ထာဝရ ကျေးရွာသို့ အပြန်
Vol. 8 Ch. 72
နောက်တနေ့၌ လီဖူယွဲ့၏ စီစဥ်ပေးမှုဖြင့် ယန်ချန်တို့ အပြန်ခရီးက စတင်ခဲ့ကြတော့သည်။
ရက်အနည်းငယ်ကြာ မြို့တော်ကြီးဆီ ခရီးထွက်ခဲ့ပြီးနောက် ထာဝရကျေးရွာရှိ မိမိခြံဝန်းလေးအပေါ် ရှုယင်ခမျာ စိုးရိမ်နေဟန်ရှိသည်။ ယန်ပိုင် တောဝက်အိုကြီးတို့က ကောင်းစွာ စောင့်ရှောက်ပေးထားမည်မှန်း သိသော်လည်း စိုးရိမ်နေတုန်းဖြစ်သည်။
ပြိုင်ပွဲပျက်သုန်းပြီးနောက် ထိခိုက်သွားကြသည့် အင်အားစုအသီးသီးက ယန်ချန်ရဲ့အကူညီကြောင့် ပြန်လည်နလံထူရန် အသည်းသန်ကြိုးစားနေကြပြီး နီးကပ်လာသည့် သားရဲကပ်ဘေးကြီးကလည်း မမြင်ရသည့်လက်အစုံဖြင့် လည်ပင်းညှစ်နေသည့်နှယ်။
မူလက ထိပ်သီးကျင့်ကြံသူများ အတွေး၌ သားရဲကပ်ဘေးကို သွေးဝိဉာဥ်ကျင့်ကြံသူများ စီစဥ်နေမည်ကို ထင်ခဲ့သော်လည်း ထိုသူများက ဓားတထောင်ဂိုဏ်းကိုသာ အသုံးချခဲ့ပြီး ထိုဂိုဏ်းပျက်စီးပြီးနောက် သွေးဝိဉာဥ်ဂိုဏ်းရဲ့ အစအနများကလည်း ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် အဆိုပါသားရဲကပ်ဘေးမှာ တခြားထိန်းချုပ်မှုတခုခုအောက် ရှိနေသည်ဟု မှတ်ယူလိုက်ကြကာ ဖိအားများလည်း မသိမသာတိုးလာလေသည်။ မည်သည့်အရာက သားရဲများကိုစိတ်ဖောက်ပြန်စေပြီး လူသားများကို တိုက်ခိုက်သတ်ဖြတ်ရန် စေခိုင်းနေသနည်း။
ကျင်းလုံ စုလဲ ကိုယ်တော်ရန် ဖေးလုံနဲ့ တုံစန်းတို့သာမက ထိပ်သီးကျင့်ကြံသူအချို့ တံခါးပိတ်ကျင့်ကြံခြင်း အလျင်မြန်ပြုလုပ်သွားကြပြီး ထိုအခြေနေက အချိန်အနည်းငယ်အတွင်း ကျင်းတိုင်းပြည်၌ မဟာယာနအဆင့် ကျင့်ကြံသူများစွာ ထွက်ပေါ်လာမည့် လက္ခဏာဖြစ်သည်။
ယန်ချန်တယောက် မြို့တော်မှအပြန်လမ်းတလျှောက် တိတ်ဆိတ်နေခဲ့ပြီး မြို့တော်မှ သွေးမြူများအဖြစ် ပြောင်းလဲသွားကြသည့် မြင်ကွင်းကြောင့်ဖြစ်စေ ရစရာမရှိအောင် ပြိုပျက်သွားသည့် အဆောက်အုံများကြောင့်ဖြစ်စေ သူ့စိတ်နဲ့ခံယူချက်များကလည်း သိသိသာသာ ပြောင်းလဲသွားစေသည်။ ဤလောက၌ ငလျင် ဆူနာမီကဲ့သို့ သဘာဝကပ်ဘေးများမရှိသော်လည်း လူသားများ၏ အဆမတန်ကြီးမားသည့် ခွန်အားများကြောင့် အဆုံးမသတ်နိုင်တဲ့ လိုအင်ဆန္ဒများက လူသားလောကကို ဒုက္ခပေးနိုင်သည် မဟုတ်လား။ ထို့အပြင် ရက်စက်သည့်သားရဲကြီးများ ရန်ကလည်း ကြောက်ရသေးသည်။
