← Chapters

မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချခြင်း

Vol. 42 Ch. 477

မြင့်မားသောစျေးနှုန်းဖြင့် ရောင်းချခြင်း

Vol. 42 Ch. 477

ကျန်းရွှမ်သည် မင်းသားယွမ်ချင်းကို စောင့်ဆိုင်းရန်အတွက် လင်းကျိုးတောင်အောက်တွင် ရပ်တန့်လိုက်သည်။ ဟူရှန်းသည်လည်း အရှေ့နန်းတော်သို့ အမှန်တကယ် ရောက်ရှိသွားပေ၏။ ကျန်းရွှမ်၏တည်နေရာကို သိရှိကြောင်း သတင်းပို့လိုက်ချိန်၌ သူ့ကို နန်းတော်အတွင်းသို့ အလျင်အမြန် ဖိတ်ခေါ်ခဲ့ကြသည်။ သူသည် စင်မြင့်တွင် ထိုင်နေသည့် တော်ဝင်ပါရမီရှင်နှင့် တွေ့ဆုံခဲ့ရတော့သည်။

"ငါ့ကို လိမ်ညာလှည့်စားတဲ့ အကျိုးဆက်ကို မင်း သိမှာပါ"

အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် အမူအယာ ကင်းမဲ့နေပြီး ခပ်ဖျော့ဖျော့အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ သူသည် မည်သည့် ဖိအားမျှ မပေးသော်လည်း လူအများကို အသက်ရှူမွန်းကြပ်သကဲ့သို့ ခံစားရစေသည်။

"ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ...အဲ့ဒီကျန်းရွှမ်က ကံတရားကိုချေးငှားဖို့ ရွှမ်ကျီးဂိုဏ်းကို အခုလေးတင် သွားခဲ့တာ... ဒါကို လူတွေအများကြီး မြင်လိုက်ကြတယ်... အရှင်မင်းသားက လူလွှတ်ပြီး စုံစမ်းကြည့်လို့ ရပါတယ်..."

ဟူရှန်းသည် တွေဝေတုံ့ဆိုင်းဝံ့ခြင်းမရှိဘဲ ကိစ္စရပ်များအားလုံးကို အသေးစိတ် ပြန်ပြောပြလိုက်သည်။

သူသည် ကျန်းရွှမ်နှင့် အပေးအယူလုပ်ခဲ့သည့် အကြောင်းကိုသာ ချန်လှပ်ထားလိုက်၏။

"ကံတရား ၈ပိဿာကို ချေးယူသွားတာလား..."

အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူ အတည်မပြုရသေးသော်လည်း တစ်ဖက်လူ အမှန်အတိုင်း ပြောနေကြောင်း သူ ပြောနိုင်သည်။

ကောင်းကင်ဥပဒေသမြို့တော်အတွင်းတွင် လူတစ်ယောက်ကို ကယ်တင်ရန်အတွက် စွမ်းအားနှင့်ကံတရား မရှိမဖြစ်လိုအပ်သည်။ တစ်ဖက်လူသည် ဤအချက်ကို နားလည်သဖြင့် ကံတရားကို သွားရောက်ချေးငှားခြင်းအား သူ နားလည်နိုင်သည်။ သို့ရာတွင် ဂိုဏ်းချုပ်လျှူရွှမ်ကျီးသည် ကျန်းရွှမ်အား ကံတရားကို အမှန်တကယ် ချေးပေးလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။

ထို့ပြင် တစ်ကြိမ်တည်းဖြင့် ဤမျှထိ ပမာဏအမြောက်အများကို ချေးပေးလိုက်သလော...

အကယ်၍ ကျန်းရွှမ် သေသွားလျှင် ပြန်မဆပ်နိုင်မည်ကို သူမ မကြောက်ရွံသလော...

