မကောင်းသော နိမိတ်
Vol. 53 Ch. 861
ကုန်းထျန်းဟောက်၏ လက်အောက်ငယ်သားများသည် အလုပ်တွင်ကြသည်။ နာရီဝက်မကြာမီ ကျန်းရှုယွီနှင့် ခွင့်ယူထားသော ကျောင်းသားနှစ်ဦးကို ခေါ်လာခဲ့သည်။
"ရှင်တို့ ဘယ်သူတွေလဲ။ လွှတ်ပေး" ကျန်းရှုယွီ ရုန်းကန်နေသည်။
ကျောင်းသားနှစ်ဦးမှာ ကြောက်လန့်နေကြသည်။
ဖမ်းခေါ်လာသူများက လူကောင်ထွားကြိုင်းပြီး မျက်မှန်မည်းများ တပ်ထားသဖြင့် လူမိုက်များနှင့် တူနေသည်။
သူတို့ ဘာမှ ပြန်မပြောဘဲ ကျောင်းသို့ခေါ်လာခဲ့သည်။ ကျောင်းအုပ်ကြီးရုံးခန်းသို့ ရောက်သောအခါ အခြေအနေကို ရိပ်မိလိုက်ကြသည်။
အခန်းထဲ ရောက်သောအခါ ကျန်းရှုယွီသည် မိဘများကို မြင်ပြီး ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ "ဖေဖေ... မေမေ..."
ထို့နောက် ဖမ်းခေါ်လာသူများကို လက်ညှိုးထိုးပြီး တိုင်တောလိုက်သည်။ "သူတို့က ဘယ်သူတွေလဲ။ အိမ်ထဲထိ ဝင်ဖမ်းရဲတယ်"
ကျန်းကတော်က တားလိုက်သည်။ "ယွီအာ... တော်တော့" ထို့နောက် အခန်းထဲ အခြေအနေကို မျက်ရိပ်ပြလိုက်သည်။
ကျန်းရှုယွီက ဒေါသထွက်နေသဖြင့် သတိမထားမိပေ။ ဖမ်းခေါ်လာသူများကို မိဘများ လွှတ်လိုက်သည်ဟု ထင်နေသည်။
မိဘများက ရှောင်လင်းယဲ့ကို သွားရှာမယ်ဆိုတာ သိထားတယ်လေ။
မိဘများပါဝင်မှတော့ ရှောင်လင်းယဲ့ လွတ်လမ်းမရှိတော့ဘူး။ ဒီတစ်ခါ ရှောင်လင်းယဲ့ နာမည်ပျက်ရုံတင်မကဘူး၊ ဒူးထောက်တောင်းပန်ရမယ်။
သူမနဲ့ အိပ်ပြီးပြီဆိုတော့ မြို့တော်က အထုတ်မခံရချင်ရင် သူမကို တောင်းပန်ရမှာပေါ့။
ဒါပေမဲ့ ရှောင်လင်းယဲ့ရဲ့နောက်ခံကို မေ့နေပုံရတယ်။
သူမရဲ့ အကွက်ချမှုလေးနဲ့ ရှောင်လင်းယဲ့ကို မြို့တော်က ထုတ်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
"ယွီအာ... တော်ပါတော့ဆို" ကျန်းကတော် အသံမာမာဖြင့် ပြောလိုက်သည်။ သမီးဖြစ်သူ၏လက်ကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။ "မစ္စတာကုန်း ရောက်နေတယ်"
"ကုန်း..." ကျန်းရှုယွီ သတိမထားမိသေးပေ။ အခန်းထဲ ဝေ့ကြည့်လိုက်သောအခါ စကားလုံးများ လည်ချောင်းထဲတွင် တိတ်ဆိတ်သွားသည်။
အရပ်ရှည်ရှည်၊ ခန့်ညားသော အမျိုးသားတစ်ဦးနှင့် လှပသော အမျိုးသမီးတစ်ဦး ရပ်နေသည်။
