ဗောဓိပင်ကို ခိုးယူခြင်း
Vol. 42 Ch. 479
"အမှန်ပဲ... ငါက ကတိပေးပြီးမှတော့ ကတိပျက်မှာ မဟုတ်ဘူး"
ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်ပြီး စကားဆက်မပြောတော့ချေ။ ထို့နောက် သူ၏ထာဝရနှလုံးသားသည် "ဒုတ်" ခနဲ ခုန်သွားသည်။ ယင်ရှားနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေမှ စွမ်းအားများသည် သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားပေ၏။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော ကံကြမ္မာချပ်ပြားများ ကြေမွှပျက်စီးသွားပြီး သန့်စင်သော ဗုဒ္ဓစွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဗုဒ္ဓနှင့်နတ်ဆိုး ပေါင်းစပ်မှုကြောင့် ကျန်းရွှမ်သည် အသက်ပင်လယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသော ကျင့်ကြံဆင့်စွမ်းအားကို ချက်ချင်းပိုင်ဆိုင်သွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဗဟိုနန်းတော်ဆီသို့ ဦးတည်၍ အပြေးသွားလိုက်သည်။
ဤနေရာသည် ဗုဒ္ဓှအရှင် နေထိုင်ရာ နေရာဖြစ်ပြီး သူ ဉာဏ်အလင်းပွင့်ခဲ့သော ရှေးဟောင်း ဗောဓိပင်တစ်ပင် ရှိသည်။
နှင်းနတ်ဆိုးအရှင်၏ခန္ဓာကိုယ်ကို ပြန်လည်ဖွဲ့စည်းရန်အတွက် ဤအပင်ကို လိုအပ်ပေ၏။
ဗောဓိသီးသည် တစ်စုံတစ်ယောက်ကို ဉာဏ်အလင်းပွင့်စေသော အာနိသင် ရှိပြီး ပင်စည်တွင် သွေးကြောများ မရီဒါန်းများနှင့် တူညီသော အမျှင်များနှင့်ပုံစံများ ပါဝင်သည်။ ဤအရာဖြင့် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ကို ဖွဲ့စည်းခြင်းသည် စိတ်ဝိညာဉ်ကို အားဖြည့်ပေးရုံသာမက စွမ်းအားကိုလည်း စုဆောင်းပေးနိုင်ပြီး အစစ်အမှန်ရုပ်ခန္ဓာကိုယ်ကဲ့သို့ အကျိုးသက်ရောက်မှုမျိုးကို ပေးစွမ်းနိုင်သည်။
အကြီးအကဲ ကျန်းလီ အသုံးပြုခဲ့သော ရွှမ်ကျီးရုပ်သေးကို ဤသစ်ပင်မျိုးမှ သန့်စင်ထားခြင်း ဖြစ်သည်။
ဝှစ်.....
ကျန်းရွှမ်သည် တစ်စုံတစ်ယောက်၏ အာရုံစိုက်မှုကိုမှ မခံရဘဲ သူသည် တဖြည်းဖြည်း ရှေ့ဆက်သွားပြီး ရှေးဟောင်းဗောဓိပင်၏ရှေ့သို့ လျှင်မြန်စွာ ရောက်ရှိသွားသည်။
ဤရှေးဟောင်းသစ်ပင်သည် အလွန် မြင့်မားပြီး မီတာ ၇၀ ၈၀ ခန့် ရှိကာ အကိုင်းအခက်များနှင့် အရွက်များသည် တစ်ဧကခန့် ကျယ်ဝန်းပေ၏။ ထိုအပင်မှနေ၍ ကြည်လင်သောအသီး အလုံးသုံးဆယ်ခန့် တွဲလောင်းကျနေပြီး သင်းပျံ့သော ရနံ့တစ်မျိုး ထုတ်လွှတ်ထားသည်။
"မဖြစ်နိုင်ဘူး... ဒါက ဗုဒ္ဓဂိုဏ်းရဲ့ အထွတ်အထိပ် မြင့်မြတ်နယ်မြေလေ... ဘယ်လိုလုပ်ပြီး သခင်က အလွယ်တကူ ဝင်သွားလို့ ရတာလဲ... ဘယ်အတားအဆီးကမှ သခင်ကို မဖမ်းမိတဲ့အပြင် ဗုဒ္ဓကတောင် သတိမထားမိဘူးလား"
