← Chapters

အခန်း (၁၆၉)

Vol. 14 Ch. 169

အခန်း (၁၆၉)

Vol. 14 Ch. 169

​ယခုအခါတွင် မဟာယွဲ့ဧကရာဇ်မှာ ချည်နှောင်ခံထားရသကဲ့သို့ ခံစားနေရသည်။

​ အကြောင်းမှာ လက်ရှိတွင် သူ၏မဟာယွဲ့နိုင်ငံမှာ အင်အားကြီးနိုင်ငံ သုံးခု၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံနေရသောကြောင့် ဖြစ်သည်။ အနောက်ဘက် တိုက်ရိုက်တွင် မဟာရှီနိုင်ငံ၊ မြောက်ဘက်တွင်တော့ မဟာကျူးနိုင်ငံ နှင့် အရှေ့တောင်ဘက်တွင် မဟာရှနိုင်ငံတို့ ရှိနေကြသည်။ ၎င်းတို့က သူ့ကို လုံးဝပိတ်ဆို့ထားကြသဖြင့် နယ်မြေချဲ့ထွင်ရန် နေရာမရှိတော့ပေ။

​ လွန်ခဲ့သော တစ်နှစ်ကမူ သူသည် အင်အားကြီးနိုင်ငံ နှစ်ခုကိုသာ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့နှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ရှားရန်အတွက် အင်အားနည်းသော တိုင်းပြည်ငယ်လေးများစွာရှိသည့် အရှေ့တောင်ဘက်သို့သာ ချဲ့ထွင်ရန် ရွေးချယ်စရာရှိခဲ့သည်။

​ အစပိုင်းတွင် အရာရာ အဆင်ပြေချောမွေ့ခဲ့ပြီး ရှန်နိုင်ငံကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် မကြာမီမှာပင် အန်းနိုင်ငံနှင့် ဖန်နိုင်ငံတို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ အကျိုးအမြတ် များများစားစား မရရှိသော်လည်း နိုင်ငံ၏ နယ်မြေမှာ စတုရန်းကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ပြန့်လာပြီး လူဦးရေမှာလည်း သန်းနှင့်ချီ တိုးပွားလာခဲ့သည်။

​ သို့သော် မဟာရှနှင့် စတင်တွေ့ဆုံချိန်မှစ၍ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ ကြီးမားသော တိုက်ပွဲတစ်ခုအပြီးတွင် စစ်သည်အင်အား သိန်းနှင့်ချီ ဆုံးရှုံးခဲ့ရပြီး ဥစ္စာပစ္စည်းများနှင့် ရိက္ခာများလည်း ပြတ်တောက်သွားခဲ့သည်။ ယခုအခါ ခက်ခက်ခဲခဲ သိမ်းပိုက်ထားရသော နယ်မြေများကိုလည်း မဟာရှက ပြန်လည်လုယူသွားခဲ့ပြီ ဖြစ်သည်။

​ တစ်နှစ်ပတ်လုံး ကြိုးစားခဲ့သမျှမှာ မည်သည့်အကျိုးအမြတ်မျှ မရရှိခဲ့ဘဲ နိုင်ငံ၏ အင်အားသာ ဆုတ်ယုတ်သွားခဲ့ရပုံပေါ်သည်။ မဟာယွဲ့ဧကရာဇ်၏ ရင်ထဲတွင် နောင်တကြီးစွာ ရနေမိသည်။ အကယ်၍သာ မဟာရှကို သွားရောက်မနှောင့်ယှက်ခဲ့လျှင် ဤကဲ့သို့ အခြေအနေမျိုး မည်သို့ဖြစ်လာပါမည်နည်း။

​ ထိုစဉ် စစ်သည်တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး "သတင်းပို့ပါတယ်။ အရေးကြီးသတင်းပါ။ မဟာရှီနိုင်ငံနဲ့ မဟာကျူးနိုင်ငံတို့က စစ်အင်အား ၅ သိန်းစီနဲ့ ကျွန်တော်မျိုးတို့ နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာပါပြီ။ မြို့နှစ်မြို့ ကျဆုံးသွားပါပြီ"

​ "ဘာ…. မဟာရှီနဲ့ မဟာကျူးက တကယ်ပဲ တိုက်ခိုက်လာတာလား" မဟာယွဲ့ဧကရာဇ်သည် တုန်လှုပ်ချောက်ချားသွားသည်။ ဤအင်အားကြီး နှစ်နိုင်ငံစလုံးသည် မဟာယွဲ့ထက် အင်အားမနိမ့်ကြပေ။ အင်အားအကောင်းဆုံး အချိန်တွင်ပင် ဤနှစ်နိုင်ငံကို တောင့်ခံရန် ခဲယဉ်းခဲ့ရာ ယခုကဲ့သို့ အင်အားဆုတ်ယုတ်နေချိန်တွင် အောင်နိုင်ရန် မျှော်လင့်ချက် လုံးဝမရှိတော့ပေ။

​ သို့သော် အောင်ပွဲမရနိုင်လျှင်ပင် စစ်တပ်ကို စေလွှတ်ရမည် ဖြစ်သည်။ မဟုတ်ပါက တိုင်းပြည် ပျက်စီးသွားသည်ကိုသာ ထိုင်ကြည့်နေရပေတော့မည်။ "ခုချက်ချင်း ခုခံဖို့ စစ်တပ်တွေကို အမြန်မစုရသေးဘူးလား" ဟု ဧကရာဇ်က အော်ဟစ်လိုက်သည်။

