အခန်း (၁၆၀)
Vol. 14 Ch. 160
သူမမျက်မှောက်တွင် မြင်တွေ့နေရသည့် မြင်ကွင်းများက လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က သူမနားလည်လက်ခံထားသည်များနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ ထို့ကြောင့် သူမ၏စိတ်ထဲတွင် ပြင်းထန်သော ဝေခွဲမရမှုနှင့် တုန်လှုပ်မှုများ ဖြစ်ပေါ်လာရသည်။
သူမအနေဖြင့် ယင်းကို နားမလည်နိုင်သော်လည်း အမှန်တရားကို အဆုံးထိ လိုက်လံစုံစမ်းလိုစိတ် ပြင်းပြနေခဲ့သည်။ ထို့ကြောင့် ထိုညမှာပင် အမှန်တရားကို ဖော်ထုတ်ရန် နန်းတော်ထဲသို့ တိတ်တဆိတ် ခိုးဝင်ခဲ့လေသည်။
သူမသည် နေရာအနှံ့ ရှာဖွေပြီးနောက် နောက်ဆုံးတွင် ဧကရာဇ်၏ အိပ်ဆောင်ကို ရှာတွေ့ခဲ့ပြီး ထိုနေရာ၌ တိုင်းပြည်၏ မိုက်မဲသော ဧကရာဇ်ဟု နာမည်ကျော်ကြားသည့် မဟာရှ၏ ဧကရာဇ် လင်းပိုင်ဖန်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူမမြင်တွေ့လိုက်ရသော မိုက်မဲသည့်ဧကရာဇ် လင်းပိုင်ဖန်သည် အလွန်လှပသော အမျိုးသမီးတစ်ဦးကို ပွေ့ဖက်ထားပြီး နန်းတွင်း ကခုန်ဖျော်ဖြေမှုများကို ကြည့်ရှုရင်း ရှားပါးလှသည့် အရသာရှိသော အစားအစာများကို သုံးဆောင်နေလေသည်။
သူ့ကို ဝိုင်းဝန်းခစားနေကြသည့် နန်းတွင်းအပျိုတော်များ၊ မိန်းမစိုးများစွာနှင့်အတူ သူသည် သုခဘုံ ရောက်နေသကဲ့သို့ အပျော်အပါးများနှင့် အလဟဿ ဖြုန်းတီးမှုများထဲတွင် နစ်မွန်းနေလေသည်။
တစ်ဖန် သူမ ပြန်လည်ဝေခွဲမရ ဖြစ်သွားပြန်သည်။
ဒီလင်းပိုင်ဖန်သည် မိုက်မဲသောဧကရာဇ်၏ ပြယုဂ်ပင် ဖြစ်သည်။ ဤကဲ့သို့ မိုက်မဲသော ဧကရာဇ်တစ်ပါးက ကြီးကျယ်ခမ်းနားသော ဒီအင်ပါယာကြီး၏ စည်ပင်ဝပြောသော မြင်ကွင်းများကို အမှန်တကယ် ဖန်တီးပေးနိုင်ခဲ့သည်မှာ ဖြစ်နိုင်ပါ့မလားဟု တွေးတောမိသည်။ ၎င်းသည် ယုံကြည်နိုင်စရာ မရှိသလောက်ပင် ဖြစ်သည်။
ထိုစဉ် သူမသည် သေစေနိုင်သော အန္တရာယ်တစ်ခုကို အာရုံခံလိုက်မိသည်။ ဘယ်နေရာက ရောက်လာမှန်းမသိသော ဓားတစ်ချောင်းသည် သူမ၏လည်ပင်းနှင့် ၃၀ စင်တီမီတာခန့်အကွာသို့ အရှိန်အဟုန်ဖြင့် ထိုးစိုက်လာခဲ့သည်။ သူမသည် ချက်ချင်းပင် နိုးနိုးကြားကြားရှိစွာဖြင့် သေစေနိုင်သော ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ရင်း "ဘယ်သူလဲ" ဟု အော်ဟစ်လိုက်သည်။
