← Chapters

Vol. 14 Ch. 161

Vol. 14 Ch. 161

Vol. 14 Ch. 161

Vol. 14 Ch. 161

​လင်းပိုင်ဖန်က စားပွဲပေါ်ရှိ အခြားသော အရသာရှိလှသည့် ဟင်းလျာများကို ညွှန်ပြကာ ပြောလိုက်သည်။ "ဒီဝက်ဝံ​ခြေဖဝါးဟင်းတင် မဟုတ်ဘူး၊ ဒီလို ထူးထူးခြားခြား ဟင်းလျာတစ်ပွဲချင်းစီရဲ့ နောက်ကွယ်မှာ ကြိုးစားပမ်းစား လုပ်ကိုင်ပေးနေရတဲ့ လူပေါင်းများစွာ ရှိနေတယ်။ ဒီစားပွဲပေါ်က ဟင်းလျာတွေအားလုံးကို ခြုံကြည့်ရင် အနည်းဆုံး လူပေါင်းတစ်ထောင်ကျော်ရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ သွယ်ဝိုက်ပြီး ပတ်သက်နေတယ်လို့ ပြောလို့ရတယ်"

​ "ငါကိုယ်တော်ရဲ့ အလိုဆန္ဒတစ်ခုအတွက် အနည်းဆုံး လူတစ်ထောင်လောက်က ကြိုးစားပမ်းစား လုပ်ကိုင်ပေးနေရတယ်လို့ ဆိုနိုင်တယ်။ တစ်ချိန်တည်းမှာပဲ တခြားတစ်ဖက်ကနေ စဉ်းစားကြည့်ရင် သူတို့ကို ကျွေးမွေးစောင့်ရှောက်နေတာက ငါကိုယ်တော်ပဲ၊ ငါကိုယ်တော်က သူတို့ကို ထောက်ပံ့ပေးတဲ့သူနဲ့ အုပ်ထိန်းသူပဲ"

​ "ငါကိုယ်တော်သာမရှိရင် သူတို့အားလုံး အလုပ်လက်မဲ့ဖြစ်ပြီး ရေပဲသောက်နေကြရလိမ့်မယ်။ ဒါဟာ မင်းအတွက် ငါကိုယ်တော်ရဲ့ အဖြေပဲ”

​ "ဘာလို့ ငါကိုယ်တော်က လူတွေကို ခိုင်းစေပြီး နိုင်ငံတော်ဘဏ္ဍာကို သုံးဖြုန်းနေပေမဲ့ သာမန်ပြည်သူတွေက ငြိမ်းချမ်းစွာနဲ့ လုပ်ကိုင်စားသောက်နိုင်နေကြတာလဲဆိုတော့ သူတို့က ဒီအလုပ်တွေကို လိုအပ်နေလို့ပဲ။ သူတို့မှာ အလုပ်ရှိမှ ပိုက်ဆံရမယ်၊ ပိုက်ဆံရှိမှ သူတို့ကိုယ်တိုင်ရော၊ သူတို့ရဲ့ ဇနီးမယား၊ သားသမီးနဲ့ မိဘဘိုးဘွားတွေကို ထောက်ပံ့နိုင်မှာ။ အဲဒီတော့မှ သူတို့က အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်နိုင်မှာပေါ့"

​ စုန့်ယွီဖေး တစ်ယောက် စဉ်းစားခန်းဝင်သွားသည်။ ဧကရာဇ်က လူအင်အားနဲ့ ငွေကြေးအမြောက်အမြား သုံးစွဲရတဲ့ စီမံကိန်းတွေကို မလုပ်ဆောင်သရွေ့ ပြည်သူတွေအတွက် ကောင်းမွန်လိမ့်မယ်လို့ သူမက ရိုးသားစွာ ထင်မြင်မိခဲ့သည်။

