အိမ်ရှေ့စံမင်းသားမှ ကံတရား ချေးငှားခြင်း
Vol. 42 Ch. 485
ကျန်းရွှမ်က ရှေ့သို့မတိုးဘဲ နောက်ဆုံးတွင် မတ်တတ်ရပ်လိုက်သည်။ သူသည် မည်သူ့ကိုမျှ စကားမပြောဘဲ သူ၏မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးသော အမူအယာတစ်ရပ် ရှိနေပေ၏။
နာရီဝက်မပြည့်မီမှာပင် လူတစ်ရာထက်မနည်း ရောက်ရှိလာကြသည်။ ဤအချိန်တွင် အိမ်အပြင်ဘက်၌ တစ်ချက်ကြည့်လိုက်ရုံဖြင့် လူတန်းကြီး၏အဆုံးသတ်ကို မမြင်နိုင်တော့ချေ။ လူများ အလွန်များပြားရုံသာမက အစွမ်းထက်ကျင့်ကြံသူများလည်း ရောက်ရှိလာကြသည်။
တခြားလူများကို ဘေးဖယ်ထားလျှင်ပင် အသက်ပင်လယ်နယ်ပယ် နဝမအဆင့် အထွတ်အထိပ်တွင်ရှိသူများ လူတစ်ရာထက် မနည်းရှိကြပြီး ကောင်းကင်ကံကြမ္မာနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်များပင် ထွက်ပေါ်လာကြသည်။
ဟူရှန်းကဲ့သို့ အညတရလူတစ်ယောက်သည် ကံတရား ၁ပိဿာမျှ ချေးရုံဖြင့် မြို့စားဖြစ်သွားသော သတင်းသည် အလွန်ဆွဲဆောင်နိုင်သဖြင့် လူအများသည် ငြိမ်ငြိမ်မနေနိုင်ကြတော့ချေ။
"ကျွီ"
မွန်းတည့်ချိန် ကျော်လွန်ပြီးနောက် ဟောင်းနွမ်းသောတံခါးကြီး ပွင့်သွားသည်။ ခြေဗလာနှင့် အမျိုးသမီးတစ်ဦးသည် ကလေးငယ်တစ်ဦးနှင့်အတူ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။
သူမသည် ရွှမ်ကျီးဂိုဏ်း၏ဂိုဏ်းချုပ် လျှူရွှမ်ကျီးပင်။
"ဒီရက်ပိုင်း စီးပွားရေး ကောင်းပုံရတယ်"
သူမ၏မျက်လုံးများသည် လူအုပ်ကြီးပေါ်သို့ ဝေ့ဝိုက်၍ ကျရောက်သွားပြီး တင့်တယ်ကျက်သရေရှိသော မိန်းမလှလေးသည် ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
"ဂိုဏ်းချုပ်လျှူကို အရိုအသေပြုပါတယ်..."
သူမ ထိုသို့ဆိုပြောလိုက်ချိန်၌ လူအများသည် တုံ့ပြန်အဖြေမပေးရဲကြဘဲ သူတို့၏လက်များကို ပူးဆုပ်ကာ တညီတညွတ်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
"အင်း... ဒီလောက်ထိ လူအများကြီး ရောက်လာမှတော့ လူတစ်ယောက်တည်းကိုပဲ ကံတရား ချေးပေးတာက ဘယ်လိုမှ မသင့်တော်တော့ဘူး..."
လျှူရွှမ်ကျီးက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်ပြီး ရုပ်ဖျက်ထားသော ကျန်းရွှမ်ပေါ်သို့ သူမ၏မျက်လုံးအကြည့် ကျရောက်သွားကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
"ဒီလို လုပ်ကြရအောင်... ကံတရား ၁ ကျပ်သားထက် ပိုပြီးချေးဖို့ စီစဉ်ထားတဲ့သူတွေ အတွက်... ဒီနေ့ ကျွန်မတို့ ရွှမ်ကျီးဂိုဏ်းက လူတွေအားလုံးကို ချေးပေးနိုင်ပါတယ်"
"ကျွန်တော်တို့အားလုံး ချေးလို့ရတာလား..."