သူမ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ထိုဓားသည် သူမထံသို့ တိတ်တဆိတ် ထပ်မံ ထိုးဝင်လာပြန်သည်။ မည်သည့်အသံမျှ မထွက်သော်လည်း တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်လှသည်။ ထိုလုပ်ကြံသတ်ဖြတ်သူ၏ စွမ်းရည်မှာ သူမနှင့် ရင်ပေါင်တန်းနိုင်ကြောင်း ခံစားမိသဖြင့် သူမ၏ အစွမ်းရှိသမျှ အသုံးပြုကာ ခုခံရလေတော့သည်။
အမျိုးသမီးနှစ်ဦးသည် နန်းတော်အမိုးပေါ်တွင် ပြင်းထန်စွာ တိုက်ခိုက်ကြရာ ထွက်ပေါ်လာသော ကျယ်လောင်သည့် အသံများကြောင့် နန်းတော်အတွင်းရှိ လူတွေ သတိထားမိသွားကြသည်။
"လုပ်ကြံသတ်ဖြတ်သူ၊ မြန်မြန်၊ ဧကရာဇ်ကို ကာကွယ်ကြ" ဟု အော်ဟစ်ကာ နန်းတွင်းအစောင့်တပ်သားများ အခင်းဖြစ်ရာနေရာသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
ထိုအခါမှသာ သူမသည် အံ့ဩတကြီးဖြင့် သိလိုက်ရသည်မှာ ထိုလုပ်ကြံသတ်ဖြတ်သူဟု ထင်ရသူသည်လည်း နန်းတော်ထဲမှ ဖြစ်နေခြင်းပင် ဖြစ်သည်။ သူမ၏ အရည်အချင်းနှင့် ရုပ်ရည်မှာလည်း သူမနှင့် တန်းတူပင် ဖြစ်ချေသည်။
"အထင်မလွဲပါနဲ့၊ ကျွန်မက လုပ်ကြံသတ်ဖြတ်သူ မဟုတ်ဘူး။ ကျွန်မက အရှင်မင်းကြီးကို လုပ်ကြံဖို့ လာတာမဟုတ်ဘူး" ဟု ထိုအမျိုးသမီးက ရှင်းပြလိုက်သည်။
"နင်က လုပ်ကြံသတ်ဖြတ်သူ မဟုတ်ဘူးလား၊ ဒါဆို ညဥ့်နက်သန်းခေါင်မှာ ဒီမှာ ဘာလုပ်နေတာလဲ" ဟု ပိုင်ဇူက မေးမြန်းလိုက်သည်။
"ကျွန်မ နည်းနည်း ဝေခွဲမရဖြစ်နေလို့ အဖြေရှာဖို့ ဒီကိုလာတာပါ" ဟု ထိုအမျိုးသမီးက ထပ်မံရှင်းပြသည်။
"ရယ်စရာပဲ၊ နင်က ဝေခွဲမရဖြစ်လို့ အဖြေရှာဖို့ နန်းတော်ထဲကို လာတယ် ဟုတ်လား၊ ဒီလို ဆင်ခြေမျိုးကို ငါတို့က ယုံမယ်လို့ ထင်နေတာလား၊ နင့်ကို ငါသတ်မယ်"
အမျိုးသမီးနှစ်ဦးသည် လျင်မြန်စွာ ပြန်လည် တိုက်ခိုက်ကြပြန်သည်။ ပိုင်ဇူ၏ တိုက်ကွက်များက ရက်စက်ပြင်းထန်လှသော်လည်း အခြားအမျိုးသမီးကမူ အဓိကအားဖြင့် ခုခံကာကွယ်ရန်သာ အာရုံစိုက်နေသည်။ ကျန်ရှိသည့် သူများမှာမူ ကြားထဲမှ ဝင်ရောက်မနှောင့်ယှက်နိုင်ဘဲ ဘေးမှ ကြည့်နေရုံသာ တတ်နိုင်ကြသည်။
"နေဦး" ဟု လင်းပိုင်ဖန်က လှမ်းအော်လိုက်သည်။
"အရှင်မင်းကြီး" ဟု လူတိုင်းက ဦးညွှတ်လိုက်ကြသည်။
"သူမကို ဒီကို လာခိုင်းလိုက်" ဟု လင်းပိုင်ဖန်က ထပ်မံ အမိန့်ပေးလိုက်သည်။
"ဒါပေမဲ့ အရှင်မင်းကြီး၊ သူမက..."