​ ဒါပေမဲ့ အခုတော့ သူမ မှားနေဆိုတာကို သတိပြုမိသွားသည်။ ဧကရာဇ်ကသာ ဒီလိုအလုပ်တွေကို မလုပ်ခဲ့ရင် ပြည်သူအများအပြားမှာ စားစရာရှိတော့မှာ မဟုတ်ပေ။ ဥပမာအားဖြင့်၊ အခု ငါ့ရှေ့က ဧကရာဇ်က ဝက်ဝံခြေဖဝါးဟင်းကို မစားဖို့ ငြင်းဆန်လိုက်မယ်ဆိုရင် နောက်ကွယ်က လူပေါင်းများစွာ အလုပ်ပြုတ်သွားလိမ့်မယ်။ အကယ်၍ သူဟာ တခြားသော တောတောင်ရေမြေက ထွက်တဲ့ အစားအသောက်တွေကိုပါ ဆက်ပြီး မစားဘဲ နေမယ်ဆိုရင် နောက်ကွယ်က လူပေါင်းထောင်ချီ အလုပ်လက်မဲ့ ဖြစ်သွားပေလိမ့်မည်။

​ သူတို့ရဲ့ မိသားစုတွေအပါအဝင်ဆိုရင် လူပေါင်းသောင်းနဲ့ချီပြီး ဆင်းရဲတွင်းထဲ ကျရောက်သွားနိုင်သည်။ ဒီလိုကြည့်မယ်ဆိုရင် အသုံးအဖြုန်းကြီးတာနဲ့ လေလွင့်တာက မှန်ကန်နေသလိုပင်။ ဒါပေမဲ့ ဒါက ယုတ္တိရှိမနေပေ။ အသုံးအဖြုန်းကြီးပြီး လေလွင့်မှုတွေကြောင့် ပြည်သူတွေ ငိုကြွေးရပြီး နောက်ဆုံးမှာ တိုင်းပြည်ပျက်စီး၊ မိသားစုတွေ ပြိုကွဲသွားရတဲ့ နိုင်ငံပေါင်းများစွာကိုလည်း သူ မြင်ဖူးသည်။ ဒါဆို ဘာလို့ မဟာရှ ကျမှ အရာအားလုံးက လုံးဝခြားနားနေရတာလဲဆိုတာ သူမက သိချင်မိသွားသည်။ ထို့ကြောင့် သူမက ထိုမေးခွန်းကို မေးမြန်းလိုက်လေသည်။

​ "ငွေကြေးက လုံလောက်နေသရွေ့တော့ အဆင်ပြေတယ်။ ဒီထမင်းတစ်နပ်အတွက် ငါကိုယ်တော် ဘယ်လောက်တောင် ငွေကုန်ကြေးကျခံထားလဲ မင်းသိလား"

​ "မသိဘူး" စုန့်ယွီဖေး ခေါင်းခါပြလိုက်သည်။

​ လင်းပိုင်ဖန်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်ပြီး "အနည်းဆုံး ငွေတေး ၁,၀၀၀"

​ စုန့်ယွီဖေး မျက်လုံးများ ပြူးသွားကာ "အဲဒီလောက်တောင် များတာလား"

​ "များတာပေါ့"

လင်းပိုင်ဖန်က ပြုံးလျက် ခေါင်းခါရင်း ပြောလိုက်သည်။ "ငွေတေး ၁,၀၀၀ က မိသားစု ဘယ်နှစုကို ထောက်ပံ့နိုင်မလဲဆိုတာ ငါကိုယ်တော် မပြောဘဲနဲ့တောင် မင်းသိသင့်တယ်။ အဲဒီတော့ ငွေကြေးက လုံလောက်နေသရွေ့ ပြည်သူတွေအပေါ် ခေါင်းပုံဖြတ်တာ ဒါမှမဟုတ် ထိခိုက်နစ်နာစေတာမျိုး ရှိမှာမဟုတ်ဘူး။ ငါကိုယ်တော်က အတင်းအဓမ္မမခိုင်းစေဘဲနဲ့တောင် သူတို့က ငါကိုယ်တော်ဆီမှာ အလုပ်လုပ်ချင်လို့ ငိုယိုပြီး လာတောင်းပန်ကြလိမ့်မယ်"

​ "ဒီသဘောတရားအတိုင်းပဲ၊ ဘာလို့ ငါကိုယ်တော်က လူအင်အားနဲ့ ဘဏ္ဍာငွေတွေ အမြောက်အမြားသုံးပြီး အကြီးစားဆောက်လုပ်ရေးစီမံကိန်းတွေကို လုပ်နေပေမဲ့ သာမန်ပြည်သူတွေက ဒါကို ဝမ်းပန်းတသာ လက်ခံနေကြတာလဲဆိုတော့ ငါကိုယ်တော်က သူတို့ကို လုပ်ခ ကောင်းကောင်းပေးပြီး ဝဝလင်လင် စားနိုင်အောင် လုပ်ပေးထားလို့ပဲ၊ အဲဒါကြောင့် သူတို့က ငါကိုယ်တော်အတွက် ကြိုးစားပမ်းစား လုပ်ပေးချင်ကြတာ"

