ငြင်းခုန်ကြခြင်း
Vol. 8 Ch. 76
တေးသံသာဂိုဏ်းအဓိက ခန်းမ၌ဖြစ်သည်။ တောင်ထွဋ်သခင်၅ဦး အကြီးကဲအချို့နဲ့ ပြိုင်ပွဲ၌ ပါဝင်ခဲ့ကြပြီး အသက်မသေဆုံးခဲ့ကြသည့် ပင်မတပည့်အချို့ စုဝေးနေကြသည်။
အကြောင်းရာမှာ လီဖူယွဲ့မှ ကျန်းရင်ရင်ဆီမှ ပေးပို့လာသည့်စာထဲ၌ သခင်လေးယန်က ထာဝရကျေးရွာ၌ ရွာစီမံကိန်းများ တရားဝင်စတင်လာပြီးဖြစ်ကြောင်းနဲ့ ခြံဝန်းတခုစီကိုလည်း ခွဲဝေပေးပြီဖြစ်ကြောင်းတို့ပါဝင်ကာ ကျန်းရင်ရင်က သူမ၏အကြီးကဲများကိုလည်း ထိုကိစ္စ၌ အကျိုးမြတ်တချို့ရစေလိုသည့်အတွက် အသိလှမ်းပေးလိုက်ပုံရသည်။
လီဖူယွဲ့က စတင်ပြောလာသည်။
“စာထဲမှာတော့ ရင်ရင်က ကျန်းအိမ်တော်ကိုဖျက်သိမ်းပြီး ခြံဝန်းတခုဆီခွဲဝေတဲ့ကိစ္စနဲ့ ခြံဝန်းတွေက သီးသန့်ရပ်တာ်ရမယ့်အကြောင်း ထည့်ပြောထားတယ် ဒီကိစ္စကို နင်တို့ဘယ်လိုထင်လဲ”
လီဖူယွဲ့တယောက် ထိုသို့ပြောလိုက်ပြီး ခန်းမထဲရှိ အခြားသူများအား ကြည့်လိုက်ချိန်မှာတော့ ပါးနပ်ပြီး မည်သည့်အဓိပ္ပါယ်ကို ဆိုလိုမှန်းသိနေကြသည့် ထိုသူများရဲ့ မျက်လုံးအစုံက တဖျတ်ဖျတ်တောက်ပနေသည်ကို သတိပြုမိသွားသည်။ ချင်ဖုန်းက အားတက်သရော ပြောလာသည်။
“ဘယ်လိုထင်ရမှာလဲ ဒါကသခင်လေးယန်နဲ့ အနီးကပ်ဆုံးနေရမယ့် အခွင့်ရေးပဲ လက်လွှတ်ခံစရာ အကြောင်းမရှိဘူး”
ချင်ဖုန်းရဲ့စကားကို ချူလင်းယုကလည်း ခေါင်းညိတ်ထောက်ခံကာ ကုလင် ကျစ်ယွဲ့နဲ့ ပင်မတပည့်များနဲ့အတူ အကြီးကဲများကလည်း သဘောတူကြသည်။ မည်သူက ယခုလိုအခွင့်ရေးကောင်းကြီးအား လက်လွှတ်ခံမည်နည်း။ ရူးနေမှသာ ဖြစ်လိမ့်မည်။
“နင်တို့ဘာတွေးနေလဲဆိုတာ ငါသိတယ် ဝန်ခံရရင်ငါလည်း အဲ့လိုတွေးမိပေမယ့် နင်တို့မေ့နေတာတခုရှိသေးတယ် သတိထားမိလား”
လီဖူယွဲ့ရဲ့ မေးခွန်းကိုကြားလျင် အကုန်လုံးက အနည်းငယ်စဥ်းစားသွားကြသည်။ သူတို့မည်သည့်အချက်ကို မေ့နေသနည်း။ လီဖူယွဲ့က ဆက်ပြောလာသည်။
“လက်ရှိရွာထဲမှာ ရင်ရင်နဲ့သူ့အဘိုးကလွဲရင် ကျန်တဲ့သူတွေအကုန်လုံးက သေမျိုးတွေချည်းပဲ သတိမထားမိကြဘူးလား ရင်ရင်ကတော့ သခင်လေးကိုယ်တိုင် ဆေးကုပြီးလက်ခံထားပေးလို့ ပြီးတော့ အဖိုးဖြစ်သူကိုလည်း သခင်လေးကပဲ အရင်ဖိတ်ခေါ်ထားတာ ဆိုတော့ နင်တို့လိုကျင့်ကြံသူတွေမှာ အဲ့လိုအခွင့်ရေး ရှိမယ်ထင်လား”
