အခန်း (၁၆၂)
Vol. 14 Ch. 162
သူမ၏ မဟာရှနိုင်ငံ ခရီးစဉ်အတွင်း ထိုစုန်းမလေး၏ သတင်းအစအနကို မရရှိခဲ့သော်လည်း ဖရိုဖရဲခေတ်ကို အဆုံးသတ်နိုင်စွမ်းရှိသည့် ကိုယ်စားလှယ်လောင်း တစ်ဦးကို တွေ့ရှိခဲ့ရသဖြင့် အမှန်တကယ်ပင် တန်ဖိုးရှိသော ခရီးတစ်ခုဖြစ်ခဲ့သည်။
သူမသည် ရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်ရင်း ပညာရှိသော ဘုရင်တစ်ပါးကိုလည်း ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။ အသင့်တော်ဆုံးပုဂ္ဂိုလ်ကို မတွေ့မချင်းပေါ့။
သူမသည် သတိမထားမိဘဲ မဟာကျိုးမင်းဆက်သို့ ရောက်ရှိလာခဲ့သည်။ စုန့်ယွီဖေးက- "မဟာကျိုးမင်းဆက်မှာ အိမ်ရှေ့စံ မသတ်မှတ်ရသေးဘူး၊ ဒါပေမဲ့ ဒုတိယမင်းသားကတော့ သူ့ရဲ့ အမြော်အမြင်ကြီးမှုကြောင့် နာမည်ကျော်ကြားတယ်၊ သူနဲ့ သတင်းအဆက်အသွယ်ပြတ်နေတာ တစ်နှစ်တောင်ရှိပြီ၊ အခြေအနေတွေ ဘယ်လိုရှိနေမလဲမသိဘူး" ဟု တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ထို့ကြောင့် သူမသည် လမ်းကြောင်းပြောင်းကာ ဒုတိယမင်းသားနှင့် တွေ့ဆုံရန် မဟာကျိုးမင်းဆက်၏ မြို့တော်ဆီသို့ ဦးတည်ခဲ့သည်။
မဟာကျိုးမင်းဆက်၏ ဒုတိယမင်းသားသည် စုန့်ယွီဖေးကို မြင်သောအခါ အလွန်ဝမ်းမြောက်သွားပြီး ယဉ်ကျေးစွာ နှုတ်ဆက်ကာ "နတ်မိမယ် ယွီနဲ့ တွေ့ခွင့်ရတာ ဝမ်းမြောက်မိပါတယ်၊ ကျွန်တော်တို့ မတွေ့ဖြစ်တာ တစ်နှစ်ရှိပြီမလား၊ နတ်မိမယ်ကတော့ အရင်အတိုင်း လှပပြီး တည်ငြိမ်နေတုန်းပဲ၊ ကျွန်တော် နတ်မိမယ်ကို သတိရနေရတာ" ဟု ဆိုလိုက်သည်။
သူသည် အမှန်အတိုင်း ပြောနေခြင်းဖြစ်သည်။ သူ၏စိတ်ထဲတွင် သူမ၏ ထူးကဲသော အလှတရားနှင့် အေးစက်တည်ငြိမ်သည့် အမူအရာများကိုသာမက သူမ၏နောက်ကွယ်ရှိ အင်အားစုကိုလည်း လိုချင်တောင့်တနေမိသည်။ သူမ၏ ထောက်ပံ့မှုသာရှိလျှင် သူသည် မဟာကျိုးမင်းဆက်၏ အိမ်ရှေ့စံ ဖြစ်လာမည်မှာ သေချာသလို ဧကရာဇ်အာဏာကို ဆက်ခံကာ အလယ်ပိုင်းလွင်ပြင်ဒေသကိုပင် စိုးမိုးအုပ်ချုပ်နိုင်မည့် ကိုယ်ပိုင်အင်ပါယာကို တည်ထောင်နိုင်မည်ဖြစ်သည်။ ဤအမျိုးသမီး၏ အကူအညီသာရလျှင် သူ၏အာဏာတက်လှမ်းမှုသည် အရှိန်အဟုန်ဖြင့် အောင်မြင်တော့မည်ဟု ဆိုနိုင်ပေသည်။
