← Chapters

ထူးခြားဖြစ်စဥ်များ

Vol. 8 Ch. 79

ထူးခြားဖြစ်စဥ်များ

Vol. 8 Ch. 79

ယန်ချန်ရဲ့နေ့ရက်များက ရိုးရှင်းစွာပဲ ကုန်လွန်နေခဲ့သည်။ ကျန်းဝမ်လီ ကျန်းထန်တို့ ဦးဆောင်မှုဖြင့် ရွာလမ်းများကို စနစ်တကျခင်းပြီးနောက် သားရဲကပ်ဘေးလှုပ်ခတ်မှုက သိသိသာသာ တိုးလာသည်။

သို့သော်လည်း ခြေနေများက ကျင်းတိုင်းပြည် မင်တိုင်းပြည်နဲ့ အခြားတိုင်းပြည်များ၏ အစွန်ဖျားများတွင်သာဖြစ်ပြီး တိုင်းပြည်၏ မည်သည့်ကျင့်ကြံရေးအင်အားစုမှ စတင်မလှုပ်ရှားကြသေးချေ။ ထိုအချက်က သားရဲကပ်ဘေး၏ အဓိကနောက်ကွယ်မှ အကြောင်းရင်းကို ရှာဖွေလိုကြခြင်းကြောင့် ဖြစ်သည်။

“မကြာသေးခင်က ရွာအချို့ဖျက်စီးခံလိုက်ရတယ်လို့ ကြားတယ် သတင်းတွေအရ သားရဲတွေက စိတ်ဖောက်ပြန်သလိုဖြစ်ပြီး မဲမဲမြင်ရာ အပြင်းထန်တိုက်ခိုက်ကြတဲ့ လက္ခဏာတွေ ရှိနေကြတယ်”

ကျန်းထန်က ပြင်ပမှအခြေနေများကို ပြောပြနေခြင်းဖြစ်သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ကျန်းယန်ပြန်လာပြီးနောက် သူ့ရဲ့သားဖြစ်သူမှာ ပြင်ပသတင်းများစွာကို သယ်ဆောင်လာခဲ့ပြီး အပြောင်းလဲများကိုလည်း ယန်ချန်တို့ကြားသိခဲ့ရသည်။

ကျင်းလုံ စုလဲ့ တို့တံခါးပိတ်ကျင့်ကြံခြင်း အပါဝင် အင်အားစုအသီးသီးက သားရဲကပ်ဘေးနောက်တကြိမ် ထပ်မဖြစ်စေဖို့ ယခုတကြိမ်ကိုအမြစ်မှ အပြတ်ရှင်းလိုသည့် ဆန္ဒဖြင့် အင်အားများကျိတ်၍ စုဆောင်းနေကြသည်။ ဟုတ်ပေသည် ကပ်ဘေးများက လူသယးလောက၏ တိုးတက်မှုကို အဓိကဆုတ်ယုတ်စေသည့် အကြောင်းတရားများ မဟုတ်လော။

“အင်း.. ကျုပ်တို့လည်း ရွာရဲ့အကာကွယ်ကိစ္စကို အလေးနက်ထားရတော့မယ်”

ယန်ချန်တယောက် အလေးနက်တွေးနေခဲ့ပြီး ထာဝရကျေးရွာအနေဖြင့် သားရဲကပ်ဘေးကို သေချာပေါက်ကြုံရမည်ဖြစ်သည်။ သူသာဆန္ဒရှိပါက အင်အားစုများ၏ အကာကွယ်ကို ယူ၍ရနိုင်သော်လည်း သူ့အနေဖြင့် ထိုသို့အတွေးမရှိချေ။ လူတိုင်း၌ ကာကွယ်ပေးရမည့် လူရှိသည်မဟုတ်လား။

“စိတ်ချပါသခင်လေး လူငယ်အဖွဲ့တွေကို တိုက်ခိုက်ရေးနည်းလမ်းတွေ သခင်လေးသင်ကြားပြီးတဲ့နောက် ရွာအတွက် အတော်လေး အထောက်ကူဖြစ်နေပါပြီ ရွာလုံခြုံရေးအတွက် စိတ်ချလို့ရပါတယ်”

ကျန်းဝမ်လီက ထိုသို့ပြောလိုက်ပြီး ရွာရှိလူများ၏ တိုးတက်မှုများနဲ့ ရွာစီမံကိန်းများအကြောင်း ဆက်လက်ရှင်းပြသည်။ မကြာသေးမီက ဝယ်ယူထားသည့် မျိုးစေ့များ မွေးမြူရေးအကောင်များ ခွဲဝေပြီးနောက် ခြံဝန်းများ သီးသန့်ရပ်တည်မှုမှာ အခြေကျသွားခဲ့သည်။