လီဖူယွဲ့မှပြောမှ ထိုအချက်အားသတိပြုမိသွားကြပြီး အများစုမှာ စိတ်ဓာတ်ကျသွားကြသည်။ သူတို့က သေမျိုးများမဟုတ်သည်မှာ ကံဆိုးလွန်းသည်ဟု ပထမဆုံးတွေးမိသွားကြလေသည်။
ထိုစဥ်အကြီးကဲတဦးက ရုတ်တရက် ဝင်ပြောလာသည်။
“အစ်မလီလည်း တခုခုမေ့နေတာပဲ ပြီးခဲ့တဲ့တိုက်ပွဲပြီးတော့ သခင်လေးရဲ့ အတွေးတွေပြောင်းသွားတယ်လေ သခင်လေးက သူ့ရဲ့စွမ်းဆောင်မှုသေးသေးလေးကသာ အကူညီဖြစ်စေမယ်ဆိုရင် နောက်မတွန့်ဘူးလို့ တွေ့ဆုံတုန်းက ပြောဖူးသလားလို့”
ထိုစကားကြားတော့ စိတ်ဓာတ်ကျနေသူများ ပြန်၍ တက်ကြွလာပြန်သည်။
“ပြောပါဦး အဲ့တော့ နင်ကဘယ်လိုတွေးထားလဲ”
လီဖူယွဲ့၏အမေးကို ထိုအကြီးကဲကပဲ ပြန်ဖြေသည်။
“အခုတလော သားရဲကပ်ဘေးကြီးကလည်း စတော့မယ်မဟုတ်လား ကျုပ်တို့အနေနဲ့ ကျင့်ကြံရေးလောကအပြင် သေမျိုးတွေကိုလည်း ကာကွယ်ပေးရမှာဆိုတော့ ကျုပ်တို့သာ သခင်လေးယန် နေတဲ့ရွာကို အကာကွယ်ပေးမယ်ဆိုရင်”
လီဖူယွဲ့က ထိုအကြီးကဲ၏စကားအား ချက်ချင်းပင် ဖြတ်ပြောလိုက်သည်။
“သခင်လေးယန်က နင်တို့အကာကွယ်လိုအပ်မယ်လို့ ထင်နေရလောက်အောင် ရူးနေကြတာလား”
လီဖူယွဲ့၏ ပြင်းထန်တဲ့တုန့်ပြန်မှုကိုကြားလျင် ချင်ဖုန်းက မကျေမနပိဖြင့် ဝင်ပြောလာသည်။
“ဒါက နင်အတွေးက သခင်လေးယန်ပဲရှိနေတာကိုး ရင်ရင်နဲ့သူ့အဘိုးကိုဖယ်လိုက်ရင် ကျန်တာသေမျိုးချည်းပဲလေ အနည်းဆုံးအကာကွယ်နည်းနည်းပေးတာကိုတော့ သခင်လေးက ငြင်းမယ်မထင်ပါဘူး”
“ဟုတ်တယ် ဟုတ်တယ်”
“ကျတော်တို့ ကျန်တဲ့သူတွေကို ကာကွယ်ပေးကြမယ်လေ”
အကုန်လုံးက ချင်ဖုန်းစကားကို အားတက်သရော ထောက်ခံလာကြပြီး သူတို့သိထားသည့် အခွင့်ရေးကောင်းကြီးအား လက်လွှတ်မခံချင်သည့် သဘောထားများပြသ လာကြတော့သည်။
“သြော်.. နင်တို့က ဂိုဏ်းကိုကျပစ်ထားပြီး ရွာကိုသွားကာကွယ်မယ်ပေါ့ အဲ့လိုလုပ်တာသိရင် သခင်လေးယန်က သေချာပေါက်နင်တို့ကို အပြစ်ပေးလိမ့်မယ် အရူးတွေရဲ့”
