မွေးမြူရေးလုပ်ငန်းများ စတင်ခြင်း
Vol. 8 Ch. 75
နောက်တနေ့မနက် နေရောင်ထွက်လာချိန်မှာတော့ ယန်ချန်တယောက် ပန်းချီကားအား လက်စသပ်လိုက်သည်။
တညလုံးမအိပ်ထားရ၍ အနည်းငယ်ပင်ပန်းနေသလို ခံစားနေရသော်လည်း အလုပ်တခုပြီးမြောက်ခြင်းအတွက် စိတ်ကျေနပ်မှုကို ခံစားနေရကာ ပင်ပန်းသည်ဟု မထင်ချေ။
ပန်းချီကားအား တချက်ပြန်ကြည့်လိုက်သည်။ ပန်းချီကားထဲ၌ လှပသည့်အမျိုးသမီးကျင့်ကြံသူတဦးက ဓားတချောင်းကိုကိုင်ဆွဲလျက် တောင်ထိပ်တခုမှ ဆင်းသက်လာဟန်ရေးဆွဲထားပြီး ကောင်းကင်မှ လှပသည့်ရောင်စုံအလင်းတန်းများက အမျိုးသမီး၏ ကျက်သရေရှိသည့် ဟန်ပန်ကို အပြည့်အဝ ထောက်ပံ့ပေးနေခဲ့ကာ အင်မော်တယ်တဦး သေမျိုးကမ္ဘာအား ဆင်းသက်လာသည်နဲ့ပင် တူညီနေသည်။
သိပ်ကောင်းတယ် စနစ်ရဲ့အကဲဖြတ်မှုအရဆို ဒါက ပန်းချီပညာရှင်အဆင့်ပဲ။
ယန်ချန်တယောက် စိတ်ကျေနပ်စွာဖြင့် တကိုယ်တည်းအနည်းငယ်ပြုံးလိုက်ပြီးနောက် ပန်းချီကားအား သိမ်းဆည်းလိုက်သည်။ အကယ်၍ သူဆန္ဒရှိတဲ့သူ တဦးဦးပေါ်လာပါက လက်ဆောင်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုချိန် အပြင်ဘက်မှတော့ ကျန်းယန်ဦးဆောင်သည့် လူငယ်အဖွဲ့တခု အိမ်ထဲရောက်နေကြပြီး ရှုယင်နဲ့စကားစမြည်းပြောဆိုနေကြသည်။
“ငေွအတွက် ကျတော်တို့အကုန်ကျခံနိုင်ပါတယ် အစ်မရှုထုတ်ပေးစရာမလိုပါဘူး”
ကျန်းယန်က ရှုယင်ပေးသည့် ငွေများကို ငြင်းဆန်နေခြင်းဖြစ်သည်။ ရှုယင်ကလည်း
“ဘယ်ဟုတ်ပါ့မလဲ ဒါက တရွာလုံးနဲ့ပက်သက်တာပဲ အစ်မတို့လည်း ငွေထုတ်ဖို့လိုတယ်”
သူမကအတင်းပေးနေပြီး ကျန်းယန်ကလည်း ခေါင်းမာစွာ ငြင်းဆန်နေသည်ကိုကြားလျင် ယန်ချန်လည်း မနေနိုင်တော့ပဲ စာကြည့်ခန်းထဲမှ ထွက်လာရတော့သည်။
“ညီအစ်ကိုယန် ကျန်းအိမ်တော်ကို ဖျက်သိမ်းလိုက်ပြီ မဟုတ်လား ထာဝရကျေးရွာမှာနေမယ်ဆိုရင် ရွာစည်းမျဥ်းအတိုင်းပဲ လုပ်လိုက်ပါ နောက်ပိုင်း ခြံဝန်းတခုဆီက ကိုယ်ပိုင်ဝင်ငွေတခု ရှာဖို့လိုပြီး ကိုယ့်ဘာသာရပ်တည်ကြရလိမ့်မယ် ရွာဘက်ကလည်း ခြံဝန်းတွေဆီကနေ ရပ်ကျေးအခွန်အနေနဲ့ လစဥ်ကောက်ခံဖို့လည်း အစီစဥ်ရှိထားတယ်”