"အရမ်းကောင်းတာပဲ... ဒါဆိုရင် ငါတို့က အခု ကံတရားကို ရနိုင်ပြီပေါ့"
"ဟုတ်တယ်... ငါက ကံတရား ချေးလို့ ရသရွေ့ အဲဒီ ကျန်းရွှမ်ကို သေချာပေါက် ရှာတွေ့နိုင်ပြီးတော့ လုံလောက်တဲ့ဆုလာဘ်တွေကို တောင်းဆိုနိုင်လိမ့်မယ်"
"သူ့ကို တွေ့ရုံလား... ငါ ဆန္ဒရှိတာက သူ့ကို ဖမ်းပြီးတော့ ဗုဒ္ဓဂိုဏ်းဆီ ပို့ပေးချင်တာပဲ... အဲ့ဒီကိစ္စ အောင်မြင်သွားရင် ဗုဒ္ဓဂိုဏ်းက ဘယ်လို အကျိုးကျေးဇူးတွေ ပေးမလဲဆိုတာ ငါ စိတ်ကူးတောင် မယဉ်ရဲဘူး..."
လူများအားလုံး၏မျက်လုံးများသည် စိတ်အားထက်သန်မှုကြောင့် တောက်ပနေပြီး သူတို့သည် အလွန်စိတ်လှုပ်ရှားနေကြ၏။
လျှူရွှမ်ကျီး ကလေးငယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ကလေးငယ်သည် နားလည်သဘောပေါက်သွားပြီး ထိုအဆင့်ကို ပြန်လည် အမှတ်ရကာ ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံလျှို့ဝှက်ချက်ချပ်ပြားက လေထုထဲသို့ ပျံ့လွင့်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အလင်းတန်းများသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး အနီရောင်နှင့်အစိမ်းရောင် အလင်းများ တစ်လှည့်စီ လင်းလက်သွားကာ စာတန်းများ ထွက်ပေါ်လာသည်။
"ကံတရား ၁.၂ ကျပ်သားချေးရန် လိုအပ်သည်"
"ကံတရား ၁.၆ ကျပ်သားချေးရန် လိုအပ်သည်"
"ကံတရား ၃ ကျပ်သား ချေးရန် လိုအပ်သည်"
...
တစ်နာရီ အတွင်းမှာပင် အပြေးအလွှား ရောက်လာသော ထောင်ပေါင်းများစွာသော လူများအနက် ကံတရား ၁ ကျပ်သားထက် ပို၍ချေးယူရန် လိုအပ်သူ နှစ်ရာကျော်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ပုံမှန်အားဖြင့် ကံတရားကို ချေးငှားရာတွင် တစ်နှစ်လျှင် ၁ ကျပ်သားထက် ပို၍လိုအပ်သူဟူ၍ တစ်ယောက်ကိုပင် မတွေ့ရတတ်ချေ။ သို့ရာတွင် ယနေ့၌မူ ထိုကဲ့သို့လူစားမျိုး နှစ်ရာကျော် ရုတ်တရက် ထွက်ပေါ်လာသည်။
ယခင်ကဆိုလျှင် ဤသည်မှာ စိတ်ကူးယဥ်တွေးတောကြည့်၍ မရနိုင်သောအရာပင်။
"တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ကောင်လေးပဲ..."
ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ လျှူရွှမ်ကျီးက ရယ်မောလိုက်သည်။
ရွှမ်ကျီးဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် သူမသည် ကံတရားကို လေထဲမှ ချေးယူပြီး ကောင်းကင်ဘုံ လျှို့ဝှက်ချက်များကို တွက်ချက်နိုင်သည်။ ယနေ့ကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာခဲ့သော အကြောင်းအရင်းကို သူမထံမှ ဖုံးကွယ်ထား၍ မရနိုင်ချေ။ တစ်ဖက်လူကို ကံတရားအား ကြိုတင်၍ ပြန်ပေးဆပ်ခိုင်းခြင်းသည် မဖြစ်နိုင်သော အလုပ်တစ်ခုဟု သူမ တွေးထင်ခဲ့သည်။ သို့ရာတွင် ဤကောင်စုတ်လေးသည် သူ့ကိုယ်သူ အန္တရာယ်ထဲသို့ တွန်းပို့ပြီး ဗုဒ္ဓဂိုဏ်းထဲသို့ သူ တစ်ယောက်တည်းဝင်ရောက်သွားခဲ့သည်။ သူသည် ကံတရား၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် ပြိုင်ဘက်ကင်းမှုတို့ကို သက်သေပြပြီး ရောင်းအားကို အကြီးအကျယ် တက်လာအောင် လုပ်နိုင်လိမ့်မည်ဟု သူမ၏အိပ်မက်ထဲမှာပင် တွေးထင်မထားခဲ့ချေ။
သူ့ထံ၌ ဤကဲ့သို့ စွမ်းရည်မျိုးရှိနေသဖြင့် အရောင်းအဝယ်သမား မလုပ်သည်မှာ အမှန်တကယ်ကို နှမြောဖွယ်ကောင်းပေ၏။
"နင်က လူတွေအားလုံးကို ကံတရားတွေချေးဖို့ စီစဉ်လိုက်တော့..."