အကုန်လုံး တိတ်ဆိတ်သွားသည်။ လီဖူယွဲ့စကားကလည်း မှန်ပါသည်။ သူတို့၌ ကာကွယ်ပေးရမည့် တပည့်များရှိနေသေးပြီး သူတို့ကိုယ်တိုင်မှာလည်း မိသားစုများ ရှိနေကြသေးသည်။ ထိုအရာများကိုကျော်၍ ထာဝရကျေးရွာကို ကာကွယ်ပေးရမည်လား သေချာပေါက် သခင်လေးယန်က ကြိုက်နှစ်သက်မည် မဟုတ်ချေ။
“ဒါဆို ငါတို့ဒီအခွင့်ရေးကြီးကို လက်လွှတ်တော့မှာလား”
ချူလင်းယုက မေးလာသည်။ သူမတပည့်များ သေဆုံးမှုကို ကလဲ့စားချေခွင့်ရပြီးနောက် စိတ်အဆင်ပြေသွားကာ လီဖူယွဲ့ ချင်ဖုန်းနဲ့ အခြားအကြီးကဲအချို့နဲ့အတူ သူမရဲ့ကျင့်ကြံဆင့်ကလည်း ယန်ချန့်အကူညီကြောင့် ကပ်ဘေးဖြတ်ကျော်အဆင့်အား ရောက်ရှိသွားခဲ့လေပြီ။ ထို့ကြောင့် ယန်ချန့်အနီးနားနေခြင်းက မည်သို့သော အခွင့်ရေးမှန်း သူမလည်း ကောင်းစွာသိနေသည်။
“အဲ့လိုတော့ ဘယ်ဟုတ်မလဲ ဒါပေမယ့် ငါတို့တွေးရမှာက သခင်လေးယန်ဘက်က ကျင့်ကြံသူတွေကို လက်ခံဖို့ဆန္ဒရှိမရှိဆိုတာပဲ သူလက်မခံချင်ရင် နင်တို့ဘာအကြောင်းပြချက်ပဲပြပြ မရဘူး”
ပင်မတပည့်တဦးက အကြံဝင်ပေးသည်။
“အကြီးကဲလီ ဒီတပည့် အရဲစွန့်ပြီးတခုပြောပါရစေ ကျတော်တို့ အကြီးကဲတို့ဆီမှာ သေမျိုးဆွေမျိုးသားချင်းတွေ ရှိကြတယ်ဆိုတော့ သားရဲကပ်ဘေးမတိုင်ခင် အကာကွယ်ပေးတဲ့အနေနဲ့ သခင်လေးယန်ရဲ့ရွာမှာ နေစေမယ်ဆိုရင်ကော”
လီဖူယွဲ့တယောက် အနည်းငယ်စဥ်းစားသွားသည်။ ထိုအချက်အား သူမ မတွေးမိချေ။ အကြီးကဲအများစု၌ သေမျိုးမိဘဆွေမျိုးများရှိပြီး ယခုတိုင်ဂိုဏ်းအတွင်းခေါ်၍ စောင့်ရှောက်နေခြင်းဖြစ်ကာ ထာဝရကျေးရွာကိုသာပို့နိုင်ပါက သူမတို့အတွက်လည်း ဝန်တခုပေါ့မည်ဖြစ်ပြီး ထိုသူများကိုအကြောင်းပြု၍ သူမတို့ပါနေနိုင်ကြမည် ဖြစ်သည်။
ချင်ဖုန်း ချူလင်းယုတို့ကလည်း ထိုတပည့်အား ချီးကျူးဟန်ဖြင့် ကြည့်လိုက်ကြပြီး အကြီးကဲများ၏ အကြည့်ကိုခံစားရလျင် ပင်မတပည့်မှာ ဂုဏ်ယူဟန်ဖြင့် ရင်ဘတ်အား သိသိသာသာ ကော့ထားလိုက်သည်။
“အဲ့အချက်က ပြည့်စုံတယ် လင်းယု နင့်မိဘတွေကို သခင်လေးယန်ရဲ့ရွာမှာ ထားရင်ကော”
ချင်ဖုန်းက လက်ထဲမှသေရည်အိုးကို ဖွင့်၍ တငုံသောက်လိုက်ပြီးနောက် ဝင်ရောက်ထောက်ခံ ပြောဆိုသည်။
“အင်း ဟုတ်တယ် ငါလည်း အမေနဲ့အဖေကို သားရဲကပ်ဘေးကြောင့် စိတ်ပူနေတာ နင့်အကြံမဆိုးဘူး”