"ဒုတိယမင်းသား တွေ့ရတာ ဝမ်းသာပါတယ်၊ အရင်ကထက်တောင် ပိုပြီး ခန့်ညားလာသလိုပဲနော်" ဟု စုန့်ယွီဖေးက ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်သည်။
"နတ်မိမယ်ယွီကလည်း မြှောက်ပင့်လွန်းနေပါပြီ၊ ဟားဟား... ကျွန်တော် စားသောက်ပွဲ ပြင်ဆင်ထားပါတယ်၊ ဒီညတော့ မမူးမချင်း အဝသောက်ကြတာပေါ့" ဟု ဒုတိယမင်းသားက တက်ကြွစွာ ပြောဆိုလိုက်သည်။
"ဒါဆိုရင်တော့ ကျွန်မက ရိုသေစွာနဲ့ လက်ခံရမှာပေါ့" စုန့်ယွီဖေးက ခေါင်းညိတ်သဘောတူလိုက်သည်။
"နတ်မိမယ်၊ အထဲကို ကြွပါ၊ ကျွန်တော် လမ်းပြပါ့မယ်"
မကြာမီတွင် ဒုတိယမင်းသားသည် စုန့်ယွီဖေးကို ဧည့်ခံရန် သူ၏ဥယျာဉ်အတွင်း၌ ခမ်းနားသော စားသောက်ပွဲကြီးတစ်ခုကို ကျင်းပခဲ့သည်။ သူ၏ အရေးပါမှုကို ပြသရန်အတွက် ဒုတိယမင်းသားသည် သူ၏ အနီးကပ်အမှုထမ်းများ၊ အမတ်များနှင့် ရင်းနှီးသော မင်းသားအချို့ကိုလည်း အဖော်အဖြစ် ဖိတ်ကြားထားသည်။ လူတိုင်းက ဂုဏ်သရေရှိ ဧည့်သည်တော် စုန့်ယွီဖေးကို ကြိုဆိုရန် တန်းစီစောင့်ကြိုနေကြရာ ပွဲမှာ အလွန်ပင် ခမ်းနားလှသည်။
"မင်းသားက သဘောကောင်းလွန်းနေပါပြီ၊ ကျွန်မက သာမန်အရပ်သူတစ်ယောက်ပါ၊ ဒီလို ဂုဏ်ပြုမှုကို ခံယူဖို့ မထိုက်တန်ပါဘူး" ဟု စုန့်ယွီဖေးက ဆိုလိုက်သည်။
"နတ်မိမယ်ယွီက နှိမ့်ချလွန်းနေပါပြီ"
ဒုတိယမင်းသားက ပြုံးရွှင်စွာဖြင့်- "နတ်မိမယ် ကျွန်တော့်ဆီကို ကြွရောက်လာတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ၊ ဒါကြောင့် ဘယ်လောက်ပဲ ပြင်ဆင်ပြင်ဆင် လိုအပ်နေဦးမှာပဲ၊ ကျွန်တော်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ငြင်းပယ်ခြင်းမပြုဖို့ တောင်းဆိုပါတယ်" ဟု ပြောလိုက်သည်။
"ဒါဆိုရင်တော့ မင်းသားရဲ့ ဧည့်ခံမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
ထို့နောက် ဒုတိယမင်းသားသည် ကချေသည်နှင့် အဆိုတော်အဖွဲ့ကို ခေါ်ယူလိုက်ပြီး လူတိုင်းသည် ဖျော်ဖြေမှုများကို ကြည့်ရှုရင်း ပျော်ရွှင်စွာ သောက်စားခဲ့ကြသည်။
စုန့်ယွီဖေးသည် စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများနှင့် ကပြနေသော ကချေသည်များကို ကြည့်ရင်း လင်းပိုင်ဖန်ကို တွေးမိလိုက်သည်။
