မြင်မြင်ချင်းအချစ်
Vol. 8 Ch. 78
နောက်တနေ့မှာတော့ ကျန်းယန်တို့အဖွဲ့၏ ပစ္စည်းဝယ်ယူရေး စတင်သည်။
အရင်ဆုံး ပရိဘောများဝယ်ယူရန် စတင်ရှာဖွေကြပြီး မြို့တော်၏ အဓိကလမ်းများသာမက လမ်းသွယ်များကိုပင် ဝင်ထွက်ကြပြီး ရွာအတွက် လိုအပ်သည်များကို ရွေးချယ်ဝယ်ယူကြသည်။
“ဒီစားပွဲနဲ့ထိုင်ခုံတွေယူမယ် နောက်ပြီး ဟိုဘက်က ဗီရိုကြီးကောပဲ”
လူငယ်များ၏ အားတက်သရောဝယ်ယူမှုက အခြားဆိုင်ရှင်များကို သတိထားမိသွားစေပြီး သူ့ထက်ငါ အပြိုင်ဆိုင်စျေးလျော့၍ ရောင်းရန် ဆွဲခေါ်ကြတော့သည်။
“နေကြပါဦးဗျ ဒီမှာရွေးနေတုန်းလေ”
စျေးရောင်းခြင်းက ထိုသို့ပင်။ ရွေးချယ်စရာများသည့် မြို့တော်ကြီး၌ ဆိုင်ခန်းများ များပြားပြီး ငွေကြေးတတ်နိုင်သည့် ပမာဏအပေါ်မူတည်၍ မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်သည်။
ကျန်းယန်တယောက် စိတ်အနှောင့်ယှက်ဖြစ်စွာဖြင့် ဆွဲခေါ်နေသည်ကိုရှောင်၍ အနီးရှိ ဆိုင်ခန်းတခုထဲ အလျင်မြန်ဝင်ရောက်လိုက်သည်။ ထိုဆိုင်ခန်းမှ အခြားဆေးခန်းများထက် သေးငယ်သော်လည်း ပစ္စည်းများက သူ့နေရာနဲ့သူ အစီစဥ်တကျရှိသောကြောင့် သပ်ရပ်သည်။
ဆိုင်အထဲ၌ သက်လတ်ပိုင်းအရွယ် လူကြီးတဦးနဲ့ အသက်၁၅နှစ်အရွယ် မိန်းမပျိုလေးတဦးတို့ရှိနေပြီး ဆိုင်ခန်းထောင့်တနေရာမှာတော့ အနည်းငယ်သန်မာပုံရသည့် လူငယ်တဦးက ထိုင်ရင်း ငိုက်မြည်းနေလေသည်။
ကျန်းယန်တယောက် ဆိုင်ခန်းထဲကိုဝင်လာသည်အားမြင်လျင် သက်လတ်ပိုင်းလူကြီးက ဆတ်ခနဲထရပ်ကာ ကျန်းယန်ဆီလျှောက်လာပြီး နှုတ်ဆက်လာသည်။
“သခင်လေး ဘာများအလိုရှိသလဲ စိတ်ကြိုက်လေ့လာလို့ ရပါတယ်”
ကျန်းယန်တယောက် ဝင်လက်စနဲ့တော့ မထူးဟုတွေးကာ အနည်းငယ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဆိုင်ခန်းအတွင်း၌ မျိုးစေ့များ အပင်ပေါက်များစွာရှိပြီး အချို့က ရှားပါးမျိုးစေ့များ ဖြစ်သည်ကို သတိထားမိသွားသည်။
(မျိုးစေ့အတော်စုံသားပဲ ဆိုင်ဝင်တာမှန်တယ်လို့ ပြောရမယ်)