ချူလင်းယုလည်း ထိုအကြံက အလုပ်ဖြစ်မည်ဟု တွေးမိကာ ဝမ်းသာသွားသည်။ အခြားသူများကတော့ သေမျိုးဆွေမျိုးမိဘများရှိမရှိ စဥ်းစားနေကြပြီး ရှိသူများကတော့ မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်ရမည်အား တွေးတောနေကြလေသည်။
လီဖူယွဲ့တယောက် အတန်ကြာစဥ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။
“နေကြဦး ဂိုဏ်းချုပ်က တံခါးပိတ်ကျင့်ကြံရေးလုပ်နေတယ် ဂိုဏ်းချုပ်ထွက်လာမှ အဲ့ကိစ္စကိုဆွေးနွေးမယ် လောလောဆယ် အပြင်ကိုရောက်နေတဲ့ တပည့်တွေရဲ့သတင်းပို့ချက်အရ သားရဲအချို့ ရွာသေးသေးလေးတွေကို တိုက်ခိုက်နေပြီလို့ ငါကြားထားတယ် ဒါကြောင့် ကာကွယ်ရေးအတွက် ငါတို့စီမံဖို့လိုတယ်”
ထိုစကားကြားလျင် ချင်ဖုန်းက ချက်ချင်းပဲ ထပြောသည်။
“ကျင်းစီရင်စုတဝိုက်ကို ငါ့တာဝန်ထား”
လီဖူယွဲ့တယောက် ချင်ဖုန်းအား ငါနင့်ကိုမနိုင်ဘူး ဟူသည့်အကြည့်ဖြင့် တချက်ကြည့်လိုက်သည်။
“နင်…သခင်လေးဆီက ဝိုင်တွေ သွားတောင်းသောက်မယ်မဟုတ်လား”
ချင်ဖုန်းက ပုခုံးတွန့်ပြကာ မျက်နှာလွှဲသွားသည်။ သေချာသည်က ကျန်းဘိုးဘေးနဲ့အတူ သောက်ကြမည်ဖြစ်သည်။ လီဖူယွဲ့က ဆက်၍
“ခုနကစကားပြန်ဆက်ရအောင် အကြီးကဲအချို့ ဂိုဏ်းပြင်ပထွက်ပြီး သတင်းစုံစမ်းတာ အကာကွယ်ပေးတာကိုလုပ်ပြီး ကျန်တဲ့သူတွေက သေမျိုးမိဘတွေရှိရင် ဂိုဏ်းထဲခေါ်ထားကြ ပြီးတော့ ဂိုဏ်းကိုလည်း အရင်ကထက်ပို ကာကွယ်ဖို့စီမံကြတော့”
လီဖူယွဲ့က ချူလင်းယုဘက်ကြည့်ကာ ဆက်ပြောလိုက်ပြန်သည်။
“လင်းယု ရင်ရင့်စာထဲမှာ ရက်အနည်းငယ်တုန်းက သူ့အစ်ကိုနဲ့သခင်လေးရွာက လူငယ်အချို့ ပြည်နယ်မြို့တော်ဆီ ထွက်လာတယ်လို့ပါတယ် သူတို့တစုံတခုမဖြစ်အောင် နင်သွားကာကွယ်ပေးသင့်တယ်”
ချူလင်းယုက ချက်ချင်းပဲ ထိုတာဝန်အား လက်ခံလိုက်သည်။
“ကောင်းပြီ ငါသွားလိုက်မယ်”
အခြားသူများကလည်း ဆိုင်ရာတာဝန်များ ခွဲဝေကြကာ အသီးသီးထွက်သွားကြပြီး ပင်မတပည့်အချို့သာ ကျန်ချိန်မှာတော့ လီဖူယွဲ့က ထိုတပည့်များ၏ မိဘဆွေမျိုးများအား ထာဝရကျေးရွာဆီ ပို့မပို့ ဂိုဏ်းချုပ်ထွက်လာသည့်အခါ ဆုံးဖြတ်ချက်ချပေးမည်ဟု ပြော၍ ပြန်လွှတ်လိုက်တော့သည်။