"သူ ကြောက်နေလိမ့်မယ်... မဟုတ်ရင် အဲ့ဒီကိစ္စ ကိုမလုပ်ခင် ကံတရား၆ပိဿာကို ပြန်ဆပ်ခိုင်းမှာ မဟုတ်ဘူး"

အိမ်ရှေ့စံမင်းသားယွမ်ချင်းက ခန့်မှန်းလိုက်သည်။

သူ၏ခန့်မှန်းချက်သည် မှန်ကန်ပေ၏။ လျှူရွှမ်ကျီး၏အမြင်အရ သူမသည် ကံတရား ၈ပိဿာကို ချေးပေးလိုက်လျှင်ပင် တစ်ဖက်လူထံ၌ ကျရှုံးနိုင်ခြေ ရှိနေသည်။ ထို့ကြောင့် သူမသည် ၃ပိဿာကိုသာ အရင်ချေးပေးပြီး ကောင်းကင်ဥပဒေသမြို့တော်သို့ မဝင်မီ နှစ်ဆပြန်ဆပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

"သွားပြီး စစ်ဆေးကြည့်စမ်း..."

မင်းသားယွမ်ချင်းက သူ၏စိတ်ထဲတွင် တွေးတောလိုက်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ မျက်စိတစ်မှိတ်အတွင်း သူ၏ နောက်ကျောဘက်မှ ပုံရိပ်တစ်ခု ပျောက်ကွယ်သွားလေသည်။ မကြာမီမှာပင် ထိုပုံရိပ်သည် ပြန်ရောက်လာပြီး အိမ်ရှေ့စံယွမ်ချင်း၏နားထဲသို့ စကားတချို့ကို တီးတိုးပြောလိုက်ရာ သူ ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။

သူ၏ရှေ့မှ လူ ပြောဆိုသကဲ့သို့ပင် တစ်စုံတစ်ယောက်သည် ကံတရား၈ပိဿာကို ချေးယူခဲ့ပြီး ဂိုဏ်းချုပ်လျှူရွှမ်ကျီးက အမှန်တကယ် ချေးငှားပေးခဲ့သည်။

"သူက ပုန်းအောင်းနေပြီး ရုပ်ဖျက်ထားမှတော့ သူ ကျန်းရွှမ် ဖြစ်တယ်ဆိုတာကို မင်း ဘယ်လိုလုပ်ပြီး သိတာလဲ... ပြီးတော့ သူက ဗုဒ္ဓဂိုဏ်းဆီ သွားမယ်ဆိုတာ မင်းက ဘာလို့ သိနေတာလဲ"

အိမ်ရှေ့စံယွမ်ချင်းသည် လှုပ်ရှားခြင်းမပြုသော်လည်း အေးစက်စက်အကြည့်ဖြင့် ဟူရှင်းကို ကြည့်လိုက်၏။ သူ မလှုပ်ရှားသော်လည်း ထူထပ်သိပ်သည်းသော ဖိအားတစ်ရပ်က အခန်းထဲတွင် ပျံ့နှံ့သွားလေရာ လိမ်ညာပြောဆိုဝံ့သော မည်သူမဆို မိုးကြိုးပစ်ခံရမည့်အလားပင်။

"ကျွန်... ကျွန်တော်..."

ဟူရှန်းက သတ္တိမွေးပြီး ပြောဆိုလိုက်သည်။

"ကျွန်တော်က ဂိုဏ်းချုပ်လျှူဆီကနေ ကံတရား ၁ ပိဿာကို ချေးငှားခဲ့ပြီးတော့ တောင်းဆိုမှုတစ်ခုကို လုပ်ခဲ့ပါတယ်....အဲ့ဒါက ကျန်းရွှမ်ကို ရှာဖွေဖို့နဲ့ သူ ဘာလုပ်မလဲဆိုတာကို သိရဖို့ပါ... ကံတရား ပေါင်းထည့်ပြီးတဲ့နောက် အပြန်လမ်းမှာ ကျွန်တော် ဗိုက်နာလာလို့ မြက်ခင်းထဲ ဝင်ပြီး အပေါ့အလေး သွားနေတုန်း သူနဲ့တခြားလူတစ်ယောက် စကားပြောနေတာကို မတော်တဆ ကြားလိုက်ရလို့ သတင်းရလာခဲ့တာပါ"