သူတို့ ပထမဆုံးတွေ့စဉ်က လင်းပိုင်ဖန်သည် ရှားပါးအရသာများကို စားသုံးခြင်း၊ အလှမယ်များကို ပွေ့ဖက်ပြီး၊ ကပွဲများကို ကြည့်ရှုခြင်းတို့ဖြင့် အချိန်ဖြုန်းနေကာ မိုက်မဲသော ဧကရာဇ်တစ်ပါး၏ ပုံစံကို အပြည့်အဝ သရုပ်ဆောင်နေခဲ့သည်။ သို့သော် လင်းပိုင်ဖန်၏ စားပွဲထက်မှ ဟင်းလျာများမှာ ဤနေရာက ဟင်းလျာများထက် ပို၍ ဇိမ်ကျပြီး၊ ပို၍ တန်ဖိုးကြီးလှသည်။ ထို့ပြင် ဤနေရာမှ ကပွဲများမှာ လင်းပိုင်ဖန်ထံကလောက် စွဲမက်စရာ မကောင်းလှပေ။
ထိုမိုက်မဲလှတဲ့ ဧကရာဇ်လေးသည် အပျော်အပါးကို အမှန်တကယ် ခံစားတတ်သည်ဟု ဆိုရပေမည်။
ဒုတိယမင်းသားသည် စုန့်ယွီဖေးကို အကဲခတ်နေပြီး သူမသည် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်နေသော်လည်း စိတ်က အခြားတစ်နေရာသို့ ရောက်နေသည်ကို သတိပြုမိသွားသည်။ သူက "နတ်မိမယ်၊ အစားအစာတွေကို သဘောမကျလို့လား၊ တခြားစားပွဲတစ်ခု ထပ်ပြင်ပေးရမလား" ဟု မေးလိုက်သည်။
စုန့်ယွီဖေးက ခေါင်းခါကာ "မဟုတ်ပါဘူး၊ ကျွန်မက ရိုးရိုးရှင်းရှင်း အစားအစာတွေကိုပဲ စားလေ့ရှိလို့ အခုလိုမျိုးတွေနဲ့ ချက်ချင်းဆိုတော့ နည်းနည်း အသားမကျဖြစ်နေတာပါ၊ အစားအစာတွေက အရမ်းကောင်းပါတယ်၊ ပြောင်းစရာမလိုပါဘူး" ဟု ပြောလိုက်သည်။
ထို့နောက် သူမသည် ယဉ်ကျေးမှုအရ အနည်းငယ် မြည်းစမ်းကြည့်ပြီး တူကို ပြန်ချထားလိုက်သည်။
"ဒုတိယမင်းသား ကျွန်မမှာ မေးစရာ မေးခွန်းအချို့ရှိပါတယ်" ဟု စုန့်ယွီဖေးက အလေးအနက် ပြောလိုက်သည်။
ဒုတိယမင်းသား၏ စိတ်ဓာတ်များ တက်ကြွသွားသည်။ စမ်းသပ်မှုက ရောက်ရှိလာပြီဖြစ်သည်။
စုန့်ယွီဖေးနှင့် သူမ၏နောက်ကွယ်ရှိ အင်အားစုသည် ကောင်းကင်ဘုံကိုယ်စား ပညာရှိမင်းမြတ်ကို ရွေးချယ်သည့် အစဉ်အလာရှိသည်။ သူတို့၏ ရွေးချယ်မှုကို ခံရသော မင်းသားသည် ခိုင်မာသော ထောက်ပံ့မှုကို ရရှိမည်ဖြစ်ပြီး ဧကရာဇ်ဖြစ်လာရန်မှာ သေချာသလောက် ရှိသွားမည်ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း သူတို့၏ အကူအညီဖြင့် ထိပ်တန်းဧကရာဇ်များစွာ ပေါ်ထွက်ခဲ့ဖူးသည်။ ထို့ကြောင့် သူသည် အစွမ်းကုန် ကြိုးစားရမည်ဖြစ်သည်။ သူမ၏ မျက်နှာသာပေးမှုကို ရရှိပါက အောင်မြင်မှုမှာ လက်တစ်ကမ်းအလို၌သာ ရှိတော့မည်ဖြစ်သည်။
