အခန်း (၁၆၇)
Vol. 14 Ch. 167
ထိုအချိန်တွင် ချိုင်ယွီရှင်း တစ်ယောက် တကယ့်ကို စိတ်ဓာတ်များ တက်ကြွနေခဲ့သည်။ သူမကိုယ်တိုင် လေ့ကျင့်ပေးထားသည့် အမျိုးသမီးစစ်သည် ၃,၀၀၀ သည် ပထမဆုံးတိုက်ပွဲမှာတင် ထူးချွန်ပြောင်မြောက်လှသော အောင်ပွဲကို ရရှိခဲ့ခြင်းဖြစ်ရာ ၎င်းမှာ သူမ၏ဂုဏ်သိက္ခာကို အမှန်တကယ်ပင် ဂုဏ်ရှိန်ဝါတောက်ပစေခဲ့သည်။
"ပြန်ရောက်ရင်တော့ အရှင်မင်းကြီးရဲ့ရှေ့မှာ ဒီအောင်ပွဲအကြောင်းကို ကြွားလိုက်ဦးမယ် ဟားဟား.."
ယခုအချိန်တွင် ချိုင်ယွီရှင်း၏ စိတ်ကူးများမှာ မဟာရှ နန်းတော်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူမ အောင်ပွဲခံ၍ ပြန်လာချိန်တွင် ဧကရာဇ်မင်းမြတ်က သူမကို အထင်ကြီးလေးစားသော အကြည့်များဖြင့် ကြည့်နေမည့်ပုံကို တွေးလိုက်မိရုံနှင့် သူမ အလွန်ပင် ရင်ခုန်ကြည်နူးနေမိသည်။
ထိုစဉ် စစ်သည်တစ်ဦးက သတင်းလာပို့ခဲ့သည် - "ဗိုလ်ချုပ် ရှေ့တန်းက ကင်းထောက်တွေရဲ့ သတင်းအရဆိုရင်တော့ ယန် နိုင်ငံက အင်အား ၆ သိန်းရှိတဲ့ စစ်တပ်ကြီးကို ကျွန်တော်တို့ဆီကို ထပ်မံလွှတ်လိုက်ပြန်ပြီလို့ သိရပါတယ်။ အဲဒီထဲမှာ နာမည်ကျော် ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင် အချို့လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အနေနဲ့ အထူးသတိထားဖို့ တောင်းဆိုပါတယ်"
ချိုင်ယွီရှင်း တစ်ယောက် ချက်ချင်းပင် အတွေးကမ္ဘာကနေ နိုးထလာပြီး - "ဒီတစ်ခါ ယန်နိုင်ငံရဲ့ ရည်ရွယ်ချက်ကတော့ သိပ်မကောင်းလှဘူးပဲ"
အရင်တစ်ခေါက်က သူတို့တွေ အပြတ်အသတ် အနိုင်ရခဲ့ရခြင်းမှာ အဓိကအားဖြင့် ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ရန်သူများသည် မဟာရှ၏ အမျိုးသမီးစစ်သည်များက စစ်ဗျူဟာများဖြင့် လေ့ကျင့်ထားသည်ကို မသိရှိခဲ့သဖြင့် အငိုက်မိကာ အရှုံးကြီး ရှုံးခဲ့ရခြင်းဖြစ်သည်။ ယခုအခါ ရန်သူများက အင်အားပြန်စုပြီး အဆင်သင့်ဖြစ်နေပြီဖြစ်ရာ သူတို့ကို အနိုင်တိုက်ဖို့ဆိုသည်မှာ မလွယ်ကူနိုင်တော့ပေ။
တိုက်ပွဲဆက်ဖြစ်ပါက အကျအဆုံးများစွာ ရှိလာနိုင်ပြီး သူမ ခက်ခက်ခဲခဲ လေ့ကျင့်ပေးထားရသည့် အမျိုးသမီးစစ်သည်များ အထိနာမည်ကို သူမ စိုးရိမ်မိသည်။ ချိုင်ယွီရှင်း ခဏ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည် - "အခုချက်ချင်း ဆုတ်ခွာမယ်"
"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"
ထို့ကြောင့် မဟာရှတပ်ဖွဲ့များသည် တောင်တန်းကို ဖြတ်ကျော်ကာ မဟာရှနိုင်ငံပိုင်နက်ထဲသို့ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။
တစ်ဖက်တွင်လည်း ဗိုလ်ချုပ်စွန်း ဦးဆောင်သော စစ်တပ်ကြီးသည် အပြင်းအထန် ချီတက်လာရင်း ဤသတင်းကို ကြားလိုက်ရသည့်အခါ အံကြိတ်လျက် - "ဒီတစ်ခါတော့ သူတို့တွေ တော်တော်မြန်မြန် ဆုတ်သွားကြတာပဲ"