​ လင်းပိုင်ဖန်က ပြတင်းပေါက်အပြင်ဘက်ကို ညွှန်ပြလိုက်ကာ- "အခု ငါကိုယ်တော်က အလုပ်တွေအားလုံး ရပ်နားလိုက်မယ်၊ လမ်းတွေ အိမ်တွေ မဆောက်တော့ဘူး၊ မြေယာအသစ်တွေ မဖော်ထုတ်တော့ဘူးလို့ ကြေညာလိုက်ရင် အရင်ဆုံး ကန့်ကွက်မယ့်သူတွေက သူတို့ဖြစ်မယ်ဆိုတာကို မင်းယုံလား"

​ "လုံးဝကို ယုံတယ်"

ပြည်သူတွေရဲ့မျက်နှာအမူအရာတွေကို ပြန်လည်သတိရရင်း စုန့်ယွီဖေးက တွေဝေခြင်းမရှိဘဲ ဖြေလိုက်သည်။

​ မဟာရှနိုင်ငံ ဘယ်လိုမျိုး တိုးတက်လာခဲ့သလဲဆိုတာကို သူမ နောက်ဆုံးတော့ နားလည်သွားခဲ့ပြီဖြစ်သည်။ ဒါဟာ ဧကရာဇ်က ငွေကြေးသုံးစွဲဖို့ ဝန်မလေးဘဲ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ပြုလုပ်ခဲ့လို့ပင်ဖြစ်သည်။ ပြည်သူတွေက အလုပ်လိုအပ်တယ်၊ ငွေလိုအပ်တယ်၊ အဲဒါကြောင့် သူတို့က ပင်ပန်းဆင်းရဲမှုကို အောင့်အည်းပြီး အလုပ်တွေကို လုလုပ်ကြတာပဲ။ အခုအချိန်မှာ ရှင်ဘုရင်က ရပ်တန့်ချင်ရင်တောင် ရပ်တန့်လို့ မရတော့ပေ၊ အရင်ဆုံး ကန့်ကွက်မယ့်သူတွေက သူတို့ပဲ ဖြစ်ပေလိမ့်မယ်။

​‘ ဒီမိုက်မဲတဲ့ဧကရာဇ်က သူရဲ့ ထူးခြားတဲ့ နည်းလမ်းတွေနဲ့ သာယာဝပြောပြီး အင်အားတောင့်တင်းတဲ့ နိုင်ငံတစ်ခုကို တည်ဆောက်ခဲ့တာပဲ’

​ "ကျွန်မကို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ အမှန်အတိုင်းပြောရရင် ကျွန်မ ဒီကိုလာခဲ့တာ အရှင်မင်းကြီးကို မိုက်မဲပြီး အသုံးမကျတဲ့ အုပ်ချုပ်သူတစ်ယောက်လို့ ထင်ပြီး အထင်လွဲခဲ့မိလို့ပါ။ ဒါပေမဲ့ အခုတော့ အရှင်မင်းကြီးက လူမိုက်မဟုတ်ဘဲ ပညာရှိပြီး မွန်မြတ်တဲ့ အုပ်ချုပ်သူတစ်ယောက်ဆိုတာ တွေ့လိုက်ရပါပြီ။ ပညာရှိတဲ့ အုပ်ချုပ်သူ တစ်ယောက်က အသရေဖျက်တာမျိုး မခံရသင့်ပါဘူး၊ အရှင်မင်းကြီးရဲ့ ဂုဏ်သတင်းကို ပြန်လည်ရှင်းလင်းပေးဖို့ ပြင်ပလောကကို ကျွန်မ ရှင်းပြလိုက်ပါ့မယ်"

​ လင်းပိုင်ဖန်က ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြလိုက်ကာ- "ဒါတွေ မလိုပါဘူး။ အပြင်လူတွေ ပြောချင်တာ ပြောပါစေ၊ ငါကိုယ်တော် ဂရုမစိုက်ဘူး"

