ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းနိုင်အောင် ကူညီခြင်း
Vol. 42 Ch. 478
"မင်း ပြောလို့ရပြီ..."
တစ်ဖက်လူသည် သိုလှောင်လက်စွပ်ကို စစ်ဆေးကာ မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးနောက် အိမ်ရှေ့စံယွမ်ချင်းက သူ၏ဒေါသကို ဖိနှိပ်ပြီး ကြည့်လိုက်သည်။
"ကျွန်တော်တို့ အလုံးစုံသိမြင်ဂိုဏ်းက ကျန်းရွှမ် အကြောင်းသတင်းကို အခုလေးတင် ရလိုက်ပါတယ်... သူက ကံတရား၈ပိဿာကို ချေးယူပြီးတော့ ဗုဒ္ဓဂိုဏ်းဆီ ရတနာသွားခိုးဖို့ စီစဉ်နေတယ်"
အကြီးအကဲကူယိုက ကျန်းရွှမ်၏စကားများကို တစ်လုံးမကျန် ပြန်ပြောပြလိုက်၏။
ထိုသတင်း၏ အကြောင်းအရာကို ကြားပြီးနောက် အိမ်ရှေ့စံယွမ်ချင်း စိတ်မသက်မသာ ဖြစ်သွားသည်။
ဤသည်မှာ ဟူရှန်း ပြောဆိုခဲ့သည်နှင့် တစ်ပုံစံတည်း တူညီနေသော်လည်း သူသည် နောက်ထပ် အကျိုးပြုရမှတ်တစ်သိန်းခွဲကို ထပ်မံ၍ အသုံးပြုလိုက်ရသည်။
သို့ရာတွင် အကယ်၍ သူသာ ထိုငွေကြေးပမာဏကို မပေးခဲ့လျှင် တစ်ဖက်လူသည် ဤသတင်းအား တခြားအင်အားစုများထံသို့ ရောင်းချမည်မှာ သေချာပေါက်ပင်။ ထိုအချိန်ကျပါက လူများအားလုံး ကျန်းရွှမ်ကို လိုက်လံဖမ်းဆီးမည် ဖြစ်သဖြင့် သူ သေချာပေါက် ကျန်နေရစ်ပေမည်။
ဤသည်မှာ ထောင်ချောက်မှန်း သိလျက်နှင့် သူ ခုန်ဆင်းလိုက်ရသည့်အလားပင်။ ဤသည်က စီးပွားရေးလုပ်ခြင်း မဟုတ်တော့ဘဲ ဓားပြတိုက်ခြင်းနှင့် ပို၍တူညီနေသည်။
သို့ရာတွင် သူ့ထံ၌ တခြားရွေးချယ်စရာ မရှိခဲ့ချေ။
'ငါ နန်းတက်မယ့်အချိန်ကို စောင့်နေလိုက်စမ်း... မင်းတို့ အလုံးစုံသိမြင်ဂိုဏ်းကို အကုန်ပြန်ပေးဆပ်ခိုင်းမယ်..."
အိမ်ရှေ့စံယွမ်ချင်း၏မျက်လုံးများ တောက်ပသွားပြီး သူ၏စိတ်ထဲတွင် ကြိမ်းဝါးလိုက်သော်လည်း သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"အကြီးအကဲကူရဲ့ သတင်းက ငါ့အတွက် အရမ်း အရေးကြီးတယ်... ငါက အခု သီးသန့်ဝယ်ယူလိုက်ပြီဆိုတော့ ခင်ဗျား ထပ်မရောင်းတော့ဘူး မဟုတ်လား"
"သေချာတာပေါ့"
အကြီးအကဲကူယိုက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်တို့ အလုံးစုံသိမြင်ဂိုဏ်းက ဂုဏ်သိက္ခာနဲ့အညီ အလုပ်လုပ်ကိုင်တာပါ... ဒီကိစ္စအတွက် အရှင်မင်းသားက စိတ်ချနိုင်ပါတယ်"
အိမ်ရှေ့စံယွမ်ချင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
"အကြီးအကဲကူယိုကို လိုက်ပို့လိုက်တော့"
"နှုတ်ဆက်ခဲ့ပါတယ်..."
