတွင် သူသည် မည်သည့်အချိန်ကမျှ တစ်ဖက်လူ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။ ရက်အနည်းငယ် အတွင်းတွင် သူသည် ခုနစ်ပွဲ ရှစ်ပွဲခန့် ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။
...
အလုံးစုံသိမြင်ဂိုဏ်းမှ ထွက်ခွာပြီးနောက် ကျန်းရွှမ်သည် ယခင်လှိုဏ်ဂူဆီသို့ ပြန်လာခဲ့သည်။ သူသည် လှည့်လည်သွားလာခြင်း မပြုဘဲ လှိုဏ်ဂူအတွင်း၌ ပလ္လင်ခွေထိုင်လိုက်၏။
ခုန်းရှီကို ကွပ်မျက်မည့် အချိန်သည် တဖြည်းဖြည်း နီးကပ်လာလေပြီ။ ကံတရားနှင့် အနှစ်သာရအမြူတေများသည် သူ၏အကြံအစည် အောင်မြင်ရန်အတွက် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည့်တိုင် သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းကိုလည်း ရပ်တန့်ထား၍ မရချေ။
သူ၏ကျင့်ကြံဆင့်နယ်ပယ် မြင့်မားလေလေ သူ အသုံးပြုနိုင်သော နည်းစနစ်များ ပို၍များလေလေဖြစ်ပြီး သူ၏တိုက်ခိုက်ရေး စွမ်းရည် ပို၍အားကောင်းလာပေမည်။
ယခင်က သူ့ထံ၌ ကောင်းကင်ကံကြမ္မာစွမ်းအားများ မရှိသဖြင့် သူ၏ကျင့်ကြံမှု၌ တိုးတက်မှုများ မရခဲ့ပေ။ ယခုချိန်တွင် သူသည် ကံကြမ္မာချပ်ပြားများကို သန်းရာနှင့်ချီပြီး ရရှိထားသဖြင့် သေချာပေါက် ပေါကြွယ်ဝနေလေပြီ။
အတွေးတစ်ချက်ဖြင့် သူ၏သိုလှောင်လက်စွပ် အတွင်းရှိ မရေမတွက်နိုင်သော ကံကြမ္မာချပ်ပြားများ တပြိုင်နက်တည်း ပေါက်ကွဲသွားသည်။ ထိုနောက် ထိုစွမ်းအားများသည် စာကြည့်တိုက်အတွင်းတွင် မရေမတွက်နိုင်သော စာအုပ်များအဖြစ်သို့ ပြောင်းလဲသွားပေ၏။ တစ်ချိန်တည်းမှာပင် စွမ်းအားတစ်စိတ်တစ်ပိုင်းသည် မိုတောက် ကောင်းကင်ကံကြမ္မာ အရှိန်အဟုန် ကောင်းကင်ကံကြမ္မာ စီးဆင်းသော အလင်းတန်း ကောင်းကင်ကံကြမ္မာနှင့် တခြားစွမ်းအင်မြစ်များထံသို့ တိုးဝင်သွားပြီး သူ၏နားလည်သဘောပေါက်မှုကို ပို၍အားကောင်းလာစေကာ ပို၍ကျယ်ပြန့်လာစေသည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိရသော်လည်း သူ နားလည်သဘောပေါက်ထားသော ကောင်းကင်ကံကြမ္မာများအားလုံးသည် စိတ်ခံစားချက်ကံကြမ္မာကဲ့သို့ပင် ပဉ္စမအဆင့်သို့ ရောက်ရှိသွားကြသည်။
