လရောင်က ခြံဝန်းတခုလုံးအား ဖုံးလွှမ်းထားပြီး လေအေးများ ညင်သာစွာတိုက်ခတ်နေသည်။ သစ်ပင်ကြီးများကို လေတိုးဝှေ့ရာမှ ထွက်လာသည့် အသံများက ဂီတတခုနှယ်။
Vol. 8 Ch. 74
ယန်ချန်တယောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကြယ်များလင်းလက်နေပြီး ပြည့်ဝနေသည့် လပြည့်ကြီးက သူ့အပေါ်ငုံ့မိုးကြည့်နေလေသည်။ ယခင်ဘဝကဆိုလျင် ယခုချိန်က ကွန်ပျူတာရှေ့ထိုင်ရင်း အွန်လိုင်းဂိမ်းအသည်းသန် ဆော့နေဆဲ ဖြစ်မည်။ ဒါမှမဟုတ် အပေါင်းသင်းများဖြင့် စားသောက်ဆိုင်ကြီးတခုခု ရောက်နေတာလည်း ဖြစ်နိုင်သည်။
ယခုဘဝမှာတော့ ကျင့်ကြံရေးလောက၌ ဖျော်ဖြေရေးဆိုမရှိပေ။ မိုဘိုင်းဖုန်း လျှပ်စစ်ပစ္စည်းများ နောက်ဆုံးပေါ်ဇိမ်ခံပစ္စည်း တခုတလေတောင် ရှိမနေခဲ့။ သို့သော်လည်း ထိုသို့မရှိခြင်းကပင် ဘဝကိုပို၍ နေပျော်စေသည်ဟု ယန်ချန်ခံစားနေရသည်။ မည်သူသိမည်နည်း သူသာနောက်အနှစ်တရာရောက်ပါက စတင်ကျင့်ကြံနိုင်ပြီး စနစ်ထံမှသူပိုင်ဆိုင်ထားသည့် အကူညီများဖြင့် လောက၏ထိပ်ဆုံးကိုတက်၍ စကြာဝဋာအနှံ့လှည့်ပတ်နိုင်သည့် ဂြိုလ်များ ကြယ်များကိုပင် လက်တဖက်ဖြင့် ဖန်တီးနိုင်သည့် သက်ရှိလောကများစွာကို ရှေ့ဆောင်လမ်းပြပေးနိုင်သည့် အမြင့်ဆုံးနတ်ဘုရားတပါး မဖြစ်လာဟု မည်သူပြောနိုင်သနည်း။
ယန်ချန်တယောက် ထိုအရာများကို မျှော်လင့်ချက်ထားရှိသည်။ နောင်တချိန်၌ ထိုကဲ့သို့ စွမ်းအားများရှိပါက အရင်ဆုံးကမ္ဘာမြေကိုရှာဖွေမည်။ ပြီးနောက် ယိုယွင်းစပြုလာသည့် ကမ္ဘာကြီးကို ပြုပြင်ပေးရမည်။
(အင်း… ငါအရမ်းတွေးလွန်သွားပြီ)
ယန်ချန် သက်ပြင်းချလိုက်ကာ အိမ်ထဲဝင်လိုက်ချိန်မှာတော့ ရှုယင်တယောက် မအိပ်သေးသည်ကို သတိပြုမိသွားသည်။ အကြောင်းက သူမက စာကြည့်ခန်းထဲ၌ ရှိနေသောကြောင့်ဖြစ်သည်။ ယန်ချန်လည်း သူမရှိရာ စာကြည့်ခန်းအား တချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူမက အခုချိန်ထိမအိပ်စက်သေးပဲ မည်သည့်အရာများ ပြုလုပ်နေသနည်း။
“မအိပ်သေးဘူးလား အစ်မရှု”
