← Chapters

မြို့တော်ကိုရောက်ပြီ

Vol. 8 Ch. 77

မြို့တော်ကိုရောက်ပြီ

Vol. 8 Ch. 77

ကျင်းစီရင်စုမှ ထွက်ခွာလာကြသည့် ကျန်းယန်တို့အဖွဲ့ ရက်အနည်းငယ်အကြာမှာပဲ မြို့တော်ဆီရောက်ရှိလာကြသည်။

ကျင်းပြည်နယ်မြို့တော်မှာ စုန့်ပြည်နယ်မြို့တော်ကဲ့သို့ မစည်ကားသော်လည်း သူ့အနေထားနဲ့သူတော့ မြို့ကြီးတမြို့ရဲ့ လက္ခဏာများ ရှိပေသည်။

ကုန်သွယ်ရေးလုပ်ငန်းများ ကျင့်ကြံရေးအရင်းအမြစ်များအပြင် အင်အားစုအချို့လည်း အခြေကျကာ ထိုအထဲ၌ တေးသံသာဂိုဏ်းလည်းပါဝင်သည်။ ထို့ကြောင့် ကျင်းပြည်နယ်မြို့တော်ကို အထင်သေးလို့တော့ မရချေ။

ကျန်းယန်တို့ မြို့တော်ထဲရောက်ချိန်မှာတော့ ပါလာသည့် လူငယ်များက မြို့တော်၏စည်ကားမှုများကြောင့် မှင်သက်နေကြပြီး ခရီးခဏခဏထွက်နေခဲ့ရသည့် ကျန်းယန်အဖို့တော့ ထိုအရာက သာမန်ပင်ဖြစ်သည်။

“အစ်ကိုကြီး ကျတော်တို့ မြို့ထဲရောက်တုန်း တရက်လောက် အရင်နားကြရင်မကောင်းဘူး မနက်ဖန်ကျမှ လိုအပ်တာတွေ ဝယ်လည်းရပါတယ်”

လူငယ်တဦးက စိတ်လှုပ်ရှားနေသည့် မျက်လုံးအစုံဖြင့် ကျန်းယန်ကို ပြောလာသည်။ ကျန်းယန်တယောက် အနည်းငယ် စဥ်းစားလိုက်သည်။ ရက်အနည်းငယ်ကြာ ခရီးနှင်လာပြီးနောက် အားလုံးပင်ပန်းနေကြမည်မှာ အသေချာပင်။ သူတောင်မှ ပင်ပန်းသလို ခံစားနေရသည် မဟုတ်လား။

“ကောင်းပြီ မြို့လယ်က စျေးသင့်တင့်တဲ့ တည်းခိုခန်းတခုခုရှာပြီး ငှားလိုက်တော့ ငါတို့အနားယူကြမယ် အပြင်ထွက်လည်ချင်တဲ့သူတွေ သွားလို့ရတယ် ဒါပေမယ့် လိုအပ်တဲ့ပစ္စည်းဝယ်ဖို့ အခြေနေတချို့ တပါတည်းစုံစမ်းခဲ့ကြ”

ကျန်းယန်ဆီက ခွင့်ပြုချက်ရသည်နှင့် လူငယ်များမှာ တက်ကြွသွားကြပြီး အချို့က တည်းခိုရန်နေရာဆီ အပြေးသွားကြသည်။ သေချာပေါက်ပင် အခန်းငှားပြီးနောက် ထိုလူငယ်များက ရထားသည့်အချိန်အနည်းငယ်ကို အကျိုးရှိရှိ အသုံးချတော့မည်ဖြစ်သည်။

“ဘာပြဿနာမှ မဖြစ်စေနဲ့ ဒါက ကျင်းစီရင်စုမဟုတ်ဘူး”

လူငယ်များဖြစ်၍ ထိန်းထိန်းသိမ်းသိမ်း သွားလာကြရန် သတိပေးရသေးသည်။ ပြည်နယ်မြို့တော်က တေးသံသာဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက် ရှိသော်လည်း သူက ဂိုဏ်းသားမဟုတ်ချေ။ အသေးမွှားကိစ္စများအတွက် ညီမဖြစ်သူရဲ့ ဂုဏ်သတင်းကိုလည်း သုံးချင်စိတ်ရှိသူမဟုတ်။

“နားလည်ပါတယ် အစ်ကိုကြီး”

မကြာမီ တည်းခိုခန်းသို့ရောက်လာကြကာ တက်ကြွနေသည့် လူငယ်အချို့ကတော့ ကျန်းယန်ကို နှုတ်ဆက်ပြီးနောက် လည်ပတ်ရန်ထွက်သွားကြပြီး ကျန်းယန်နဲ့ လူငယ်အနည်းငယ်သာ ကျန်ရှိတော့သည်။ ကျန်းယန်တယောက် အခန်းထဲဝင်ကာ ပင်ပန်းသမျှ အတိုးချအနားယူရန် ပြင်ဆင်ချိန်မှာပဲ အခန်းထဲ၌ သူမသိသည့် အမျိုးသမီးတဦးရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“ဘယ်သူလဲ”