ယန်ချန်ထွက်လာသည်ကိုမြင်လျင် ကျန်းယန်နဲ့ လူငယ်များက ကမန်းကတန်း မတ်တပ်ထရပ်ကာ နှုတ်ဆက်ကြသည်။ ကျန်းယန်က
“ဒါဆို ဒီတခေါက် ကုန်ကျငွေကို အကုန်အချိုးကျ ပေးချေရမယ်လို့ ဆိုလိုတာလားသခင်လေး”
“ဟုတ်တယ် ကျန်းအိမ်တော်ကိုဖျက်သိမ်းပြီးဆိုမှတော့ အိမ်တော်ကနေ ထွက်ခွာတဲ့သူတွေကို ခွဲဝေပြီး သီးသန့်ရပ်တည်စေရမယ် မဟုတ်လား သူတို့ဘာသာသူတို့ ဒီရွာမှာဆက်နေဖို့ ဆန္ဒရှိမယ်ဆိုရင် ဆက်နေပြီး သီးသန့်ရပ်တည်ကြပေါ့”
ယန်ချန့်စကားဆုံးတော့ လူငယ်များက ရုတ်ချည်းထရပ်ကာ ရွာ၌ဆက်နေရန် ဆန္ဒရှိကြောင်း ပြောဆိုလာကြတော့သည်။ ထိုအချင်းကာကိုမြင်လျင် ကျန်းယန်လည်း ခေါင်းညိတ်ကာ ရှုယင်ပေးတဲ့ ငွေစများကို သိမ်းဆည်းလိုက်သည်။
“ဒါဆိုရင် သခင်လေးပြောတဲ့အတိုင်း ကျန်းအိမ်တော်ရဲ့ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးဖို့ အဖေနဲ့အဖိုးဆီ သွားလိုက်ပါမယ် ပြီးရင် ကုန်ကျမယ့်ငွေကြေးတွေကို အကုန်လုံးအချိုးကျ ပေးချေဖို့ လုပ်လိုက်ပါ့မယ်”
“ကောင်းတယ် ဒါကနည်းလမ်းအမှန်ပဲ နောက်ပိုင်း ခြံဝန်းတွေက သီးသန့်ရပ်တည်ကြတော့မှာ ခြံဝန်းတခုဆီက ကိုယ်ပိုင်စိတ်ကူးရှိတဲ့ စီးပွားရေးဆက်လုပ်နိုင်တယ် အဓိကတော့ရွာကို မထိခိုက်စေရင်ရပြီ”
“နားလည်ပါပြီ”
ထိုသို့ပြောပြီးနောက် ကျန်းယန်နဲ့ လူငယ်များက ယန်ချန်နဲ့ ရှုယင်ကို ရိုရိုသေသေနှုတ်ဆက်၍ အိမ်ထဲမှ အလျင်မြန် ထွက်သွားတော့သည်။ ကျန်းယန်တယောက် ထိုကိစ္စအား အဖိုးဖြစ်သူဆီသွားကာ ပြောပြချိန်မှာတော့ ကျန်းဝမ်လီကလည်း ချက်ချင်းပင် သဘောတူလိုက်ပြီး မကြာမီ ကျန်းအိမ်တော်ရှိလူများအားလုံး စုဝေးလိုက်ကြသည်။
“ဒီကျေးရွာမှာနေဖို့ အကုန်လုံးက ကိုယ်ပိုင်ဆန္ဒနဲ့ ရှိနေကြတာဖြစ်တယ်လို့ ကျုပ်ယုံတယ် အခုပြောပြမှာက ကျန်းအိမ်တော်မှာနေပြီး အချိန်အတော်ကြာ အတူရှိခဲ့တဲ့ မိသားစုဝင်တွေအားလုံးကို ကျုပ်အဖေက ပိုင်ဆိုင်မှုအချို့ ခွဲဝေပေးလိမ့်မယ်”
