← Chapters

မဟာယာနအဆင့်များ ထွက်ပေါ်လာခြင်း

Vol. 8 Ch. 80

မဟာယာနအဆင့်များ ထွက်ပေါ်လာခြင်း

Vol. 8 Ch. 80

ယနေ့တေးသံသာဂိုဏ်း၌ ထူးခြားစွာဖြင့် တိတ်ဆိတ်နေသည်။ တောင်ထွဋ်သခင်များ အကြီးကဲများမှာလည်း ကိုယ်စီတာဝန်များကြောင့် အများစုမှာ ပြင်ပရောက်နေကြပြီး ဂိုဏ်းအတွင်းမှာတော့ အဆင့်နိမ့်တပည့်များနှင့် မကြာသေးမီက ကျန်းယန်ကို ကာကွယ်ပေးရန်တာဝန်ယူထားခဲ့သည် ချူလင်းယု လီဖူယွဲ့တိုသာကျန်ရစ်ခဲ့ကာ ချင်ဖုန်းမှာတော့ လွန်ခဲ့သည့်ရက်အနည်းငယ်ကပင် ထာဝရကျေးရွာရှိ ကျန်းဝမ်လီထံ ထွက်သွားခဲ့သည်။

“ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံနေတာ အတော်ကြာပြီ ပြင်ပလှုပ်ရှားမှုတွေကလည်း ခက်စိတ်စိတ်ဖြစ်လာတယ်”

ချူလင်းယုက စိတ်ရှုပ်ထွေးစွာဖြင့် ပြောဆိုလာသည်။ ရက်အနည်းငယ်အတွင်း၌ သားရဲများနဲ့ ဂိုဏ်းမှတပည့်များ ရင်ဆိုင်တိုက်ပွဲများ ဆက်တိုက်ဖြစ်လာခဲ့ကာ မကြာသေးခင်ကဆိုလျင် ပြည်နယ်အဆင့်မြို့တော်ကြီးများ၌ပါ သားရဲလှုပ်ရှားမှုအနည်းငယ်ကို အင်အားစုများ စတင်သတိပြုမိလာသည်။

ထိုသားရဲများ မည်ကဲ့သို့ ထိုးဖောက်လာကြသနည်း။ ထိုအရာအတွက် အဖြေမရှိပေ။ သားရဲများမှာ လူသားကျင့်ကြံသူများနဲ့ မတူညီသောကြောင့် သွေးဝိဉာဥ်ကျင့်ကြံသူများကဲ့သို့ ပြုလုပ်ရန်မလွယ်ကူပေ။

“ဟုတ်တယ် ကပ်ဘေးက ငါတို့ထင်ထားတာထက်ပိုစောနေတယ်လို့ ငါလည်းခံစားမိတယ်”

လီဖူယွဲ့စကားဆုံးတော့ ချူလင်းယုက ပြန်ပြောသည်။

“ကပ်ဘေးကိုငါတို့ထိန်းချုပ်နိုင်မယ်လို့ ထင်လား”

လီဖူယွဲ့မှ ခေါင်းယမ်းပြလိုက်သည်။ သူမဆီ၌ အဖြေမရှိပေ။ လတ်တလော အင်အားစုအသီးသီးမှ ထိပ်တန်းကျင့်ကြံသူများ တံခါးပိတ်ကျင့်စဥ်ဝင်နေကြသဖြင့် ထိုသူများ၏တိုးတက်မှုအနေထားကို သိမှသာ ကပ်ဘေးအား ကိုင်တွယ်နိုင်ခြင်းရှိမရှိ တွက်ဆနိုင်မည်ဖြစ်သည်။

ထိုစဥ် သတင်းကျောက်စိမ်းက လင်းလာပြီး ပြင်ပအကြီးကဲတဦးထံမှ သတင်းစကားတခုရောက်လာသည်။ လီဖူယွဲ့တယောက် ကျောက်စိမ်းပြားမှသတင်းစကားအား နားထောင်လိုက်သည်။ အတန်ကြာလျင် မျက်နှာပျက်သွားပြီး ဆတ်ခနဲထရပ်လိုက်သည်။ လီဖူယွဲ့၏ မူမမှန်သည့် အပြူမူကိုမြင်လျင် ချူလင်းယုက

“ဘာဖြစ်တာလဲ သတင်းစကားကဘာလဲ”

လီဖူယွဲ့၏ တည်တင်းနေသည့်မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးမှု အံ့သြထိတ်လန့်မှုတို့ ဖုံးလွှမ်းနေပြီး အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေသည်။

“ကျင်းစီရင်စုထဲမှာ လေဟာနယ်အက်ကြောင်းတခု ထွက်ပေါ်လာတယ်”

“လေဟာနယ်အက်ကြောင်း ဟုတ်လား နင်ဘာကိုပြောချင်တာလဲ”

ချူလင်းယုက ရုတ်တရက်နားမလည်သေး။ အတော်ကြာအောင် အပြန်ပြန်အလှန်လှန်စဥ်းစားရင်းမှ တစုံတခုအား တွေးမိသွားကာ သူမသည်လည်း ထိတ်လန့်တကြား မတ်တပ်ထရပ်မိတော့သည်။

“လေဟာနယ်အက်ကြောင်း သားရဲများထိုးဖောက်မှု..”