တခြားကောင်းကင်ကံကြမ္မာများ၏ စွမ်းအားသည် အလွန်ပြင်းထန်ခြင်းမရှိသော်လည်း လေဟာနယ်ကံကြမ္မာကို အသုံးပြုချိန်၌ လေဟာနယ်ဥပဒေသများအပေါ် သူ၏နားလည်သဘောပေါက်မှုများ ပို၍နက်နဲသိမ်မွေ့လာသည်။ အကယ်၍ အိမ်ရှေ့စံယွမ်ချင်းသည် လေဟာနယ်ကို တားဆီးပိတ်ဆို့သည်အား သူ ထပ်မံ၍ ကြုံတွေ့ရလျှင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်တော့မည် မဟုတ်ဘဲ ချောချောမွေ့မွေ့ ထွက်ပြေးနိုင်ပေမည်။
သူ၏ကျင့်ကြံဆင့်သည်လည်း အသက်ပင်လယ် ပထမအဆင့် အထွတ်အထိပ်သို့ ချောချောမွေ့မွေ့ ရောက်ရှိသွားသည်။
အကြောင်းအရင်းမှာ ကောင်းကင်ကံကြမ္မာ အပေါ် သူ၏နားလည်သဘောပေါက်မှုသည် ပဉ္စမအဆင့် အစောပိုင်းသို့သာ ရောက်ရှိသေးသောကြောင့်ပင်။ ထိုသို့မဟုတ်ပါက သူ၏ထာဝရနှလုံးသားနှင့် သူ ယခင်က စုဆောင်းထားသော အရင်းအမြစ်များကို မှီခိုအားထားပြီး သူသည် အသက်ပင်လယ် တတိယအဆင့် အထွတ်အထိပ်သို့ တိုက်ရိုက်တက်လှမ်းနိုင်ပေလိမ့်မည်။
ထာဝရနှလုံးသား ရှိနေသဖြင့် သူ၏ စွမ်းအားကို ကန့်သတ်ထားသည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်ကံကြမ္မာ အပေါ် သူ၏ နားလည်သဘောပေါက်မှုပင်။
"ဒါပေမဲ့... ယုရှောင်ယွီ ဟုန်ရီနဲ့ တခြားလူတွေက စိတ်ခံစားချက်ကံကြမ္မာကို ဖြန့်ဝေပေးနေကြတော့... ကောင်းကင်ကံကြမ္မာအပေါ် ငါ့ရဲ့ နားလည်သဘောပေါက်မှုက ငါ မကျင့်ကြံရင်တောင် ဖြည်းဖြည်းချင်း တိုးတက်နေတယ်..."
ယုရှောင်ယွီနှင့်တခြားလူများသည် ရွှမ်ကမ္ဘာ အတွင်း၌ စိတ်ခံစားချက်ကံကြမ္မာ၏ နက်နဲသိမ်မွေ့သော လျှို့ဝှက်ချက်များကို စတင်၍ သင်ကြားပေးနေလေပြီ။ ထိုကြောင့် စိတ်ခံစားချက်ကံကြမ္မာအပေါ် သူ၏နားလည်သဘောပေါက်မှု သိသိသာသာ မြန်ဆန်လာသည်။ သူ မကျင့်ကြံလျှင်ပင် တဖြည်းဖြည်း တိုးတက်နေပေ၏။
ကောင်းကင်ကံကြမ္မာတစ်ခု ကျယ်ပြန့်စွာ ပျံ့နှံ့လေလေ ပို၍စွမ်းအားကြီးလေလေ ဖြစ်သည်မှာ မဆန်းတော့ပေ။ လူအမြောက်အများကို သူ၏ကံကြမ္မာအား ကျင့်ကြံခွင့် ပေးလိုက်ခြင်းသည် သူ၏ကိုယ်ပိုင်ကျင့်ကြံခြင်းကို အမှန်တကယ် မြန်ဆန်စေသည်။
"ကျောက်ယာတို့တွေ ဘယ်လိုနေလဲ မသိဘူး..."