"ဘုန်းကြီးက ပြေးနိုင်ပေမယ့် ဘုရားကျောင်းကတော့ ကျန်ခဲ့မှာပဲ" ဟု ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။ "ငါတို့ ဒီတောင်ကြားကနေတစ်ဆင့် ဝင်တိုက်ရင် မဟာရှတစ်ခုလုံး ငါတို့ ယန်နိုင်ငံရဲ့ လက်အောက်ကို ရောက်လာမှာပဲ"
"မင်းပြောတာ မှန်တယ် ငါတို့တွေ ကံမကောင်းခဲ့ရင်တောင် သူတို့လုပ်သလိုပဲ ပြန်ပြီး လုယက်မယ်။ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ"
"ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေကို အလွတ်ပေးမှာမဟုတ်ဘူး ဟားဟား…"
သူတို့သည် အရှိန်အဟုန်ဖြင့် ချီတက်လာပြီး တောင်ကြားလမ်း ရှေ့သို့ ရောက်ရှိလာကြသည်။ ဗိုလ်ချုပ်စွန်းက အားမာန်အပြည့်ဖြင့် အမိန့်ပေးလိုက်သည် - "စစ်သည်အားလုံး ငါ့နောက်ကလိုက်ပြီး တိုက်ခိုက်ကြ"
အင်အား ၆ သိန်းရှိသော စစ်တပ်ကြီးသည် တောင်တန်းကြီးထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားကြသည်။
ထိုအချိန်တွင် လင်းပိုင်ဖန်သည် မဟာရှတပ်ဖွဲ့များ ဆုတ်ခွာပြီးဆုံးသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူသည် လူယုတ်မာအပြုံးဖြင့် အင်ပါယာ မြေပုံဆီသို့ လက်လှမ်းလိုက်သည်။
ခဏချင်းတွင်ပင် တောင်တန်းကြီးမှာ ပြင်းထန်သော ငလျင်ဒဏ်ကြောင့် တုန်ခါသွားပြီး မြေကြီးနှင့် ကျောက်တုံးကြီးများ ပြိုကျလာတော့သည်။
"မြေနဂါး လူးနေပြီ လူတိုင်း လွတ်ရာပြေးကြ"
"အမြန်ဆုတ်ကြ၊ တောင်တန်းထဲကနေ အမြန်ထွက်ကြ"
"မြန်မြန်ပြေးကြ"
လူတိုင်းသည် ထိတ်လန့်တကြား နောက်ကြောင်းပြန် ပြေးကြရသည်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလောက်သော အချိန်တွင်မှ သူတို့သည် တောင်တန်းထဲမှ လွတ်မြောက်ခဲ့ပြီး ငလျင်မှာလည်း ရပ်တန့်သွားသည်။ သူတို့တွေ နောက်ပြန် လှည့်ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားကြသည်။
"ဒါ ဒါကြီးက ဘယ်လိုလုပ်ပြီး ပြန်ပိတ်သွားတာလဲ"
သူတို့မျက်စိရှေ့ရှိ တောင်ကြားလမ်းကြီးမှာ လုံးဝပိတ်ဆို့သွားပြီး ပြိုကျနေသော ကျောက်တုံး ကျောက်ခဲများနှင့် မြေကြီးများကြောင့် လုံးဝ ဖြတ်သန်း၍မရနိုင်တော့ပေ။
"အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"
သူတို့အားလုံး တစ်ဦးကိုတစ်ဦး ကြည့်ရင်း စကားမဆိုနိုင် ဖြစ်နေကြသည်။
ဤသတင်းသည် ယန်နိုင်ငံ ဧကရာဇ်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ထိုသတင်းကို ကြားလိုက်ရသည့်အခါ ယန်ဧကရာဇ်မှာ ဒေါသထွက်လွန်း၍ ရင်ဘတ်ထဲက အသည်းပင် နာလာသလို ခံစားလိုက်ရသည်။
စစ်တိုက်ဖို့ ချီတက်တိုင်း လမ်းက ပိတ်သွားတတ်သည်။ အရင်တစ်ခေါက်ကလည်း ထိုနည်းအတိုင်းပင်။ သူသည် တိုက်ခိုက်ခံရရုံသာ တတ်နိုင်ပြီး ပြန်မတိုက်နိုင်တော့ဟု ဆိုလိုခြင်းပေလော