"သူမရဲ့ မျက်ခုံးတွေကိုကြည့်ရတာ ဖြောင့်မတ်တည်ကြည်တဲ့ အသွင်ရှိတယ်၊ လူယုတ်မာနဲ့ မတူဘူး။ ပြီးတော့ သူမဆီမှာ လူသတ်လိုတဲ့ အငွေ့အသက်လည်း မရှိဘူး၊ သူမက လုပ်ကြံသတ်ဖြတ်သူ မဟုတ်လောက်ဘူး။ ဒါ့အပြင် မောင်မင်းတို့အားလုံး ငါကိုယ်တော်ကို ကာကွယ်ပေးနေတာပဲ၊ ဘာကြောက်စရာ ရှိလို့လဲ" ဟု လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။
"မှန်လှပါ အရှင်မင်းကြီး" ဟု ဆိုကာ လူအုပ်ကြီးက သူမကို လမ်းဖယ်ပေးလိုက်သော်လည်း သူမကို အနီးကပ် စောင့်ကြည့်နေကြဆဲဖြစ်သည်။
ထိုအမျိုးသမီးသည် လင်းပိုင်ဖန် ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။ သူမ အနီးသို့ ရောက်သွားသောအခါ လင်းပိုင်ဖန်၏ ချောမောဖြောင့်မတ်သော ရုပ်ရည်ကို သတိမထားမိဘဲ မနေနိုင်ပေ။ သူ၏ မျက်နှာတွင် မည်သည့် ကောက်ကျစ်စဉ်းလဲမှုမျှ မရှိနေပေ။
သို့သော် သူပြုမူခဲ့သမျှကို ပြန်စဉ်းစားကြည့်လျှင် မိုက်မဲသော ဧကရာဇ်တစ်ပါး၏ လုပ်ရပ်များနှင့် မကင်းပေ။ နိုင်ငံ၏ အရင်းအမြစ်များကို အသုံးပြုကာ စိုက်ပျိုးရေးအတွက် တောရိုင်းမြေများကို ရှင်းလင်းခြင်း၊ တံတားများနှင့် လမ်းများ ဖောက်လုပ်ခြင်း၊ တွင်းထွက်များတူးဖော်ခြင်းနှင့် အိမ်ရာများ ဆောက်လုပ်ခြင်း၊ ထို့အပြင် အင်ပါယာတစ်ခုနှင့် ယှဉ်နိုင်သော နန်းတော်ကြီးကို တည်ဆောက်ခြင်းများ ပြုလုပ်ခဲ့သည်။ အမျိုးသမီးများအတွက်ပင် ရက်ကန်းလုပ်ငန်းများတွင် လုပ်ကိုင်ရန် စီစဉ်ပေးခဲ့သည်။
တစ်နိုင်ငံလုံးနီးပါးသည် လူတစ်ယောက်တည်းအတွက် အလုပ်အကျွေး ပြုနေရသကဲ့သို့ပင် ဖြစ်နေသည်။
ယခုလည်း ကြည့်လိုက်လျှင် တောင်နှင့်ပင်လယ်မှ အကောင်းဆုံး အစားအစာများကို စားသောက်ကာ အလွန်တန်ဖိုးကြီးသည့် ပိုးထည်များကို ဝတ်ဆင်ထားသည်။ ယင်းတို့အားလုံးသည် သာမန်ပြည်သူများ ပင်ပန်းကြီးစွာ လုပ်ကိုင်ထားသော ရလဒ်များပင် ဖြစ်သည်။
နတ်၊လူတို့ အမျက်ထွက်စေမည့် ထိုကဲ့သို့ လုပ်ရပ်များကို ကျူးလွန်ခဲ့သော်လည်း ပြည်သူများမှာ ပုန်ကန်ကြမည့်အစား တိုင်းပြည်မှာ ပိုမိုအင်အားတောင့်တင်းလာပြီး ကောင်းကင်အင်ပါယာတွင် အိပ်မက်ပင် မမက်နိုင်သော ရွှေခေတ်ကိုပင် ရောက်ရှိနေခဲ့သည်။