လျှူရွှမ်ကျီးသည် ကလေးငယ်ဘက်သို့လှည့်ကာ ညွှန်ကြားပြီးနောက် ညင်သာစွာ ခြေလှမ်းလှမ်းလိုက်ရာ ကျန်းရွှမ်၏ရှေ့သို့ ရောက်ရှိနေလေပြီ။
"ဂိုဏ်းချုပ်..."
ကျန်းရွှမ်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။ နောက်ထပ်အချိန်တခဏတွင် ပတ်ဝန်းကျင်ရှိမြင်ကွင်းများ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်။ သူသည် လူများအားလုံး၏နောက်တွင် မတ်တတ်ရပ်နေသော်လည်း မည်သူမျှ သူ့ကို မမြင်နိုင်သည့်အပြင် စကားပြောသံကိုလည်း မကြားနိုင်ချေ။
ဤဂိုဏ်းချုပ်လျှူသည် ဤကိစ္စကို တခြားလူများ သိသွားမည်ကို မလိုလားကြောင်း သိသွားသဖြင့် ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။
ရိုးရိုးသားသား ပြောဆိုရလျှင် သူ ကံတရား ထပ်မံ၍ချေးငှားသည်ကို တခြားလူများ သိရှိသွားမည်အား သူသည်လည်း မလိုလားပေ။
"ကျွန်မ ကြည့်မိသလောက်တော့... ကံတရား ၁ ကျပ်သားထက် ပိုချေးမယ့်လူ အယောက်နှစ်ရာကျော်ကို ပေါင်းလိုက်ရင် ဒီတစ်ကြိမ်မှာ ကံတရား ၃ပိဿာကျော်လောက် ချေးနိုင်လိမ့်မယ်..."
ဂိုဏ်းချုပ်လျှူက ခပ်သဲ့သဲ့ရယ်မောလိုက်သည်။
သူမသည် အစောပိုင်းက ထိုပမာဏကို တွက်ချက်ပြီးသွားလေပြီ။ လူများအားလုံး ချေးယူပါက စုစုပေါင်း ကံတရား၃.၁၆ပိဿာ ရှိသွားပေမည်။
"ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်လျှူ..."
ကျန်းရွှမ်က သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။
လျှူရွှမ်ကျီးက ခေါင်းခါယမ်းလိုက်သည်။
"ဒီကံတရား၃ပိဿာကျော်ထဲမှာ တချို့လူတွေက ကံတရားရှိရင်တောင် သေသွားနိုင်တယ်... ပြီးတော့ သူတို့ရဲ့လမ်းကြောင်းတွေ ပျောက်ကွယ်သွားလိမ့်မယ်... အဲ့ဒါက ငါ့ဘက်က ဆုံးရှုံးသွားမယ့် အကြွေးပဲ... သူတို့ရဲ့ မျိုးဆက်တွေ ဒါမှမဟုတ် ဂိုဏ်းတွေဆီကနေ ပြန်ယူလို့ ရပေမဲ့ ပြန်မရနိုင်တဲ့ တစိတ်တပိုင်းက အမြဲတမ်း ရှိနေမှာပဲ..."
လူတစ်ယောက်၏ကံတရား မည်မျှပင် ကောင်းမွန်နေပါစေ သေလမ်းသွားရှာပါက မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ချေ။
ဥပမာအနေဖြင့် သူမ၏ရှေ့တွင်ရှိနေသော လူပင်။ အကယ်၍ သူမသည် သူ့ကို ကံတရား၈ပိဿာ အမှန်တကယ် ချေးပေးလိုက်လျှင်ပင် သူသည် လူကယ်ရန်အတွက် ကောင်းကင်ဥပဒေသမြို့တော်ထဲသို့ မဆင်မခြင်တိုးဝင်သွားပါက သူ အသက်ရှင်နိုင်မည်ဟု သူမ ရာနှုန်းပြည့် အာမမခံနိုင်ချေ။
"ဒါပေမဲ့... ကျွန်မ ရှင့်ကို အရင်က ကတိပေးခဲ့တယ်... ဒီလူတွေကို ရှင် ခေါ်လာတာ ဆိုတော့... ရှင့်ရဲ့ ချေးငှားမှုကို ကျွန်မ သဘောတူလိုက်မယ်... အရင် ၃ပိဿာကို ရှင်က ပြန်ပေးဖို့ မလိုရုံတင်မကဘူး နောက်ထပ်၅ပိဿာပါ ထပ်ချေးပေးမယ်"
လျှူရွှမ်ကျီးက ပြောဆိုသည်။
"ဂိုဏ်းချုပ်လျှူကို ကျေးဇူးတင်ပါတယ်"
ကျန်းရွှမ်က သက်ပြင်းချပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။
"ကျွန်တော်က ဂိုဏ်းချုပ်ဆီကနေ နောက်ထပ် ၃ပိဿာလောက် ထပ်ချေးချင်သေးတယ်... ရနိုင်မလား မသိဘူး"
"ထပ်ချေးချင်သေးတာလား..."