ထို့ကြောင့် ရွာအတွက်လိုအပ်သည့် ကာကွယ်ရေးအဖွဲ့စည်းနှင့် ရံပုံငွေများပြဿနာမှာ စိုးရိမ်စရာမလိုတော့ပေ။ ယန်ချန်က ခေါင်းညိတ်ပြလိုက်သည်။ ယခင်က ရှုယင်တိူ့သားအမိနှင့် သူသာရှိသည့် ပျင်းခြောက်ခြောက်ရွာလေးမှ ခြံဝန်းသုံးဆယ်ကျော်၌ လူများရောက်ရှိလာခြင်းက ရွာကိုသက်ဝင်လှုပ်ရှားစေပြီး တကယ့်သေမျိုးဘဝကို ခံစားနေရသည်ဟု ယန်ချန်တွေးမိသည်။ စနစ်ကထိုသို့ဖြစ်စေလိုသလား သူမသိပေ။

“ဒါနဲ့ အစ်ကိုတော်ကျန်းယန်ရဲ့ မင်္ဂလာဆောင်က ဘယ်တော့ဖြစ်မလဲ”

ယန်ချန်က ပြုံးစစဖြင့်မေးသည်။ ပြည်နယ်မြို့တော်မှပြန်လာပြီးနောက် ကျန်းယန်ရဲ့ခြေလှမ်းများက သိသာစွာပဲ မူပျက်နေခဲ့ကာ မိဘများမေးချိန်မှာတော့ အကြောင်းစုံသိသွားခဲ့ကြပြီး ၎င်းတို့သားဖြစ်သူ၏ အိမ်ထောင်ရေးနဲ့ပက်သက်၍ ယန်ချန်နဲ့ ဆွေးနွေးခဲ့ကြသေးသည် မဟုတ်လား။

“တဖက်က အကျိုးကြောင်းတုန့်ပြန်တာကို စောင့်ရဦးမှာပါ ကျုပ်တို့ယောက်ျားလေးရှင်ဘက်က ဖိအားပေးလို့ မသင့်တော်ဘူးလေ”

ကျန်းထန်က ထိုသို့ပြောလိုက်ပြီးနောက် လက်ဖက်ရည်တငုံအား ဖြေးညင်းစွာသောက်လိုက်သည်။ သားဖြစ်သူ၏ အိမ်ထောင်ရေးအတွက် နှစ်ဖက်မိဘများတွေ့ဆုံမည့်ကိစ္စအား မကြာခင်စီစဥ်ရမည်ဟုလည်း သူတွေးထားသည်။ လက်ရှိပြင်ပအခြေနေများက အန္တရာယ်များနေပြီ မဟုတ်လော။

“ဦးလေးထန်တို့မှာ အစီစဥ်ရှိပြီးသားမဟုတ်လား စိတ်ထဲရှိတာကို ကောင်းသလိုစီစဥ်ကြပါ ရွာအတွက်လည်း မင်္ဂလာရှိအောင် ရွာမှာပဲ ပွဲလုပ်ကြတာပေါ့”

ယန်ချန်က ထိုအတွက် စဥ်းစားထားပြီးသား။ ပထမဆုံးအနေဖြင့် ရွာရဲ့ကျက်သရေကိုတိုးမြင့်ရန် မင်္ဂလာရှိသည့် ပွဲတခုပြုလုပ်ခြင်းက အကောင်းဆုံးနည်းလမ်းပင်။

“ရွာရဲ့ထွက်ကုန်တွေကို ဘယ်တော့ရောင်းချကြမလဲ သခင်လေး”

ကျန်းဝမ်လီက မေးလာသည်။ ယန်ချန်က လက်ကာပြလိုက်ပြီး

“လောစရာမလိုသေးပါဘူး သားရဲကပ်ဘေးက အရမ်းနီးနေပြီ အခုချိန်မှာစီးပွားရေးလုပ်တာက အန္တရာယ်များတယ်”

ယန်ချန့်စကားကြားတော့ ကျန်းဝမ်လီတို့လည်း ကျိတ်၍ထောက်ခံလိုက်သည်။ ရက်အနည်းငယ်တွင်း တည်ငြိမ်နေသည့် လူသားလောကမှာ အပြင်းထန်လှုပ်ခတ်တော့မည်ကို ခံစားနေရသည်မှာ အသေချာပင်။