အကြီးအကဲကူယိုက နောက်သို့လှည့်ထွက်သွားပြီး ခန်းမထဲမှ ပျောက်ကွယ်သွားသည်။
"အရှင်မင်းသား..."
သူ ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် အစောင့်တစ်ဦးသည် ရှေ့သို့တိုးလာပြီး ကြမ်းပြင်ပေါ်၌ ဒူးထောက်လိုက်၏။ ဤသည်မှာ တပ်မှူးပိုင်ပင်။
"အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးတော့ ငါနဲ့အတူ ဗုဒ္ဓဂိုဏ်းဆီ လိုက်ခဲ့ကြစမ်း"
အိမ်ရှေ့စံယွမ်ချင်း၏မျက်လုံးများ တောက်ပနေသည်။
"ဗုဒ္ဓဂိုဏ်းမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီးရှိတယ်... ဒီကောင်လေးအတွက်နဲ့ အရှင်မင်းသားက တကယ်ကြီး အတင်းအကြပ် ဝင်သွားချင်တာလား"
တပ်မှူးပိုင်၏မျက်လုံးများတွင် တွန့်ဆုတ်မှုများ ထင်ဟပ်လာသည်။
"ဘာလဲ... မင်းက ဒီအိမ်ရှေ့စံရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား"
အိမ်ရှေ့စံယွမ်ချင်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ထင်ဟပ်လာပေ၏။
"ဒီငယ်သားက..."
တပ်မှူးပိုင်၏ခေါင်းမှ ချွေးများ ယိုစီးကျလာသည်။ သူ ရှင်းပြရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ရင်ဘတ်တွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ဓားရှည်တစ်ချောင်က သူ့ကို ထွင်းဖောက်သွားတော့သည်။
"အရှင်မင်းသား..."
သူသည် သူ၏ခန္ဓာကိုယ်မှ အသက်စွမ်းအားများ လျှင်မြန်စွာ ကုန်ခမ်းသွားသည်ကို ခံစားမိလေ၏။ တပ်မှူးပိုင်သည် စကားတစ်ခွန်း ပြောမိရုံမျှဖြင့် အသတ်ခံလိုက်ရသည်ကို သူ သေဆုံးချိန်အထိ မယုံကြည်နိုင် ဖြစ်သွားသည်။
"အလောင်းကို ဆွဲထုတ်သွားကြစမ်း"
တစ်ဖက်လူကို သတ်ဖြတ်ပြီးနောက် အိမ်ရှေ့စံ ယွမ်ချင်းသည် ယခင်က လှည့်စားခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများ သိသိသာသာ လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။ ထိုနောက် သူက ပြောဆိုလိုက်သည်။
"ရန်ချူးယောင်ကို အကြောင်းကြားလိုက်... ဒီအိမ်ရှေ့စံက ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး သူ့ကို တွေ့ချင်တယ်လို့ ပြောလိုက်စမ်း"
ရုတ်ချည်းဆိုသလိုပင် သူ၏နောက်ဘက်ရှိ ပုံရိပ်တစ်ခုသည် ရှေ့သို့ထွက်လာကာ သူ့ကို ဦးညွှတ်အရိုအသေပြုပြီး နန်းတော်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
လင်းကျိုးတောင်၏အရှေ့တွင် ကျန်းရွှမ်သည် နာရီဝက်ခန့်ကြာအောင် စောင့်ဆိုင်းခဲ့ပြီးနောက် အိမ်ရှေ့စံမင်းသားသည် လူအုပ်စုကို ဦးဆောင်ကာ ခမ်းနားထည်ဝါသောစုဖွဲ့မှုဖြင့် ဤနေရာသို့ ဦးတည်ပြီး ပျံသန်းလာသည်ကို သူ မြင်တွေ့လိုက်ရသည်။