ယန်ချန်အသံကြားတော့ ရှုယင်ကိုယ်လေး ဆတ်ခနဲ တုန်သွားကာ အနည်းငယ်လည်း ထိတ်လန့်သွားပုံရပြီး စာကြည့်ခန်းဝအား လှည့်ကြည့်ကာ ပြန်ဖြေသည်။
“အိမ်ရဲ့အသုံးစရိတ်အချို့ တွက်ချက်နေတာပါ သခင်လေး မနက်ဖန် မွေးမြူရေးအတွက် လိုအပ်တာဝယ်ဖို့ ကျန်းယန်ကိုငွေနည်းနည်းထုတ်ပေးရဦးမယ် မလား”
ယန်ချန်တယောက် စိတ်ဝင်စားသွားသည်။ သူမက ရွာ၏စီမံရေးကို တာဝန်ယူပြီးသည်မှာ နာရီပိုင်းပင်ရှိသေးသော်လည်း တာဝန်ကိုတော့ စတင်ထမ်းဆောင်နေလေပြီ။
“ငေွကြေးလိုအပ်တာမျိုးရှိလား လိုအပ်ရင်ပြောပါ ကျတော်ထပ်ထုတ်ထားပေးမယ်”
သူ့ဆီ၌ ကျန်းအိမ်တော်ကုန်သွယ်ရေးခန်းမအား ရောင်းချခဲ့သည်မှ ငွေစအချို့ရထားကာ ထိုငွေများခုထိမသုံးရသေးပေ။ ရှုယင်က အနည်းငယ်စဥ်းစားဟန်ပြုကာ ခေါင်းညိတ်ပြသည်။
“အနည်းငယ်တော့ လိုလိမ့်မယ် ဒါပေမယ့် အဓိကစိတ်ပူစရာတော့ မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ ကျန်းအိမ်တော်က ကျမတို့ထက်ပိုချမ်းသာတယ်လေ ကျမ ငွေထုတ်ပေးတာကိုတောင် လက်ခံပါ့မလား မသိဘူး”
ရှုယင်စကားကြားမှ ယန်ချန်တယောက် ရွာအတွက်ရန်ပုံငွေအပိုင်း သက်မှတ်ရန် တွေးမိသွားသည်။ သူတယောက်တည်းထုတ်ရန် မတတ်နိုင်ချေ။ ကျန်းအိမ်တော်ကို တာဝန်ယူခိုင်းလျင်ရသော်လည်း ထိုသို့လုပ်ကာက မသင့်တော်ဟု ခံစားမိကာ ခြံဝန်းတခုစီမှ လစဥ်အခွန်အနည်းငယ် ကောက်ခံခြင်းမှ ရရှိသည့်ငွေကြေးကို ရွာရန်ပုံငွေထားရန် ဆုံးဖြတ်လိုက်ပြီး ထိုအကြောင်း ရှုယင်အားအသိပေးလိုက်သည်။
“သခင်လေးအကြံက တကယ်ပြည့်စုံတယ် ရွာအတွက် ရွာသားအားလုံးမှာ တာဝန်ရှိတယ်လေ ဒါပေမယ့် ပထမဆုံးတခေါက်ကိုတော့ ကျန်းအိမ်တော်နဲ့ ကျမတို့ကပဲ မျှပြီးကျခံလိုက်မယ် ငွေစတသောင်းထက်တော့ မပိုနိုင်ပါဘူး နောက်ပိုင်းရွာမှာလူများလာရင်တော့ အခွန်ကိစ္စ စီစဥ်ကြတာပေါ့”
ရှုယင်က ယန်ချန့်အကြံကိုလက်ခံကာ သူမစိတ်ကူးအချို့ကိုလည်း ထုတ်ပြောလာသည်။ ယန်ချန်ကလည်း သူမစိတ်ကူးများကို လေးလေးနက်နက်နားထောင်ခဲ့ပြီး အများစုကို သဘောတူပေးခဲ့ကာ အချို့ကိုတော့ ယာယီဆိုင်းငံ့ထားစေသည်။