"အို ကောင်းကင်ဘုံရေ မင်းက ငါ့ကို တမင်တကာများ ဆန့်ကျင်နေတာလား"
တောင်ကြားလမ်း ပိတ်သွားသောကြောင့် ယန်စစ်တပ်မှာ ဖြတ်ကျော်၍ မရတော့ပေ။ ချိုင်ယွီရှင်းကတော့ အောင်ပွဲများနှင့်အတူ သူမ၏တပ်ကို ဦးဆောင်ကာ အိမ်သို့ ပြန်လာခဲ့သည်။
နန်းတွင်း၌ ချိုင်ယွီရှင်းက စိတ်လှုပ်ရှားစွာဖြင့် တင်ပြနေလေသည် - "အရှင်မင်းကြီး ကျွန်မ ယန်နိုင်ငံကို တိုက်ခိုက်ဖို့ အမိန့်အရ သွားရောက်ခဲ့ပြီး အခုတော့ အောင်မြင်စွာ ပြန်ရောက်လာပါပြီ။ ဒီတိုက်ပွဲမှာ ကျွန်မတို့တွေ ရွှေငွေနဲ့ ရိက္ခာ စုစုပေါင်း တန်ဖိုး ၄.၅ သန်း ရရှိခဲ့ပါတယ်။ ကျွန်မတို့ အမျိုးသမီးစစ်သည်တွေဟာ ယန်နိုင်ငံရဲ့ စစ်သည် ၆ သိန်းကို အနိုင်ယူနိုင်ခဲ့ပြီး နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ခဲ့ပါတယ်"
"အလွန်ကောင်းတယ်"
လင်းပိုင်ဖန်က ဝမ်းသာအားရဖြင့် - "ငါကိုယ်တော်လည်း ဒီတိုက်ပွဲအကြောင်း ကြားပြီးပြီ။ စစ်သည် ၃,၀၀၀ တည်းနဲ့ ရန်သူ ၆ သိန်းကို အနိုင်ယူခဲ့တာဟာ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်နိုင်ခဲ့တာပဲ။ သူတို့ဟာ တကယ့်ကို ထူးခြားတဲ့ စစ်သည်တော်တွေပဲ။ အမျိုးသမီးစစ်သည် တစ်ဦးချင်းစီဟာ ယောကျာ်းသားတွေနဲ့ တန်းတူ ရဲစွမ်းသတ္တိ ရှိကြတယ်။ ဒါကြောင့် သူတို့ဘတစ်ဦးချင်းစီကို ငွေတေး ၂၀ စီ ဆုချမယ်။ နောက်ပြီး သူတို့ကို ဖီးနစ်တပ်မတော်လို့ အမည်ပေးပြီး အကောင်းဆုံး အထောက်အပံ့တွေ ပေးအပ်စေ"
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး" အမျိုးသမီးစစ်သည်များ၏ ကိုယ်စားလှယ်များက ဝမ်းသာအားရ ပြောကြားကြသည်။
"တခြား စစ်သည်တွေကိုလည်း တစ်ယောက်ကို ငွေ ၂ တေးစီ ဆုချမယ်"
လင်းပိုင်ဖန်သည် ချိုင်ယွီရှင်းမှလွဲ၍ တိုက်ပွဲတွင် ပါဝင်ခဲ့သူ အားလုံးကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့သည်။ ချိုင်ယွီရှင်းမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး နန်းတွင်းညီလာခံ ပြီးဆုံးသောအခါ လင်းပိုင်ဖန်ကို သွားရောက် တွေ့ဆုံခဲ့သည်။
"အရှင်မင်းကြီး တစ်ခုခုကို မေ့နေတာများလား" ဟု ချိုင်ယွီရှင်းက စူးစိုက် ကြည့်ကာ မေးလိုက်သည်။
"တစ်ခုခုကို မေ့နေတာလား၊ မဟုတ်ပါဘူး ငါ ဘာမှမမေ့ပါဘူး" ဟု လင်းပိုင်ဖန်က အပြစ်ကင်းစင်သည့် ပုံစံဖြင့် ပြန်ဖြေလိုက်သည်။
"ဘယ်လိုလုပ် ဘာမှမရှိရမှာလဲ၊ အရှင်မင်းကြီး ကျွန်မအတွက် ဆုလာဘ်ကို မေ့နေတာလေ၊ ခုနက ညီလာခံမှာ တခြားသူတွေ အားလုံးကို ဆုပေးခဲ့ပြီး ကျွန်မကိုကျတော့ ချန်ထားခဲ့တယ်လေ" ဟု သူမက စိတ်ဆိုးမာန်ဆိုး ပြောလိုက်သည်။