"အဓိပ္ပါယ်မရှိတာတွေ... မင်းရဲ့ကျင့်ကြံဆင့်နဲ့ ဗိုက်နာသေးတာလား... ဒီလောက်ထိ လျှို့ဝှက်တဲ့စကားကို ပြောချင်မှတော့ အဲ့ဒီကျန်းရွှမ်က ပတ်ဝန်းကျင်ကို သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ အရင်ဆုံး မစစ်ဆေးဘဲ နေပါ့မလား... ဘယ်လိုလုပ်ပြီးတော့ သူက ဒီလောက်ထိ သတိလက်လွတ် နေမှာလဲ"

နံဘေးနားတွင်ရှိနေသော လက်အောက်ငယ်သားက မနေနိုင်တော့ဘဲ အော်ငေါက်လိုက်သည်။

ဒီစကားတွေက လိမ်ပြောနေတယ်ဆိုတာ အသိသာကြီးလေ... အရူးတစ်ယောက်တောင် ဒီဟာကွက်ကို တွေ့နိုင်လိမ့်မယ်...

သူ ဆက်လက်၍အော်ငေါက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် အိမ်ရှေ့စံ၏လက် မြင့်တက်လာသည်ကို မြင်လိုက်ရသဖြင့် သူ၏ပါးစပ် အလျင်အမြန် ပိတ်လိုက်၏။

အိမ်ရှေ့စံယွမ်ချင်းက ခိုင်မာပြတ်သားသော အမူအယာဖြင့် ပြောဆိုသည်။

"ကံတရားကို လျှော့မတွက်နဲ့... ဒါ့ပြင် သူက ၁ပိဿာတောင် ချေးငှားထားတာ... ဘာမဆို ဖြစ်နိုင်တယ်...သူ ကြားခဲ့တာ မဆန်းပါဘူး"

"အမှန်ပါပဲ... အရှင်မင်းသားက ဉာဏ်ပညာ ကြီးမားပါပေတယ်"

လက်အောက်ငယ်သားက အလျင်အမြန် ပြောဆိုလိုက်သည်။

အိမ်ရှေ့စံယွမ်ချင်းက ဆက်လက်၍ ပြောဆိုသည်။

"မင်းရဲ့ သတင်းအချက်အလက် မှန်ကန်ရင် မင်းရဲ့ဆုလာဘ်က တစ်ပြားတစ်ချပ်မှ လျော့နည်းသွားမှာ မဟုတ်တဲ့အပြင် မင်း နှစ်ဆ ရလိမ့်မယ်"

"အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်"

ဟူရှန်းက သက်ပြင်းချလိုက်ပြီး ထပ်ခါတလဲလဲ ဦးညွှတ်အရိုအသေပြုလိုက်သည်။

အစောပိုင်းက စကားလုံးများကို ကျန်းရွှမ်မှ သူ့အား သင်ပေးလိုက်ခြင်းပင်။

မည်သည့်ရှင်းပြချက်ကမျှ ဤအိမ်ရှေ့စံမင်းသားကို ယုံကြည်အောင် လုပ်နိုင်မည် မဟုတ်သဖြင့် အပြစ်အနာအဆာများ ပြည့်နေသော အရိုးရှင်းဆုံးအဖြေကို ပေးလိုက်ခြင်းမှာ ကံတရား၏မြှင့်တင်မှုကြောင့် ယုတ္တိရှိသွားစေသည်။

သူ တွေးထင်ထားသည့်အတိုင်းပင် ဤစကားကို ကြားချိန်၌ အိမ်ရှေ့စံမင်းသားသည် သံသယဝင်မည့်အစား သူ၏စကားများကို ယုံကြည်သွားတော့သည်။

"သူ့ကို ခေါ်သွားလိုက်တော့"

အိမ်ရှေ့စံမင်းသားက လက်ဝှေ့ယမ်းလိုက်ပြီး ဟူရှန်းကို ခေါ်ထုတ်သွားရန် တစ်စုံတစ်ယောက်အား ညွှန်ကြားလိုက်သည်။ သူသည် စင်မြင့်ပေါ်မှ ဆင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် အစောင့်တစ်ဦးက အပြေးအလွှား ဝင်ရောက်လာသည်။

"အရှင်မင်းသား... အကြီးအကဲကူယိုက အပြင်မှာ ရောက်နေပြီးတော့ အရှင့်ကို တွေ့ခွင့်တောင်းနေပါတယ်"

"အကြီးအကဲကူယိုလား..."