ဤအရာအားလုံးသည် သူမအတွက် လုံးဝ နားမလည်နိုင်စရာပင် ဖြစ်သည်။
ရှုပ်ထွေးနေသော စိတ်ခံစားချက်များနှင့်အတူ သူမသည် လင်းပိုင်ဖန် ရှေ့သို့ ရောက်ရှိလာပြီး လက်သီးဆုပ်ကာ လောကဝတ်အတိုင်း ဦးညွှတ်ဂါရဝပြုလိုက်သည်။ "ကျွန်မ စုန့်ယွိဖေး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
"အခမ်းအနားတွေ မလိုပါဘူး" ဟု လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။
သူ့ရှေ့မှ အလှလေးကို ကြည့်ရင်း အမှန်တကယ်တော့ သူမ မြို့တော်သို့ ရောက်ရှိပြီး မကြာမီမှာပင် လင်းပိုင်ဖန် သူမကို သတိထားမိခဲ့ခြင်း ဖြစ်သည်။ ခွန်အားကြီးသော လူငယ်သိုင်းပညာရှင်တစ်ဦးကို အနီးကပ် စောင့်မကြည့်ပါက တိုင်းပြည်ကို အန္တရာယ်ပြုနိုင်သောကြောင့် ဖြစ်သည်။
သို့သော် သူ့အနေဖြင့် အံ့ဩသွားရသည်မှာ ထိုအမျိုးသမီးငယ်သည် မြို့တော်သို့ ရောက်လာပြီးနောက် မြို့ပတ်ကာ လည်ပတ်နေခြင်းကိုသာ ပြုလုပ်ခဲ့သည်။ ညဘက်တွင်မူ သူ့ကို စုံစမ်းရန် နန်းတော်ထဲသို့ပင် တိတ်တဆိတ် ခိုးဝင်လာခဲ့သည်။ သူမ၏ လုပ်ရပ်များက လင်းပိုင်ဖန် ၏ စပ်စုလိုစိတ်ကို အမှန်တကယ် နှိုးဆွခဲ့သည်။
အရေးကြီးကိစ္စ မရှိသဖြင့် လင်းပိုင်ဖန်သည် သူမ ဘာလုပ်မလဲ သိရန် ခေါ်ယူလိုက်ခြင်းဖြစ်သည်။
လင်းပိုင်ဖန်သည် နန်းတွင်းအစောင့်များကို လက်ဝှေ့ယမ်းပြလိုက်ကာ "မောင်မင်းတို့အားလုံး ထွက်သွားလို့ရပြီ။ ပိုင်ဇူနဲ့ မိန်းမစိုးလျှူ ရှိရင် လုံလောက်ပြီ"
"မှန်လှပါ အရှင်မင်းကြီး" ဟု ဆိုကာ နန်းတွင်းအစောင့်များ ဆုတ်ခွာသွားကြပြီး နန်းတော်ကြီးမှာ တိတ်ဆိတ်သွားသည်။
"မင်းရဲ့ စိတ်ထဲမှာ သံသယတွေရှိလို့ အဖြေရှာဖို့ ဒီကိုလာတယ်လို့ ပြောတယ်နော်" ဟု ဆိုကာ လင်းပိုင်ဖန်က အရက်တစ်ခွက်ကို ငှဲ့ကာ စုန့်ယွိဖေးထံ ပေးပို့လိုက်ရင်း ပြုံးလျက် ပြောလိုက်သည်။ "ငါကိုယ်တော် တကယ် သိချင်မိတယ်။ ငါကိုယ်တော်ရဲ့ နန်းတော်ထဲအထိ လာပြီး အဖြေရှာရအောင် မင်းမှာ ဘယ်လို သံသယမျိုးတွေ ရှိနေလို့လဲ၊ ငါ့ကို အမှန်အတိုင်း ဖြေဖို့ မျှော်လင့်တယ်။ လိမ်လည်မှု တစ်ခုခုပါခဲ့ရင် ငါကိုယ်တော် ညှာတာမှာ မဟုတ်ဘူး"
