အပြောင်းအလဲ
Vol. 52 Ch. 844
ချူကွမ်လျန်ကိစ္စကြောင့် ရှောင်လင်းယွီ သိလိုက်သည်မှာ ဤကဲ့သို့သော ပြဿနာများသည် မြို့တော်စူပါမားကတ်တွင်သာမက အခြားစူပါမားကတ်များတွင်လည်း ဖြစ်ပေါ်နိုင်ကြောင်းဖြစ်သည်။
သူမက ဝန်ထမ်းခန့်အပ်ရာတွင် တင်းကျပ်သော်လည်း လူ့စိတ်ကိုတော့ အာမမခံနိုင်ပေ။
ငွေကြေးဥစ္စာက လူ့စိတ်ကို လှုပ်ရှားစေနိုင်သည်။ သူမ၏ စူပါမားကတ်သည် လစာကောင်း၊ ခံစားခွင့်ကောင်းသဖြင့် လူအများက ဝင်ရောက်လုပ်ကိုင်လိုကြသည်။ သာမန်ဝန်ထမ်းတစ်ဦး၏လစာသည်ပင် ရုံးဝန်ထမ်းတစ်ဦး၏လစာနှင့် ညီမျှသည်။ ထို့ကြောင့် အလုပ်ဝင်ရန် သို့မဟုတ် ရာထူးတိုးရန်အတွက် မသမာသောနည်းလမ်းများကို သုံးလာကြခြင်း ဖြစ်သည်။
ရှောင်လင်းယွီက စူပါမားကတ်မန်နေဂျာ ချူကွမ်လျန်ကို နေရာတွင်ပင် အလုပ်ထုတ်လိုက်ခြင်း သတင်းသည် ဝန်ထမ်းများအကြား လျင်မြန်စွာပျံ့နှံ့သွားသည်။
အချို့ဝန်ထမ်းများက အခြေအနေကို နားမလည်ကြပေ။ ဥက္ကဌရှောင်ရှောင်က ရုံးခန်းကိုသွားတာနဲ့ မန်နေဂျာချူ အလုပ်ထုတ်ခံလိုက်ရတာ ဘာကြောင့်လဲ။
သို့သော် အချို့က မန်နေဂျာချူနှင့် ဝန်ထမ်းမလေးတစ်ဦး ဖောက်ပြန်နေကြောင်း သတင်းသဲ့သဲ့ ကြားထားကြသည်။ ဒီနေ့မနက် ဥက္ကဌရှောင်ရှောင် ရောက်လာချိန်တွင် ထိုဝန်ထမ်းမလေး မရှိသလို မန်နေဂျာချူလည်း အလုပ်မဆင်းသေးပေ။ ကြည့်ရတာ သူတို့နှစ်ဦး အတူရှိနေစဉ် ဥက္ကဌရှောင်ရှောင် မိသွားပုံရသည်။
ဒါပေမဲ့ ဒါတွေကို တိုးတိုးတိတ်တိတ်ပဲ ပြောရဲကြသည်။
ရှောင်လင်းယွီသည် ဆိုင်မဖွင့်မီ ဒုတိယမန်နေဂျာများနှင့်ဌာနမှူးများကို အစည်းအဝေး ခေါ်လိုက်သည်။
ရှောင်လင်းယွီက ဒုတိယမန်နေဂျာ ၂ ဦးနှင့် ဌာနမှူး ၅ ဦးကို ကြည့်ပြီး တိုက်ရိုက်ပြောလိုက်သည်။ "စူပါမားကတ်မန်နေဂျာ ချူကွမ်လျန်ကို ကျင့်ဝတ်ဖောက်ဖျက်မှုကြောင့် အလုပ်ထုတ်လိုက်ပါပြီ။ မန်နေဂျာအသစ်ကို ရုံးချုပ်ကနေ ယာယီခန့်ထားပါမယ်။ နောက်ပိုင်း မန်နေဂျာနေရာကို ရှင်တို့ထဲက တစ်ယောက်ယောက် ရနိုင်ပါတယ်။ ရှင်တို့ရဲ့စွမ်းဆောင်ရည်ပေါ် မူတည်ပါတယ်"