အိမ်ရှေ့စံယွမ်ချင်းက ခေါင်းညိတ်လိုက်သည်။

"ဝင်ခွင့်ပြုလိုက်..."

မကြာမီမှာပင် အကြီးအကဲကူယိုက ပြုံးရွှင်သော မျက်နှာထားဖြင့် ခန်းမဆောင်ထဲသို့ ရောက်ရှိလာသည်။ သူသည် မင်းသားယွမ်ချင်း၏အနီးသို့ မရောက်မီမှာပင် သူ၏လက်ကိုပူးဆုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

"ဂုဏ်ယူပါတယ် အိမ်ရှေ့စံမင်းသား... ဂုဏ်ယူပါတယ်"

"အိမ်ရှေ့စံယွမ်ချင်းက အကြီးအကဲကူယိုကို နှုတ်ခွန်းဆက်သပါတယ်... ဒါနဲ့ မေးပါရစေ... ဒီ ဂုဏ်ပြုမှုက ဘယ်ကနေ ရောက်လာတာလဲ"

အိမ်ရှေ့စံယွမ်ချင်းက မေးမြန်းသည်။

အကြီးအကဲကူယိုက တုံ့ပြန်အဖြေပေးသည်။

"အရှင်မင်းသားက ကျန်းရွှမ်ရဲ့တည်နေရာကို ရှာနေတာ မဟုတ်လား... ကျွန်တော်တို့ အလုံးစုံသိမြင်ဂိုဏ်းက တိကျတဲ့ သတင်းအချက်အလက်ကို ရထားတယ်"

"ဒါက တကယ်လား"

အိမ်ရှေ့စံယွမ်ချင်းက မသိချင်ယောင်ဆောင်ပြီး ဆတ်ခနဲ မတ်တတ်ထရပ်လိုက်သည်။

အကြီးအကဲကူယိုက ဆက်လက်၍ ပြောဆိုသည်။

"ကျွန်တော်တို့ အလုံးစုံသိမြင်ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို အရှင်မင်းသား သိမှာပါ... သီးသန့်ဝယ်ယူခွင့်အတွက် ဈေးနှုန်းက အကျိုးပြုရမှတ် တစ်သိန်းခွဲပါ... သီးသန့် မဟုတ်ရင်တော့ သုံးသောင်းပါ..."

"တစ်သိန်းခွဲလား...."

အိမ်ရှေ့စံယွမ်ချင်း၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

မည်မျှထိ လောဘကြီးသော တောင်းဆိုမှုဖြစ်သနည်း...

သို့ရာတွင် ဤကိစ္စတွင် အားသာချက်တစ်ခုလည်း ရှိနေပေ၏။ အလုံးစုံသိမြင်ဂိုဏ်းသည် ဤသတင်းကို ရောင်းရဲသဖြင့် သတင်းအချက်အလက်သည် လုံးလုံးလျားလျား မှန်ကန်ကြောင်း အာမခံနိုင်၍သာ ဖြစ်ပေမည်။

"သတင်းအချက်အလက်ရဲ့တန်ဖိုးကို ဆုံးဖြတ်ဖို့ ငါက အရင်ဆုံး မိတ္ထူတစ်စုံကို ဝယ်လိုက်မယ်... ပြီးမှ ငါက သီးသန့် ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်မယ်"

အချိန်တခဏကြာမျှ တုံ့ဆိုင်းပြီးနောက် အိမ်ရှေ့စံယွမ်ချင်းက ပြောဆိုလိုက်သည်။

အကြီးအကဲကူယိုက ခေါင်းညိတ်လိုက်သည်။

"အဲ့ဒီလိုလည်း ရပါတယ်... ဒါပေမဲ့... အဲဒီလိုဆိုရင်တော့ နောက်မှ သီးသန့် လိုချင်ရင်ဆိုရင် အကျိုးပြုရမှတ် သုံးသိန်းပေးရလိမ့်မယ်"