"သူ တကယ်ကြီး ရောက်လာတာပဲ"
နှင်းနတ်ဆိုးအရှင်သည် မယုံကြည်နိုင် ဖြစ်နေပြီး သူ၏အသံတွင် လေးစားမှုများနှင့်အတူ သိချင်စိတ်ပြင်းပြမှုများလည်း ရောယှက်နေသည်။
"သခင်... အခု ဘာလုပ်ကြမလဲ"
ဗုဒ္ဓဂိုဏ်းထံသို့ သူတို့ သွားသည်မှာ ထောင်ချောက်ထဲသို့ တိုးဝင်သွားသည့်အလားပင်။ အကယ်၍ သူတို့ နောက်ကြောင်းပြန်လှည့်မည်ဆိုလျှင်လည်း အိမ်ရှေ့စံက လမ်းပိတ်ထားပြီးလေပြီ။ လက်ရှိတွင် သူတို့သည် အကျပ်အတည်းဖြင့် ကြုံတွေ့နေရသည်ဟု ဆိုနိုင်ပေ၏။
ရိုးရိုးသားသားဝန်ခံရလျှင် ထိုအရာများကို သူ လွယ်လင့်တကူ ရှောင်တိမ်းနိုင်သည်။
ဤသည်မှာ မူလကတည်းက သူ ဆင်ထားတဲ့ ထောင်ချောက်ပင်။ သူကိုယ်တိုင် ထောင်ချောက်ထဲသို့ ခုန်မဝင်သရွေ့ သူ၏ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ပေမည်။ မည်သို့ပင်ဆိုစေကာမူ သူသည် သတင်းကို ရောင်းချပြီးဖြစ်ကာ အကျိုးပြုရမှတ်များလည်း ရရှိပြီးဖြစ်သဖြင့် သူ့အတွက် အကျိုးအမြတ်များ ရရှိထားပြီးလေပြီ။
"ဒါက အရမ်းရိုးရှင်းပါတယ်...ငါတို့က သူတို့ရဲ့နောက်ကိုလိုက်ပြီး လင်ကျိုးတောင်ထဲကို ခိုးဝင်ကြမယ်"
ကျန်းရွှမ်က ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။ ထို့နောက် အတွေးတစ်ချက်နှင့်အတူ သူသည် နေရာမှ ပျောက်ကွယ်သွားပြီး ရွှမ်ကမ္ဘာအတွင်းသို့ ရောက်ရှိသွားသည်။
ကျန်းရွှမ်၏စွမ်းအားဖြင့်ဆိုလျှင် အဆင့်မြင့်ဆုံး ပုန်းကွယ်ခြင်းနည်းစနစ်များကို အသုံးပြုထားလျှင်ပင် အိမ်ရှေ့စံမင်းသားနှင့် တခြားလူများ၏ အာရုံခံနိုင်စွမ်းအောက်မှ ရှောင်တိမ်းရန် ခက်ခဲပေလိမ့်မည်။ သို့ရာတွင် သူသည် ရွှမ်ကမ္ဘာထဲသို့ ဝင်နေပါက ထိုလူများ မည်မျှပင် စွမ်းအားကြီးမားပါစေ အကြောင်းအကျိုး ကောင်းကင်ကံကြမ္မာ စွမ်းအားကို အသုံးမပြုနိုင်သမျှ ကာလပတ်လုံး သူ့ကို အာရုံခံမိရန် ခက်ခဲပေလိမ့်မည်။
အမှန်တကယ်ကိုပင် သူ ပျောက်ကွယ်သွားသည့် အချိန်တခဏ၌ ထိုနေရာသို့ ပျံသန်းလာနေသော အိမ်ရှေ့စံယွမ်ချင်း ကျန်းရွှမ် ထွက်ခွာသွားခဲ့သည့် နေရာကို သံသယစိတ်အနည်းငယ်ဖြင့် လှမ်းကြည့်လိုက်မိသည်။ သူ၏မျက်လုံးများထဲတွင် နားမလည်နိုင်မှု အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွား၏။
"အရှင်မင်းသား... ဘာဖြစ်လို့လဲ"
နံဘေးတွင် ရှိနေသော ရန်ချူးယောင်က မေးမြန်းလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး..."