ဂိုဏ်းချုပ်လျှူက သူမ၏လှပသော မျက်လုံးများဖြင့် မျက်စောင်းထိုးလိုက်သည်။
"ချေးလို့တော့ ရတယ်... ဒါပေမဲ့ ဒီ၃ပိဿာက အရင် သဘောတူညီချက်ထဲမှာ မပါဘူး...ဒါကြောင့် ရှင် ပြန်ဆပ်ရမယ်"
ကျန်းရွှမ်က မေးမြန်းသည်။
"ကျွန်တော်က ဘယ်လို ပြန်ဆပ်ရမလဲ"
ဂိုဏ်းချုပ်လျှူက တုံ့ပြန်အဖြေပေးလိုက်၏။
"ဒါက အရမ်းရိုးရှင်းပါတယ်... ရှင် ချေးငှားထားတဲ့ ကံတရားတွေအားလုံး ကုန်သွားပြီးတော့ တကယ်လို့ ရှင် မသေဘူးဆိုရင် ကံဆိုးမိုးမှောင်ကျမှုတွေ လိုက်လာလိမ့်မယ်... ရှင်က ရက်ပေါင်း ၃၀ ကြာအောင် ကံဆိုးမှုတွေကို ခံနိုင်ရည်ရှိသရွေ့ အကြွေးက အလိုအလျောက် ပြန်ဆပ်ပြီးသား ဖြစ်သွားမှာပါ"
"ပြန်ဆပ်ဖို့ ရက်ပေါင်းသုံးဆယ်လား... ၃ပိဿာကိုလား"
ကျန်းရွှမ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
ကံတရား ၁ပိဿာသည် မည်မျှထိ အစွမ်းထက်သည်ကို သူ သိရှိထားပြီးလေပြီ။ ကံတရား၃ပိဿာကို ရက်ပေါင်း ၃၀ အတွင်း၌ သူ ပြန်ဆပ်ရမည်ဆိုပါက သူ ခံစားရမည့် ကံဆိုးမှုများသည် နေ့စဥ်နေ့တိုင်း သူ သေရေးရှင်ရေးကို ကြုံတွေ့နေရရန် အလားအလာ များသည်။
ရေသောက်ရင်းသီးခြင်း ထမင်းစားရင်းနင်ခြင်းမျိုးတို့သည် ကလေးကစားစရာအဆင့်မျှသာ ရှိပေမည်။
"ကောင်းပြီလေ"
ကျန်းရွှမ်သည် အချိန်ကြာမြင့်စွာ တွေတေတုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။
လွန်ခဲ့သော ရက်အနည်းငယ်က သူ ဗုဒ္ဓဂိုဏ်းမှ ဗောဓိပင်ကို လုယူသည့် အစီအစဉ်သည် ကောင်းမွန်သော်လည်း ကံတရားတချို့ ကုန်ဆုံးခဲ့ရသည်။ ထိုကြောင့် သူ အနည်းငယ်ပို၍ ချေးငှားထားခြင်းက သူ့ကို ပို၍ဘေးကင်းလုံခြုံစေပေလိမ့်မည်။
"ရှင်က သတ္တိကောင်းတယ်လို့ပဲ ကျွန်မ ယူဆလိုက်ပြီ..."
ကျန်းရွှမ်သည် မြန်မြန်ဆန်ဆန် သဘောတူလိုက်ပြီး ဈေးမဆစ်သည့်အပြင် အမြတ်အရှုံး မတွက်တာကို မြင်လိုက်ရသဖြင့် လျှူရွှမ်ကျီးက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော ကံတရားစွမ်းအင်လှိုင်းများ ကျရောက်လာသည်။
ဤသည်မှာ သူမ ယခင်က ကတိပေးထားသော ၅ပိဿာအပါအဝင် ဤတစ်ကြိမ်တွင် ကံတရား ၈ပိဿာအပြည့်အဝပင်။ အချိန်တခဏအတွင်းမှာပင် ထိုကံတရားစွမ်းအားများအားလုံး သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး ကျယ်ပြန့်သော တိမ်ပင်လယ်ကြီးကဲ့သို့ ပြန့်ကျဲသွားတော့သည်။
"ကောင်းပြီလေ...."