ကျင်းစီရင်စုအတွင်းမှာတော့ ရုတ်တရက်ပေါ်လာသည့် အက်ကြောင်းကြီးကြောင့် သေမျိုးများထိတ်လန့်သွားကာ စီရင်စုမှထွက်ခွာရန်ကြိုးစားကြတော့သည်။ အက်ကြောင်းထဲမှ မည်သည့်အရာမှ ထွက်မလာသေးသော်လည်း အေးစက်နေသည့်လေထုက အက်ကြောင်းမှတဆင့် စီရင်စုအတွင်းသက်ရောက်နေပြီး အက်ကြောင်းအတွင်းကြည့်လိုက်လျင် မဲမှောင်နေသည့် ပြင်ဘက်အခြမ်းကိုသာ တွေ့နေရသည်။ ထိုကဲ့သို့ မည်သည့်အရာမှန်း မသိရခြင်းက လူများကိုပို၍ထိတ်လန့်စေသည်။

တေးသံသာဂိုဏ်းမှအကြီးကဲအချို့နဲ့ တပည့်များမှာ အက်ကြောင်းနဲ့အနီးဆုံးနေရာ၌ နေရာယူထားကြပြီး အချို့က ထိခိုက်မှုနဲ့ မတော်တဆ တစုံတရာမဖြစ်ပေါ်စေရန် အခြားသူများအား စီရင်စုထဲမှ ထွက်ခွာစေသည်။ သူတို့လည်း အက်ကြောင်းထဲမှ မည်သည့်အရာ ထွက်ပေါ်လာမည်မှန်း မခန့်မှန်းနိုင်ကြပေ။ သေချာသည်က မကောင်းတဲ့အရာတခုခုသာ ဖြစ်ဖို့များသည်။

ချူလင်းယုနဲ့ လီဖူယွဲ့တို့ ရောက်သွားချိန်မှာတော့ စီရင်စုတခုလုံး၌ တေးသံသာဂိုဏ်းမှ ကျင့်ကြံသူများသာကျန်ရစ်ခဲ့ကြပြီး အနည်းငယ်သတ္တိကောင်းသည့် တကိုယ်တော်ကျင့်ကြံသူများကလည်း အခြေနေကို တိတ်တဆိတ်စောင့်ကြည့်နေကြလေသည်။

လီဖူယွဲ့က အကြီးကဲတဦးထံ လှမ်းမေးသည်။

“ဘာထူးခြားသေးလဲ”

အကြီးကဲက ပြန်ဖြေသည်။

“အခုထိတော့ မထူးခြားသေးဘူး”

လီဖူယွဲ့၏အကြည့်က လေအေးများအဆက်မပြတ် တိုက်ခတ်နေသည့် အက်ကြောင်းအတွင်းအမှောင်ထုအားကြည့်ရင်း အနည်းငယ်စိတ်ဖိစီးနေခဲ့ကာ မမြင်ရသည့် လက်တစုံက ထျန်းဟွမ်လောကကြီးအား လှုပ်ခါတော့မည့်နှယ် ခံစားနေရလေသည်။

“အခြေနေမကောင်းဘူးလို့ ငါခံစားနေရတယ်”

ချူလင်းယုကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။ သူမသည်လည်း လက်ရှိခံစားမှုအရ ပြင်းထန်သည့် အရာတခုဖြစ်ပေါ်တော့မည်မှန်း ခံစားနေရသည်မဟုတ်လား။

ထိုစဥ် သားရဲဝိဉာဥ်တောအုပ်အတွင်းမှ ထူးခြားသည့်သားရဲများ စတင်ထွက်ပေါ်လာသည်။ ထိုသားရဲများက မူလတောအုပ်ထဲမှ သားရဲများ တောကောင်များကို စတင်တိုက်ခိုက်လာကြပြီး အခြေနေက မျက်စိတမှိတ်အတွင်းမှာပင် စတင်ပြင်းထန်လာတော့သည်။