စုန့်ယွိဖေးသည် အရက်ခွက်ကို ယူလိုက်သော်လည်း မသောက်ခဲ့ပေ။
"ဒါဟာ ကျွန်မ မဟာရှကို ပထမဆုံးအကြိမ် လာတာပါ။ မဟာရှမှာ မြင်တွေ့ရတာတွေက ကျွန်မကို အံ့ဩစေသလို မေးခွန်းတွေ အများကြီးလည်း ဖြစ်စေပါတယ်။ အရှင်မင်းကြီးရဲ့ လုပ်ရပ်တွေက မိုက်မဲပြီး အလဟဿ ဖြုန်းတီးနေသလို ထင်ရပေမဲ့၊ ဘာလို့ ပြည်သူတွေက အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်နိုင်နေကြတာလဲ"
လင်းပိုင်ဖန်က ပြုံးလိုက်ကာ- "မင်းက ဒီမေးခွန်းကို မေးတဲ့ ပထမဆုံးလူ မဟုတ်သလို၊ နောက်ဆုံးလူလည်း ဖြစ်မှာမဟုတ်ဘူး။ အဖြေကို တကယ် သိချင်တာလား"
စုန့်ယွိဖေးက ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ "ဟုတ်ကဲ့၊ တကယ် သိချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ရှင်းပြပေးပါ"
"ဒီအရက်တစ်ခွက်ကို သောက်လိုက်၊ ဒါဆို ငါကိုယ်တော် ပြောပြမယ်"
စုန့်ယွိဖေး ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် အရက်ခွက်ကို ယူကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်သည်။
"အရက်သောက်တာလည်း တော်တယ်၊ သတ္တိလည်း ရှိတယ်၊ ငါကိုယ်တော် တကယ် ချီးကျူးမိတယ်"
လင်းပိုင်ဖန်က လက်ဟန်ပြလိုက်ကာ-"လာ၊ ဒီမှာ ထိုင်။ ငါကိုယ်တော် အေးအေးဆေးဆေး ပြောပြမယ်"
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် စုန့်ယွိဖေးသည် လင်းပိုင်ဖန် ရှေ့ရှိ စားပွဲတွင် ထိုင်လိုက်သည်။
လင်းပိုင်ဖန်က "ပန်းကန်နဲ့ တူတစ်စုံ ယူခဲ့ပေးဦး" ဟု ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး၊ ဒါပေမဲ့ ကျွန်မ အစားအသောက်တွေ မစားချင်ပါဘူး။ အရှင်မင်းကြီး အဖြေကိုသာ ပြောြကားတော်မူပါ" ဟု စုန့်ယွိဖေးက တောင်းဆိုလိုက်သည်။
"မင်းက ကျွေးတာကို မစားဘူးဆိုတော့ ငါပဲ စားရတော့မှာပေါ့"
လင်းပိုင်ဖန်သည် တူတစ်စုံကို ကောက်ယူကာ ဝက်ဝံခြေဖဝါးအသား တစ်ဖဲ့ကို ယူပြီး ဖြည်းညှင်းစွာ ဝါးစားလိုက်သည်။ "အင်း၊ တကယ် အရသာရှိတာပဲ။ အီလည်းမအီဘူး၊ မွှေးကြိုင်ပြီး အရသာလည်း ရှိတယ်။ တကယ်ကို ထိပ်တန်း အစားအစာပဲ။ ဒီဝက်ဝံခြေဖဝါးဟင်းကို ငါကိုယ်တော် ဘယ်လို ရလာလဲဆိုတာ မင်းသိလား"