ထိုအမျိုးသားကို သူမ သိသည်။ ကုန်းထျန်းဟောက်ပင်။
ကုန်းထျန်းဟောက်၏ရက်စက်မှုကို ကြားဖူးထားသဖြင့် ကြောက်လန့်သွားသည်။
သူမကို အိမ်ထဲထိ ဝင်ဖမ်းခိုင်းတာ ကုန်းထျန်းဟောက်ဖြစ်မှာ သေချာတယ်။
ခွင့်ယူထားတဲ့ ကျောင်းသားနှစ်ယောက်ကိုပါ ဖမ်းခေါ်လာတယ်။
ကျန်းရှုယွီ ကြောက်လန့်ပြီး မိခင်နောက်တွင် ပုန်းနေလိုက်သည်။
ကျန်းရှုယွီ ရောက်လာပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်သွားသည်။
ကျောင်းအုပ်ကြီးလီက လူတိုင်း၏မျက်နှာထားကို အကဲခတ်ကြည့်လိုက်သည်။ ကျန်းရှုယွီနှင့် ကျောင်းသားနှစ်ဦး မျက်နှာမကောင်းသည်ကို တွေ့လိုက်ရသည်။
အထူးသဖြင့် ကျောင်းသားနှစ်ဦးက ရှောင်လင်းယဲ့ကို ကြည့်ရဲပုံ မရပေ။
ကျောင်းအုပ်ကြီးလီ အခြေအနေကို ရိပ်မိလိုက်သည်။
ရုံးခန်းကျဉ်းကျဉ်းလေးထဲတွင် လူတွေ ပြည့်ကျပ်နေသည်။
ဘယ်သူမှ စကားမပြောကြပေ။
ရှောင်မိသားစုက မပြောချင်လို့၊ ကျန်းမိသားစုက မပြောရဲလို့ဖြစ်သည်။
ကျောင်းအုပ်ကြီးလီက စကားစလိုက်သည်။ "အဟမ်း... မစ္စတာကုန်း၊ မစ္စတာကျန်း၊ လူစုံပြီဆိုတော့ စလိုက်ကြမလား"
ကုန်းထျန်းဟောက် ပြုံးလျက် ပြောလိုက်သည်။ "မစုံသေးဘူး။ ခဏ စောင့်ရဦးမယ်"
"ဟမ်... ဘယ်သူ ကျန်သေးလို့လဲ" ကျောင်းအုပ်ကြီးလီ အံ့သြသွားသည်။
ကုန်းထျန်းဟောက်က ကျန်းရှုယွီကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "အများကြီး ကျန်သေးတယ်။ ပါတီပွဲတက်တဲ့ ကျောင်းသား ၁၆ ယောက်နဲ့ နောက်ထပ် မင်းသားတစ်လက် ကျန်သေးတယ်"
ထို့နောက် ကြမ်းပြင်ပေါ်က ဓာတ်ပုံတစ်ပုံကို ညွှန်ပြလိုက်သည်။
ကျောင်းအုပ်ကြီးလီ သဘောပေါက်သွားသည်။ နောက်ထပ် မင်းသားတစ်လက် ကျန်သေးတာကိုး။
ကျန်းရှုယွီ နားမလည်နိုင် ဖြစ်နေသည်။ "ဘာသဘောလဲ။ နောက်ထပ် မင်းသားတစ်လက်က ဘယ်သူလဲ"
"ယွီအာ" ကျန်းကတော် စိတ်မရှည်တော့ပေ။
ထိုအချိန်တွင် ရှောင်လဲ့ထုံ လမ်းလျှောက်ထွက်လာပြီး ကျန်းရှုယွီကိုကြည့်ကာ ပြောလိုက်သည်။ "ဒီအဒေါ်ကြီးက မားမားလောက်တောင် မလှဘူး။ ဦးလေးငယ်က ဘာလို့ ဒီအဒေါ်ကြီးနဲ့ အိပ်ရမှာလဲ"
ရှောင်လင်းယွီက တားလိုက်သည်။ "ရှောင်လဲ့ထုံ ရိုင်းလိုက်တာ"