တောင်ကုန်းလေးတခုပေါ်မှာတော့ မင်ဝမ်တယောက် လက်ဖက်ရည်ကြမ်းကို အရသာခံသောက်ရင်း တစုံတခုအား အလေးနက်တွေးနေခဲ့သည်။ မြေးဖြစ်သူ၏ တံခါးပိတ်ကျင့်ကြံခြင်းအား ကာကွယ်ရင်း လူသားလောက၏ အပြောင်းလဲများအား အာရုံခံမိသည့်အတွက် မကြာမီ ပြင်းထန်လာတော့မည် အခြေနေများကိုတွေးနေခြင်း ဖြစ်သည်။

ထိုစဥ် ကျင့်ကြံရေးလှိုဏ်ဂူအတွင်းမှ ရောင်စုံအလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ထိ တိုးဖောက်သွားသည်။ အလင်းရောင်များက စူးရှတောက်ပနေပြီး အမျိုးအမည်မသိ ဖိအားတချို့ပါဝင်နေသည်။ မင်ဝမ်တယောက် မှင်သက်နေသည့် မျက်လုံးအစုံဖြင့် လှိုဏ်ဂူဘက် ကြည့်နေစဥ်မှာပဲ မြေပြင်တခုလုံး ကြမ်းကြမ်းတမ်းတမ်း လှုပ်ယမ်းသွားကာ ကျယ်လောင်ပြင်းထန်တဲ့ အော်သံကြီးတခု ထွက်ပေါ်လာတော့သည်။

“ဘာဖြစ်တာလဲ ရှန်းအားအဆင့်တက်လို့ ဖြစ်တဲ့လက္ခဏာလား”

“မဖြစ်နိုင်ဘူး..ဘယ်လိုလူက မဟာယာနအဆင့်ကို တက်တဲ့အချိန်မှာ ဒီလောက်ပြင်းထန်လို့လဲ”

ထိုကဲ့သို့ဖြစ်စဥ်မျိုး မှတ်တမ်းများ၌ပင် သူမတွေ့ဖူးချေ။ ထိုသို့ဆိုလျင် ထျန်းဟွမ်လောကကြီးရဲ့ အပြောင်းလဲစတင်ခြင်းလား။ မင်ဝမ်ရဲ့မျက်လုံးအစုံက လေးနက်သွားသည်။ ပြီးနောက် အတန်ကြာတည်ငြိမ်နေရာမှ ဆတ်ခနဲထရပ်ကာ တောင်ကုန်းပေါ်မှ ပျောက်ကွယ်သွားတော့သည်။

ထိုဖြစ်စဥ်ကို ထျန်းဟွမ်တိုက်ကြီးတခုလုံး ကြုံခဲ့ရခြင်းဖြစ်ပြီး ထိပ်သီးကျင့်ကြံသူများမှာ မသိစိတ်ကပင် စိုးရိမ်သွားကြလေသည်။ မည်သို့သော်အဖြစ်ပျက်ကြီးတခု ကျရောက်တော့မည်နည်း။

အလယ်ပိုင်းကုန်းမြေ ရှောင်မိသားစုခြံဝန်း..

ရှောင်မိသားစု ဘိုးဘေးတယောက် ထူးခြားဖြစ်စဥ်များ သတိပြုမိကာ မျက်မှောက်ကြုတ်သွားရသည်။ တစုံတရာ၏ စေ့ဆော်မှုကြောင့် လေးနက်မှုကို ခံစားနေရပြီး မကောင်းသည့်အရာတခု ချဥ်းကပ်လာသည်ကို ခံစားမိနေလေသည်။

“အလယ်ကုန်းမြေတခုလုံးက အင်အားစုတွေအကုန်လုံးဆီ အကြောင်းကြားလိုက်ကြ ဒီနေ့ကစပြီး အရပ်လေးမျက်နှာက ကုန်းမြေလေးခုကို စောင့်ကြပ်တဲ့ကိစ္စကို တင်းကြပ်ကြ”

ရှောင်ဘိုးဘေး၏ ကျယ်လောင်တဲ့အသံက ရှောင်အိမ်တော်တခုလုံး ရိုက်ခတ်သွားကာ ချက်ချင်းပင် ရှောင်မိသားစုဝင်များမှာ စတင်လှုပ်ရှားလာကြတော့သည်။ သေချာသည်က ထူးခြားဖြစ်စဥ်ရဲ့နောက်ကွယ်ကို သူတို့စုံစမ်းတော့မည်ဖြစ်ပြီး အလယ်ပိုင်းကုန်းမြေကို ထိခိုက်နိုင်ချေရှိပါက ပြင်းပြင်းထန်ထန် ကိုင်တွယ်မည်ဖြစ်သည်။