အိမ်ရှေ့စံယွမ်ချင်း၏မျက်နှာအမူအယာ ချက်ချင်း ပျက်ယွင်းသွားသည်။

"အကြီးအကဲကူ.. ခင်ဗျား ဒါက ဘာကိုဆိုလိုတာလဲ"

"ဘာအထွေအထူးသဘောမှ ဘာမှ မရှိပါဘူး... အရှင်မင်းသားလည်း လောင်းကစားလုပ်တာကို မြင်ဖူးမှာပါ... ဖဲချပ်ဖွင့်ပြီး လောင်းတာနဲ့ ဖဲချပ်ပိတ်ပြီး လောင်းတာကြားမှာ ဈေးနှုန်းကွာခြားတာက သဘာဝပါပဲ... မဟုတ်ရင်... ဘယ်သူက ဖဲချပ်ဖွင့်ပြီး မလောင်းချင်ဘဲ နေမလဲ"

အကြီးအကဲကူယိုသည် တစ်ဖက်လူ၏ဒေါသကို လုံးလုံးလျားလျား ဂရုမစိုက်ဘဲ သူ၏အဝတ်အစားများကိုသာ သပ်ရပ်အောင် ပြုပြင်လိုက်၏။

"ခင်ဗျား..."

အိမ်ရှေ့စံယွမ်ချင်းက သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

အကယ်၍ တခြားလူတစ်ယောက်သာ သူ့ကို ဤကဲ့သို ပြောဆိုဝံ့လျှင် သူ ရိုက်သတ်မိမည်မှာ သေချာပေါက်ပင်။ သို့ရာတွင် သူ၏ရှေ့မှ လူသည် အလုံးစုံသိမြင်ဂိုဏ်းတွင် အလွန် မြင့်မားသော ရာထူးအဆင့်အတန်းရှိသည်။ သူသည် မြင့်မြတ်သော အိမ်ရှေ့စံမင်းသား ဖြစ်သော်လည်း လွယ်လင်တကူ မလှုပ်ရှားရဲချေ။

"အရှင်မင်းသား... စိတ်မဆိုးပါနဲ့... စီးပွားရေး လုပ်တာက တရားမျှတဖို့ လိုပါတယ်... အရှင်မင်းသား မဝယ်ရင် ကျွန်တော်က ဒီသတင်းအချက်အလက်ကို တခြားအင်အားစုတွေဆီ ပို့လိုက်မယ်... ဘာပဲဖြစ်ဖြစ် ဝယ်ချင်တဲ့လူတွေ အများကြီး ရှိပါတယ်"

အကြီးအကဲကူယိုက အပြုံးနှင့် ပြောဆိုသည်။

"ကောင်းပြီလေ... ငါ ဝယ်မယ်"

အချိန်အတော်ကြာ တွေဝေနေပြီးနောက် အိမ်ရှေ့စံယွမ်ချင်းသည် သူ၏ဒေါသကို ဖိနှိပ်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အကျိုးပြုရမှတ် တစ်သိန်းခွဲပဲမဟုတ်လား... ဒီအိမ်ရှေ့စံက တတ်နိုင်ပါတယ်"

တခြားလူများအတွက် အကျိုးပြုရမှတ်များကို အသည်းအသန် ရှာဖွေရသော်လည်း ထျန်းလီအင်ပါယာ၏အိမ်ရှေ့စံမင်းသားဖြစ်သော သူ့အတွက်မူ အလွန်လွယ်ကူသည်။ ဤသည်မှာ ထျန်းလီတော်ဝင်မိသားစုကိုယ်တိုင် သတ်မှတ်ထားသော စည်းမျဉ်းများပင်။ ထိုကြောင့် အကျိုးပြုရမှတ်များ မည်မျှထိများပြားပါစေ ကိန်းဂဏန်းတစ်ခုမျှသာဖြစ်သည်။