ကျန်းယန်ရဲ့စကားဆုံးတော့ အိမ်တော်မိသားစုဝင်များက ထိတ်လန့်သွားကြသည်။ သူတို့က ကျန်းအိမ်တော်ခေါင်းဆောင် ကျန်းထန်က ပိုင်ဆိုင်မှုများထုတ်ပေးရင်း သူတို့အားလုံး ရွာမှ နှင်ထုတ်ခံရမည်ကို စိုးရိမ်သွားကြခြင်းဖြစ်သည်။ ထိုသူများ၏ အမူရာကိုမြင်လျင် ကျန်းယန်က ဆက်၍ ပြောလိုက်သည်။
“ခဗျားတို့ဘာကို စိုးရိမ်နေကြတာလဲဆိုတာ ကျုပ်ခန့်မှန်းမိပါတယ် ခင်ဗျားတို့စိုးရိမ်နေသလို မဟုတ်ပါဘူး ဒီမနက်ပဲ သခင်လေးဆီကျုပ်သွားတော့ သခင်လေးက ခြံဝန်းတခုစီအနေနဲ့ သီးသန့်ရပ်တည်ပြီး စီးပွားရေးလုပ်ရမယ် ပြီးတော့ ရွာရဲ့ကုန်ကျစရိတ်အားလုံးကို မျှဝေကျခံရမယ်လို့ အကြံပေးလာတယ် ခဗျားတို့သိတဲ့အတိုင်း ကျုပ်တို့ကျန်းအိမ်တော်ဆိုတာ ဖျက်သိမ်းလိုက်ပါပြီ ဒီတော့ ခဗျားတို့ကိုသာ ကျုပ်က ပိုင်ဆိုင်မှုအချို့ ခွဲမပေးရင် ခဗျားတို့ဘာနဲ့ရပ်တည်ကြမှာလဲ ဟမ်”
ကျန်းယန်ရဲ့ တိတိပပ ရှင်းလင်းချက်ကြားမှ စိတ်သက်သာရာ ရသွားကြကာ သက်ပြင်းချလိုက်ကြပြီး ကုန်ကျစရိတ်မျှခံရမည့် အစီစဥ်နဲ့ ခြံဝန်းတခုစီ သီးသန့်ရပ်တည်မည့်ကိစ္စအား ကျေကျေနပ်နပ်ပင် လက်ခံကြတော့သည်။
“ကောင်းပြီ ဒါဆို ခဗျားတို့မိသားစုတစုဆီက ခေါင်းဆောင်တဦးစီ ကျုပ်အဖေနဲ့အမေဆီသွားပြီး ရသင့်တဲ့ပမာဏတခု ထုတ်ယူလိုက်ပါ ပြီးရင်တော့ ဟဲဟဲ မွေးမြူရေးအတွက် ကုန်ကျမယ့်ငွေအချို့ ကျုပ်ဆီလာပေးပေါ့ သြော်ဒါနဲ့ ခဗျားတို့တွေ ရွာရဲ့လစဥ်အခွန်ကိုလည်း မမေ့နဲ့နော်”
ကျန်းယန်က ထိုသို့ပြောပြီးနောက် စိတ်ကျေနပ်စွာဖြင့် ပြုံးရယ်ကာ ထွက်သွားတော့သည်။ ကျန်တဲ့ အိမ်တော်အဖွဲ့ဝင်များကလည်း ကိုယ်စီနေထိုင်ရာခြံဝန်းဆီအမြန်ပြန်ကြကာ ခွဲဝေမှုကိစ္စအတွက် စတင်ဆောင်ရွက်ကြသည်။
ထိုကိစ္စက လျင်မြန်စွာပင်ပြီးဆုံးသွားပြီး နေ့လည်ရောက်ချိန်မှာတော့ ကျန်းယန်ဦးဆောင်သည့် လူငယ်အဖွဲ့တခုက ရထားလုံးများဖြင့် ကျင်းစီရင်စု ထိုမှတဆင့် ကျင်းပြည်နယ်မြို့တော်ထိ ခရီးထွက်ခဲ့ကြတော့သည်။
ယခုတခေါက်၌ မွေးမြူရေးအတွက်သာမက အဝတ်အထည်များ ချုပ်လုပ်ရန် အဝတ်စများလည်း ဝယ်ယူရမည်ဖြစ်ပြီး မိသားစုများအတွက် အခြေခံပရိဘောဂများလည်း ပါဝင်သည်။ ယန်ချန်က ခြံဝန်းတိုင်း မိမိဆန္ဒရှိရာ စီးပွားရေးလုပ်နိုင်သည်ဟု ဆိုထားသည့်အတွက် အချို့က ကျွမ်းကျင်ပြီးသား ကုန်သွယ်ရေးလုပ်ငန်းကို ပြန်လာ်လုပ်ကိုင်ရန် စဥ်းစားလာကြပြီး အချို့ကလည်း စားသောက်ကုန်လုပ်ငန်းကိုသာ ရွေးချယ်လိုက်ကြတော့သည်။