ကျန်းရင်ရင် လီဖူယွဲ့တို့က ရှုယင်နဲ့အတူ စကားစမြည်းပြောဆိုနေကြပြီး ပင်မတပည့်အချို့က ယင်ယင်လေးနဲ့အတူ ယာဥ်ပျံပေါ်၌ အဖော်ပြုပေးနေသည်။
“အခုလောက်ထိ ဆုံးရှုံးမှုကြီးလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး အဲ့တုန်းကဆို ကျမဖြင့် အတော်ထိတ်လန့်သွားခဲ့တာ”
ရှုယင်က ကောင်းကင်ထက်ရှိ သွေးရောင်အစီရင်ကြီးအပြင် အမှတ်မဲမြင်လိုက်ရသည့် သွေးမြူများကိုပြန်တွေးရင်း ယခုထိတုန်လှုပ်နေသေးသည်။ လီဖူယွဲ့က သက်ပြင်းချသည်။
“ဟုတ်တယ်.. အခြေနေတွေကိုသာ သခင်လေးယန်က မထိန်းချုပ်ခဲ့ရင် ဆုံးရှုံးမှုက ဒီထက်ပိုများနိုင်တယ်”
လီဖူယွဲ့၏စကားအဆုံး၌ ရှုယင်တယောက် ယန်ချန့်အား အသာခိုးကြည့်လိုက်သည်။ သူမစိတ်ထင်၍လားမသိ မင်ယုရှန်းပြန်သွားပြီးနောက် ယန်ချန်တယောက် ပို၍တည်ငြိမ်သွားသည် ဟုသူမထင်နေမိသည်။ အမှန်က ယန်ချန့်အပေါ် နားလည်မှုလွဲနေခြင်းဖြစ်ပြီး ယန်ချန်ကတော့ ကျင့်ကြံရေးလောကနဲ့ပက်သက်ပြီး မည်ကဲ့သို့ဆက်၍ ပြုလုပ်ရမည်များကိုတွေးနေခဲ့ခြင်း ဖြစ်သည်။
ဘေး၌ရှိနေသည့် လီဖူယွဲ့က ရှုယင်၏အရိပ်ခြေကိုကြည့်၍ မိန်းမချင်းနားလည်စွာ သက်ပြင်းချလိုက်သည်။ သူမ အသေချာသိပေသည်။ ရှုယင်၏စိတ်ထဲ၌ သူမက ယန်ချန်နဲ့မထိုက်တန်သူဟု တထစ်ချတွေးနေခဲ့ပြီး သူမအနေဖြင့် ယန်ချန့်အနီး အစေခံတဦးနှယ် နေခွင့်ရသည်ကိုပင် ပျော်နေလိမ့်မည်ဖြစ်သည်။
လီဖူယွဲ့က ရှုယင်ရဲ့ခံစားချက်များကို နားလည်ဟန်ဖြင့် သူမလက်အစုံအား အသာကိုင်ကာ တီးတိုးပြောလိုက်သည်။
“တခာတလေမှာ ကိုယ်တွေးထားတဲ့အဆိုးဆုံး အခြေနေဆိုတာ တကယ်တမ်းမှာ အဆိုးဆုံးမဟုတ်ပဲ အကောင်းဆုံးဖြစ်နေတတ်တယ် ဒါကြောင့် ဘာအတွက်ပဲဖြစ်ဖြစ် လက်မလျော့လိုက်နဲ့”
ကျန်းရင်ရင်ကလည်း သိတတ်နားလည်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရှုယင်အား အားပေးလာသည်။ ရှုယင်တယောက် မင်ယုရှန်းနဲ့ပက်သက်၍ ခါးသီးမှုများ အတန်ငယ် လျော့ပါးသွားကာ စိတ်သက်သာရာရစွာ ပြုံးလိုက်မိသည်။