အိမ်ရှေ့စံမင်းသားယွမ်ချင်းက ခေါင်းငုံ့ကာ သူ၏လက်ထဲရှိ တောင်တန်းမြစ်ပြင်တံဆိပ်ပြားကို ကြည့်ရှုရင်း ရှင်းပြသည်။
"ခုဏက ဒီနေရာရဲ့ လေဟာနယ်ထဲမှာ လှုပ်ခတ်မှုတစ်ခု ဖြစ်သွားတယ်....တစ်ယောက်ယောက်က လေဟာနယ်နဲ့ဆိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုခုကို အသုံးပြုသွားပုံရတယ်"
"ရှေ့က နယ်မြေက ဗုဒ္ဓရဲ့ပိုင်နက်နက်မြေပါ.....အကာအကွယ်ဝင်္ကပါတွေ ရှိနေတာက ပုံမှန်ပါပဲ..."
ရန်ချူးယောင်က ပြောဆိုသည်။
"အင်း..."
အိမ်ရှေ့စံမင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို ဆက်လက်၍ အာရုံစိုက်မနေတော့ပေ။ သူသည် ရှေ့သို့အနည်းငယ် ပျံသန်းသွားပြီးနောက် ဘုန်းတော်ကြီးတစ်ပါးသည် မြေပြင်ပေါ်သို့ ဆင်းသက်လာကာ လက်အုပ်ချီပြီး ပြောဆိုသည်။
"ဒကာတော်... ဒီနေရာက ဗုဒ္ဓရဲ့ မြင့်မြတ်တဲ့ နယ်မြေပါ....ကျေးဇူးပြုပြီး ရပ်တန့်ပေးပါ"
အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် အတင်းအကြပ် ဝင်ရောက်ခြင်း မပြုဘဲ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး အရိုအသေပြုကာ တုံ့ပြန်ပြောဆိုလိုက်၏။
"ကျွန်တော်က ထျန်းလီအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ယွမ်ချင်းပါ.... ဗုဒ္ဓအရှင်နဲ့ တွေ့ဆုံခွင့် ပေးဖို့ တောင်းဆိုပါတယ်"
"အိမ်ရှေ့စံမင်းသားလား..."
ထိုဘုန်းတော်ကြီး၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"ကျေးဇူးပြုပြီး အရှင်မင်းသားက ဒီနေရာမှာ ခဏလောက် စောင့်ဆိုင်းပေးပါ....ငါက အခုချက်ချင်းသွားပြီး ဗုဒ္ဓအရှင်ကို သတင်းပို့လိုက်ပါ့မယ်...."
"အိမ်ရှေ့စံမင်းသားကိုယ်တိုင် ကြွရောက်လာတာက ငါတို့ ဗုဒ္ဓနယ်မြေအတွက် ဂုဏ်ယူစရာပါပဲ..."
ထိုအချိန်မှာပင် ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။ အိမ်ရှေ့စံမင်းသားယွမ်ချင်းက မော့ကြည့်လိုက်ရာ လေထုကိုဖြတ်သန်း၍ ရောက်ရှိလာသော ဗောဓိသတ္တတစ်ပါးကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်က တော်ဝင်နန်းတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ဖူးသည့် မိတ်ဆွေဟောင်းကြီး နီဗားနားဗောဓိသတ္တပင်။
ယခုအချိန်တွင် သူသည် မီးတောက်များ လွှမ်းခြုံထားသော ချီလင်တစ်ကောင်ပေါ်တွင် ထိုင်နေပြီး လေဟာနယ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုသားရဲ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မီးတောက်လှိုင်းများက ဂယက်ထသကဲ့သို့ ပျံ့လွင့်သွားသည်။ ဤသည်မှာ သူ၏စိတ်ဝိညာဉ်သားရဲဖြစ်သော 'ကံကြမ္မာမီးတောက် အရိုးစိတ်ဝိညာဉ် ချီလင်'ပင်။
ဤဗောဓိသတ္တနှင့်သားရဲတို့သည် လျှင်မြန်စွာ ရွေ့လျားနေခြင်း မရှိသော်လည်း ကြီးမားသော စစ်တပ်ကြီးတစ်ခု ချီတက်လာသည့်အလား ကြီးမားသော အရှိန်အဝါကို ထုတ်လွှတ်ထားပေ၏။
အိမ်ရှေ့စံမင်းသားသည် မည်သည်ကြောင့် ရုတ်တရက်ကြီး ရောက်ရှိလာသည်ကို ဗုဒ္ဓနယ်မြေဘက်မှ မသိရှိချေ။ သို့ရာတွင် သူ လာရောက်သည့် အကြောင်းအရင်းမှာ ရည်ရွယ်ချက်ကောင်းဖြင့် မဟုတ်ကြောင်းကိုမူ သူတို့ဘက်မှ နားလည်ထားပုံရသည်။ ထို့ကြောင့် ဤအစွမ်းထက်ပုဂ္ဂိုလ်အား စေလွှတ်လိုက်ခြင်းမှာ အိမ်ရှေ့စံကို သတိပေးရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။
"ဗောဓိသတ္တကို အရိုအသေပြုပါတယ်..."