ထိုသို့ပြုလုပ်ပြီးနောက် ဂိုဏ်းချုပ်လျှူသည် လက်ဝှေ့ယမ်းလိုက်ပြီး အကြံဉာဏ်တစ်ခုကို ပေးလိုက်သည်။
"ကံတရားက ရှင့်ရဲ့ဆန္ဒတွေ ပြည့်ဝအောင် ကူညီပေးနိုင်ပေမဲ့ အမြဲတမ်း ထိရောက်တာတော့ မဟုတ်ဘူး... ကိစ္စတွေအများကြီးက ကံကြမ္မာပေါ်မှာ မူတည်နေသေးတယ်... ရှင့်ရဲ့ကံကြမ္မာထဲမှာ ပါမှသာ ရှင်ရဲ့ဆန္ဒတွေ ပြည့်နိုင်မှာ... ရှင့်ရဲ့ကံကြမ္မာထဲမှာ မပါရင် ကောင်းကင်ဘုံကို အာခံနိုင်တဲ့ ကံတရား ရှိရင်တောင် ရှင် ဘာမှ လုပ်လို့ မရဘူး"
"လမ်းညွှန်ပေးတဲ့အတွက် ဂိုဏ်းချုပ်လျှူကို ကျေးဇူးတင်ပါတယ်"
ကျန်းရွှမ်က သူ၏လက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"အင်း... ကျွန်မ ရှင့်ကို ကံတရား ဒီလောက် အများကြီး ချေးပေးလိုက်တာကို ကျွန်မ နောင်တမရခင် ရှင် မြန်မြန် ထွက်သွားလိုက်တော့"
လျှူရွှမ်ကျီးက သူမ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
အသက်ပင်လယ်နယ်ပယ် ပထမအဆင့်တွင်သာ ရှိသော လူငယ်တစ်ယောက်ကို ဤမျှထိများပြားသော ကံတရားအား ချေးပေးလိုက်သည်မှာ... သူမ ဤမျှထိ ကြာမြင့်စွာ နေထိုင်လာခဲ့သည့် ဘဝသက်တမ်းတလျှောက်၌ ပထမဆုံး အကြိမ်ပင်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး သူ၏ပုံရိပ် တုန်ခါသွားကာ မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
ကံတရားသည် သူ၏လက်ထဲသို့ ရောက်နေပြီဖြစ်သောကြောင့် ယခုချိန်၌ သူ လုပ်ဆောင်ရမည်မှာ ကြိုးကြိုးစားစား ကျင့်ကြံပြီး စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းရန်ပင်။
သူ ပျောက်ကွယ်သွားသည်နှင့် လျှူရွှမ်ကျီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် သူမ၏ပုံရိပ် အနည်းငယ်တုန်ခါသွားပြီး နေရာတစ်နေရာတွင် ထွက်ပေါ်လာသည်။
"အိမ်ရှေ့စံမင်းသားကိုယ်တိုင် ရောက်လာတာက... ကံတရားကို ချေးချင်လို့များလား"
သူမ၏စကား အဆုံးသတ်သည်နှင့် မလှမ်းမကမ်းရှိ လူသူကင်းမဲ့ပုံရသော တောအုပ်ထဲမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
ဤသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်က ဗုဒ္ဓဂိုဏ်းတွင် ဗုဒ္ဓအရှင်၏ချုပ်နှောင်ခြင်းကို ခံခဲ့ရသော အိမ်ရှေ့စံမင်းသားယွမ်ချင်းပင်။
ယခုချိန်၌ သူ လွတ်မြောက်လာပြီ ဖြစ်ပုံရသည်။
"အိမ်ရှေ့စံယွမ်ချင်းက ဂိုဏ်းချုပ်လျှူကို အရိုအသေပြုပါတယ်..."
အိမ်ရှေ့စံယွမ်ချင်းက ဦးညွှတ်အရိုအသေပြုပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ပြောဆိုလိုက်၏။
"ကျွန်တော်က ဂိုဏ်းချုပ်ဆီကနေ ကံတရား ၉ပိဿာ ချေးချင်လို့ပါ... ဂိုဏ်းချုပ်က ခွင့်ပြုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"