အခန်း (၁၆၅)
Vol. 14 Ch. 165
ပြန်ရောက်လာပြီးနောက် လင်းပိုင်ဖန်သည် အင်ပါယာ မြေပုံကို ဖွင့်လိုက်သည်။
"ငါ့ရဲ့ အမျိုးသမီး စစ်သည်တော်လေးတွေအတွက် မဟာယန်ရေ တောင်းပန်ပါတယ်"
နှစ်ရက်ကြာပြီးနောက် ဟန်ဒွမ် တောင်တန်းတွင် တပ်စွဲထားသော စစ်တပ်ထံမှ နန်းတော်သို့ အရေးပေါ်သတင်း ပေးပို့လာသည်။
"အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ လွန်ခဲ့တဲ့ နှစ်ရက်က ဟန်ဒွမ်တောင်တန်းမှာ မြေငလျင်တစ်ခု ဖြစ်ပွားခဲ့ပြီး အက်ကြောင်းကြီးတစ်ခု ပေါ်လာခဲ့ပါတယ်။ အဲဒီအက်ကြောင်းအတိုင်း လိုက်ကြည့်တဲ့အခါ အက်ကြောင်းဟာ မဟာယန်နိုင်ငံဆီ တိုက်ရိုက်ရောက်နေတယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်"
လင်းပိုင်ဖန်က အံ့အားသင့်သွားသည့်ဟန်ဖြင့် ရေရွတ်လိုက်သည်။ "တကယ်ပဲ အမှန်ပဲလား"
"မှန်လှပါ အရှင်မင်းကြီး။ အလွန်တရာကိုမှ သေချာလှပါတယ်"
လင်းပိုင်ဖန်သည် ဝမ်းသာအားရဖြင့် ပေါင်ကိုပုတ်ကာ "ဒါက သတင်းကောင်းပဲ။ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ဒီလိုအက်ကြောင်းကို သုံးပြီး မဟာယန်ကို ဝင်တိုက်ခဲ့တာ။ အခု အခွင့်အရေးက တစ်ကျော့ပြန်လာပြန်ပြီ ငါကိုယ်တော်တို့ ဒါကို လက်လွတ်မခံသင့်ဘူး။ ဖုန်းဝူ ဗိုလ်ချုပ် ချိုင်ယွိရှင်း ငါကိုယ်တော် အမိန့်ကို နာခံစေ"
"ရှိပါသည် အရှင်မင်းကြီး" ချိုင်ယွိရှင်းသည် ရှေ့သို့တက်လာသည်။
လင်းပိုင်ဖန်က ကျယ်လောင်စွာ ကြေညာလိုက်ကာ- "ဖုန်းဝူ အမျိုးသမီးစစ်သည် ၃၀၀၀ နဲ့ စစ်သည်တော် ၂ သိန်းကို ဦးဆောင်ပြီး အက်ကြောင်းကနေတစ်ဆင့် မဟာယန်ကို သွားဖို့ ငါကိုယ်တော် အမိန့်ပေးလိုက်တယ်။ လမ်းတစ်လျှောက် တိုက်ခိုက်ရင်းနဲ့ စစ်တပ်ကို လေ့ကျင့်ယူခဲ့"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး" ချိုင်ယွိရှင်းသည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် အမိန့်တော်ကို ခံယူလိုက်သည်။
ထို့နောက် စစ်တပ်ကြီးသည် စတင်ထွက်ခွာခဲ့သည်။
နှစ်ရက်အကြာတွင် သူတို့သည် တောင်တန်းရှိ အက်ကြောင်းကို ဖြတ်ကျော်ကာ တစ်ဖက်ခြမ်းရှိ မဟာယန်နိုင်ငံအတွင်းသို့ ရောက်ရှိလာသည်။
ချိုင်ယွိရှင်းသည် အမျိုးသမီးစစ်သည် ၃၀၀၀ ရှေ့တွင် ရပ်ကာ စိတ်ဓာတ်တက်ကြွစွာဖြင့်- "ဒီနေ့ဟာ ငါတို့ ဖုန်းဝူအမျိုးသမီးတပ်ဖွဲ့ရဲ့ ပထမဆုံးစစ်ပွဲပဲ။ အရှင်မင်းကြီးက ငါတို့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားထားတယ်။ ဒါကြောင့် ဒီတိုက်ပွဲမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ကို ပြသရမယ်။ ဘယ်သူကများ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျတယ်လို့ ပြောမလဲ"
အမျိုးသမီးစစ်သည် ၃၀၀၀ က တစ်ညီတစ်ညွတ်တည်း ကြွေးကြော်လိုက်ကြသည်။
"အခု စစ်ချီကြမယ်။ အောင်မြင်မှုတွေကို မှတ်တမ်းတင်ရမယ့် အချိန် ရောက်ပြီ"