"တကယ်တော့၊ ငါ မမေ့ပါဘူး။ မင်းအတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ လက်ဆောင်အကြီးကြီး တစ်ခု ပြင်ထားတယ်" လို့ လင်းပိုင်ဖန်က အကျယ်ကြီး ပြောလိုက်သည်။
ချိုင်ယွီရှင်း၏ ကိုယ်လေးမှာ တုန်ယင်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်နေမိသည်။ "ဘယ်လိုလက်ဆောင်မျိုးလဲ"
"ဒီလက်ဆောင်ကို ငါ နှစ်ပေါင်း ၂၀ လုံးလုံး ပြင်ဆင်လာခဲ့တာ ဒီကမ္ဘာမှာ တစ်ခုတည်းရှိတယ်။ မင်းကိုပေးဖို့ အခွင့်အရေးကောင်းကို စောင့်နေခဲ့တာ" လင်းပိုင်ဖန်က ထပ်ပြောလိုက်သည်။
ချိုင်ယွီရှင်း ရင်တွေ ပိုတုန်လာခဲ့သည်။ နှစ်ပေါင်း ၂၀ လုံးလုံး ပြင်ဆင်ခဲ့တဲ့ လက်ဆောင်တဲ့လား။ လူတစ်ယောက်ရဲ့ ဘဝမှာ နှစ် ၂၀ ဆိုတာ ဘယ်နှစ်ခါ ရှိလို့လဲ အရှင်မင်းကြီးရဲ့ အသက်က အခုမှ ၂၀ ပဲ ရှိသေးတာဆိုတော့ ဒါဆို သူ မွေးကတည်းက သူမအတွက် ပြင်ဆင်လာခဲ့တာပေါ့ တကယ့်ကို စစ်မှန်တဲ့ လက်ဆောင်ဖြစ်နေမှာပဲ…
ချိုင်ယွီရှင်း စိတ်လှုပ်ရှားသွားပြီး - "အရှင်မင်းကြီးက တကယ့်ကို အလေးထားတာပဲ။ အဲဒါ ဘာလက်ဆောင်လဲဟင်"
လင်းပိုင်ဖန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်ကာ - "ဒီလက်ဆောင်က အဝေးကြီးမှာ မဟုတ်ဘူး မင်းရှေ့တင် ရှိနေတာ"
"ရှင်" ချိုင်ယွီရှင်း အံ့အားသင့်သွားသည်။
"ဟုတ်တယ် အဲဒါ ငါပဲ"
လင်းပိုင်ဖန်က သူမအနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည် - "ငါ့ကိုယ်ငါ မင်းကို လက်ဆောင်အဖြစ် ပေးဖို့ ဆုံးဖြတ်ထားတယ်။ ဒီအတွက် ငါ နှစ်ပေါင်း ၂၀ လုံးလုံး ပြင်ဆင်ခဲ့တာ၊ အခုတော့ မှည့်နေပြီ ခူးဆွတ်ဖို့ပဲ လိုတော့တယ်"
ချိုင်ယွီရှင်း - “...”
"ငါ့ရဲ့ ကြင်ယာတော်တွေတောင် စမ်းကြည့်ပြီးတော့ ငါ့ကို ချီးကျူးနေကြတယ်။ မင်းက ဘာလို့မှား ဝေခွဲမရ ဖြစ်နေတာလဲ"
ချိုင်ယွီရှင်း - “...”
ချိုင်ယွီရှင်းမှာ ဒေါသလည်းထွက် ရှက်လည်းရှက်သွားပြီး - "ရှင်၊ လင်းပိုင်ဖန် ဘာတွေ လျှောက်ပြောနေတာလဲ။ တကယ့်ကိုပဲ ခွေးပါးစပ်က နတ်စကား မထွက်ဘူးဆိုတာ အမှန်ပဲ၊ ရှင့်ကို ကျွန်မ လည်ပင်းညှစ်သတ်လိုက်တော့မယ်"
လင်းပိုင်ဖန်က နာကျင်ဟန်ဆောင်ရင်း - "ယွီရှင်း၊ မင်း ငါ့ခန္ဓာကိုယ်ကို မလိုချင်ဘူးလား"
ချိုင်ယွီရှင်းက ရှက်ရှက်နှင့် - "ရှင့်ခေါင်းကိုပဲ လိုချင်တယ်၊ ရှင့်နဲ့ မကစားတော့ဘူး"
ထိုသို့ပြောပြီးနောက် သူမ ရှက်ရှက်နှင့် ထွက်ပြေးသွားတော့သည်။
လင်းပိုင်ဖန်က နောက်ကနေ လှမ်းအော်လိုက်သည် - "ယွီရှင်း၊ မင်း ဘယ်အချိန်ပဲဖြစ်ဖြစ် လိုချင်ရင် ငါ့ဆီ လာခဲ့နော်၊ ငါ မင်းကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း ကြိုဆိုနေမှာပါ"
ချိုင်ယွီရှင်းတစ်ယောက် ချော်လဲလုနီးပါး ဖြစ်သွားပြီး အမြင်ကတ်ကတ်နှင့် ပြန်ပြေးလာကာ လင်းပိုင်ဖန်ကို လိမ်ဆွဲလိုက်သည်။
လင်းပိုင်ဖန် - "အား.. အား… နာတယ်"