ကျန်းယန်တယောက် အနည်းငယ်စိတ်ကျေနပ်သွားပြီး ခေါင်းညိတ်ပြလိုက်ကာ မျိုးစေ့များ အပင်ပေါက်များအား လေ့လာတော့သည်။ ထိုချိန် အခြားလူငယ်များကလည်း ဆိုင်အတွင်း ဝင်ရောက်လာကြပြီး ကျန်းယန်အား ကူညီ၍ စစ်ဆေးကြသည်။
အဓိက မျိုးစေ့များဖြစ်ပြီး ရွာရဲ့စိုက်ပျိုးရေးအတွက်သာမက နောင်၌ ပြန်လည်ရောင်းချ၍ ရနိုင်မည့် အပင်များဖြစ်ရန်လည်း လိုသေးသည်။ တနာရီနီးပါး စိတ်ကြိုက်လေ့လာပြီးချိန်မှာတော့ မျိုးစေ့များဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
“ဆိုင်ရှင်ကြီး ဒီဘက်က မျိုးစေ့အကုန်ယူမယ် ပြီးတော့ ဟိုဘက်ထောင့်က မျိုးစေ့နှစ်စုံကို ရနိုင်သမျှ အကုန်ယူမယ် ဒီစပါးမျိုးစေ့ကွဲတွေကိုလည်း ရှိသလောက်ထည့်ပေးပါ အကုန်ယူမယ်”
ကျန်းယန်က လျင်မြန်စွာပဲ ရွေးချယ်လိုက်ပြီး မျိုးစေ့များက လက်ခံနိုင်လောက်သည့် ပစ္စည်းကောင်းများ ဖြစ်နေ၍ မတုနိ့ဆိုင်းတော့ချေ။
“အကုန်လုံးယူမှာလား ကောင်းပါပြီ ကောင်းပါပြီ စီစဥ်ပေးပါ့မယ်”
သက်လတ်ပိုင်းလူကြီးလည်း ဝမ်းသာသွားပြီး ကျန်းယန်ရွေးထားသည့် မျိုးစေ့များထုတ်ပိုးရန် အိပ်ငိုက်နေသည့် လူငယ်အားလှုပ်နိုးကာ ခိုင်းစေပြီးနောက် ကုန်ကျငွေတွက်ရန်အတွက်ကိုမူ မိန်းမပျိုလေးအား လှမ်းခေါ်လိုက်သည်။
“သမီးရေ ဒီက သခင်လေးကို ဘယ်လောက်ကုန်ကျမလဲ တချက်တွက်ပေးလိုက်ပါဦး လျှော့စျေးအချို့လည်း စီစဥ်ပေးလိုက်ပါ”
ဖခင်ဖြစ်သူရဲ့စကားကိုကြားလျင် မိန်းမပျိုလေးက ချက်ချင်းပဲရောက်ရှိလာကာ ကျန်းယန်ယူထားသည့် ပစ္စည်းများအတွက် ကုန်ကျငွေများ တွက်ချက်တော့သည်။
“ဒါက ငွေစ ၁၂၇၀ ကျသင့်ကြီး စပါးမျိုးစေ့ကွဲတွေအတွက် လျှော့စျေး ဆယ်ရာခိုင်နှုန်းနဲ့ ၂၂၅၀ ကျသင့်ပါမယ် အကုန်လုံးပေါင်း ကျသင့်ငွေက ၃၅၂၀ပါ အတိကျဖြစ်အောင် ၃၅၀၀ ထားပေးပါ့မယ်”
ကျန်းယန်တယောက် ငွေပေးချေရန် ငွေစများထုတ်ယူနေချိန်မှာပဲ နုနယ်သည့် အသံလေးကြောင့် ဖျတ်ခနဲ အသံလာရာဘက်အား လှည့်ကြည့်လိုက်သည်။
ဖြူနုသည့်မျက်နှာလေးတခု ပြီးတော့ ဖြောင့်စင်းနေသည့် မျက်ခုံးလေးများနဲ့ ဝိုင်းစက်ကာ အရည်ရွှန်းနေသည့် သစ်သီးကဲ့သို့ မျက်လုံးအစုံတို့ဖြင့် မိန်းမပျိုလေးက ချစ်စရာကောင်းစွာ ဘေး၌ရပ်နေသည်အား တွေ့လိုက်ရသည်။