​ "စိတ်ချပါ အရှင်မင်းကြီး၊ ကျွန်မက သိုင်းလောကမှာ ဂုဏ်သတင်းနဲ့ သြဇာအာဏာ အတိုင်းအတာ တစ်ခုအထိ ရှိပါတယ်၊ အရှင်မင်းကြီးရဲ့ နာမည်ပျက်တွေကို ရှင်းလင်းပေးပြီး လူအများက အရှင်မင်းကြီးကို ပိုသိလာအောင်၊ အရှင်မင်းကြီးရဲ့ နာမည်ကောင်းကို ထာဝရတည်တံ့အောင် လုပ်ပေးနိုင်ပါတယ်"

​ လင်းပိုင်ဖန်က ထပ်မံပြီး လက်ကာပြလိုက်ကာ- "ငါကိုယ်တော် အဲဒီလို ဂုဏ်သတင်းတွေကို တကယ်မလိုချင်ဘူး။ မိုက်မဲတဲ့ ဧကရာဇ်ပဲဖြစ်ဖြစ်၊ ပညာရှိမင်းပဲဖြစ်ဖြစ်၊ ငါကိုယ်တော်က မှန်တယ်လို့ ထင်တာကိုပဲ လုပ်နေတာ။ မင်း ငါကိုယ်တော်ကို တကယ်ကူညီချင်တယ်ဆိုရင် ဘာမှမပြောဘဲ နေလိုက်ပါ"

​ "ဘာလို့လဲ"

စုန့်ယွီဖေး နားမလည်နိုင် ဖြစ်သွားခဲ့သည်။ ဘယ်ဧကရာဇ်ကမှ ပညာရှိမင်းဆိုတဲ့ ဘွဲ့ထူးကို မလိုချင်ဘဲ မျိုးဆက်အဆက်ဆက်ထိ အမှတ်ရနေတာကို မလိုလားဘဲ နေပါ့မလဲ။

​ "ဘာလို့လဲဆိုတော့ မိုက်မဲတဲ့ ဧကရာဇ်အဖြစ် နေရတာက ပိုသက်သောင့်သက်သာ ရှိလို့ပဲ"

လင်းပိုင်ဖန်က- "မင်းလုပ်ချင်တာ လုပ်လို့ရတယ်၊ ပျော်ပါးချင်သလို ပျော်လို့ရတယ်၊ ဂုဏ်သတင်းဆိုတဲ့ ဝန်ထုပ်ဝန်ပိုးမရှိဘဲ ကြိုက်တာလုပ်လို့ရတယ်၊ တခြားသူတွေက ငါကိုယ်​တော်ကို မိုက်မဲတဲ့ဧကရာဇ်လို့ ခေါ်တာကလွဲလို့ ဘာလုပ်နိုင်ဦးမှာလဲ"

​ စုန့်ယွီဖေး ရယ်မောမိသွားသည်။ စကားလုံးကသာ ကြမ်းရင်ကြမ်းမယ်၊ အကြောင်းပြချက်ကတော့ ခိုင်မာလှသည်။ အမှန်တကယ်ပင်၊ မိုက်မဲတဲ့ဧကရာဇ်အဖြစ် နေထိုင်ခြင်းက ဘယ်သူ့ရဲ့ နှောင့်ယှက်မှုကိုမှ မခံရဘဲ ကိုယ့်စိတ်ဆန္ဒရှိသမျှကို လုပ်ဆောင်နိုင်ပေသည်။

​ "ငါကိုယ်တော်အကြောင်းကို ထားလိုက်ပါဦး၊ မင်းအကြောင်း ပြောရအောင်"

​ "ကျွန်မလား" စုန့်ယွီဖေး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

​ "ဟုတ်တယ်၊ မင်းအကြောင်းပဲ။ စုန့် မိန်းကလေး၊ မင်း မဟာရှနိုင်ငံမှာ အမှုထမ်းပြီး ငါကိုယ်တော်အတွက် အလုပ်လုပ်ပေးဖို့ စိတ်ဝင်စားလား" လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။

"ငါကိုယ်တော်က အရည်အချင်းရှိတဲ့သူတွေကို အသည်းအသန် ရှာဖွေနေတာ၊ လာသမျှ သူတွေကိုလည်း အမြဲတမ်း ကြိုဆိုနေတာ။ မင်းသာ ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် ငါကိုယ်တော် မင်းကို နိုင်ငံတော်အဆင့် ပညာရှင်တစ်ယောက်လို ပြုစုပျိုးထောင်ပေးမယ်"