“ဒါနဲ့ ဦးလေးထန်စကားအရ ကျန်းအိမ်တော်မရှိတော့ဘူးဆိုရင် သူတို့တွေအကုန် ဒီရွာသားတွေပဲ ဒီတော့သူတို့တွေရွာမှာနေပြီး ရွာသားတွေရဲ့စီးပွားရေးအတိုင်း လုပ်ဆောင်ရလိမ့်မယ် စိုက်ပျိုးရေး မွေးမြူရေးနဲ့ တောကောင်တွေဖမ်းဆီးပြီး ရောင်းချတာမျိုး နောက်ပြီးတော့”
ယန်ချန်က ဆေးဝါးဖော်စပ်ခြင်း အဝတ်အထည်များ ရက်လုပ်ခြင်းနဲ့ လက်နက်များပြုလုပ်ခြင်းအကြောင်း ဆက်ပြောကာ ရှုယင်ကိုလည်း မကြာမီထိုလုပ်ငန်းများ စတင်မည်ဖြစ်၍ ကဏ္ဍတခုစီ၌ ယာယီလူဦးရေအချို့ ရွေးချယ်ထားရန် ပြောကြားလိုက်သည်။
ရှုယင်ကလည်း ထိုအချက်များကိုလက်ခံကာ မကြာမီသူမစီစဥ်ပေးမည်ဟု ပြောလာသည်။ အချိန်က အာရုံတက်ချိန်ရောက်လာပြီး ယန်ချန်လည်း အနည်းငယ်အရက်မူးပြေသွားပြီ ဖြစ်သည်။
“အစ်မရှု သွားနားတော့လေ ခဏနေ ယင်ယင်လေးနိုးလို့ အစ်မရှုကိုမမြင်ရင် ငိုနေဦးမယ်”
ရှုယင်က ခေါင်းညိတ်သည်။
“သခင်လေးလည်း နားလိုက်ပါ မနက်စာအတွက် ကျမပြင်ဆင်လိုက်ပါ့မယ်”
ထိုသို့ပြောပြီးနောက် ရှုယင်ထွက်ခွာသွားကာ ယန်ချန်လည်း အိပ်မရမဲ့အတူတူ စိတ်ကူးအနည်းငယ်ရှိသည်ကို ဆုပ်ကိုင်၍ ပန်းချီဆွဲရန် ဆုံးဖြတ်လိုက်သည်။
မင်တိုင်းပြည်၏ မင်ဝမ်နေထိုင်တဲ့ တောင်ကုန်းမှာတော့ မင်ယုရှန်း မင်ဝမ်တို့ လက်ဖက်ရည်သောက်ရင်း စကားပြောနေလေသည်။
“မြေးက ကံကောင်းမှုနဲ့ ကြုံခဲ့တာပဲ အဘိုးဝမ်းသာပါတယ်”
မင်ဝမ်က မြေးဖြစ်သူ၏ သွေးကြောများပြန်လည်ကောင်းမွန်သွားသည်ကိုကြားလျင် ကျေနပ်သွားသည်။
“ဒါနဲ့ သခင်လေးယန်က တကယ်ကိုထူးခြားတဲ့ ပုဂ္ဂိုလ်ပဲ ဒီထျန်းဟွမ်လောကကြီးထဲမှာ သူလိုလူရှိမယ်လို့ အဘိုးမထင်ထားဘူး”
မင်ဝမ်ရဲ့စကားကို မင်ယုရှန်းကလည်း ထောက်ခံသည်။
“ဟုတ်တယ်အဘိုး ဆေးပညာအရဖြစ်စေ အစီရင်နဲ့လက်နက်ဖြစ်စေ သူ့အဆင့်တန်းက အင်မော်တာ်တပါးထက်ပိုနေမှာကိုတောင် စိုးမိတယ်”
“အင်မော်တယ်…ဟုတ်လား”
မင်ဝမ်က မင်ယုရှန်းရဲ့စကားကြားတော့ အနည်းငယ်ရီဝေနေသည့်အကြည့်ဖြင့် ကောင်းကင်ထက်အား မော့ကြည့်လိုက်သည်။