ထို့နောက် ရှောင်လင်းယွီ၏အကြည့်များက စူးရှသွားသည်။ "ဒါပေမဲ့ ကျွန်မ ကြည့်ချင်တာက ရှင်တို့ရဲ့ အစစ်အမှန်စွမ်းဆောင်ရည်ပါ။ အချင်းချင်း တိုက်ခိုက်တာ၊ နောက်ကွယ်ကနေ မသမာတဲ့ နည်းလမ်းတွေ သုံးတာမျိုး မလိုချင်ပါဘူး။ ကျွန်မ သိသွားရင် အလုပ်ထုတ်ရုံတင်မကဘူး၊ နယ်ပယ်ထဲမှာပါ နာမည်ပျက်အောင် လုပ်ပစ်မယ်။ နားလည်လား။ ဒါ့အပြင် ရှင်တို့ရဲ့ အရည်အချင်းက မန်နေဂျာနေရာနဲ့ ကိုက်ညီဖို့လိုတယ်။ မဟုတ်ရင် တခြားလူကို ရွေးရလိမ့်မယ်"
ရုံးချုပ်တွင် အရန်ဝန်ထမ်းများ မွေးထုတ်ထားသည်မှာ အရေးပေါ်အခြေအနေများအတွက် ဖြစ်သည်။
"ဟုတ်ကဲ့ ဥက္ကဌရှောင်ရှောင်၊ ကျွန်တော်တို့ နားလည်ပါပြီ" ၇ ယောက်သား တပြိုင်နက် ဖြေလိုက်ကြသည်။
တရားမျှတစွာ ယှဉ်ပြိုင်ရမည်ဟုဆိုလိုကြောင်း နားလည်လိုက်ကြသည်။
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... နားလည်ရင် ပြီးတာပဲ။ ယာယီမန်နေဂျာ မရောက်ခင်အထိ ဝန်ထမ်းတွေကို ထိန်းသိမ်းထားပါ။ စီးပွားရေး မထိခိုက်စေနဲ့"
"ဟုတ်ကဲ့ ဥက္ကဌရှောင်ရှောင်" ၇ ယောက်သား ပြန်ဖြေလိုက်ကြသည်။
ရှောင်လင်းယွီ အလုပ်ကိစ္စများ စီစဉ်ပြီးနောက် ရုံးခန်းထဲတွင် စဉ်းစားခန်း ဖွင့်လိုက်သည်။
ကုမ္ပဏီစည်းမျဉ်းတချို့ကို ပြင်ဆင်ဖို့ လိုအပ်နေပြီ။ လစာနှင့် ခံစားခွင့်များ ကောင်းလွန်းသဖြင့် မကောင်းတဲ့ အကြံအစည်တွေ ပေါ်လာတတ်တယ်။
ချူကွမ်လျန် ပစ္စည်းသိမ်းချိန်တွင် လူ့စွမ်းအားအရင်းအမြစ်ဌာနမှ တာဝန်ရှိသူက စောင့်ကြည့်နေသည်။
ကိုယ်ပိုင်ပစ္စည်းများကို ယူသွားခွင့်ရှိသော်လည်း ကုမ္ပဏီလျှို့ဝှက်ချက် စာရွက်စာတမ်းများကို ယူသွားခွင့် မရှိပေ။
တာဝန်ရှိသူသည် ချူကွမ်လျန်၏လုပ်ရပ်ကို မုန်းတီးသော်လည်း သူ့နောက်ခံကြောင့် ငြိမ်နေခဲ့ရသည်။
အခုတော့ သူကိုယ်တိုင် သေတွင်းတူးလိုက်တာပဲ။ ဥက္ကဌရှောင်ရှောင် ကိုယ်တိုင် မိသွားတာ။
နောက်ဆို မြို့တော်မှာ အလုပ်ရှာဖို့ ခက်ခဲတော့မယ်။
ဒါပေမဲ့ သနားစရာ မလိုပါဘူး။
***