ရုတ်တရက်ဖြစ်၍ အနည်းငယ်ထိတ်လန့်သွားသော်လည်း တခဏအကြာမှာပဲ ချက်ချင်းတည်ငြိမ်သွားကာ ထိုအမျိုးသမီးအား သေချာကြည့်လိုက်သည်။

(အကြီးကဲတဦးဦးများလား ငါတွေ့ဖူးနေသလိုပဲ)

ထိုအမျိုးသမီးက ကျန်းယန်တို့အဖွဲ့ကို စောင့်ရှောက်ရန်တာဝန်ယူထားသည့် ချူလင်းယုဖြစ်သည်။ ချုလင်းယုက ကျန်းယန်ကိုခေါင်းညိတ်ပြပြီးနောက် သူ့ကိုယ်သူမိတ်ဆက်လာသည်။

“ငါ့ကို မင်းမတွေ့ဖူးလောက်ဘူး ထင်တယ် ငါက ကျန်းရင်ရင်တို့ဂိုဏ်းက ဇာမဏီတောင်ထွဋ်သခင် ချူလင်းယုပဲ”

ကျန်းယန်လည်း ထိုအခါမှ နားလည်သွားပြီး လက်ရှိမြို့တော်က တေးသံသာဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်ရှိနေသည်အား အမှတ်ရသွားသည်။ သို့သော်လည်း ထိုအကြီးကဲ မည်သည့်အတွက်ကြောင့် သူ့ဆီလာလည်သည်ကို မတွေးတတ်ချေ။

ကျန်းယန်က အရဲစွန့်၍ မေးလိုက်သည်။

“အကြီးကဲချူက မည်သည့်ကိစ္စနဲ့များ ရောက်လာတာလဲ”

ကျန်းယန်ရဲ့အမေးကိုကြားတော့ ချူလင်းယုက

“မင့်ညီမဆီက စာထဲမှာ မင်းတို့လူငယ်အဖွဲ့ ကျင်းပြည်နယ်မြို့တော်ကို ကုန်ပစ္စည်းဝယ်ဖို့ ထွက်လာတယ်ကြားလို့ ဂိုဏ်းဘက်က မင်းတို့ကိုစောင့်ရှောက်ပေးရမယ့် အစီစဥ်အရ ငါရောက်လာခဲ့တာပဲ”

စောင့်ရှောက်ဖို့လား။ မလိုအပ်လောက်ဘူးလေ။ ငါတို့လိုသေမျိုးကို ဘယ်သူကအန္တရာယ်ပေးမှာတဲ့လဲ။ ကျန်းယန်တယောက် တိတ်ဆိတ်သွားချိန် ကျန်းယန်ရဲ့အတွေးကို ခန့်မှန်းမိနေသည့် ချူလင်းယုက ဆက်ပြောလာသည်။

“မင်းတို့အတွက် ဒီခရီးက အန္တရာယ်သိပ်မရှိတာ ငါသိတယ် ငါအခုရောက်လာတာက အကူညီတချို့တောင်းချင်လို့ပဲ”

ကျန်းယန်တယောက် မှင်သက်သွားသည်။ ကျင့်ကြံရေးထိပ်သီးဂိုဏ်းတခုမှ အကြီးကဲတဦးက သူ့လိုလူထံ အကူညီတောင်းချင်တယ်တဲ့လား။ တခုခုတော့လွဲနေလေပြီ။ သို့သော်လည်း ထုတ်မမေးပေ။ မည်သည့်အကူညီတောင်းချင်သည်ကိုသာ မေးမြန်းလိုက်သည်။

“ဘာများလဲအကြီးကဲ ကျတော်တတ်နိုင်တာဆိုရင် သေချာပေါက် ကူညီပါ့မယ်”

“အဲ့ဒါက…ဘယ်လိုပြောရမလဲ”

ချူလင်းယုတယောက် မူလကစဥ်းစားထားတာအချို့ ရှိသော်လည်း တကယ်တမ်းပြောချိန်၌ မည်ကဲ့သို့ပြောရမည်အား တွေးမရတော့ချေ။ သေချာသည်က သူမအနည်းငယ် ရှက်ရွံနေသည်။

အတန်ကြာ ပြောသင့်မပြောသင့် တွေဝေပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

“ဒီလိုပါ…သခင်လေးရဲရွာမှာခြံဝန်းတွေ ခွဲဝေတာကိုသိရပြီးနောက် ငါ့မိဘနှစ်ပါးရဲ့ ဘေးကင်းရေးအတွက် ထာဝရကျေးရွာကို ပို့ချင်တဲ့ဆန္ဒဖြစ်မိတယ် ဒါပေမယ့်”