ထိုအဖြစ်ပျက်က အရှေ့ အနောက် တောင် မြောက် ကုန်းမြေလေးခုမှ ကျင့်ကြံသူများမှာလည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး တည်ငြိမိနေသည့် တခုတည်းသောနေရာက အမှောင်ကုန်းမြေတခုသာ ကျန်ရစ်တော့သည်။

အမှောင်ကုန်းမြေဆိုသည်ကား အလယ်ပိုင်းကုန်မြေနဲ့ တောင်ပိုင်းကြားတွင် တည်ရှိပြီး မကောင်းဆိုးဝါးသားရဲများ ကျက်စားသည်ဟု အမည်ကြီးကာ တော်ရုံထိပ်သီးကျင့်ကြံသူများပင် မဝင်ရောကိရဲသည့်နေရာဖြစ်ပြီး ထူးခြားဖြစ်စဥ်၌ ထူးထူးခြားခြား တည်ငြိမ်နေပေသည်။

“ဒါက ငါတို့အစီစဥ်ကို မကြာခင်စရတော့မယ် နိမိတ်ပဲ အခုဧကရီက တံခါးပိတ်ကျင့်ကြံနေတယ် ဟမ့် ငါ့အထင်တော့ ဒဏ်ရာတွေကျိတ်ကုနေတာပဲ ဖြစ်မယ်”

အမတ်လျှိုက ပြောသည်။ ထိုစကားကို အခြားအမတ်တဦးကလည်း

“ဘာပဲဖြစ်ဖြစ် ကျုပ်တို့စောင့်နေတာ နှစ်မနည်းတော့ဘူးမဟုတ်လား ဒီတခေါက်အခွင့်ရေးကို အမိအရ ဖမ်းဆုပ်ဖို့လိုတယ်”

ခန်းမထဲရှိ လူများက ထိုအချက်ကိုထောက်ခံကြပြီး သူတို့အတွေး၌ အိုမင်းနေသည့် မင်ဝမ်ကိုသာ ထိန်းချုပ်နိုင်ပါက ဒဏ်ရာအပြင်းထန်ရထားသည့် မင်ယုရှန်းဆိုသည်ကား ခြံထဲက ကြက်တကောင်သာသာ ဖြစ်သည်။

“ကောင်းပြီ မင်းရဲ့အလယ်ကုန်းမြေက မိတ်ဆွေကြီးတွေ ဘယ်တော့လောက်ရောက်မလဲ”

အမတ်ကုန်းစွန်းက စစ်သူကြီးတဦးဘက် လှည့်၍ မေးလိုက်သည်။ ထိုစစ်သူကြီးက မထိတထိဟန်ဖြင့်ပြုံးလိုက်ပြီး တုန့်ပြန်သည်။

“သိပ်မကြာတော့ပါဘူး အရင်က အလယ်ကုန်းမြေကလူတွေ အခြားကုန်းမြေတွေကို လာရောက်ခွင့်မရှိပေမယ့် ထူးခြားဖြစ်စဥ်ကို အကြောင်းပြပြီး ထွက်လာနေကြပြီ စိတ်ချပါအမတ်ကြီး ကျုပ်ရဲ့အကူညီက အလယ်ကုန်းမြေမှာတောင် ထိပ်တန်းအဆင့်ဝင်တဲ့ ချင်မိသားစုပါ”

အကုန်လုံးက ချင်မိသားစုအကြောင်းသိထားကြ၍ စိတ်ကျေနပ်သွားကြသည်။ ချင်မိသားစုမှာ ရှောင်မိသားစုနဲ့အပြိုင် အင်အားကြီးမိသားစုဖြစ်ပြီး ချင်မိသားစု၏ဘိုးဘေးမှာ သူတော်စင်တဝက်အဆင့် ဖြစ်ပြီး ရှောင်ဘိုးဘေးနဲ့ အဆင့်တူဖြစ်သည်။

“ဟားးးဟားးကောင်းတယ် သိပ်ကောင်းတယ် ချင်မိသားစုဘိုးဘေးကိုယ်တိုင်တောင် လာစရာမလိုပါဘူး ချင်မိသားစုက မဟာယာနအဆင့်ပညာရှင်တဦးလာရင်ကိုပဲ ကျုပ်တို့အစီစဥ်အောင်မြင်ပြီ”

အမတ်လျှို၏ အားရဝမ်းသာရယ်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာကာ အောင်မြင်မှုက သူတို့နဲ့မဝေးတော့ကြောင်း ခံစားမိကာ ကျေနပ်နေကြလေသည်။

All Chapters