အိမ်ရှေ့စံမင်းသားယွမ်ချင်းက သူ၏ လက်ချောင်းများကို အသာအယာ လှုပ်ခတ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် တောင်တန်းမြစ်ပြင်တံဆိပ်ပြားမှ အလင်းတန်းများ ဖြာထွက်လာသည်။ ထို့နောက် သူ၏ရှေ့ရှိ လေဟာနယ်ထဲတွင် ပုံရိပ်ယောင်လှေကားထစ်များ ချက်ချင်းဖြစ်ပေါ်လာကာ သူ့အား အထက်သို့ ဖြည်းညှင်းစွာ တက်လှမ်းနိုင်ရန် ပံ့ပိုးပေးလိုက်၏။
"အရှင်မင်းသား... ဒီဘက်ကို ကြွပါ"
နီဗားနားဗောဓိသတ္တက သူ့ကို အဓိပ္ပါယ်ပါသော အမူအယာဖြင့် ကြည့်လိုက်ပြီး စကားထပ်မပြောတော့ဘဲ ရှေ့မှလမ်းပြကာ ထွက်ခွာသွားသည်။
သူသည် ချီလင်ကို စီးနင်းလာခဲ့ပြီး အိမ်ရှေ့စံမင်းသားကို မြင်သည့်တိုင်အောင် သားရဲပေါ်မှ ဆင်းသက်ခြင်း မရှိပေ။ ဤသည်မှာ သူသည်အိမ်ရှေ့စံမင်းသားအပေါ် ဖိအားပေးလိုသော ရည်ရွယ်ချက်ဖြင့်ပင်။ တစ်ဖက်လူသည်လည်း တောင်တန်းမြစ်ပြင်တံဆိပ်ပြားကို အသုံးပြု၍ လေဟာနယ်အတွင်း၌ လှေကားထစ်များ ဖန်တီးကာ သူ့ကိုယ်ကို မြှင့်တင်လိုက်သည်။ ဤသည်မှာ 'ကောင်းကင်အောက်ရှိ အရာခပ်သိမ်းသည် ဧကရာဇ်မင်းမြတ်ပိုင်ဆိုင်သည်' ဟု ဆိုလိုလိုက်ခြင်းပင်။
ဤစကားလုံးမဲ့ ထိပ်တိုက်တွေ့ဆုံမှုတွင် အိမ်ရှေ့စံမင်းသားက အနိုင်ရရှိသွားခဲ့သည်။
ထို့ကြောင့် သူတို့အကြား၌ ဆက်လက်၍ပြိုင်ဆိုင်နေရန် မလိုအပ်တော့ချေ။
"ဒီနေရာမှာ စောင့်နေကြစမ်း... ဘယ်သူ့ကိုမှ ထွက်ပြေးခွင့် မပေးနဲ့...ရန်ချူးယောင်... မင်း ငါနဲ့ လိုက်ခဲ့...."