ကျန်းယန်တို့အဖွဲ့လိုက်ပါလာသည့် ရထားလုံးများက ထာဝရကျေးရွာမှ စတင်ထွက်ခွာလာပြီး ကျင်းစီရင်စုကိုရောက်ချိန်မှာတော့ ဝယ်ယူသည့်အစီစဥ်အား စတင်တော့သည်။
ပထမဆုံး ကြက် ဝက် ဆိတ်နဲ့ နွားကောင်ရေအချို့ ဝယ်ယူပြီး ဝယ်ယူပြီးအကောင်များအား ခြံဝန်းတခုစီအချိုးကျ ခွဲဝေပေးမည်ဖြစ်သည်။
“ဟူဖနဲ့ဟူပ ဒီအသုတ်ကို ရွာပြန်ပိုဖို့စီစဥ်လိုက်တော့”
ကျန်းယန်က ဟူပနဲ့ဟူဖညီအကိုအား တိရိစ္ဆာန်များ ပထမအသုတ်အနေဖြင့် ရွာပြန်ပို့ရန် ခိုင်းစေလိုက်သည်။
“ပထမသခင်လေး ကျတော်တို့ မြို့တော်ထိ ဆက်လိုက်ချင်ပါတယ်”
ဟူပက တွန့်ဆုတ်စွာဖြင့် ပြောလာသည်။ ကျန်းယန်က ခေါင်းယမ်းလိုက်ပြီး
“ပထမဆုံးအနေနဲ့ ငါက ကျန်းအိမ်တော်က ပထမသခင်လေးမဟုတ်တော့ဘူး မင်းတို့လိုပဲ ထာဝရ ကျေးရွာသားတယောက် ဒါကြောင့် ပထမသခင်လေးလို့ ဆက်မခေါ်နဲ့ အစ်ကိုကျန်းယန်ဆိုရပြီ နောက်တခုက မင်းတို့ဒီအကောင်တွေကိုပို့ပြီး အလုပ်မပြီးသေးဘူး ခြံဝန်းတွေကို ခွဲဝေရမယ် အဲ့ကိစ္စကို မင်းတို့မလုပ်ရင် ဘယ်သူလုပ်မှာလည်း သခင်လေးယန်လုပ်ရမှာလား ကိစ္စအကုန်လုံးပြီးရင် မြို့တော်ဆီလိုက်ခဲ့လို့ရတယ် ငါမင်းတို့ကိုမြို့တော်မှာ စောင့်နေမယ်”
ထိုသို့ပြောလိုက်မှ ဟူပတို့ညီအစ်ကိုလည်း ကျေနပ်သွားပြီး လူငယ်အနည်းငယ်တဲ့အတူ ဝယ်ယူထားသည့်အကောင်များအား ရွာပြန်ပို့ရန်ထွက်သွားကြတော့သည်။ ကျင်းစီရင်စုနဲ့ ထာဝရကျေးရွာက သိပ်မဝေးသည့်အတွက် နောက်တနေ့မကူးခင်မှာပင် အကောင်များခွဲဝေပြီးစီးကာ နောက်တရက်မှာတော့ မြို့တော်ကို လိုက်ပါနိုင်မည်ဖြစ်သည်။
ဟူပတို့ထွက်ခွာသွားပြီးနောက် ကျန်းယန်တို့လည်း ဆက်လက်ထွက်ခွာလာကြသည်။ စီရင်စုရှိ ပရိဘောဂများက အရည်သွေးနိမ့်သည်ဟု သူထင်မိသောကြောင့် မဝယ်ခဲ့ချေ။ ကျင်းပြည်နယ်မြို့တော်ကြီးကိုရောက်မှသာ ဝယ်ယူတော့မည် ဖြစ်သည်။
………………………………………….