ဒုတိယမင်းသားသည် လက်ဝှေ့ယမ်းကာ ကပြဖျော်ဖြေမှုများကို ခေတ္တရပ်နားခိုင်းလိုက်ပြီး တည်ငြိမ်စွာ ထိုင်ကာ အလေးအနက်ထား၍ စမ်းသပ်မှုကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ အခြားသူများကလည်း မင်းသားကို လိုအပ်လျှင် ကူညီရန် အသင့်ဖြစ်နေကြသည်။
"နတ်မိမယ် ယွီ၊ ကြိုက်တာကို မေးနိုင်ပါတယ်၊ ကျွန်တော် ဘာမှ ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး"
"ကောင်းပါပြီ၊ ဒါဆို ကျွန်မ မေးပါရစေ"
စုန့်ယွီဖေးက စားပွဲပေါ်ရှိ ဟင်းလျာများကို ညွှန်ပြကာ "မင်းသားရဲ့ နွေးထွေးတဲ့ ဧည့်ခံမှုက ကျွန်မကို တကယ် စိတ်လှုပ်ရှားစေပါတယ်၊ ကျွန်မက ရိုးရိုးရှင်းရှင်း နေထိုင်တဲ့ ကျေးလက်က မိန်းကလေးတစ်ယောက်ပါ၊ ဒီစားသောက်ပွဲအတွက် ငွေဘယ်လောက် ကုန်ကျသလဲဆိုတာ ကျွန်မ မသိလို့ မင်းသားက ပြောပြပေးနိုင်မလား" ဟု မေးလိုက်သည်။
ဤမေးခွန်းသည် အပေါ်ယံကြည့်လျှင် ရိုးရှင်းသော အတွက်အချက်ပုစ္ဆာတစ်ခုဟု ထင်ရသော်လည်း ထိုသို့ထင်လျှင် မှားပေလိမ့်မည်။ နတ်မိမယ် စုန့်ယွီဖေး မေးသော မေးခွန်းသည် မည်သည့်အခါမျှ မရိုးရှင်းပေ။ သူမ၏ မေးခွန်းများသည် အမျိုးမျိုးရှိသော်လည်း နောက်ဆုံးတွင်တော့ သင်သည် ဧကရာဇ်ကောင်းတစ်ပါး ဖြစ်ရန် အရည်အချင်းရှိမရှိ ဆိုသည့်အချက်ကိုသာ ဦးတည်လေ့ရှိသည်။
အဖြေမှားပါက အမှတ်လျော့ပေလိမ့်မည်။ ထို့ကြောင့် ဒုတိယမင်းသားသည် အလေးအနက် စဉ်းစားလိုက်သည်။ ခဏအကြာတွင် သူက "နတ်မိမယ်၊ ဒီစားသောက်ပွဲအတွက် ငွေတေး ၃၀၀ နီးပါး ကုန်ကျပါတယ်" ဟု ဖြေလိုက်သည်။
စုန့်ယွီဖေးက "တကယ်ပဲ ၃၀၀ ပဲ ကုန်တာလား" ဟု ထပ်မေးလိုက်သည်။
ဒုတိယမင်းသားက ခေါင်းညိတ်ကာ ရိုးသားလှပါသည်ဟူသော ပုံစံဖြင့်-"ကျွန်တော်က အမြဲတမ်း ခြိုးခြံချွေတာတတ်ပါတယ်၊ နေ့စဉ် အသုံးစရိတ်တွေကို ကန့်သတ်ထားတယ်၊ ကျွန်တော့်ရဲ့ စိတ်နှလုံးကို တိုင်းပြည်အရေး၊ ဧကရာဇ်မင်းမြတ်ရဲ့ စိုးရိမ်မှုတွေကို ဖြေဖျောက်ဖို့နဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက်ပဲ မြှုပ်နှံထားပါတယ်၊ ဒီနေ့ နတ်မိမယ်နဲ့ တွေ့ရလို့ ဝမ်းသာလွန်းလို့သာ နည်းနည်း ပိုသုံးလိုက်တာပါ၊ နတ်မိမယ် ခွင့်လွှတ်ပေးပါ" ဟု ဆိုလိုက်သည်။