အိမ်ရှေ့စံမင်းသားက နောက်သို့လှည့်ကြည့်ပြီး သူနှင့်အတူ လိုက်ပါလာသော အစောင့်စစ်သားများကို အမိန့်ပေးလိုက်သည်။ ထို့နောက်မှသာ သူသည် လေဟာနယ်အတွင်းသို့ သူ၏ခြေထောက်ဖြင့် အသာအယာ တို့ထိလိုက်ပြီး ချီလင်ကိုစီးနင်းထားသော နီဗားနားဗောဓိသတ္တ၏အနောက်သို့ လိုက်ပါကာ လျှင်မြန်စွာ ထွက်ခွာသွားတော့သည်။
ရန်ချူးယောင်လည်း သူတို့၏အနောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားပေ၏။
လူများအားလုံး ထွက်ခွာသွားပြီး မကြာမီမှာပင် ထိုနေရာရှိ လေဟာနယ် မသိမသာ လှုပ်ခတ်သွားခဲ့သည်။ ကျန်းရွှမ်သည် ရုတ်တရက် ပြန်လည်၍ ထွက်ပေါ်လာပြီး သူ၏ရှေ့ရှိ ဆုမိရူတောင်ထိပ်ဆီသို့ မြေပြင်မှတစ်ဆင့် လျှင်မြန်စွာ အပြေးသွားလိုက်တော့သည်။
သူ၏ ဖုံးကွယ်နိုင်စွမ်းဖြင့် တောင်တန်းမြစ်ပြင်တံဆိပ်ပြားကို ပိုင်ဆိုင်ထားသော အိမ်ရှေ့စံယွမ်ချင်းအား မလှည့်စားနိုင်ချေ။ သို့ရာတွင် အိမ်ရှေ့စံ၏ လက်အောက်ငယ်သားများနှင့် ဗောဓိသတ္တအဆင့်အောက်ရှိ ကျင့်ကြံသူများကို လှည့်စားရန်မှာမူ သူ့အတွက် အလွန်ရိုးရှင်းသော ကိစ္စတစ်ရပ်ပင်။
သူသည် လမ်းတလျှောက် လျှင်မြန်စွာ ပျံသန်းရင်း မြင့်သထက်မြင့်လာကာ မကြာမီမှာပင် ဆုမီရူတောင်ထိပ်သို့ ရောက်ရှိသွားသည်။ ရုတ်ချည်းဆိုသလိုပင် ခမ်းနားထည်ဝါသော အဆောက်အအုံများက သူ၏မြင်ကွင်းထဲတွင် ထွက်ပေါ်လာပေ၏။
ဤသည်မှာ ဗုဒ္ဓနှင့်ဗောဓိသတ္တများ နေထိုင်သောနေရာဖြစ်သည်။ ဤအဆောက်အအုံများကိုတည်ဆောက်ရန် ရွှေများ မည်မျှထိ အသုံးပြုထားသည်ကို မည်သူမျှ မသိနိုင်ချေ။ အဝေးမှကြည့်လျှင် ဤနေရာသည် ညနေခင်းနေရောင်အောက်၌ ရွှေရောင် ကျောက်စိမ်းရောင်များဖြင့် စူးရှတောက်ပနေပြီး မျက်စိပသာဒ ဖြစ်စေသည်။
"ကျွန်တော်တို့ကဗုဒ္ဓဂိုဏ်းထဲကို ဘာလာလုပ်တာလဲ"
သူတို့သည် ဤနေရာကို ရောက်လာပြီး ဗုဒ္ဓဂိုဏ်း၏ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ အတွင်းသို့ လုံးလုံးလျားလျား ဝင်ရောက်သွားပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် နှင်းနတ်ဆိုးအရှင်က စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်သည်။
"ဘာလုပ်မလို့လဲ ဟုတ်လား... အရင်တုန်းက မင်းရဲ့ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းပေးမယ်လို့ ကတိပေးထားတယ်လေ... ငါက ကတိမတည်တဲ့လူ မဟုတ်ဘူး"
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။
"ကျွန်တော်ရဲ့ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းပေးမလို့လား...."
နှင်းနတ်ဆိုးအရှင်၏နှုတ်ခမ်းများ တုန်ရီနေပြီး မယုံကြည်နိုင် ဖြစ်နေသည်။
သခင်ဖြစ်သူသည် ရန်သူများမှ ဝိုင်းရံအသတ်ခံရမည့် အန္တရာယ်ကို စွန့်စားပြီး ဤနေရာသို့ လာခဲ့ကာ အိမ်ရှေ့စံယွမ်ချင်းကိုပင် ဆွဲဆောင်ခဲ့သည်။ ဤှသည်မှာ သူ၏ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းပေးရန်သက်သက် ဖြစ်နေသလော။
'ဒါက ဘာလို့ ဒီလောက်ထိ မယုံနိုင်စရာ ကောင်းနေရတာလဲ'