အရပ်မနိမ့်မမြင့်ဖြစ်ပြီး ဖွံ့ဖြိုးရန်လိုအပ်သေးသော်လည်း သွယ်လျတဲ့ ခန္ဓာကိုယ်လေးက ပြီးပြည့်စုံစွာရှိနေသည့် ပန်းပုကောက်ကြောင်းတခုနှယ် ပြီးပြည့်စုံနေလေသည်။
(လှလိုက်တာ..အဟွတ်.. ငါဘယ်လိုဖြစ်သွားတာလဲ)
အိမ်တော်ကြီးတခု၏ ပထမသခင်လေးအနေဖြင့် ကိစ္စများစွာကြုံဖူးပြီး လှပတဲ့မိန်းကလေးများစွာ မြင်ခဲ့သော်လည်း ထိုမိန်းမများအားလုံးပေါင်းခြင်းကတောင် လက်ရှိဘေး၌ ကျက်သရေရှိစွာ ရပ်နေသည့် ၁၅နှစ်အရွယ်မိန်းမပျိုလေးရဲ့ ခြေဖျားကိုပင် မမှီနိုင်ဟု ကျန်းယန်ထင်သည်။
ကျန်းယန်ရဲ့ မျက်လုံးအစုံက ကြယ်များအလား တလက်လက် ဖြစ်သွားကာ သေချာသည်က အနှီမိန်းမပျိုလေးကို အပြည့်အဝ စိတ်ဝင်စားမိသွားပြီ ဖြစ်သည်။ ထိုအရာက ပထမသခင်လေးကျန်းယန်၏ ပထမဆုံး ရင်ခုန်သံဖြစ်သည်။
“သခင်လေး စုစုပေါင်းကုန်ကျငွေ ၃၅၀၀ ပါ”
မိန်းမပျိုလေးက ကျန်းယန်မကြားလိုက်ဟု ထင်၍ ထပ်မံပြောလာချိန်မှာတော့ အငမ်းလွန်နေသည့် ကျန်းယန်တယောက် ရှက်ရမ်းရမ်းကာ ကို့ယို့ကားယား ဖြစ်သွားတော့သည်။ အတန်ကြာ ထိုသို့ဖြစ်ပြီးမှ တည်ငြိမ်ရန်ကြိုးစားထိန်းလိုက်ပြီး ဘေးမှလူငယ်များအား ဆိုင်မှလိုအပ်တာများ ရှိမရှိ မေးမြန်းလိုက်ပြီး လိုအပ်တာရှိပါက သူဝယ်ပေးမည်ဖြစ်ကြောင်း ပြောတော့သည်။
“အစ်ကိုကြီး တကယ်လား”
“အဲ့ဒါဆို ကျတော့်ခြံဝန်းအတွက် မျိုးစေ့အချို့ထပ်ယူမယ်နော် ဟဲဟဲ”
ထိုလူငယ်များက ကျန်းယန်နဲ့အတူ ကြီးပြင်းလာကြသူများဖြစ်၍ ကျန်းယန်အကြောင်း သိနေကြကာ ၎င်းတို့အစ်ကိုကြီး၏ မျက်နှာအမူရာအပြောင်းလဲများကိုလည်း အစအဆုံး ဖမ်းယူနိုင်လေသည်။
“ကျတော် ဒီမျိုးစေ့နဲ့အပင်ပေါက်တွေကို စာရင်းအတိုင်း နောက်တဆထပ်ယူမယ်”
“စာရင်းအတိုင်း နောက်တဆ ဟုတ်လား”
မိန်းမပျိုလေးက သူမရဲ့လှပဝိုင်းစက်နေသည့် မျက်လုံးအစုံ အနည်းငယ်ပြူးကျယ်သွားကာ မယုံနိုင်ဟန်ဖြင့် ကျန်းယန်အား ပြန်မေးလာသည်။
“ဟုတ်ပါတယ် နောက်တဆပါ ပစ္စည်းမရှိတော့လို့လား”
“အဲ့ဒါက..”