"မသိဘူး" ဟု စုန့်ယွိဖေးက ခေါင်းခါပြသည်။
"ငါကိုယ်တော်အတွက် ဝက်ဝံတွေကို ဖမ်းဆီးသတ်ဖြတ်ပေးတဲ့ အထူးကျွမ်းကျင် မုဆိုးတွေ ရှိတယ်"
လင်းပိုင်ဖန်က ဆက်စားရင်း ပြောပြသည်။ "အဲဒီ မုဆိုးတွေက ၁၇ ယောက် ၁၈ ယောက်လောက် ရှိတယ်။ သူတို့က နေ့တိုင်း တောနက်ထဲကို သွားပြီး ဝက်ဝံရိုင်းတွေကို ရှာကြတယ်။ တစ်လမှာ တစ်ကောင်လောက်တော့ မိတတ်တယ်။ ရှာတွေ့ပြီဆိုရင် ထောင်ချောက်ဆင် ဖမ်းကြတာပေါ့"
"ဝက်ဝံရိုင်းက အရမ်းကြီးတော့ မုဆိုးတွေ အားလုံး ဝိုင်းတိုက်မှ ရတာ။ ဖမ်းမိပြီးရင်လည်း အသားလတ်ဆတ်ဖို့အတွက် ချက်ချင်း မသတ်ရဘူး။ မြို့တော်ကို ရောက်တဲ့အထိ အရှင်အတိုင်း သယ်လာရတာ"
"ဒီဖြစ်စဉ်မှာ လူ ၂၀ လောက် လိုအပ်ပြီး မြို့တော်က နန်းတွင်းစားဖိုချောင်အထိ သယ်ဖို့ ၂ ပတ်ကျော် ကြာတယ်။ အဲဒီနောက်မှ နန်းတွင်းစားဖိုမှူးတွေက ငါကိုယ်တော် စားဖို့ အကောင်းဆုံး အစားအစာဖြစ်အောင် ချက်ပြုတ်ပေးကြတာ"
"ပြောရရင်တော့ ငါကိုယ်တော် ဒီဝက်ဝံခြေဖဝါးဟင်းကို မြည်းစမ်းနိုင်ဖို့အတွက် နောက်ကွယ်မှာ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတဲ့ လူပေါင်း ၄၀ လောက် ရှိတယ်"
စုန့်ယွိဖေးသည် လေးလံသော စိတ်ဖြင့် နားထောင်နေရင်း ရှေ့မှ ဝက်ဝံခြေဖဝါးဟင်းကို ကြည့်ကာ ယင်းသည် အပြစ်တစ်ခုဟု ခံစားမိနေသည်။
သူမက ဖျောင်းဖျစကား ဆိုလိုက်သည်။ "အရှင်မင်းကြီး၊ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်သူအနေနဲ့ မိမိကိုယ်ကိုယ် စည်းကမ်းရှိသင့်ပါတယ်။ ကိုယ့်ရဲ့ အလိုဆန္ဒအတွက် ပြည်သူတွေကို ပင်ပန်းစေတာ၊ အရင်းအမြစ်တွေကို ဖြုန်းတီးတာဟာ ပညာရှိမင်းတို့ရဲ့ အပြုအမူ မဟုတ်ပါဘူး"
လင်းပိုင်ဖန်က ရယ်မောလိုက်သည်။ "ကောင်းလိုက်တဲ့ စကား၊ ဒါဟာ တကယ်ပဲ ပညာရှိမင်းတစ်ပါး လုပ်ရမယ့် အရာမဟုတ်ဘူး။ ပညာရှိမင်းဆိုတာ မိမိကိုယ်ကိုယ် စည်းကမ်းရှိရမယ်၊ စည်းစိမ်မမက်ရဘူး၊ ပြည်သူတွေကို မပင်ပန်းစေရဘူး၊ အရင်းအမြစ်တွေကို မဖြုန်းတီးရဘူး"