ကျန်းရှုယွီ ဒေါသထွက်သွားသည်။ "နင်က ဘယ်သူလဲ။ နင့်ဦးလေးက ဘယ်သူလဲ"
ရှောင်လဲ့ထုံက မိတ်ဆက်လိုက်သည်။ "ကျွန်တော်က ရှောင်လဲ့ထုံ။ ရှောင်လင်းယဲ့က ကျွန်တော့်ဦးလေးငယ်"
ထို့နောက် ရှောင်လင်းယွီကို ဆွဲခေါ်လာပြီး မိတ်ဆက်ပေးလိုက်သည်။ "ဒါက ကျွန်တော့်မားမား။ ဦးလေးငယ်ရဲ့ အစ်မအရင်း။ လှတယ်မလား"
ကျန်းရှုယွီ ကြောင်အသွားသည်။ ရှောင်လင်းယွီကို ကြည့်လိုက်သောအခါ မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာသည်။
ဒီမိန်းမက ဘာလို့ ဒီလောက်လှနေရတာလဲ။
ရှောင်လင်းယဲ့ အမြင်မြင့်နေတာ မဆန်းပါဘူး။ ဒီလောက်လှတဲ့ အစ်မရှိနေတာကိုး။ သူမက ရုပ်ဆိုးမလေး ဖြစ်သွားတာပေါ့။
ကျန်းရှုယွီ ဒေါသတကြီး ပြောလိုက်သည်။ "ဩော်... ရှောင်လင်းယဲ့ရဲ့အစ်မနဲ့ တူကိုး။ ယဉ်ကျေးမှု မရှိတာ တူတူပါပဲ။ ရှောင်လင်းယဲ့လို လူယုတ်မာမျိုးနဲ့ အမျိုးတော်တာ မဆန်းပါဘူး"
ရှောင်လင်းယွီ မျက်နှာထား တင်းမာသွားသည်။ "မိန်းကလေးကျန်း၊ ဘယ်သူက ယဉ်ကျေးမှု မရှိတာလဲ။ ဘယ်သူက လူယုတ်မာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ"
"နင်..."
ကျန်းရှုယွီ ပြန်ပြောရန် ပြင်လိုက်စဉ် မိခင်က တားလိုက်သည်။ "ယွီအာ... တော်ပါတော့"
ကျန်းရှုယွီ ဝမ်းနည်းသွားသည်။ "မေမေ... သူများတွေ သမီးကို အနိုင်ကျင့်နေတာ မေမေ မကူညီဘူးလား"
ကျန်းကတော်က တိုးတိုးလေး ပြောလိုက်သည်။ "ပါးစပ်ပိတ်ထားစမ်း။ သူတို့က ဘယ်သူတွေလဲ သိလား။ ကုန်းထျန်းဟောက်ရဲ့မိန်းမနဲ့ သားလေ။ နင် ပြောချင်တိုင်းပြောလို့ရမလား"
ကျန်းရှုယွီ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ ခေါင်းငုံ့လိုက်သော်လည်း မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်။
ယောကျ်ားကောင်း ရထားတာနဲ့များ ဘဝင်မြင့်နေတာ။
ထိုအချိန်တွင် တံခါးပွင့်လာသည်။
ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "ကဲ... လူစုံပြီ။ စလို့ရပြီ"
ဘယ်သူ ရောက်လာတာလဲ။
ကျန်းရှုယွီ မော့ကြည့်လိုက်ရာ ရောက်လာသူများကို မြင်သောအခါ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ မကောင်းသော နိမိတ်များ ခံစားလိုက်ရသည်။
***