"ဟုတ်ပါတယ်၊ မင်းသားက အစားအသောက်မှာ သိပ်စိတ်မဝင်စားဘဲ အရမ်းကို ခြိုးခြံတာပါ"
"မင်းသားက ပြည်သူတွေရဲ့ သာယာဝပြောရေးကိုပဲ အမြဲစဉ်းစားနေတာပါ"
"ဒီနေ့ ငွေတေး ၃၀၀ သုံးတယ်ဆိုတာကတောင် အရမ်းကို ခမ်းနားနေပါပြီ"
လူတိုင်းက ဒုတိယမင်းသားကို ဝိုင်း၍ ချီးကျူးနေကြသည်။ သို့သော် စုန့်ယွီဖေး၏ စိတ်ထဲတွင်တော့ စိတ်ပျက်မိသွားသည်။
ဤစားသောက်ပွဲသည် လင်းပိုင်ဖန်၏ စားပွဲနှင့် မယှဉ်နိုင်သော်လည်း ကွာခြားမှုမှာ အလွန်အမင်း ကြီးမားခြင်းမရှိပေ။ ထို့ပြင် ဤနေရာတွင် လူအယောက် ၂၀၊ ၃၀ စာ ပြင်ဆင်ထားသဖြင့် လင်းပိုင်ဖန်ထက် ပမာဏ ပိုများသည်။ လင်းပိုင်ဖန်က သူ၏စားပွဲအတွက် အနည်းဆုံး ငွေတေး ၁,၀၀၀ ကုန်သည်ဟု ပြောခဲ့ဖူးသည်။
ဒုတိယမင်းသားက ငွေတေး ၃၀၀ သာ ကုန်သည်ဟု ပြောခြင်းမှာ ကွာဟချက် အလွန်ကြီးမားနေသည်။ ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိသည်၊ တစ်ခုမှာ မင်းသားသည် လိမ်ညာနေခြင်းဖြစ်ပြီး နောက်တစ်ခုမှာ သူသည် အမှန်တကယ်ပင် ငွေတေး ၃၀၀ သာ သုံးစွဲခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် သူမသည် မင်းသား လိမ်ညာနေခြင်းကိုသာ မျှော်လင့်မိသည်။ ဇိမ်ခံခြင်းက ပြဿနာမဟုတ်ပေ၊ ထိုက်တန်သော ငွေကို ပေးချေပြီး ပြည်သူကို ခေါင်းပုံမဖြတ်လျှင် လုံလောက်သည်။ လင်းပိုင်ဖန်က ထိုသို့လုပ်ဆောင်ခဲ့သဖြင့် ပြည်သူများ၏ ထောက်ခံမှုကို ရခဲ့သည်။ သူတစ်ဦးတည်းကသာ ပျော်ပါးနေသော်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူများကို ကြွယ်ဝစေခဲ့သည်။
သို့သော် ငွေတေး ၁၀၀၀ ကျော် တန်ဖိုးရှိသော စားသောက်ပွဲအတွက် ငွေတေး ၃၀၀ သာ သုံးသည်ဆိုခြင်းမှာ ခြားနားချက်က ငွေတေး ၇၀၀ ဖြစ်နေသည်။ ငွေအလုံအလောက် မပေးခြင်းသည် ပြည်သူကို ခေါင်းပုံဖြတ်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဤစားသောက်ပွဲအတွက် လူပေါင်းထောင်ချီ၍ ဝန်ဆောင်မှု ပေးခဲ့ရမည်ဖြစ်ပြီး သူတို့သည် ထိုက်တန်သော လုပ်အားခကို မရရှိခဲ့ကြပေ။ ထိုအခါ ပြည်သူတွေ ဒုက္ခရောက်ကြမည် မဟုတ်ပါလား။
