ထာဝရကျေးရွာအတွက် အစီစဥ်များ
Vol. 8 Ch. 73
ယန်ချန်အိပ်ရာကနိုးလာချိန်မှာတော့ အချိန်က ညနေခင်းကိုပင် ရောက်လုနေပြီ ဖြစ်သည်။
အပြင်ဘက်၌ နေရောင်က အနည်းငယ်အရောင်ဖျော့သွားကာ တောအုပ်ဆီမှ အနည်းငယ်အေးသက်တဲ့ လေထုကိုခံစားလိုက်မိပြီး ထိုအရာက ဆောင်းဦးကာလ ရောက်တော့မည့် လက္ခဏာဖြစ်သည်။
ထျန်းဟွမ်လောက၌ နွေဦး နွေ ဆောင်းဦး ဆောင်း နဲ့မိုးရာသီ ဟူ၍ ဥတု၅မျိုးရှိပြီး ထူးခြားစွာဖြင့် မိုးဥတုကာလမှာ တိုတောင်းနေပေသည်။ ထို့ကြောင့်လည်း သေမျိုးများက စိုက်ပျိုးရေးအတွက် မိုးရေကိုအားမကိုးကြပဲ မြစ် ချောင်းများကို အမီပြုကြခြင်း ဖြစ်ပေမည်။
ယန်ချန်တယောက် အိပ်ရာမှထကာ ကိုယ်လက်သန့်စင်ပြီးနောက် ယန်ပိုင်အား ငါးနဲ့ အသီးနှံများယူဆောင်လာပေးရန် ခိုင်းလိုက်ပြီး ရှုယင်ကလည်း ယန်ပိုင်နဲ့အတူ ထွက်ခွာသွားကာ ယင်ယင်ကတော့ မြေခွေးမလေးများတဲ့အတူ ဆော့ကစားနေသည်။
လူအမြောက်အများတွက် ညစာပြင်ဆင်ရမည်ဖြစ်သော်လည်း ထိုအရာက ယန်ချန်ကိုအခက်မတွေ့စေပေ။ စိုက်ခင်းထဲမှ အာလူး ပြောင်းဖူး နဲ့ဆန်များရနိုင်ပြီး အသားအတွက် ငါးများ တောကောင်ငယ်များက အသင့်ရှိနေသည်မဟုတ်လော။
ယန်ပိုင်နဲ့ ရှုယင်တို့ပြန်လာချိန်မှာတော့ ငါးအမြောက်မြားကို ကင်ကာ အသား အာလူးနဲ့ အသီးရွက်အချို့ ရော၍ စွပ်ပြုတ်အရည်သောက်ဟင်း ပြုလုပ်လိုက်သည်။ ပြောင်းဖူးများကိုမူ ရှုယင်က မီးဖုတ်ထားပြီး ထိုနည်းက ယန်ချန်သင်ပေးထားခြင်းဖြစ်သည်။
နေရောင်ပျောက်လုနီးပါးကနေ မှောင်စပြုလာချိန်မှာတော့ ကျန်းဝမ်လီ ကျန်းထန်နဲ့ ကျန်းရင်ရင်တို့ဦးဆောင်သည့် ကျန်းအိမ်တော်မှလူများ ခြံဝန်းထဲရောက်ရှိလာကြကာ ညစာအတွက် ထိုင်ခုံများ အလျင်မြန်စီစဥ်ကြသည်။ တဖက်၌ ယန်ချန်ချက်ပြုတ်ပြီးချိန် အသင့်ဖြစ်နေရန် ဖြစ်သည်။
ယန်ချန်တယောက် သုံးနာရီနီးပါး ချက်ပြုတ်ပြီးနောက် ညစာအတွက် အသင့်ဖြစ်သွားချိန်မှာတော့ ကျန်းရင်ရင် ကျန်းယန်နဲ့ ကျန်းအိမ်တော်မှလူငယ်လေးများက စားပွဲများဆီ စားသောက်ဖွယ်ရာ လိုက်လံချခင်းပေးကာ ညစာအစီစဥ်က စတင်တော့သည်။
“အဖိုးလီ အားမနာနဲ့နော် အားရပါးရသာစား”