သူတို့သည် မဟာယန်၏ ပထမဆုံးမြို့ဖြစ်သော လီယန် မြို့သို့ လျင်မြန်စွာ ချဉ်းကပ်သွားကြသည်။
လီယန် မြို့စောင့်ဗိုလ်ချုပ်သည် ဤမြင်ကွင်းကို မြင်သောအခါ နိမိတ်မကောင်းသလို ခံစားလိုက်ရပြီး "မင်းတို့စစ်တပ်က ဘယ်ကလာတာလဲ။ မင်းတို့တွေ အမြန်ဆုတ်ခွာကြဖို့ ငါအကြံပေးမယ် မဟုတ်လို့ကတော့ မဟာယန်စစ်တပ်ကြီး ရောက်လာရင် နောင်တရဖို့တောင် အချိန်ရှိမှာမဟုတ်ဘူး" ဟု အော်ဟစ်လိုက်သည်။
ချိုင်ယွိရှင်းက ဘာအားနာမှုမျှမရှိဘဲ "စစ်ဗျူဟာ ခင်းကျင်းကြ" ဟု ဟိန်းဟောက်လိုက်သည်။
"တိုက်ခိုက်ကြ" အမျိုးသမီးစစ်သည် ၃၀၀၀ သည် စစ်ဗျူဟာအတိုင်း နေရာယူကာ အင်အားအပြည့်ဖြင့် စတင်တိုက်ခိုက်တော့သည်။
ပြင်းထန်သော အသံကြီးနှင့်အတူ မြို့တံခါးနှင့် မြို့ရိုးများ ပျက်စီးသွားရသည်။
"ဝင်တိုက်ကြ။ ခုခံတဲ့သူမှန်သမျှ သတ်ပစ်"
"တိုက်ခိုက်ကြ"
ထိုသို့ဖြင့် အမျိုးသမီးစစ်သည် ၃၀၀၀ က ရှေ့ဆောင်ပြီး နောက်မှ စစ်သည် ၂ သိန်းက လိုက်ပါလာကာ မြို့ကို လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
တစ်ရက်မပြည့်မီအချိန်အတွင်းမှာပင် မဟာယန်၏ မြို့လေးမြို့ ကျဆုံးသွားခဲ့ပြီဖြစ်သည်။
စစ်ပွဲသတင်းများသည် မဟာယန် နန်းတော်သို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
"ဘာ။ အရေအတွက် ၂ သိန်းလောက်ပဲရှိတဲ့ အမည်မသိတပ်တွေက ဟန်ဒွမ်တောင်တန်းကနေ ထွက်လာပြီး ငါ့နယ်မြေတွေကို လုယက်ဖျက်ဆီးပြီး မြို့တွေကို သိမ်းပိုက်နေတယ် ဟုတ်လား"
မဟာယန် ဧကရာဇ်သည် ဒေါသ အမျက်ချောင်းချောင်းထွက်လာကာ "ဒီစစ်တပ်က ဘယ်ကလာတာလဲ။ ငါတို့ရဲ့ ခံစစ်စည်းကို ကျော်ပြီး နောက်ကျောကို ဘယ်လိုရောက်လာတာလဲ။ ဒီလောက်ကြီးမားတဲ့ စစ်တပ်ကြီးကို မသိရအောင် မင်းတို့က ဘာတွေလုပ်နေကြတာလဲ။ မင်းတို့က ငါ့အတွက် ဘာအသုံးကျလို့လဲ"
"အရှင်မင်းကြီး စိတ်ကိုလျှော့တော်မူပါ။ ဒီစစ်တပ်ရဲ့ ဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်နေပေမဲ့ သူတို့ရဲ့ ချပ်ဝတ်တန်ဆာနဲ့ စစ်အလံတွေကို ကြည့်ရတာ ဟန်ဒွမ်တောင်တန်းကနေလာတဲ့ မဟာရှက ဖြစ်ဖို့များပါတယ်"
"ဘာ။ မဟာရှက ထပ်ပြီးတော့လား" မဟာယန် ဧကရာဇ်သည် ပို၍ပင် ဒေါသထွက်သွားသည်။
ပြီးခဲ့သည့်တစ်ခေါက်ကလည်း မဟာရှကို ရှုံးနိမ့်ခဲ့ရဖူးသည်။
"ကလဲ့စားတောင် မချေရသေးဘူး သူတို့က ထပ်ပြီး တိုက်ခိုက်လာပြန်ပြီ။ တကယ့်ကို မိုက်ရိုင်းလွန်းတယ်။ သူတို့က မဟာယန်ကို တကယ်ပဲ အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာလား"
"အရှင်မင်းကြီး ဟန်ဒွမ်တောင်တန်းက မတ်စောက်ပြီး အန္တရာယ်များတဲ့အတွက် စစ်တပ်ကြီးတစ်ခု ဖြတ်ကျော်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် သူတို့ လျှို့ဝှက်လမ်းတစ်ခုကို ရှာတွေ့ထားတာ ဖြစ်ရမယ်လို့ ကျွန်တော်မျိုး ယူဆရပါတယ်။ အကယ်၍ ကျွန်တော်မျိုးတို့လည်း အဲဒီလျှို့ဝှက်လမ်းကို ရှာတွေ့မယ်ဆိုရင်..."