နှင်းနတ်ဆိုးအရှင်က ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။
ဗုဒ္ဓဂိုဏ်းအတွင်းသို့ သခင်ဖြစ်သူ၏ ဝင်ရောက်သွားမှုသည် အလွန်ချောမွေ့သဖြင့် သူ မယုံကြည်နိုင် ဖြစ်နေသည်။
"ငါက အပြာရောင်တိမ်တိုက်အရှင်ရဲ့ စွမ်းအားကို ငှားသုံးထားတာလေ...ဒါကြောင့် ဗုဒ္ဓဂိုဏ်းရဲ့ဝင်္ကပါတွေကို အသက်ဝင်လာစေမှာ မဟုတ်ဘူး... ဗုဒ္ဓနဲ့ ဗောဓိသတ္တတွေ အနေနဲ့ကတော့ သူတို့ရဲ့ အာရုံစိုက်မှု အားလုံးက အိမ်ရှေ့စံနဲ့ ရန်ချူးယောင်ဆီ ရောက်နေတာ... ဒါကြောင့် ငါ့ကို အာရုံစိုက်ဖို့ အချိန်မရှိဘူး... ပြီးတော့ ငါက ကောင်းကင်ကံကြမ္မာစွမ်းအားကိုလည်း သုံးထားတယ်"
ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
အိမ်ရှေ့စံသည် သူ ဗုဒ္ဓဂိုဏ်းထံသို့ ရောက်လာကြောင်း သိရှိထားသဖြင့် သူ့ကို ရှာဖွေလိုမည်မှာ သေချာပေါက်ပင်။ ထိုကြောင့် အိမ်ရှေ့စံယွမ်ချင်းသည် လမ်းတလျှောက်၌ နေရာအနှံ့အပြားကိုကြည့်ကာ သူ့အား အပူတပြင်း ရှာဖွေခဲ့သည်။ ဗုဒ္ဓအရှင်၏အမြင်အရ အိမ်ရှေ့စံယွမ်ချင်း၏ ထိုကဲ့သို့လုပ်ရပ်မျိုးတွင် တခြားရည်ရွယ်ချက်များ ရှိနေမည်ဟု တွေးထင်ကြပေမည်။
ထို့ကြောင့် ဗုဒ္ဓနှင့်ဗောဓိသတ္တများအားလုံးသည် အိမ်ရှေ့စံယွမ်ချင်း ရောက်ရှိလာခြင်းအပေါ် အာရုံစူးစိုက်နေကြလေရာ တခြားတစ်ယောက်က အခွင့်ကောင်းယူပြီး ခိုးဝင်လာလိမ့်မည်ဟု အနည်းငယ်မျှ ထင်မှတ်ထားမိမည် မဟုတ်ပေ။
အရေးကြီးဆုံးအချက်မှာ ဤနေရာသည် မည်မျှထိ အန္တရာယ်များကြောင်း သိသဖြင့် ကျန်းရွှမ်သည် ပေါ့ဆနေဝံ့ခြင်း မရှိပေ။ လျှူရွှမ်ကျီးထံမှ သူ ချေးယူခဲ့သော ကံတရား၃ပိဿာသည် သူ တောင်ပေါ်သို့ ဝင်ရောက်သည်နှင့် တပြိုင်နက် စတင်၍ အသက်ဝင်နေလေပြီ။
ပထမတန်းစား ကောင်းကင်ကံကြမ္မာဟု မျှော်လင့်ထားသည့်အတိုင်း အကျိုးသက်ရောက်မှုသည် အမှန်တကယ်ကို ပြင်းထန်ပေ၏။ ကျန်းရွှမ်သည် လမ်းတစ်လျှောက်တွင် ကင်းလှည့်နေသော ဘုန်းတော်ကြီးများ၏ အမြင်အာရုံကို တိကျစွာ ရှောင်တိမ်းနိုင်ခဲ့ပြီး အလွန်နီးကပ်စွာ ဖြတ်သန်းသွားသည့်တိုင် အရိပ်အယောင် တစိုးတစိမျှ မကျန်ရစ်ခဲ့ပေ။
ကျန်းရွှမ် ဗောဓိပင်၏ရှေ့သို့ ရောက်ရှိချိန်မှာပင် ပင်မခန်းမဆောင်အတွင်းမှ ခပ်သဲ့သဲ့အသံတစ်သံ ထွက်ပေါ်လာသည်။
"အိမ်ရှေ့စံမင်းသား ကိုယ်တိုင် ရောက်လာတာ... ဘာအကြောင်း ရှိလို့လဲ မသိဘူး"
ထိုအသံသည် နက်ရှိုင်းပြီး ကြင်နာတတ်ကာ ဖိအားများစွာ ပါဝင်ခြင်းမရှိသော်လည်း ငြင်းဆန်ရန် မဖြစ်နိုင်ချေ။
ဗုဒ္ဓအရှင်....