ရှုယင်က ကျန်းဝမ်လီကိုလှမ်းပြောလိုက်ပြီး သူမနှင့်ရင်းနီးနေသည့် ကျန်းရင်ရင်တို့သားအမိကိုလည်း တိုက်တွန်းလေသည်။ အကုန်လုံးက ယန်ချန်စတင်စားသောက်သည့်အချိန်မှ စားသောက်ဖွယ်ရာများကို ထိကိုင်ကြပြီး ယန်ချန်က ညစာစားရင်း ရွာအတွက် လမ်းခင်းကျောက်များ စုဆောင်းထားရှိပုံအကြောင်း မေးမြန်းသည်။
“အဖိုးလီ ကျောက်တွေ အလုံလောက်ရခဲ့ရဲ့လား”
ကျန်းဝမ်လီက
“ရခဲ့ပါတယ် သခင်လေး ကျုပ်တို့အခေါက်ခေါက်အခါခါ သွားပြီးသယ်ယူခဲ့တာဖြစ်လို့ သေချာပေါက်လုံလောက်မှာပါ”
ယန်ချန်က ခေါင်းညိတ်ပြသည်။ ပြီးနောက်
“ကျတော်တို့ရွာရဲ့ အခြေခံလိုအပ်ချက်တွေ ပြင်ဆင်ပြီးရင်း လွတ်နေတဲ့ခြံဝန်းတွေနဲ့ပက်သက်ပြီး စီစဥ်ဖို့လိုမယ် အကုန်လူပြည့်သွားရင်တော့ ရွာအတွက်စည်းကမ်းချက်အချို့ ထုတ်ပြန်ဖို့နဲ့ ရေရှည်အတွက် ရွာအစီမံတွေ ထပ်ဖြည့်ဖို့ ကျတော်စဥ်းစားထားတယ်”
“သင့်တော်ပါတယ်သခင်လေး ဒါနဲ့ ဘယ်သူတွေကိုများ သခင်လေးက ရွာမှာနေခွင့်ပေးဖို့ စဥ်းစားထားလဲ”
ကျန်းထန်က ငါးကင်တဖဲ့အားအသာဝါးရင်း မေးလိုက်သည်။ ကျန်းထန်ရဲ့အမေးကို ယန်ချန်က အနည်းငယ်စဥ်းစားဟန်ပြုလိုက်ပြီးနောက်
“အဓိက ရွာမှာနေချင်တဲ့သူ ဘယ်သူဖြစ်ဖြသ်ရပါတယ် ဒါပေမယ့် တွေ့ကရာလူကိုတော့ နေခွင့်ပေးလို့မဖြစ်ဘူး ဒီရွာက သေမျိုးရွာလေးတခုပဲ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်လာမှာကို မလိုလားဘူး”
ယန်ချန်က အမှန်တကယ်၌ သူသာဆန္ဒရှိလျင် ရွာ၌နေထိုင်ရန် လူမရှိမည်ကို တွေးမပူပေ။ ကျင်းတိုင်းပြည်တခုလုံး၌ ယန်ချန့်ရွာ၌ မနေချင်သူ ရှိမည်မထင်ပေ။ သို့သော်လည်း ယန်ချန်က သူမရင်းနီးသည့် လူများနဲ့တော့ တရွာတည်း အတူနေချင်စိတ်မရှိချေ။
ယန်ချန့်အတွေးကိုနားလည်သည့် ရှုယင်က အသာပြုံးလိုက်ပြီးနောက် ဝင်ရောက်ပြောဆိုသည်။
“လတ်တလောမှာ ကျန်းအိမ်တော်တခုလုံးနီးပါး ရှိနေတာပဲ တခြားလူတွေကို စဥ်းစားစရာမလိုသေးပါဘူး ကျမတို့အနေနဲ့အရင်ဆုံး ရွာလမ်းမတွေခင်းဖို့နဲ့ ရွာစည်းရိုးကိုအသစ်ထပ်ဆောက်ဖို့ အရင်စဥ်းစားရမယ် နောက်ပြီး ရွာမှာလူများလာပြီဆိုတော့ တာဝန်ယူမှုအပိုင်းလေးတွေလည်း လိုအပ်လာပြီလို့ ကျမထင်တယ်”