ဤသည်မှာ ဘဏ်တစ်ဘဏ်မှ ဘဏ်ကတ်ပြား တစ်ခုအလားပင်။ ငွေမထုတ်သရွေ့ ကိန်းဂဏန်း မည်မျှပင်များစေကာမူ အဓိပ္ပာယ်မရှိချေ။

"ကျွန်တော်က အဲ့ဒီရမှတ်တွေကို ကံကြမ္မာချပ်ပြားတွေနဲ့ လဲလှယ်ချင်တယ်"

အကြီးအကဲကူယိုသည် သူ၏လက်ကို အင်္ကျီလက်ထဲသို့ ထည့်ထားရင်း ပြောဆိုလိုက်၏။

အိမ်ရှေ့စံယွမ်ချင်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ယခင်က သူ၏တည်ငြိမ်မှုကို ဆုံးရှုံးသွားသည်။

အကျိုးပြုရမှတ် တစ်သိန်းခွဲကို ကံကြမ္မာချပ်ပြားများနှင့် လဲလှယ်လျှင် သန်း ၇၅၀ ခန့် ရှိသည်။ သူ၏ မြင့်မြတ်သော အဆင့်အတန်းနှင့်ပင်လျှင် ဤမျှထိ ကြီးမားသော ပမာဏကို ချက်ချင်းထုတ်ပေးနိုင်ရန် ခက်ခဲပေ၏။

အကြီးအကဲကူယိုက ထပ်မံ၍ ပြောဆိုသည်။

"အရှင်မင်းသားက နည်းနည်းမြန်မြန် လှုပ်ရှားပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိတယ်... ကျွန်တော်က ဒီနေမှာ နှေးနှေးကွေးကွေး လုပ်နိုင်ပေမဲ့ အလုံးစုံသိမြင်ဂိုဏ်းက တခြားလူတွေ နှေးမယ်လို့ မဆိုလိုပါဘူး... တကယ်လို့... အရှင်မင်းသားဘက်က မဆုံးဖြတ်နိုင်ခင်မှာ ကျွန်တော့်ဘက်က တခြားလူတွေကို ရောင်းပြီးသား ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ... အဲ့ဒီအချိန်ကျရင် ကျွန်တော်တောင် အခြေအနေကို ပြန်အဖတ်ဆယ်နိုင်မှာ မဟုတ်ဘူး..."

အိမ်ရှေ့စံယွမ်ချင်းသည် သူ၏ရှေ့မှ လူအိုကြီးကို အေးစက်စက် စိုက်ကြည့်ရင်း သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အချိန်အတော်ကြာပြီးနောက် သူက အေးစက်စက် နှာမှုတ်လိုက်သည်။

"ဟမ့်...အကြီးအကဲကူက စီးပွားရေးလုပ်တာ တကယ့်ကို ကျွမ်းကျင်တာပဲ"

ထိုသို့ ပြောဆိုပြီးသည်နှင့် သူသည် လေထုထဲသို့ လက်ဆန့်တန်းလိုက်ရာ သိုလှောင်လက်စွပ်တစ်ကွင်း ထွက်ပေါ်လာသည်။

"ဒါက ကံကြမ္မာပြား သန်းငါးရာ နဲ့ နဂါးကြေးခွံ အတားအဆီးချိုးဖျက်ဆေးလုံး ဆယ်လုံးပဲ... တန်ဖိုးအရဆိုရင် ကျန်တဲ့ကံကြမ္မာချပ်ပြား သန်း ၂၅၀ နဲ့ ညီမျှသင့်တယ်"

အိမ်ရှေ့စံယွမ်ချင်းသည် ပြောဆိုပြီးသည်နှင့် တစ်ဖက်လူမှ စကားပြန်ရုတ်သိမ်းမည်ကို စိုးရိမ်သဖြင့် သိုလှောင်လက်စွပ်ကို တိုက်ရိုက်ပစ်ပေးလိုက်သည်။

"အရှင်မင်းသားကို ကျေးဇူးတင်ပါတယ်"

အကြီးအကဲကူယိုက သူ၏လက်ကိုပူးဆုပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

All Chapters