သူမက အနည်းငယ်တုန့်ဆိုင်းသွားချိန်၌ မူလက ကျန်းယန်တို့အတွက် ပစ္စည်းများထုတ်ပိုးနေသည့် သက်လတ်ပိုင်းလူကြီးလည်း အနားရောက်လာကာ ကျန်းယန်စကားကို ကြားချိန်မှာတော့ ပစ္စည်းများကုန်သွားပြီဖြစ်၍ ထပ်မံလိုအပ်ပါက ရက်အနည်းငယ်စောင့်ရမည် ဖြစ်ကြောင်း အသိပေးလာသည်။ ထိုအခွင့်ရေးကို ကျန်းယန်က စောင့်နေခြင်းဖြစ်သည်။ မူလက ပစ္စည်းများဝယ်ယူခြင်းပြီးဆုံးပါက ရွာပြန်ရမည်ဖြစ်ပြီး ယခု ပစ္စည်းအချို့စောင့်ဆိုင်းရမည်ကို အခွင့်ကောင်းယူကာ သူမလေးအား ပိုးပန်းရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
“ရပါတယ် ရက်နည်းနည်းဆိုတော့လည်း စောင့်ရတာပေါ့ ပစ္စည်းကိုသာ စာရင်းအတိကျနဲ့ ရရင်အဆင်ပြေပါပြီ”
ဘေးမှ လူငယ်များက အချင်းချင်း လက်ကုတ်ကာ ကျိတ်၍ ရယ်ချင်ဟန်ကို ကြိုးစားထိန်းနေကြပြီး အစ်ကိုကြီးဖြစ်သူ၏ မိန်းမပိုးပန်းမှုမှာ ရယ်စရာကောင်းသည်ဟုလည်း ခံစားနေကြရသည်။
ကျန်းယန်က ထိုကောင်များကို ခက်ထန်သည့်အကြည့်ဖြင့် တချက်လှည့်ကြည့်လိုက်သည်။ သကောင့်သားများက အနည်းငယ်တော့ အလိုက်ကန်းဆိုးမသိကြဟု သူခံစားနေရသည်။
“ကောင်းပါပြီ ဒါဆို ရက်အနည်းငယ်အတွင်း စီမံပေးပါမယ် ဒါနဲ့ ဒီရက်ပိုင်းအတွင်း သခင်လေးက မြို့တော်ထဲမှာရှိနေမလား ဒါမှမဟုတ် သခင်လေးရဲ့နေရာကို ပို့ပေးရမလား”
သက်လတ်ပိုင်းလူကြီးက မေးလာသည်။ ကျန်းယန်က
“ကျတော့်ကို ကျန်းယန်လို့ပဲခေါ်ပါ ရပါတယ် ပစ္စည်းအတွက်ကိုတော့ ကျတော်မြို့ထဲမှာတည်းရင်း စောင့်ယူလိုက်မယ် ရက်တော့သိပ်မကြာဘူး မဟုတ်လား”
“မကြာပါဘူး မကြာပါဘူး”
သက်လတ်ပိုင်းလူကြီးက ထိုသို့ပြောပြီးနောက် ပစ္စည်းများရှာဖွေရန် မိတ်ဆွေများနှင့် အခြားဆိုင်ခန်းအချို့ဆီ ကူးသွားပြီး မိန်းမပျိုလေးကမူ ကုန်ကျစရိတ်စုစုပေါင်းအား ထပ်မံတွက်ချက်ရတော့သည်။ ထိုဖြစ်စဥ်တလျှောက်လုံး ကျန်းယန်တယောက် သူမကိုသာ ငေးကြည့်နေခဲ့ပြီး သူ့ပုံစံမှာ အမှန်တကယ် စွဲလန်းသွားပုံရလေသည်။
……………………………………………….