"မှန်တယ်" မဟာယန် ဧကရာဇ်၏ မျက်လုံးများ တောက်ပသွားသည်။
ဖိနှိပ်ထားသော ရည်မှန်းချက်များက တစ်ကျော့ပြန် အသက်ဝင်လာသည်။
"ချက်ချင်းပဲ စစ်သည် ၅ သိန်း၊ မဟုတ်ဘူး ၆ သိန်းကို စုစည်းပြီး ရန်သူကို အပြတ်ရှင်းပစ်။ ဒီတစ်ခါတော့ သူတို့ကို ထပ်ပြီး အလွတ်မပေးနိုင်ဘူး။ ပြီးတော့ သူတို့ကို ရှင်းပြီးတာနဲ့ ဟန်ဒွမ်တောင်တန်းကို ဖြတ်ကျော်ပြီး တစ်ဖက်ခြမ်းကို တိုက်ခိုက်မယ်"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
ထို့ကြောင့် မဟာယန်သည် စစ်သည် ၆ သိန်းကို စုစည်းခဲ့သည်။
မဟာရှ စစ်စခန်းအတွင်း၌…
"ဗိုလ်ချုပ်ကို အစီရင်ခံပါတယ် ရှေ့တန်းက ကင်းထောက်တွေဆီက သတင်းအရ မဟာယန်ဟာ စစ်သည် ၆ သိန်း စုစည်းပြီးပါပြီ။ နောက် ၃ ရက်လောက်မှာ ဖုန်းဟွာ မြို့ကို ရောက်လာပြီး ကျွန်တော်တို့တပ်တွေနဲ့ ရင်ဆိုင်ပါလိမ့်မယ်"
ချိုင်ယွိရှင်းက ခေါင်းညိတ်ကာ "ကောင်းပြီ။ ဆက်ပြီးတော့ ကင်းထောက်ချေ"
အကယ်၍ ယခင်ကဆိုလျှင် ရန်သူ ၆ သိန်း လာနေသည်ကို သိသည်နှင့် သူမ တွန့်ဆုတ်ခြင်းမရှိဘဲ ဆုတ်ခွာမည်ဖြစ်သည်။
သို့သော် ယခုမူ သူမ မဆုတ်ခွာချင်သေးပေ။
"အားလုံး အနားယူတာ ဝပြီဆိုရင် မြို့သိမ်းတိုက်ပွဲကို ဆက်နွှဲကြမယ်"
ထိုသို့ဖြင့် သူတို့သည် နောက်ထပ် နှစ်ရက်ကြာ လုယက်တိုက်ခိုက်ခဲ့ကြသည်။
ရလဒ်အနေဖြင့် မဟာယန်မြို့ ၆ မြို့ ထပ်မံကျဆုံးခဲ့ပြီး ရွှေ၊ ငွေနှင့် ရတနာ စုစုပေါင်းတန်းဖိုး ၃ သန်းကျော် ဆုံးရှုံးသွားခဲ့သည်။
စစ်ပွဲသတင်းကို ရရှိသောအခါ မဟာယန် ဧကရာဇ်သည် ဒေါသကြောင့် တုန်ယင်နေလေသည်။ "ဒါကတော့ လွန်သွားပြီ။ အင်မတန် ဒေါသထွက်ဖို့ကောင်းတယ်။ ငါကိုယ်တော် စစ်သည် ၆ သိန်း လွှတ်လိုက်တာကို သိသိကြီးနဲ့ လုယက်နေကြတုန်းပဲလား။ ရှေ့တန်းကို အမိန့်ပေးလိုက် အရှိန်အပြည့်နဲ့ ချီတက်ပြီး မဟာရှရဲ့ ရက်စက်မှုကို ရပ်တန့်ခိုင်းလိုက်"
"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး"
အချိန်က တတိယမြောက်နေ့သို့ လျင်မြန်စွာ ရောက်ရှိလာလေပြီ။