ဤအချိန်တွင် စုန့်ယွီဖေး၏ အမြင်၌ ဒုတိယမင်းသားမှာ အမှတ်တစ်မှတ် လျော့သွားခဲ့ပြီ ဖြစ်သည်။
ဒုတိယမင်းသားသည် စုန့်ယွီဖေး၏ မျက်နှာပျက်သွားသည်ကို သတိပြုမိလိုက်သည်။ သူ၏ အဖြေသည် နတ်မိမယ်ကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ခြင်းလားဟု သူစိုးရိမ်မိသွားသည်။ ငွေတေး ၃၀၀ ဆိုသည်မှာ နတ်မိမယ်အတွက် များလွန်းနေ၍လားဟု သူတွေးတောကာ နောင်တရမိသွားသည်။ ငွေတေး ၂၀၀ ဟုသာ ပြောခဲ့လျှင် ကောင်းသားဟု သူတွေးလိုက်မိသည်။
အမှားကို ပြင်ဆင်ရန်အတွက် သူသည် ဘေးရှိ အမတ်ကြီးတစ်ဦးကို မျက်စိမှိတ်ပြလိုက်သည်။ အမတ်ကြီးသည် မင်းသား၏ အလိုကို သိသဖြင့် ချက်ချင်းထရပ်ကာ ပြုံးလျက်- "နတ်မိမယ်၊ အမှန်တော့ မင်းသားက ခုနက မှားပြောလိုက်တာပါ၊ ဒီစားသောက်ပွဲက ငွေတေး ၂၀၀ ပဲ ကုန်ပါတယ်၊ တစ်ပြားမှ မပိုပါဘူး၊ မင်းသားက တိုင်းပြည်အရေးတွေ များနေလို့ ခဏတာ မှားသွားတာပါ၊ နတ်မိမယ် ခွင့်လွှတ်ပေးပါ" ဟု ပြောလိုက်သည်။
ဒုတိယမင်းသားကလည်း ရုတ်တရက် သတိရသွားသည့် ပုံစံဖြင့်- "ငွေတေး ၂၀၀ ပဲ ကုန်တာကိုး၊ ကျွန်တော် တကယ်ပဲ မှားမှတ်မိသွားတာပဲ၊ တောင်းပန်ပါတယ် နတ်မိမယ်၊ အပြစ်ပေးတဲ့အနေနဲ့ ကျွန်တော် တစ်ခွက် သောက်ပါ့မယ်" ဟု ဆိုလိုက်သည်။
စုန့်ယွီဖေးက "တကယ်ပဲ ၂၀၀ ပဲ ကုန်တာလား" ဟု ထပ်မေးသည်။
"သေချာပါတယ်၊ ၂၀၀ ပါပဲ၊ တစ်ပြားမှ မပိုပါဘူး၊ ကျွန်တော့်အသက်နဲ့ ရင်းပြီး အာမခံပါတယ်" ဟု အမတ်ကြီးက အလေးအနက် ဆိုလိုက်သည်။
စုန့်ယွီဖေးသည် ပို၍ပင် စိတ်ပျက်သွားတော့သည်။
ငွေတေး ၂၀၀ သာ သုံးစွဲခဲ့သည်ဆိုလျှင် ဤဒုတိယမင်းသားသည် ပြည်သူများအပေါ် အလွန်အမင်း ရက်စက်လွန်းရာ ရောက်ပေသည်။ ဤသည်မှာ အလကား ယူခြင်းနှင့် ဘာခြားသနည်း။ ပြည်သူများမှာ ဤစားပွဲအတွက် ပင်ပန်းခံခဲ့ကြရသော်လည်း သူကတော့ ငွေအနည်းငယ်လေးတောင် ပိုမပေးလိုဘဲ ခေါင်းပုံဖြတ်နေသည်။
ထို့ကြောင့် စုန့်ယွီဖေး၏ အမြင်တွင် ဒုတိယမင်းသား၏ ဂုဏ်သိက္ခာမှာ ထပ်မံ၍ ထိုးဆင်းသွားခဲ့လေတော့သည်။