ဤအချက်ကို တွေးမိပြီး သူ ခေါ်ဆောင်လာသော တပည့်များကို သတိရသွားသည်။
ရင်းမြစ်ကမ္ဘာသို့ ရောက်ရှိပြီးနောက် မကြာမီမှာပင် သူသည် ဤလူအားလုံးကို တခြားနေရာများသို့ စေလွှတ်လိုက်၏။ ယခုချိန်၌ နှစ်လနီးပါး ရှိသွားပြီဖြစ်သဖြင့် သူတို့ တိုးတက်မှုရှိမရှိနှင့် မည်သည့်စွမ်းရည်များအား သင်ယူခဲ့သည်ကို သူ သိလိုသည်။
သို့ရာတွင် သူတို့ ပို၍သန်မာလေလေ သူ ပို၍စိတ်သက်သာရာရလေလေပင်။
"သုံးရက် ကြာသွားပြီ... အသီးအပွင့်တွေကို ရိတ်သိမ်းဖို့ အချိန်ကျပြီ..."
အချိန်မည်မျှကြာအောင် ကျင့်ကြံခဲ့သည်မသိသော်လည်း ကျန်းရွှမ်က မတ်တတ်ရပ်လိုက်သည်။
သူ ဗောဓိပင်ကို လုယူခဲ့သည့်ကိစ္စ ပြီးစီးသွားသည်မှာ သုံးရက်ကြာမြင့်သွားလေပြီ။ ထိုကြောင့် ဤသတင်းသည် အင်ပါယာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီးဖြစ်ပေမည်။
ထျန်းလီမြို့တော်သို့ ပြန်ရောက်ချိန်၌ သူသည် တစ်ကြိမ်တစ်ခါမှ အသုံးမပြုဖူးသော ရုပ်ရည်မျိုးသို့ ရုပ်ဖျက်လိုက်ပြီး ရွှမ်ကျီးဂိုဏ်းဆီသို့ ထပ်မံ၍ လျှောက်လှမ်းသွားလိုက်သည်။
သူ ထိုနေရာအနီးသို့ မရောက်မီမှာပင် ယိုယွင်းပျက်စီးနေသော အိမ်ရှေ့၌ လူစည်ကားမှုသည် ပြီးခဲ့သည့်အကြိမ်ထက် ဆယ်ဆမက ပိုများနေသည်ကို မြင်တွေ့လိုက်ရသည်။ မရေမတွက်နိုင်သော လူများသည် ဆူညံပွက်လောရိုက်နေကာ ဝင်ပေါက်၏ရှေ့တွင် တန်းစီနေကြပြီး မျက်စိတစ်ဆုံး ရှည်လျားသည်။
ထိုမျှသာမက ဤနေရာတွင် ကြက်ဥ အလကား ပေးဝေနေသည့်အလား မရေမတွက်နိုင်သော လူများ အဆက်မပြတ် ရောက်ရှိလာကြ၏။
အလုံးစုံသိမြင်ဂိုဏ်းဟု မျှော်လင့်ထားသည့်အတိုင်းပင် ထိုသတင်းသည် အမှန်တကယ်ကို လုံးလုံးလျားလျား ပျံ့နှံ့သွားခဲ့သည်။
"အဲဒီကောင်လေးက ကံတရား နည်းနည်းလေးပဲ ချေးပြီးတော့ ကျန်းရွှမ်နဲ့ တွေ့သွားခဲ့တယ်... အခု သူက မြို့စား ဖြစ်နေပြီ"
"ငါလည်း ကံတရား နည်းနည်းလောက် ချေးလိုက်ရင် ကျန်းရွှမ်ကို ဖမ်းမိပြီးတော့ ဆုလာဘ် တွေရမလားဆိုတာ ကြည့်ချင်တယ်..."
"ဒီကျန်းရွှမ်က ငါ့ရဲ့အပိုင်ပဲ... ဘယ်သူမှ စိတ်မကူးနဲ့... ငါက သူ့ကို သေချာပေါက် ဖမ်းဆီးမယ်... ပြီးတော့ ကံကြမ္မာမျှဝေခြင်းဆေးလုံးကို ငါက မရရအောင် ယူမယ်..."
သူ ထိုနေရာအနီးသို့ မရောက်မီမှာပင် ဆွေးနွေးသံ အမြောက်အများကို ကြားလိုက်ရသည်။ တံခါး၏ပြင်ပတွင် တန်းစီနေသူများအားလုံး၏ မျက်လုံးများတွင် ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။