ရှုယင်က စနစ်ကျစွာပဲ အသေးစိတ်တွေးထားဟန်ရှိပြီး ရှုယင့်စကားကြားချိန်မှာတော့ အကုန်လုံးကထောက်ခံဟန်ဖြင့် ခေါင်းညိတ်ကြသည်။ ယန်ချန်ကိုယ်တိုင်လည်း ရှုယင်ရဲ့အတွေးကို ထောက်ခံမိသည်။
“အစ်မရှုမှာ တွေးထားတာများရှိလား”
ယန်ချန်ရဲ့အမေးကိုရှုယင်က
“အတေွးတချို့တော့ရှိပါတယ် ဒါပေမယ့်အရင်ဆုံး သခင်လေးကကော ဘယ်လိုစိတ်ကူးထားလဲ”
“ကျတော်လည်း ရွာမှာတိုးလာတဲ့ လူတွေနဲ့ပက်သက်ပြီး လုပ်ဆောင်စရာတွေနဲ့ စည်းမျဥ်းအချို့ထပ်လုပ်ဖို့ရှိတယ် ဒါတွေက နောင်မှာ ဒီရွာကိုအသစ်ရောက်လာကြမယ့် လူတွေအတွက်လည်း အရေးပါလာလိမ့်မယ် ဥပမာရွာရဲ့အုပ်ချုပ်ရေးပိုင်း စီမံခန့်ခွဲမှုနဲ့ ရွာလုံခြုံရေးစသည်ဖြင့်ပေါ့”
ယန်ချန်က ထိုသိုပြောပြီးနောက် အကုန်လုံးအားတချက်ဝေ့ကြည့်လိုက်လျင် သူ့ဆီ၌ အာရုံရောက်နေကြသည်အား သတိပြုမိသွားကာ သူ့စိတ်ကူးအချို့အားထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။
“ပထမဆုံးရွာရဲ့ အခြေခံလမ်းနဲ့အဆောက်အုံ တိုးတက်ဖို့စီမံကိန်းကိုတော့ အိမ်တော်သခင်ကျန်းက ဦးဆောင်ပြီးတာဝန်ယူပေးပါ”
ယန်ချန်ရဲ့ပထမဆုံးအစီမံက ရွာရဲ့အခြေခံအရာများဖြစ်သည့် ရွာလမ်းများ လူနေအိမ်များနဲ့ရွာစည်းရိုးဖြစ်ကာ ထိုကိစ္စကိုတော့ ကျန်းထန်ကိုတာဝန်ပေးခြင်းက သင့်တော်သည်ဟု တွေးကာပြောလိုက်ခြင်းဖြစ်သည်။ သိသာစွာပင် ကျန်းထန်ကလည်း အားတက်သရော လက်ခံလာသည်။
“သခင်လေး ကျန်းအိမ်တော်ကအမည်ပဲရှိတော့တာပါ ကျုပ်တို့မိသားစုအားလုံး ထာဝရကျေးရွာသားတွေအဖြစ် ခံယူပြီးပါပြီ ဒီနေ့ကစပြီး သခင်လေးစိတ်မရှိရင် အမည်တိုင်းခေါ်နိုင်ပါတယ် သခင်လေးပြောတဲ့ကိစ္စကို ကျုပ်အပြည့်အဝတာဝန်ယူပါတယ်”
“အမည်တိုင်းခေါ်ဖို့ကတော့ မသင့်တော်ပါဘူး ဦးလေးထန်လို့ပဲ ထားလိုက်ပါ ခုနကအစီစဥ်တွက် သင့်တော်မယ့်လူငယ်အချို့နဲ့ အကြီးကဲချို့ ဦးလေးပဲရွေးလိုက်ပါ”
ကျန်းထန်က ခေါင်းညိတ်ပြသည်။ ယန်ချန်ကဆက်၍