​ မှန်ပေသည်၊ လင်းပိုင်ဖန်က သူမကို အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။ သူမက ငယ်ရွယ်ပြီး သိုင်းပညာ အလွန်ထူးချွန်သည့်အပြင် အလွန်လှပပုံလည်း ရသည်။

​ စုန့်ယွီဖေးက ငြင်းပယ်ရန် ပြင်လိုက်သော်လည်း ထွက်လာသော စကားလုံးများမှာ ပြောင်းလဲသွားပြီး- "ကျွန်မ စဉ်းစားကြည့်ပါဦးမယ်။ ဒါပေမဲ့ ကျွန်မနောက်မှာ ဂိုဏ်းတစ်ခုရှိနေတော့ ပုံမှန်အားဖြင့် ဂိုဏ်းရဲ့ တာဝန်တွေနဲ့ အလုပ်ရှုပ်နေတတ်တယ်၊ အရှင်မင်းကြီးကို အမှုထမ်းဖို့ အချိန်မပေးနိုင်မှာ စိုးရိမ်မိတယ်"

​ "ဒါက လွယ်ပါတယ်၊ မင်းက ဂုဏ်ထူးဆောင်အရာရှိ တစ်ယောက်အနေနဲ့ နေလို့ရတာပဲ။ ငါကိုယ်တော် အကူအညီလိုတဲ့အခါ မင်းကူညီနိုင်တယ်လို့ ထင်ရင် ကူညီပေး၊ မဟုတ်ရင်လည်း ရတယ်၊ မင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့် အများကြီးရှိတယ်" လင်းပိုင်ဖန်က ပြုံးလျက် ပြောလိုက်သည်။

​ ဒီတစ်ကြိမ်မှာတော့ စုန့်ယွီဖေး တွေဝေမနေတော့ပေ။ "ကောင်းပါပြီ။ သိုင်းလောကရဲ့ ကျင့်ဝတ်တွေနဲ့ မဆန့်ကျင်သရွေ့တော့ ကျွန်မ ကူညီပေးဖို့ အသင့်ပါပဲ"

​ "ကောင်းပြီ။" လင်းပိုင်ဖန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် အခြားသော ပါရမီရှင်တစ်ဦးကို ထပ်မံဆွဲဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ဘယ်လောက်တောင် ဝမ်းသာစရာကောင်းလိုက်သလဲ။

​ နှစ်ဦးသား အရက်သုံးလေးခွက်လောက် သောက်ပြီးနောက် စုန့်ယွီဖေး နန်းတော်မှ ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူမသည် သူမ၏ ဂိုဏ်းအာဏာကို အသုံးပြုကာ မဟာရှနိုင်ငံအကြောင်းကို အသေးစိတ် စုံစမ်းစစ်ဆေးခဲ့သည်။ သူမသည် မဟာရှနိုင်ငံအကြောင်းကို ပိုမိုနက်နက်ရှိုင်းရှိုင်း သိရှိလာခဲ့သည်။

​ လွန်ခဲ့သော တစ်နှစ်ခန့်က မဟာရှသည် ပျက်စီးလုနီးပါး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော တိုင်းပြည်ငယ်လေး တစ်ခုသာ ဖြစ်ခဲ့သည်။ သို့သော်လည်း လင်းပိုင်ဖန် နန်းတက်လာကတည်းက သူသည် ဆုတ်ယုတ်မှုများကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီး တိုင်းပြည်ကို လျင်မြန်စွာ တိုးတက်စေခဲ့သည်။ သူသည် စစ်ပွဲပေါင်းများစွာကို အောင်မြင်စွာ ဆင်နွှဲခဲ့ပြီး အနိုင်ရတိုင်း နယ်မြေကို သုံးဆထက်မက ချဲ့ထွင်နိုင်ခဲ့သည်။