သူသည် ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကိုသာ ကျင့်ကြံသော်လည်း သူ၏ကျင့်ကြံဆင့်သည် ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ အမှန်တကယ်ကို သာလွန်ထူးကဲသော တည်ရှိမှုကြီးပင်။ အိမ်ရှေ့စံယွမ်ချင်းကို မဆိုထားနှင့် ဧကရာဇ်ဖုရှန်းပင်လျှင် သူ့ကို လွယ်လင့်တကူ စော်ကားရဲမည် မဟုတ်ချေ။
"ကျွန်တော်က အလုံးစုံသိမြင်ဂိုဏ်းက သတင်းတစ်ခု ရထားလို့ပါ...ဒါကြောင့် ဗုဒ္ဓအရှင်နဲ့ ဆွေးနွေးချင်တယ်... စကားပြောလို့ အဆင်ပြေမလား မသိဘူး"
အိမ်ရှေ့စံယွမ်ချင်းက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ကျေးဇူးပြုပြီး ပြောပါအုံး...."
ဗုဒ္ဓက တုံ့ပြန်သည်။
အိမ်ရှေ့စံယွမ်ချင်းက ပြောဆိုလိုက်၏။
"ကျွန်တော် အခုလတ်တလော လိုက်ဖမ်းနေတဲ့တရားခံပြေးတစ်ယောက်က ဒီနေ့ ထျန်းလီမြို့တော်မှာ အရိပ်အယောင် ပြခဲ့တယ်... အလုံးစုံသိမြင်ဂိုဏ်းရဲ့ သတင်းအချက်အလက်အရ သူက ဗုဒ္ဓဂိုဏ်းထဲကို တစ်နည်းနည်းနဲ့ ခိုးဝင်လာမယ်လို့ ဆိုတာကြောင့် ဗုဒ္ဓအရှင်ရဲ့ ဖမ်းဆီးတာကို ခံထားရမှာ သေချာတယ်... ကျွန်တော်က ဒီလူကို ကျွန်တော့်ရဲ့လက်ထဲကို အပ်ဖို့ အရှင့်ကို အထူးလာရောက်တောင်းဆိုတာပါ... လျော်ကြေးအတွက်ကတော့ ဒီအိမ်ရှေ့စံက အစွမ်းကုန် လုပ်ဆောင်ပေးပါ့မယ်..."
ဗုဒ္ဓအရှင်က ခေါင်းခါယမ်းလိုက်သည်။
"အိမ်ရှေ့စံမင်းသားကလွဲရင် ဒီနေ့ ဒီနေရာကိုတခြားဘယ်သူမှ မလာပါဘူး"
"ဘယ်သူမှ မလာဘူး ဟုတ်လား... ဒါက မဖြစ်နိုင်ဘူး"
အိမ်ရှေ့စံယွမ်ချင်းက မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ်မယုံကြည်နိုင် ဖြစ်နေသည်။
"အလုံးစုံသိမြင်ဂိုဏ်းရဲ့ သတင်းအချက်အလက်က မမှားနိုင်ဘူး..."
ဟူရှန်း၏စကားများ သက်သက်ဆိုလျှင် သူသည် ဤသတင်းအပေါ် အကြွင်းမဲ့ယုံကြည်မည် မဟုတ်ချေ။ သို့ရာတွင် အလုံးစုံသိမြင်ဂိုဏ်းကလည်း ထပ်တူထပ်မျှ ပြောဆိုနေသောကြောင့် ဤသတင်းတွင် မည်သည်ကြောင့် ပြဿနာ ရှိနိုင်မည်နည်း။
"အမှန်ပဲ..."
ဗုဒ္ဓအရှင်က ခေါင်းညိတ်လိုက်ပြီး စကားဆက်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူ၏ ယခင်တည်ငြိမ်မှုများ ပျောက်ကွယ်သွားပြီး ပြင်းထန်သော ဒေါသများက အစားထိုးဝင်ရောက်လာပေ၏။
"ဗုဒ္ဓဂိုဏ်းရဲ့ သန့်စင်မွန်မြတ်တဲ့နယ်မြေမှာ မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ပြဿနာရှာရဲတာလဲ..."
