အမှန်တရားကို ဖော်ထုတ်ခြင်း (အပိုင်း ၄)
Vol. 53 Ch. 865
ကုန်းထျန်းဟောက်သည် နောက်ထပ် ဓာတ်ပုံတစ်ပုံကို ထုတ်ပြလိုက်သည်။ ခွင့်ယူထားသော ကျောင်းသားနှစ်ဦးကို ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။ "တစ်ယောက်ယောက်က ရှောင်လင်းယဲ့အတွက် သက်သေလာရှာတိုင်း မင်းတို့နှစ်ယောက်က နေမကောင်းလို့ ခွင့်ယူထားကြတယ်။ ဟားဟား... တိုက်ဆိုင်လိုက်တာ။ တစ်ယောက်ဖျားရင် နှစ်ယောက်ဖျားတယ်။ ပြီးတော့ ဓာတ်ပုံတွေပေါ်လာမှဖျားကြတယ်"
ထိုကျောင်းသားနှစ်ဦးမှာ ကုန်းထျန်းဟောက်၏အရှိန်အဝါကြောင့် တုန်လှုပ်နေကြသည်။ မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ထွက်ပြေးချင်သော်လည်း ခြေလှမ်းမရွေ့နိုင်ဖြစ်နေသည်။
ကုန်းထျန်းဟောက်က ဓာတ်ပုံကို ကြည့်ပြီး ဆက်ပြောသည်။ "ဒီဓာတ်ပုံရိုက်ထားတဲ့ ထောင့်က တော်တော်ကောင်းတာပဲ။ အဲဒီအခိုက်အတန့်ကို စောင့်နေသလိုပဲ"
ကုန်းထျန်းဟောက်၏စကားကြောင့် ကျုံးယွီနှင့်ကျန်းရှုယွီ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာသည်။
ဒါပေမဲ့ အားလုံးက ကုန်းထျန်းဟောက်ကို အာရုံစိုက်နေသဖြင့် သူတို့မျက်နှာထား ပြောင်းလဲသွားသည်ကို သတိမထားမိကြပေ။
ကုန်းထျန်းဟောက်က ဆက်ပြောသည်။ "ဓာတ်ပုံရိုက်တဲ့သူက မင်းတို့အထဲက တစ်ယောက်ယောက်ပဲ။ ဓာတ်ပုံထောင့်ကိုကြည့်ရင် ဘယ်သူရိုက်တာလဲဆိုတာ သိသာနေတာပဲ"
နာမည်တပ်မပြောသော်လည်း ဓာတ်ပုံရိုက်သူ၏လက်ဖဝါးတွင် ချွေးစများ ထွက်လာသည်။
ကုန်းထျန်းဟောက်က ခွင့်ယူထားသော ကျောင်းသားနှစ်ဦးကို ရုတ်တရက် မေးလိုက်သည်။ "အဲဒီတုန်းက မင်းတို့က ရှောင်လင်းယဲ့ဘေးမှာ ထိုင်နေတာ။ ရှောင်လင်းယဲ့က မိန်းကလေးကျန်းကို အခွင့်ကောင်းယူတာ မြင်လိုက်လား"
ဟူဖေးနှင့် ချိုးမင်းတို့သည် ဓာတ်ပုံကို ကြည့်ပြီး ခေါင်းငုံ့လိုက်ကြသည်။ ဘာမှ ပြန်မပြောရဲပေ။
နင်ကျွင်းဖုန် ဒေါသထွက်သွားသည်။ "ဟေ့ကောင်တွေ အ,သွားကြပြီလား။ မေးနေတယ်လေ"
အရင်တုန်းက သူ လိုက်ရှာတုန်းက ခွင့်ယူပြီး ရှောင်ပြေးနေကြတာ။ အခုတော့ ရှောင်ပြေးလို့မရတော့ဘူး။
သူတို့ ပြန်မဖြေတာ ကြာလာတော့ နင်ကျွင်းဖုန် ဒေါသထွက်လာသည်။ "နားမကြားကြဘူးလား"
ချိုးမင်းက ဒေါသတကြီး ပြန်ပြောလိုက်သည်။ "ငါ မြင်တယ်။ ရှောင်လင်းယဲ့က ကျန်းရှုယွီကို အခွင့်ကောင်းယူတာမြင်တယ်။ ဘာဖြစ်လဲ။ အမှန်အတိုင်း ပြောလို့မရဘူးလား"
ကုန်းထျန်းဟောက် ခေါင်းညိတ်လိုက်ပြီး နောက်တစ်ယောက်ကို မေးလိုက်သည်။ "မင်းရော... ဘာပြောချင်လဲ"
ဟူဖေးက ခေါင်းငုံ့ပြီး တိုးတိုးလေး ဖြေလိုက်သည်။ "ငါ... ငါ မမြင်လိုက်ဘူး"
ဟူဖေးက ချိုးမင်းထက် ပိုဉာဏ်ကောင်းပြီး အကဲခတ်တတ်သည်။
ကျန်းဇနီးမောင်နှံက ကုန်းထျန်းဟောက်ကို ကြောက်ရွံ့နေသည်ကို သတိထားမိသည်။ ကုန်းထျန်းဟောက်က ရှောင်လင်းယဲ့ဘက်က ရပ်တည်နေတယ်။
ပြီးတော့ သူတို့ကို ဟိုတယ်ကနေ အတင်းဖမ်းခေါ်လာတာကို ကြည့်ရင် အခြေအနေ မကောင်းမှန်း သိသာနေတယ်။
ဒါကြောင့် ဘက်မလိုက်တာ အကောင်းဆုံးပဲ။
ကုန်းထျန်းဟောက်က နင်ကျွင်းဖုန်ကို မေးလိုက်သည်။ "ဒီကကျောင်းသား၊ အဲဒီနေ့က ပါတီပွဲမှာ အခန်းနှစ်ခန်းပေါင်းပြီး လုပ်တာမလား"
နင်ကျွင်းဖုန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျတော့ မိန်းကလေးကျန်း ရောက်လာတယ်။ မျက်နှာနာလို့ လက်ခံလိုက်ရတာ"
ထို့နောက် ဒေါသတကြီး ပြောလိုက်သည်။ "ဒီလိုဖြစ်မယ်မှန်းသိရင် လက်မခံခဲ့ပါဘူး"
ကုန်းထျန်းဟောက်က သူ့ပခုံးကို ပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်။ "စိတ်မဆိုးပါနဲ့။ တချို့လူတွေက ရည်ရွယ်ချက်ရှိရှိလုပ်ကြံရင် ကာကွယ်ရခက်ပါတယ်"
ထို့နောက် ကျန်းရှုယွီကို မေးလိုက်သည်။ "မိန်းကလေးကျန်း၊ အဲဒီနေ့က အရက်ဘယ်လောက်သောက်ပြီး မူးသွားတာလဲ။ ရှောင်လင်းယဲ့ အခွင့်ကောင်းယူတာကို မသိလိုက်အောင် မူးသွားတာလား"
ကျန်းရှုယွီ ဖြေရန် ပြင်လိုက်စဉ် ကုန်းထျန်းဟောက်က သတိပေးလိုက်သည်။ "မိန်းကလေးကျန်း... သေချာစဉ်းစားပြီးမှ ဖြေနော်။ ခင်ဗျားရဲ့ အရက်သောက်နိုင်စွမ်းကို ကျွန်တော် စုံစမ်းလို့ ရတယ်"
ကျန်းမိသားစု - "......"
***