“နောက်တခုက ရွာရဲ့ကာကွယ်ရေးပဲ အဲ့အတွက်ကို ကျတော်စဥ်းစားတာက ကျန်းယန်နဲ့ ကျန်းရင်ရင်တို့ဦးဆောင်တဲ့ လူငယ်အဖွဲ့ပေါ့ ဒါပေမယ့်ကျန်းရင်ရင်ကို ခုလိုတာဝန်ပေးတဲ့အတွက် တေးသံသာဂိုဏ်းဘက်က ကန့်ကွက်တာတခုခုရှိလာမလား ဆိုတာတော့ ကျတော်မသိသေးဘူး”
ယန်ချန့်ရဲ့စကားကို ကျန်းရင်ရင်က ချက်ချင်းပဲ ငြင်းဆိုလာသည်။
“မဖြစ်နိုင်ပါဘူးသခင်လေး ကျမရဲ့ဂိုဏ်းဘက်က သခင်လေးရဲ့အစီစဥ်ကို သေချာပေါက်သဘောတူမှာပါ ကာကွယ်ရေးအတွက် ကျမတို့မောင်နှမ နှစ်ယောက် တာဝန်ယူချင်ပါတယ်”
“ကောင်းပြီ ရင်ရင်ဆန္ဒရှိရင် လုပ်လို့ရပါတယ်”
ယန်ချန်က သူမကိုခွင့်ပြုလိုက်ပြီးနောက် နောက်ထပ်လိုအပ်ချက်အနေဖြင့် ရွာရဲ့စီမံခန့်ခွဲမှုအပိုင်းအား ဆက်ပြောသည်။ ထိုအပိုင်းက အရေးကြီးဆုံးဖြစ်ပြီး ရွာရဲ့စီးပွားရေးနဲ့ အခြားရေးရာများစွာကို ကိုင်တွယ်ရမည်ဖြစ်ပြီး ထိုအထဲ၌ မဖြစ်မနေပါဝင်လာမည့် ရွာကုန်သွယ်ရေးအချို့လည်း ပါဝင်နေသည်။
“ဒီအပိုင်းကိုတော့ အဖိုးလီက ဦးဆောင်ပြီး အစ်မရှုနဲ့ အဒေါ်ကျန်းတို့ကပဲ စီစဥ်ပေးပါ ရွာကထွက်တဲ့သီးနှံတွေကို ရောင်းချတာ ဒါမှမဟုတ် ဖလှယ်တာ တခြားကိစ္စတွေအားလုံးကို ကိုင်တွယ်ဖို့လိုမယ်”
ရှုယင် အဒေါ်ကျန်း နဲ့ကျန်းဝမ်လီတို့က သဘောတူလိုက်ပြီး ရွာရဲ့စီမံချက်များကို အလွန်သဘောကျနေခဲ့သည်။ လူငယ်များကိုမူ လူငယ်ကာလသားများအဖွဲ့ဟု အမည်ပေးလိုက်ပြီး အဖွဲ့ခေါင်းဆောင်က ကျန်းယန်ဖြစ်ကာ ကာလသမီးခေါင်းဆောင်ကတော့ ကျန်းရင်ရင်ဖြစ်သည်။
“ဒါနဲ့ နောက်ရက်အနည်းငယ်ကြရင် မွေးမြူရေးအတွက် ကြက် ဝက် ဆိတ်နဲ့ နွားအချို့ဝယ်ဖို့ ညီအစ်ကိုယန်က မြို့တော်ကိုသွားပေးပါဦး ရွာထဲမှာ တောကောင်တွေချည်း မွေးတာကမသင့်တော်ဘူး”
ယန်ချန့်စကားကြားတော့ ကျန်ယန်က သဘောတူလိုက်ပြီး မနက်ဖန်မြို့တက်ကာ ဝယ်ယူမည်ဟု ပြောလာသည်။
“ကောင်းပြီ အားလုံးပဲ အားပါးတရ စားကြပါ”
ယန်ချန့်စကားဆုံးချိန်မှာတော့ အကုန်လုံးက ငါးကင်များ စွပ်ပြုတ်ရည်များ အားပါးတရစားသောက်လိုက်ကြပြီး စားသောက်ပွဲက ညအနည်းငယ်နက်တဲထိ ကြာမြင့်ခဲ့ကာ အကုန်ပြီးဆုံးသွားချိန်မှာတော့ ကျန်းထန် ကျန်းယန် ကျန်းဝမ်လီနဲ့ ယန်ချန်တို့က ဝိုင်ဆက်သောက်နေခဲ့ကြသည်။