နာရီအနည်းငယ်အတွင်းမှာပဲ ထာဝရကျေးရွာအနီးသို့ ရောက်ရှိလာကာ ယန်ချန်တို့လည်း ယာဥ်ပျံပေါ်မှဆင်းလိုက်ကြသည်။ ယန်ချန်တယောက် ရွာပတ်ဝန်းကျင်အားကြည့်ရင်း ကျေနပ်သွားသည်။ သူထွက်သွားတုန်းကအတိုင်းပင် ရွာတခုလုံးအဆင်ပြေပြေ ရှိနေခဲ့ပြီး ကျန်းအိမ်တော်မှ လူအချို့မှလွဲ၍ အိမ်တော်သခင်တို့ဇနီးမောင်နှံတို့အပြင် ပထမသခင်လေးတို့ကလည်း ထာဝရကျေးရွာသို့ ပြောင်းရွှေ့လာကြသည်။
ယန်ချန်ပြန်လာသည်ကို အာရုံခံမိလျင် ယန်ပိုင်က ဝတုတ်နေသည့် ခန္ဓာကိုယ်ကြီးအား သယ်မလျက် ပြေးလာကာ ယန်ချန့်ခြေထောက်နှစ်ဖက်အား ပွေ့ဖက်လိုက်တော့သည်။ မြေခွေးမလေးများမှာလည်း ယင်ယင်လေးဆီ ပြေးဝင်သွားကြပြီး တခဏအကြာမှာတော့ ရယ်မောနေသည့် ယင်ယင်လေး၏ အသံကိုသာ ကြားလိုက်ကြပြီး သူမကိုယ်တော့ မြေခွေးမလေးများက ခြံဝန်းထဲ ခေါ်ဆောင်သွားကြတော့သည်။
“ဖယ်ပါဦးဟ ငါလဲကျတော့မယ်ကွ”
ယန်ချန်တယောက် အိမ်ကိုပြန်ရောက်လာသည့် ခံစားချက်အား စိတ်ကျေနပ်စွာပြုံးလိုက်ပြီး အတင်းဖက်တွယ်ကာ ချွဲနေသည့် ယန်ပိုင့်အား ဖယ်ထုတ်၍ အိမ်ထဲအမြန်ဝင်လိုက်ရတော့သည်။
(တော်ပါသေး ယန်ပိုင်တို့ ခြံဝန်းကိုသေချာစောင့်ရှောက်ထားပေးတာ ကံကောင်းတယ် မဟုတ်ရင် အကုန်အစက ပြန်လုပ်နေရတော့မှာ)
ယန်ချန်တယောက် စိုက်ခင်းများ ဆေးပင်များကို တချက်လှမ်းကြည့်ပြီးနောက် စိတ်သက်သာရာရသွားသည်။
“မင်း တော်တယ် ဒီည ညစာကို ငါကိုယ်တိုင်ချက်ပေးမယ် ဟုတ်ပြီလား”
ယန်ချန်က ထို့သို့ပြောရင်း ရှုယင်ကိုလည်း ရွာထဲရှိ အခြားသူများအားလုံးစုဝေးရန်လည်း မှာကြားလိုက်သည်။ သူမထွက်သွားခင်က ကျန်းဝမ်လီထံ လမ်းခင်းကျောက်ကိစ္စအပ်နှံခဲ့ပြီး ယခုလောက်ဆို လမ်းခင်းကျောက်အချို့ ရွာဆီသယ်ယူပြီးလောက်မည်ဟု တွက်ဆကာ ယနေ့ညတွေ့ဆုံ၍ ရွာအတွက်မည်ကဲ့သို့ ထပ်မံစီစဥ်ကြမည်ကို ဆုံးဖြတ်ရန် စဥ်းစားထားသည်။
“အစ်မရှု ကျတော်အနားယူတော့မယ် ညစာကို ကျတော်ကိုယ်တိုင်စီစဥ်လိုက်မယ်”