မဟာရှ၏တပ်များသည် နောက်ဆုံးတွင် ရှေ့ဆက်ခြင်းကို ရပ်တန့်လိုက်ပြီး လုယက်ရရှိထားသော ပစ္စည်းများကို သယ်ဆောင်ကာ ဟန်ဒွမ်တောင်တန်းသို့ အရေးပေါ် ဆုတ်ခွာကြတော့သည်။
ထိုအချိန်မှာပင် မဟာယန်၏ စစ်သည် ၆ သိန်းက ရောက်ရှိလာသည်။
ချိုင်ယွိရှင်းသည် အမျိုးသမီးစစ်သည် ၃၀၀၀ ကို ဦးဆောင်ကာ ရန်သူနှင့် ရင်ဆိုင်လိုက်သည်။
"မဟာရှက ကောင်တွေ မင်းတို့ဟာ ငါတို့ မဟာယန်နယ်မြေထဲကို ထပ်ခါတလဲလဲ ကျူးကျော်ပြီး ငါတို့ရဲ့ စည်းစိမ်တွေကို လုယက်ခဲ့တယ်။ ဒီနေ့ အရှင်မင်းကြီးရဲ့ အမိန့်နဲ့ စစ်သည် ၆ သိန်းကို ဦးဆောင်လာခဲ့ပြီ၊ မင်းတို့ကို လာလမ်းပဲရှိပြီး ပြန်လမ်းမရှိအောင် လုပ်ပေးမယ်" ဟု ဗိုလ်ချုပ်စွန်းက ဒေါသတကြီး ပြောလိုက်သည်။
"လာရဲရင် လာခဲ့လေ" ချိုင်ယွိရှင်းက လက်နက်ကိုဆွဲကာ ရဲရဲဝံ့ဝံ့ အော်ဟစ်လိုက်သည်။
"မင်းတို့ရဲ့ စစ်တပ်ကြီး ဘယ်မှာလဲ။ သူတို့ကို ထွက်လာခိုင်းလိုက်၊ တစ်ခါတည်း အပြတ်ရှင်းရအောင်" ဗိုလ်ချုပ်စွန်းက ဟိန်းဟောက်လိုက်သည်။
"ငါတို့က စစ်တပ်ပဲ" ချိုင်ယွိရှင်းက မားမားမတ်မတ် ရပ်လျက် ကြေညာလိုက်သည်။
ဗိုလ်ချုပ်စွန်းသည် ရှေ့ရှိ နုနယ်လှသော အမျိုးသမီးစစ်သည် ၃၀၀၀ ကို ကြည့်ကာ ဟားတိုက်ရယ်မောလိုက်ပြီး- "ဒီမိန်းမတစ်စုက ငါ့ရဲ့ စစ်သည် ၆ သိန်းတပ်ကြီးကို တားနိုင်မယ်လို့ ထင်နေတာလား။ ဒါဟာ ပုရွက်ဆိတ်က သစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေသလိုပဲ၊ ကိုယ့်အရည်အချင်းကို ကိုယ်မသိတာပဲ။ စစ်တလင်းဆိုတာ ယောက်ျားတွေရဲ့ နေရာကွ၊ မင်းတို့တွေ အိမ်ပြန်ပြီး ကလေးပဲ သွားထိန်းကြစမ်းပါ ဟားဟား…."
ထိုသို့ အထင်အမြင်သေးခြင်း ခံလိုက်ရသဖြင့် အမျိုးသမီးစစ်သည် ၃၀၀၀ လုံး အလွန် ဒေါသထွက်သွားကြသည်။
ချိုင်ယွိရှင်းက ဟိန်းဟောက်လိုက်ကာ- "ပုရွက်ဆိတ်က သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတာ မင်းတို့ပဲ။ ဒီနေ့ ငါတို့ ဖုန်းဝူအမျိုးသမီးတပ်ဖွဲ့ရဲ့ အစွမ်းကို ပြရတာပေါ့။ ညီအစ်မတို့ စစ်ဗျူဟာ ခင်းကျင်းကြ"
အမျိုးသမီးစစ်သည် ၃၀၀၀ သည် တစ်ပြိုင်နက်တည်း လှုပ်ရှားကာ စစ်ဗျူဟာအတိုင်း နေရာယူလိုက်ကြသည်။