ယန်ချန်ရဲ့ခြံဝန်းထဲမှာတော့ ပျင်းရိစွာလှဲလျောင်းနေသည့် ယန်ပိုင်က ထူးခြားသည့်ခံစားမှုကြောင့် ဆတ်ခနဲ မျက်လုံးပွင့်လာကာ တောအုပ်ဘက်အား ကြည့်လိုက်သည်။ ကျန်းဝမ်လီ တောဝက်အိုကြီးနှင့် ကျန်းရင်ရင်တို့သည်လည်း တစုံတရာအား ခံစားမိသွားဟန်တူသည်။ ချက်ချင်းပဲ ခြံဝန်းကိုယ်စီမှ ထွက်ကာ တောအုပ်ဘက်အားစူးစိုက်ကြည့်နေတော့သည်။

“ဘာဖြစ်လို့လဲ”

ယန်ချန်က သတိအပြည့်ဖြစ်နေသည့် ခြံဝန်းထဲမှ တိရိစ္ဆာန်များကိုကြည့်၍ နားမလည်ဟန်ဖြင့် မေးသည်။ ထိုစဥ် ကျန်းဝမ်လီတယောက် ခြံဝန်းထဲရောက်ရှိလာသည်။ ယန်ချန့်ရဲ့အမေးကို ယန်ပိုင်ကမည်သို့မှ မတုန့်ပြန်ချေ။ တိတ်တဆိတ်သာ တောအုပ်အတွင်းဆက်၍ ကြည့်နေလေသည်။ ခြံဝန်းထဲဝင်လာသည့် ကျန်းဝမ်လီက

“သခင်လေးယန် တောအုပ်ဘက်မှ ထူးခြားတာ တခုခုဖြစ်နေတယ် ကျုပ်တို့ရွာကာကွယ်ရေး စထားရမလား”

ကျန်းဝမ်လီရဲ့စကားကြားတော့ ယန်ပိုင်နဲ့ ခြံထဲမှ တောကောင်များ၏ တင်းမာနေသည့် အခြေနေကို ဆက်စပ်မိကာ သားရဲကပ်ဘေးစတင်လာတော့မည်ကို တွေးမိ၍ ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ လိုအပ်တဲ့အကာကွယ်ကိစ္စတွေအကုန် စထားလိုက်ပါ”

ကျန်းဝမ်လီတယောက် ခြံဝန်းထဲမှ ပြန်လည်ထွက်ခွာသွားကာ ရွာကာကွယ်ရေးအစီစဥ်များ စတင်ရန် ကျန်းရင်ရင်နဲ့ လူငယ်များကို စုရုံးစေသည်။ အခြေနေက တင်းမာနေသည်။

ထိုစဥ် တေးသံသာဂိုဏ်း၏ ပင်မတောင်ထွဋ်ဆီမှ ရွှေရောင်အလင်းတန်းတခု ဖြာထွက်လာပြီး အလင်းတန်းက မိနစ်အနည်းငယ်ကြာ ပတ်ဝန်းကျင်ကို လွှမ်းခြုံပြီးနောက် ပျောက်ကွယ်သွားသည်။

“နောက်ဆုံးတော့ မဟာယာနအဆင့်ကို ရောက်ခဲ့ပြီ”

စုလဲ့က သူမရဲ့လက်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်လိုက်ပြီးနောက် အဆများစွာတိုးတက်လာသည့် ခွန်အားကိုစစ်ဆေးနေလေသည်။ သူမ၏မျက်လုံးထဲမှာလည်း လျှပ်စီးများတဖျတ်ဖျတ်လက်နေခဲ့ပြီး တကိုယ်လုံးရှိ သေးငယ်တဲ့အစိတ်ပိုင်းလေး၌ပင် လောကကြီးအားဖျက်စီးနိုင်သည့် ခွန်အားများကိန်းအောင်းနေသည့်နှယ် ခံစားနေရသည်။

“ဒါက မဟာယာနအဆင့်ရဲ့ ခွန်အားလား အရမ်းကြောက်ဖို့ကောင်းတယ်”

အဆင့်တိုးတက်မှုရဲ့ခွန်အားအသစ်အား အချိန်အနည်းငယ် စစ်ဆေးပြီးနောက် ပြင်ပအခြေနေများကို သတိရသွားကာ ချက်ချင်းပဲ ကျင့်ကြံရေးမှ ထွက်လာတော့သည်။ ထိုအခြေနေက ကျင်းတိုင်းပြည်နန်းတော် မဟူရာဂိုဏ်း သူတော်စင်နတ်မြတ်ဂိုဏ်းနဲ့ ထိပ်သီးအင်အားစုအသီးသီး၌ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်လာကာ ထိုအဖြစ်ပျက်က ကျင်းတိုင်းပြည်၌ မဟာယာနအဆင့်များ မွေးဖွားလာခြင်း ဖြစ်ပေတော့သည်။

………………………………………………

All Chapters