ယန်ချန့်စကားကြားတော့ ရှုယင်လည်း ခေါင်းညိတ်ပြကာ သူမအခန်းထဲဝင်သွားခဲ့ပြီး ယန်ချန်းလည်း သူမနည်းတူ အနားယူရန်ပြင်ဆင်တော့သည်။ ယခုက နေ့လည်ခင်းပဲရှိနေသေး၍ အချိန်အနည်းငယ် အိပ်စက်လို့ရသေးသည် မဟုတ်လား။
သူတွက်ထားသည့်အတိုင်းပင် ကျန်းဝမ်လီဦးဆောင်ပြီး ယန်ပိုင် တောဝက်အိုကြီးတို့အကူညီဖြင့် ကျောက်များ အများပြားယူဆောင်ခဲ့ကြသော်လည်း အစီစဥ်စတင်ရန်ကိုမူ ကျန်းဝမ်လီက ယန်ချတ်ပြန်လာသည်ထိ စောင့်ရန်ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ယန်ချန်တို့ပြန်လာသည်ကို သိသော်လည်း ယန်ချန်အနားယူဦးမည်ဟု တွက်ဆကာ ချက်ချင်းရောက်မလာခဲ့ပေ။
လီဖူယွဲ့တို့က ယန်ချန့်အားပို့ဆောင်ပြီးနောက် တေးသံသာဂိုဏ်းထံ ပြန်သွားကြကာ ကျန်းရင်ရင်ကတော့ အထူးခွင့်ပြုချက်ဖြင့် သူမ၏မိဘများရှိရာ ကျေးရွာထဲ၌ ကျန်နေရစ်လေသည်။
“ဖေဖေ..မေမေ အစ်ကို ကျမပြန်လာပြီ”
ကျန်းရင်ရင်က မိဘနှစ်ပါးနေထိုင်သည့် ခြံဝန်းအတွင်း ဝင်ရောက်သွားကာ ကျယ်လောင်စွာအော်ခေါ်လိုက်သည်။ သူမအသံကိုကြားလျင် အိမ်ထဲမှ ကျန်းထန်တို့ ဇနီးမောင်နှံနဲ့အတူ ကျန်းယန်လည်း အပြေးအလွှားထွက်လာကြသည်။
“အို..မေမေ့သမီးလေး ပြန်လာပြီ လာပါဦး မေမေသမီးကိုဖက်ပါရစေ”
မိခင်ဖြစ်သူက အနည်းငယ်မျက်ရည်ဝိုင်းနေသည့် မျက်လုံးများဖြင့် သမီးဖြစ်သူအားအတန်ငယ် အထက်အောက်စုံဆန်ကြည့်ကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်သည်။ ကျန်းရင်ရင်လည်း မိခင်ဖြစ်သူ၏ ခံစားချက်အား နားလည်သောကြောင့် ပြန်လည်ပွေ့ဖက်လိုက်ကာ သားအမိနှစ်ဦး ထိုအတိုင်း မိနစ်အနည်းငယ်ကြာမြင့်သွားခဲ့သည်။ အတန်ကြာမှ ကျန်းရင်ရင်လည်း မိခင်ဖြစ်သူအား အသာလွှတ်ပေးကာ ဘေးရှိ ဖခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူတို့အား တလှည့်စီပွေ့ဖက်လိုက်သည်။
“နင် ဘာမှမဖြစ်တာ ဝမ်းသာတယ်ညီမလေး”
ကျန်းယန်က မြို့တော်မှသတင်းကိုကြားပြီးနောက် ညီမဖြစ်သူအတွက်စိုးရိမ်နေခဲ့သည် မဟုတ်လော။ ကျန်းယန်စကားကိုကြားလျင် ကျန်းရင်ရင်က ရွှတ်နောက်နောက်ပြုံးကာ အစ်ကိုဖြစ်သူအားတုန့်ပြန်လိုက်သည်။