ထိုမျှဆိုလျင် ပါးနပ်တဲ့ ကျန်းယန် နားလည်သွားလေပြီ။ ထိုအကြီးကဲအမျိုးသမီးက သခင်လေးယန်ကို ခွင့်မတောင်းရဲသဖြင့် သူ့ထံအကူညီတောင်းနေခြင်းဖြစ်သည်။ ထိုအရာက ငါလည်းကူညီနိုင်တာမဟုတ်ဘူးလေ။ ရွာမှာ ခြံဝန်းအလွတ်တွေကျန်နေသေးပေမယ့် လူတိုင်းကိုလက်ခံတာမျိုးတော့ သခင်လေးယန်က မလုပ်လောက်ဘူး မဟုတ်လား။

(ဒါပေမယ့် တဖက်လူက သခင်လေးယန်နဲ့ ရင်းနီးတဲ့တေးသံသာဂိုဏ်းပဲ ပက်သက်မှုအရ တိုက်ရိုက်ပြောလို့ရရဲ့သားနဲ့)

ကျန်းယန်မသိတာက ချူလင်းယုတယောက် ဆရာဖြစ်သူ စုလဲ့ရဲ့စိတ်ကိုသိနေခဲ့ပြီး ယခုကိစ္စအား စုလဲ့သာသိပါက သခင်လေးယန်ကို အနှောင့်ယှက်ဖြစ်စေသည်ဟု ပြောကာ တိုက်ရိုက်ငြင်းပယ်လိမ့်မည် ဖြစ်သည်။

(ငါငြင်းလိုက်ရင်လည်း မကောင်းပြန်ဘူး)

ကျန်းယန်တယောက် အတန်ကြာတုန့်ဆိုင်းပြီးနောက် ဖြေးလေးစွာ တုန့်ပြန်လိုက်သည်။

“ခြံဝန်းအတွက် သခင်လေးယန်မှာ ဘယ်လိုစည်းမျဥ်းတွေရှိမလဲ ကျတော်မသိပါဘူး အကြီးကဲတို့ဂိုဏ်းနဲ့ သခင်လေးကြားပက်သက်မှုအရ လက်ခံပေးလောက်မယ်လို့ ကျတော်ယုံကြည်ပါတယ် ကျတော်တတ်နိုင်တာတခုခုများ ရှိမလားတွေးရင်း အကြီးကဲကို စိတ်ကျေနပ်အောင် ကြံဆလိုက်ပါဦးမယ်”

ထိုစကားကိုသာ ပြောလိုက်ပြီးနောက် အနည်းငယ်စိတ်သက်သာရာ ရသွားသည်။ တဖက်သူက မိမိတို့ကိုစောင့်ရှောက်ရန် အကြီးကဲရာထူးကိုတောင် မငဲ့ကွက်ပဲ ရောက်လာခြင်းဖြစ်၍ မိမိတို့ဘက်မှ အကူညီလိုသည်ဖြစ်စေ မလိုသည်ဖြစ်စေ တဖက်မှစေတနာကိုတော့ သိတတ်ရန်လိုပေသည်။ ထို့ကြောင့် အကြီးကဲချူ၏ မိဘနှစ်ပါးအားခြံဝန်းတခုရရန် သူကြံဆ၍ စေတနာကိုတုန့်ပြန်မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ငါနားလည်ပါတယ် မင်းကိုဖိအားမပေးပါဘူး မင်းတတ်နိုင်တာကိုပဲ လုပ်ပါ ဒီရက်တွေအတွင်း မင်းတို့စိတ်ချလက်ချ နေနိုင်တယ်”

ထိုသို့ပြောပြီးနောက် ချူလင်းယုတယောက် နေရာမှရုတ်ချည်းပျောက်ကွယ်ကာ အခန်းထဲမှ ထွက်သွားတော့သည်။ ကျန်းယန်မှာမူ ညီမဖြစ်သူ၏ ဂိုဏ်းပက်သက်မှုအရဖြစ်စေ စေတနာအရဖြစ်စေ တခုခုလုပ်ပေးရမည်ဟု တွေးနေပြီး မည်ကဲ့သို့စီစဥ်ရမည်ကို စဥ်းစားခန်းဝင်မိတော့သည်။

ထိုအချိန် မြို့တော်အတွင်းမှာတော့ လူငယ်များက ပျော်ရွှင်စွာလှည့်ပတ်နေပြီး အချို့က ပစ္စည်းအနည်းငယ်ပင် ဝယ်ယူနေကြသည်။

“မြို့တော်ကိုရောက်တုန်း လည်ပတ်ထားကြဟေ့ သွားရလာရတာ ဝေးကဝေးနဲ့ နောက်တခေါက်ဆိုတာ မသေချာဘူး”

လူငယ်တဦးက ပြောလိုက်ပြီး ထိုစကားကိုကြားလျင် အခြားတဦးကလည်း ထောက်ခံသည်။

“ဟုတ်တယ် ဟုတ်တယ် ဒီတကြိမ်တော့ အဝ ပျော်ထားရမယ် နောက်ရက်တွေ ကုန်ပစ္စည်းတွေဝယ်မှာနဲ့ အလုပ်များတော့မှာ”

လူငယ်များက အပြန်အလှန်ပြောဆိုပြီးနောက် မြို့တော်အနှံ့ လည်ပတ်ကြတော့သည်။

………………………………………………

All Chapters