​ သူသည် အကြီးစား ဆောက်လုပ်ရေး စီမံကိန်းများ၊ သတ္တုတွင်း လုပ်ငန်းများ၊ မြစ်ချောင်း တူးဖော်ခြင်းများ၊ မြေယာအသစ် ဖော်ထုတ်ခြင်းများ၊ ယခုအခါ လမ်းများနှင့် နန်းတော်သစ် တည်ဆောက်ခြင်း စသည့် လုပ်ငန်းများကို စတင်ခဲ့သည်။ ထိုကဲ့သို့ များပြားလှသော အရင်းအမြစ်များနှင့် ဘဏ္ဍာငွေများကို သုံးစွဲခဲ့သော်လည်း တိုင်းပြည်သည် ဆုတ်ယုတ်မသွားဘဲ ပိုမိုအင်အားတောင့်တင်းလာခဲ့သည်။

​ လူဦးရေမှာ မူလ ၃ သန်းမှ ယနေ့တွင် ၁၀ သန်းကျော်အထိ တိုးတက်လာခဲ့ပြီး ဆက်လက်၍လည်း ပိုမိုချမ်းသာလာနေခဲ့သည်။ ဒါတွေကို ပိုသိလာလေလေ၊ လင်းပိုင်ဖန်ကို ပို၍ လေးစားလာလေလေပင်ဖြစ်သည်။ ဤနိုင်ငံရေး အောင်မြင်မှုများကို ကြည့်ရုံဖြင့် သူသည် ပညာရှိမင်းများထက်ပင် သာလွန်ထူးကဲကြောင်းကို တွေ့နိုင်သည်။ သို့သော်လည်း လုပ်ဆောင်ပုံ လုပ်ဆောင်နည်းများကို ကြည့်လျှင်မူ လုပ်ရပ်တိုင်းမှာ မိုက်မဲလှတဲ့ ဧကရာဇ် တစ်ဦးကဲ့သို့ပင် ဖြစ်နေသည်။

​ အစပိုင်းတွင် သူသည် မိန်းမလှတစ်ယောက်အတွက် သူ၏ နယ်မြေကို ပေးအပ်ခဲ့သည်။ အခြားနိုင်ငံများကို အကြောင်းမရှိဘဲ ရန်စခဲ့ပြီး စစ်ပွဲများကို အလျင်စလို စတင်ခဲ့သည်။ လူအင်အားနှင့် ဘဏ္ဍာငွေများကို ကုန်ခမ်းစေသည့် ကြီးကျယ်သော ဆောက်လုပ်ရေး စီမံကိန်းများကို လုပ်ဆောင်ခဲ့သည်။ သစ္စာဖောက် အရာရှိများကို ပြန်လည်ခန့်အပ်ကာ နန်းတွင်းကို ချုပ်ကိုင်စေခဲ့သည်။ အပျော်အပါးနှင့် ကာမဂုဏ်များတွင် နှစ်မြှုပ်နေခဲ့သည်။

​ အခုဆို စုန့်ယွီဖေးအနေနဲ့ လင်းပိုင်ဖန်ကို ဘယ်လို အကဲဖြတ်ရမှန်းတောင် မသိတော့ပေ။ သူ့ကို အသုံးမကျတဲ့ သူလို့ ခေါ်မယ်ဆိုရင်လည်း သူက တကယ်ပဲ အသုံးမကျသလို နေပြခဲ့တာပင်ဖြစ်သည်။ ဒါပေမဲ့ အဲဒီလို အသုံးမကျတဲ့သူကပဲ တိုင်းပြည်ကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ပြည်သူတွေကို ပိုမိုကောင်းမွန်တဲ့ ဘဝတွေ ပေးနိုင်ခဲ့သည်။

​ "ဟူး…. လောကကြီးက ဖရိုဖရဲ ဖြစ်နေတာ ကြာပြီ။ စကားပုံလည်းရှိနေတာပဲလေ ‘ကောင်းကင်အောက်မှာ ကြာရှည်စွာ ကွဲပြားနေရင် ပြန်ပေါင်းစည်းမယ်၊ ကြာရှည်စွာ ပေါင်းစည်းနေရင်ဆိုရင် ပြန်ကွဲပြားမယ်’ ဆိုသလို ဒီမငြိမ်မသက်ဖြစ်နေတဲ့ ခေတ်ကြီးကို အဆုံးသတ်ပေးမယ့် ပညာရှိတဲ့ အုပ်ချုပ်သူတစ်ယောက် ပေါ်ထွက်လာဖို့ အချိန်တန်ပြီဖြစ်သည်။ လင်းပိုင်ဖန်၊ သူဟာ ငါတို့အတွက် အလားအလာရှိတဲ့ သူတစ်ယောက်ပဲ"

All Chapters