“သခင်လေးယန်ရှိနေတာပဲ ညီမလေးက ဘာဖြစ်ရမှာလဲ”
“ဟုတ်တယ် ဟုတ်တယ် အစ်ကိုက သခင်လေးယန်ကို မေ့သွားတယ်”
သူမ၏အစ်ကိုဖြစ်သူက ထိုသို့ပြောသော်လည်း အမှန်က ယန်ချန့်ကိုမေ့နေခြင်းမဟုတ်ပဲ ညီမဖြစ်သူအား အမှန်တကယ်စိုးရိမ်နေခြင်းဖြစ်သည်။
“လာ အထဲဝင်ဦး ညစာအတွက် အမေပြင်ဆင်လိုက်ဦးမယ်”
ကျန်းရင်ရင်လည်း မိခင်ဖြစ်သူနောက် လိုက်ပါသွားရင် စိုက်ခင်းများ ငါးကန်များနဲ့ အရိပ်ရပင်ကြီးများ ပြည့်နေသည့် ခြံဝင်းကြီးကိုကြည့်ရင်း မခမ်းနားသည့် ကျေးလက်အိမ်လေး၌ နေပျော်နေသည့် မိသားစုဝင်များကိုကြည့်၍ သက်ပြင်းချလိုက်သည်။ သူမ၏အတွေးကို ခန့်မှန်းမိနေသည့် ကျန်းထန်က သမီးဖြစ်သူ၏ ဦးခေါင်းအား ညင်သာစွာပွတ်သပ်၍ ပြောလိုက်သည်။
“အဖေတို့ ဒီလိုနေရာမှာ နေနေတာကိုစိတ်မကောင်းဖြစ်နေတာလား ဒီမှာနေခွင့်ရဖို့ တခြားလူတွေဘယ်လိုတောင် အသည်းသန်ဖြစ်နေလဲ သမီးတွေးကြည့်စမ်း အဖေတို့ ကံကောင်းလို့ သခင်လေးယန်နဲ့ တရွာထဲနေခွင့်ရတာ”
“သမီးက အဖေတို့ မနေနိုင်မှာကိုစိုးရိမ်ခဲ့တာပါ”
ကျန်းရင်ရင်ရဲ့စကားကိုကြားလျင် အစ်ကိုဖြစ်သူနဲ့ ဖခင်ဖြစ်သူတို့ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ ပြီးနောက်
“ဘာကိုမနေနိုင်ရမှာလဲ ဒီရွာမှာ စီးပွားရေးတွေ လောဘတွေ အပြိုင်ဆိုင်တွေ ဘာဆိုဘာမှမရှိဘူး အစားစာတွက် စိုးရိမ်စရာမလိုဘူး ကျန်းမာရေးအတွက်လား သခင်မလေးရှုက တရွာလုံးအတွက် စီစဥ်ပေးထားပြီးသား အဖေတို့ကိုကြည့်စမ်း ကျင့်ကြံသူတွေမဟုတ်ပေမယ့် ဘယ်လောက်သန်မာနေလဲ ညည်းအမေဆို အရင်ကထက်တောင် ပိုလှနေသေးတယ် ဟားး”
ကျန်းထန်က အားပါးတရ ရယ်ရင်းရှင်းပြလာသည်။ ကျန်းထန်ရဲ့စကားအား ဇနီးဖြစ်သူကြားလျင် အနည်းငယ်ရှက်သွားသည့် မျက်နှာဖြင့် မျက်စောင်းထိုးလေသည်။ အမှန်တော့ ကျန်းရင်ရင်ကလည်း ထိုအရာကိုတွက်ဆမိပြီးသားဖြစ်ကာ သူမမိသားစုက ကျင့်ကြံသူများမဟုတ်သော်လည်း ယန်ချန်ရဲ့ အံ့မခန်းဆေးပညာနဲ့ အစွမ်းများကြောင့် ရှည်လျားတဲ့သက်တမ်းတခုကို ရနိုင်သည်မှာ အဆန်းမဟုတ်တော့။
………………………………………………