"အရှင်မင်းကြီး ဒါကို နားလည်နိုင်တာ ကောင်းပါတယ်" ဟု စုန့်ယွိဖေးက ပြောလိုက်သည်။
လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဖြန့်လိုက်ကာ- "ဒါပေမဲ့ မင်း စဉ်းစားကြည့်ဖူးလား၊ ငါကိုယ်တော် တကယ်ပဲ မင်းပြောသလို လုပ်ပြီး ဒီဝက်ဝံခြေဖဝါးဟင်း စားတာကို ရပ်လိုက်မယ်ဆိုရင် အဲဒီ မုဆိုးတွေနဲ့ ဝက်ဝံသယ်တဲ့ အဖွဲ့တွေ ဘာဖြစ်သွားမလဲ၊ သူတို့အားလုံး အလုပ်လက်မဲ့ ဖြစ်ပြီး ပိုက်ဆံရှာလို့ ရမှာမဟုတ်တော့ဘူး"
"သူတို့နောက်မှာ မိသားစုတွေ ရှိတယ်၊ ဇနီးမယားတွေ၊ သားသမီးတွေ၊ မိဘအိုကြီးတွေ ရှိတယ်။ အားလုံးပေါင်းရင် အနည်းဆုံး လူ ၁၀၀ ကျော် ရှိမယ်။ သူတို့အားလုံး စားစရာမရှိဘဲ ငတ်ပြတ်သွားကြလိမ့်မယ်။ ဒီတာဝန်ကို..."
လင်းပိုင်ဖန်က စားပွဲကို ရိုက်ကာ မတ်တတ်ရပ်လိုက်ပြီး "မင်း တာဝန်ယူနိုင်လား" ဟု မေးလိုက်သည်။
စုန့်ယွိဖေးမှာ အလွန်အံ့အားသင့်သွားခဲ့သည်။
"ငါကိုယ်တေယ် နောက်မေးခွန်းတစ်ခု မေးမယ်၊ ငါကိုယ်တော်က ဒီဝက်ဝံခြေဖဝါးဟင်းကို စားရတာကို ပျော်နေတယ်လို့ မင်းထင်လား"
"ဒီလို မဟုတ်ဘူးလား" ဟု စုန့်ယွိဖေးက ပြန်မေးလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါလိုက်ကာ- "ငါကိုယ်တော်က အစားအသောက် ကြိုက်တာမှန်ပေမဲ့ မစားရရင် မနေနိုင်တဲ့ အဆင့်အထိတော့ မဟုတ်ဘူး။ ငါကိုယ်တော် စားချင်လည်း ရတယ်၊ မစားဘဲ နေလည်း ရတယ်။ ဒါပေမဲ့ ငါကိုယ်တော် စားကို စားရမယ်၊ ဘာလို့လဲဆိုတော့ မစားခဲ့ရင် လူတွေအများကြီး အလုပ်လက်မဲ့ ဖြစ်သွားမှာမို့လို့ပဲ"
"အဲဒီ မုဆိုးတွေ၊ ဝက်ဝံသယ်တဲ့သူတွေ အကုန် အလုပ်လက်မဲ့ဖြစ်ကုန်မယ်။ သူတို့ အလုပ်လက်မဲ့ ဖြစ်သွားရင် အလုပ်အသစ်ရှာဖို့ အရမ်းခက်လိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီမုဆိုးတွေက ဝက်ဝံဖမ်းတာကလွဲလို့ ဘာမှမတတ်ကြဘူး။ ဝက်ဝံသယ်တဲ့ လှည်းတွေကလည်း ဝက်ဝံသယ်ဖို့ပဲ ပြုပြင်ထားတာ၊ တခြား ဘာမှသယ်လို့ မရဘူး"
"ကဲ၊ အခု မင်းပြောဦး၊ ငါကိုယ်တော် ဒီဝက်ဝံခြေဖဝါးဟင်းကို စားသင့်သလား၊ မစားသင့်ဘူးလား"
စုန့်ယွိဖေးမှာ မည်သို့ တုံ့ပြန်ရမှန်း မသိတော့ဘဲ တိတ်ဆိတ်သွားလေတော့သည်။