ထိုဆူပူကြိမ်းမောင်းသံ မဆုံးမီမှာပင် ကြည်လင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ခန်းမဆောင်အနှံ့ ပျံ့နှံ့သွားသည်။
"အိမ်ရှေ့စံမင်းသား... ပစ္စည်း ရပါပြီ... အကြီးအကဲကျန်းလီအတွက် ခန္ဓာကိုယ်သန့်စင်ဖို့ လုံလောက်ပါတယ်... ဒီငယ်သားက အရင်သွားနှင့်ပါတော့မယ်..."
ဝုန်း....
ဤစကားများနှင့်အတူ ပင်မခန်းမဆောင်ရှေ့ရှိ ကွင်းပြင်အလယ်တွင် ရှိနေခဲ့သော ဧရာမဗောဓိပင်ကြီးသည် သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည့်အလား ရုတ်တရက် ပျောက်ကွယ်သွားပေ၏။ အပင်အောက်ခြေရှိ မြေကြီးပင် တူးထုတ်ခြင်းခံလိုက်ရပြီး မရေမတွက်နိုင်သော ရွှေများ ခိုးယူခြင်းခံလိုက်ရသည်။
ဗောဓိပင်နှင့်မြေကြီးများ ပျောက်ကွယ်သွားမှုသည် အလွန်မြန်ဆန်သဖြင့် လေဟာနယ် ပြိုလဲမှုကြောင့် စိတ်ဝိညာဉ်စွမ်းအင် စုပ်ဝဲငယ်တစ်ခု ဖြစ်ပေါ်လာသည်။
ဝှစ်.....
ဗောဓိပင် ပျောက်ကွယ်သွားသောနေရာမှ မီတာတစ်ရာ အကွာတွင် သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ အချိန်တခဏအတွင်းမှာပင် သူသည် ရွှေရောင်အလင်းတန်းတစ်တန်းဖြစ် ပြောင်းလဲသွားပြီး တောင်အောက်သို့ တန်းတန်းမတ်မတ် ပြေးဆင်းသွားသည်။
"အဲ့ဒါက ကျန်းရွှမ်ပဲ ဖြစ်ရမယ်..."
အချိန်တခဏကြာမျှ ကြက်သေသေသွားပြီးနောက် အိမ်ရှေ့စံယွမ်ချင်းက ချက်ချင်းတုံ့ပြန်လိုက်သည်။
ဤနေရာ၌ ထွက်ပေါ်လာနိုင်ပြီး ဗောဓိပင်ကို ခိုးယူနိုင်စွမ်းရှိကာ သူ့ကို ချောက်ချနိုင်သူမှာ ဤလူတစ်ယောက်တည်းသာ ရှိသည်။
အလုံးစုံသိမြင်ဂိုဏ်းသည် အမှန်အတိုင်း ပြောခဲ့ပုံရပေ၏။ သို့ရာတွင် ထိုကောင်စုတ်လေးသည် မည်သည်ကြောင့် သစ်ပင်တစ်ပင်ကို ခိုးယူခဲ့သနည်း။
သူ့ကို ဖမ်းဆီးရန်အတွင် ဗုဒ္ဓဂိုဏ်းမှ ထုတ်ပြန်ထားသော ဆုလာဘ်များအနက် ဗောဓိသီး ပါဝင်နေသောကြောင့် သူ ဒေါသထွက်ပြီး အပင်တစ်ပင်လုံးကို လာရောက်ခိုးယူသွားခြင်း ဖြစ်နေသလော....
ဤအကြောင်းပြချက်သည် အလွန်ယုတ္တိမရှိချေ။
"ခွေးသူခိုး... မင်း ငါ့ကို ချောက်ချရဲတယ်ပေါ့... ငါ မင်းကို ဘယ်လိုဖမ်းမလဲဆိုတာ မင်း စောင့်ကြည့်စမ်း..."