ကျန်းယန်က အာလေးလျှာလေးဖြင့် ပြောလာသည်။
“သခင်လေးကို တခုလောက်မေးလို့ရမလား”
အတိကျပင် ယန်ချန်ကိုယ်တိုင်လည်း အတော်လေးထွေနေသော်လည်း သူကိုယ်တိုင်စပ်ထားတဲ့ဝိုင်ကြောင့် သူမူးရသည်ဟု သိက္ခာအကျမခံနိုင်၍ ဟန်မပျက်ဆက်သောက်နေခဲ့သည်။
“မေးပါ”
ကျန်းထန်နဲ့ ကျန်းဝမ်လီတို့ကမူ ကျန်းယန်မေးမည့်အကြောင်းအား ခန့်မှန်းမိနေခဲ့ပြီး ထိုအချက်အား သူတို့လည်းသိချင်နေသောကြောင့် အနည်းငယ်စိတ်ဝင်စားနေဟန်ဖြင့် စောင့်ကြည့်နေသည်။
“သခင်လေးယန် အိမ်ထောင်ပြုဖို့ စိတ်ကူးရှိလားဗျ”
ယန်ချန်တယောက် ဆွံ့အသွားသည်။ ထိုအချက်အား သူမေ့နေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
“အိမ်ထောင်ပြုဖို့လား အင်း ငါလည်းစိတ်ကူးနည်းနည်းတော့ ရှိပါတယ်”
ယန်ချန့်စကားကြားတော့ ကျန်းယန်တယောက် အားတက်သွားပြီး ကိုယ်လုံးကလည်း အနည်းငယ်မာန်ပါလာကာ ယန်ချန့်အနားတိုးကပ်လာပြီး တီးတိုးမေးလိုက်သည်။
“ကျတော့်ညီမလေးကို သခင်လေးဘယ်လိုမြင်လဲ”
“ရင်ရင်လား..”
ယန်ချန်က ကျန်းယန်ရဲ့ခန္ဓာကိုယ်အား အနောက်ကိုအနည်းငယ်ပြန်တွန်းကာ ခေါင်းယမ်းလိုက်သည်။
“ရင်ရင်က ပြီးပြည့်စုံတဲ့မိန်းခလေးပါ ကျုပ်နဲ့တန်တောင်မတန်ပါဘူး ပြီးတော့ကျုပ်က သူ့ကိုညီမလေးလို့ပဲ သဘောထားတယ်”
ယန်ချန့်ဆုံးဖြတ်ချက်ကြားတော့ ကျန်းထန်တို့အားလုံး အနည်းငယ်စိတ်ပျက်သွားသော်လည်း ထိုအရာက သူတို့မျှော်လင့်ပြီးသားဖြစ်၍ လက်ခံနိုင်ကြလေသည်။
“ဒါဆို သခင်လေးယန်က ဘယ်သူ့ကိုများ.”
ကျန်းဝမ်လီက အိမ်ဘက်တချက်ကြည့်ရင်း မေးလာချိန်မှာတော့ ယန်ချန်တယောက် ထိုသူများနဲ့ဆက်ပြောနေပါက နေရာ၌ပင် မိန်းမရသွားနိုင်ကြောင်း သတိထားမိ၍ အသည်းသန်ပင် စကားစဖြတ်ပစ်ရန် ကြိုးစားတော့သည်။
“မလောဘူး မလောဘူး လောဖို့မလိုအပ်ဘူး သေချာတာက ကျုပ်တယောက်တည်းမနေတာတော့ စိတ်ချကြပါ ဟုတ်ပြီလား”
ထိုသို့ပြောပြီးနောက် မပြေးရုံတမယ်ဖြင့် အရက်ဝိုင်းမှ ထထွက်သွားတော့သည်။ ကျန်းဝမ်လီတို့မှာလည်း လက်ရှိအချိန်၌ ယန်ချန့်စိတ်ထဲ မည်သူမှမရှိသည်ကို ခန့်မှန်းမိကာ ခေါင်းယမ်းလိုက်ကြတော့သည်။
………………………………………………