“အင်မော်တယ်တွေ တကယ်ရှိတယ်လို့ပြောရင် ငါ့မြေးယုံမလား”
မင်ယုရှန်းတယောက် မေးခွန်းကြောင့် အနည်းငယ်ကြောင်အသွားသော်လည်း ချက်ချင်း တုန့်ပြန်သည်။
“ရှိနိုင်ပါတယ် ကျမတို့လက်ရှိကျင့်ကြံဆင့်အရ သူတော်စင်အဆင့်က အမြင့်ဆုံးဆိုပေမယ့် ဒီလောကကြီးထဲမှာ အင်မော်တယ်တွေ တချိန်က ရှိခဲ့ဖူးတာမျိုးဖြစ်နိုင်တယ်”
“သေ ချာတာပေါ့ လွန်ခဲ့တဲ့နှစ် တစ်သောင်းကျော်တုန်းက ဒီလောကထဲကို အင်မော်တယ်အချို့ ဆင်းလာခဲ့ဖူးတယ် သူတို့ဘယ်ကလာကြလဲဆိုတာတော့ မှတ်တမ်းတွေထဲမှာ မရေးထားဘူး သူတို့က လက်ရှိအလယ်ပိုင်းကုန်းမြေကြီးထဲမှာ အချိန်အတော်ကြာနေသွားခဲ့ပြီး သိပ်မကြာခင်မှာ ကပ်ဘေးကြီးတခုလည်း သူတို့နောက်လိုက်ပါလာတယ်”
မင်ယုရှန်း အနည်းငယ်မှင်သက်သွားသည်။ သူမဖတ်ဖူးသည့် မှတ်တမ်းများ၌ ထိုအကြောင်းရာများ မပါပေ။
“ကပ်ဘေးကြီးတခုဟုတ်လား”
“အမှန်ပဲ ကြောက်စရာကောင်းတဲ့ ကပ်ဘေးကြီးတခု သူတို့နောက်က လိုက်ပါလာတာလို့ပြောရင် ပိုမှန်မယ် အမှန်တော့ သူတို့က တခြားတနေရာကနေ ထွက်ပြေးလာကြတာ အဘိုးဖတ်ရသလောက် သူတို့အရေတွက်က လက်ချိုးရေလို့ရတယ်”
“အဲ့တုန်းက ကပ်ဘေးကြောင့် ဒီလောကကြီး ခုလိုမျိုးနိမ့်ကျသွားတာလား”
မင်ယုရှန်းရဲ့အမေးကို မင်ဝမ်က ခေါင်းညိတ်ပြသည်။
“အဲ့ခေတ်နှောင်းပိုင်း ကျင့်ကြံသူတွေကလည်း မြေးထင်သလို ထင်ခဲ့ကြတယ် ကပ်ဘေးကြောင့် ခုလိုဖြစ်လာကြတယ်ပေါ့ သူတော်စင်အဆင့်ထက်ပိုတဲ့ အဆင့်ကိုမတက်နိုင်တော့တာပေါ့ ဒါပေမယ့် အဖိုးကတော့ အဲ့လိုမထင်ဘူး တစုံတယောက်က ဒီလောကကြီးကို ရည်ရွယ်ချက်ရှိရှိ ချိတ်ပိတ်ထားတယ်လို့ အမြဲခံစားနေရတယ်”
မြေးအဖိုးနှစ်ယောက်သား အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ချိတ်ပိတ်ခြင်း ကပ်ဘေးနဲ့ ထွက်ပြေးလာကြသည့် အင်မော်တယ်များ ဆက်စပ်ကြည့်ပါက စိတ်ဝင်စားဖွယ်ကောင်းသော်လည်း သူမအနေဖြင့် ထိုအရာများကို ထိတွေ့ရန် အဆင့်မမီသေးပေ။ ယန်ချန်ဆိုရင်ကော.. ရုတ်တရက် တည်ငြိမ်တဲ့သွင်ပြင်နဲ့ စိတ်ထားနူးညံ့ပြီး အမြဲပြုံးနေတတ်တဲ့ အမျိုးသားတဦးအား သတိရမိသွားသည်။ ထိုသူက သူမကို မည်သည့်အခကြေးငွေမှ မယူပဲ ကုသပေးသည့်အပြင် လူတိုင်းတပ်မက်နိုင်သည့် လက်နက်တခုကိုလည်း အသာယာထုတ်ပေးခဲ့သေးကာ ပန်းချီလိပ်အတွက်တော့ ပြောစရာမလိုချေ။
ထိုသူက မည်သူနည်း။ ထွက်ပြေးလာတဲ့ အင်မော်တယ်များနဲ့ ဆက်စပ်နေသလား။
“သခင်လေးယန်က ထွက်ပြေးလာတဲ့ အင်မော်တယ်တွေရဲ့ အဆက်မဟုတ်ဘူး”
မင်ဝမ်က ရုတ်တရက် ထပြောလာသည်။ မင်ယုရှန်းက
“အဘိုး ဘယ်လိုသိတာလဲ”
“စိတ်ထဲ ခံစားမိတာပါ သူက သေချာပေါက် အဲ့လူတွေထက် အဆင့်ပိုမြင့်နိုင်တယ်”
အင်မော်တယ်ထက်အဆင့်ပိုမြင့်တာလား။ သူက ဘယ်အဆင့်မှာရှိတာလဲ။ ထိုအရာများကိုတော့ သူမ ဉာဏ်မမီတော့ပေ။
“အဲ့ကိစ္စတွေထားလိုက်ဦး အခုမြေး တံခါးပိတ်ကျင့်ကြံရေးလုပ်မယ်မလား ဒီမှာပဲစလိုက်ပါ အဘိုးကာကွယ်ပေးထားမယ်”
မင်ယုရှန်းက အဘိုးဖြစ်သူရဲ့ စေတနာကို အသိမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြကာ သူမ မပြန်ခင်ယန်ချန် ပေးလိုက်သည့် ဆေးဝါးအချို့အား မင်ဝမ့်ဆီ ပေးသည်။
“ဒါတွေက အဘိုးရဲ့ကျင့်ကြံမှုကို အကူညီကြီးကြီးမားမားပေးလိမ့်မယ် ကျမတော့ ဒီတခေါက် တံခါးပိတ်ကျင့်ကြံရာကနေ မဟာယာနအဆင့်တက်နိုင်မလား ကြိုးစားကြည့်ချင်တယ်”
မင်ဝမ်က မင်ယုရှန်းကမ်းပေးလာသည့် ဆေးဝါးများအား မငြင်းပယ်ချေ။ ထိုဆေးဝါးများ၏ အစွမ်းဖြင့် မဟာယာန နှောင်းပိုင်းထိအဆင့်တက်ကာ မြေးဖြစ်သူကို ကူညီရန်တွေးထားသည်။
“ကောင်းပြီ.. အဘိုးကာကွယ်ပေးမယ်”
မင်ယုရှန်းတယောက် ခေါင်းညိတ်ကာ မင်ဝမ်အသုံးပြုသည့် ကျင့်ကြံရေးလှိုဏ်ဂူထဲ ဝင်ရောက်သွားတော့သည်။ ပြင်ပကိစ္စများကိုတော့ အဘိုးဖြစ်သူရှိနေသရွေ့ မည်သူကမှ စိတ်လိုက်မာန်ပါ လုပ်ရဲမည်မဟုတ်ဟု သူမထင်သည်။
မင်ဝမ်က လက်ထဲမှ ဆေးဝါးများကိုကြည့်ရင်း သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်သည်။
“အင်မော်တယ်ရဲ့အထက်မှာ ဘာရှိလဲ”
………………………………………