ဤအတွေးများ ပေါက်ဖွားလာခြင်းနှင့်အတူ အိမ်ရှေ့စံယွမ်ချင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲရှိ တောင်တန်းမြစ်ပြင်တံဆိပ်ပြားကို အသက်သွင်းလိုက်၏။
ရုတ်ချည်းဆိုသလိုပင် ခန်းမတစ်ခုလုံးရှိ လေဟာနယ်သည် ရွှံ့ကဲ့သို့ စေးကပ်သွားပြီး ပိတ်ဆို့ဟန့်တားခြင်း ခံလိုက်ရသည်။
သူခိုး၏နောက်သို့ လိုက်လံဖမ်းဆီးရန် ဟန်ပြင်နေသော ဗောဓိသတ္တများသည် သူတို့၏ ခန္ဓာကိုယ်များ မလှုပ်ရှားနိုင်တော့သည်ကို ခံစားမိပြီး သူတို့၏မျက်နှာအမူအယာများ သိသိသာသာ ပျက်ယွင်းသွားကြသည်။
အိမ်ရှေ့စံ၏စွမ်းအားဖြင့် တောင်တန်းမြစ်ပြင်တံဆိပ်ပြားကို အသက်သွင်းလျှင်ပင် သူတို့ကို ကြာရှည် တားဆီးထားနိုင်မည် မဟုတ်ချေ။ သို့ရာတွင် အကယ်၍ သူတို့သည် ဤအတားအဆီး အတင်းအကြပ် ဖောက်ထွက်ပါက တော်ဝင်အာဏာကို မလေးစားရာရောက်ပြီး ကြီးလေးသောပြစ်မှုဖြင့် စွပ်စွဲခံရနိုင်သည်။
"အိမ်ရှေ့စံမင်းသား... ဒါက ဘာသဘောလဲ"
နီဗားနားဗောဓိသတ္တက အော်ငေါက်လိုက်သည်။
တစ်ဖက်လူသည် တောင်တန်းမြစ်ပြင်တံဆိပ်ပြားကို ဤအချိန်တွင် ထုတ်ဖော်အသုံးပြုခြင်းသည် သူခိုးကိုဟန့်တားရန် မဟုတ်ဘဲ သူတို့ကို တားဆီးရန်ဖြစ်သည်မှာ သိသာထင်ရှားသည်။
"ဒီလူက ငါ့ကို ချောက်ချသွားတာ... ငါ ကိုယ်တိုင် သူ့ကို ဖမ်းဆီးပြီးတော့ ဗုဒ္ဓအရှင်ကို တောင်းပန်ပါ့မယ်"
အိမ်ရှေ့စံယွမ်ချင်းက အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ စွမ်းအားများ ပွင့်အံ့ထွက်လာကာ လိုက်လံဖမ်းဆီးလိုက်သည်။ သို့ရာတွင် သူ ဆယ်မီတာခန့်သာ ပျံသန်းပြီးချိန်တွင် သူ၏စွမ်းအားများ တားဆီးခံလိုက်ရပြီး ရှေ့ဆက်သွားသော အရှိန်နှုန်းလည်း ရပ်တန့်သွားသည်။ သူ၏ခန္ဓာကိုယ်သည် သံကြိုးများဖြင့် ချည်နှောင်ခံထားရသည့်အလား တစ်လက်မမျှပင် မရွေ့လျားနိုင်တော့ချေ။
"ဗုဒ္ဓအရှင်..."
ဤနေရာ၌ သူ့ကို လုံးလုံးလျားလျား ကူကယ်ရာမဲ့ ဖြစ်သွားအောင် လုပ်နိုင်သူမှာ ဤဗုဒ္ဓအရှင်တစ်ယောက်တည်းသာ ရှိကြောင်း သိသဖြင့် အိမ်ရှေ့စံယွမ်ချင်းက လှည့်ကြည့်လိုက်သည်။
"ဒီကိစ္စ မရှင်းလင်းသေးခင် အိမ်ရှေ့စံမင်းသားက မသွားပါနဲ့အုံး"
ဗုဒ္ဓ၏မျက်နှာအမူအယာသည် ခက်ထန်တင်းမာနေပေ၏။
"ဗုဒ္ဓအရှင်က ကျွန်တော့်ကို သံသယ ဝင်နေတာလား... သူက ကျွန်တော့်ကို သေချာပေါက် အသရေဖျက်နေတာပါ... တကယ်လို့ သူသာ ကျွန်တော့်ရဲ့လက်အောက်ငယ်သား ဆိုရင် သူ့ရဲ့ရည်ရွယ်ချက်ကို ဘယ်လိုလုပ်ပြီး ထုတ်ဖော်ပြမှာလဲ..."
အိမ်ရှေ့စံယွမ်ချင်းက အလျှင်အမြန် အော်ဟစ်ပြောဆိုလိုက်သည်။
အကြီးအကဲကျန်းလီ၏ ခန္ဓာကိုယ်ကိစ္စနှင့် ပစ္စည်းကို ရရှိသွားသော ကိစ္စကို ပြောဆိုသွားခြင်းသည် သူ့အား ချောက်ချသွားသည်မှာ သိသာထင်ရှားသည်။ ဤမျှထိ ရိုးရှင်းသော သဘောတရားကို မျက်မမြင်မဟုတ်သော မည်သူမဆို နားလည်နိုင်ပေမည်။ ဗုဒ္ဓဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်သည် ဤအချက်ကို မမြင်ဘဲ နေမည်လော။