​ ထို့ကြောင့် အင်အားကြီး သုံးနိုင်ငံကြား စစ်ပွဲကြီး စတင်လေတော့သည်။ အင်အားဆုတ်ယုတ်နေသော မဟာယွဲ့နိုင်ငံသည် စစ်အင်အား တစ်သန်းရှိသည့် မဟာရှီနှင့် မဟာကျူးနိုင်ငံတို့၏ ကျူးကျော်မှုကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ မဟာယွဲ့အနေဖြင့် မည်မျှကြာအောင် တောင့်ခံနိုင်မည်နည်း။

​ ဤသတင်းကို ကြားသိရသောအခါ လင်းပိုင်ဖန်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ မဟာရှီ သို့မဟုတ် မဟာကျူးနိုင်ငံတို့ထဲမှ တစ်နိုင်ငံသည် စိတ်မရှည်ဖြစ်လာမည်ကို သူ ကြိုတင်သိရှိနေခဲ့သည်။ ထို့ကြောင့်လည်း သူသည် မိုနိုင်ငံနှင့် ရှန်နိုင်ငံတို့၏ နယ်မြေများကို ကြိုတင်သိမ်းပိုက်ထားပြီး မဟာယွဲ့နိုင်ငံ၏ ဆုတ်လမ်းကို ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။ ရှေ့နောက် ညှပ်ပိတ်တိုက်ခိုက်ခြင်းဖြင့် သူသည် မဟာယွဲ့ကို သေတွင်းထဲသို့ မောင်းသွင်းနေခြင်းပင် ဖြစ်လေသည်။

​ မဟာယွဲ့အနေဖြင့် ဖိအားများကို မတောင့်ခံနိုင်တော့သည့်အချိန်တွင် သူသည်…

​‘ကလန်…..’

​ ထိုအချိန်တွင် လင်းပိုင်ဖန်သည် ကျယ်လောင်ကာ ကြည်လင်သော ဓားမြည်ကြွေးသံကို ကြားလိုက်ရသည်။ သူ၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး "ဒါ မီးတောင်ရှိတဲ့ဘက်က လာတာပဲ။ နတ်ဓား ထွက်ပေါ်လာတော့မယ်"

​ သူ၏ အင်ပါယာမြေပုံကို ဖွင့်ကြည့်လိုက်သောအခါ အိုးယဲ့ဇီ၏ ဓားသွန်းလုပ်မှုမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ကောင်းကင်ပြင်ပမှ လာသော ဥက္ကာခဲသံမှာ လုံးဝအရည်ပျော်သွားခဲ့ပြီဖြစ်ပြီး အိုးယဲ့ဇီက အဖိုးတန် သတ္တုရိုင်းများကို ထည့်သွင်းကာ ဓား၏ ပုံကြမ်းကို ထုလုပ်နေပြီဖြစ်သည်။ နတ်ဓားများတွင် စိတ်ဝိညာဉ်ရှိကြပြီး ယခုကြားလိုက်ရသော အသံမှာ ထိုဓားပုံကြမ်းမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

​ မိန်းမစိုးလျှူက ဝမ်းသာအားရဖြင့် "အရှင်မင်းကြီး၊ အခုလေးတင် ဓားသံကို ကြားလိုက်ရပါတယ်။ အိုးယဲ့ဇီ သွန်းလုပ်နေတဲ့ နတ်ဘုရားဓားက လောကထဲကို ထွက်ပေါ်လာပါတော့မယ်။ ဂုဏ်ယူပါတယ် အရှင်မင်းကြီး၊ အရှင်မင်းကြီးဟာ နတ်ဓားကို ပိုင်ဆိုင်ရတော့မှာပါ"

​ လင်းပိုင်ဖန်က ခေါင်းညိတ်ကာ "ငါကိုယ်တော်လည်း ကြားလိုက်တယ်။ နတ်ဘုရားဓားတစ်စင်း ပေါ်ထွက်လာတာက သာမန်ကိစ္စမဟုတ်ဘူး အရက်ဓားအင်မော်တယ်၊ လက်ဗလာဆရာကြီး နဲ့ ပိုင်ဇူ တို့အပြင် စစ်သည်အင်အား ၁ သိန်းကိုပါ ဓားကို သွားရောက်စောင့်ကြပ်ဖို့ အမိန့်ပေးလိုက်"

​ "မှန်လှပါ အရှင်မင်းကြီး"

​ ထို့ကြောင့် အရက်ဓားအင်မော်တယ်၊ လက်ဗလာဆရာကြီးနှင့် ပိုင်ဇူတို့ ထွက်ခွာသွားကြသည်။ မကြာခင်မှာပင် ၎င်းတို့သည် မီးတောင်ဝသို့ ရောက်ရှိသွားပြီး လမ်းကြောင်း သုံးခုမှ စောင့်ကြပ်လိုက်ကြသည်။ မကြာမီ စစ်သည် ၁ သိန်း ရောက်ရှိလာပြီး တောင်တစ်ခုလုံးကို ပိတ်ဆို့ကာ မည်သူမျှ အနီးကပ်မလာရန် တားမြစ်လိုက်ကြသည်။

​ တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝှမ်းရှိ ဓားသိုင်းပညာရှင်များစွာတို့သည်လည်း ဤဓားသံကို ကြားလိုက်ရသည်။

​ "ဒါဟာ ဓားရဲ့ မြည်ကြွေးသံပဲ မိုင်ပေါင်းထောင်ချီအောင် ပျံ့လွင့်နိုင်တာကတော့ နတ်ဘုရားဓားပဲ ဖြစ်ရမယ်"

"ဒီအသံက နတ်ဘုရားဓား ထွက်ပေါ်လာတော့မယ်ဆိုတာကို ပြနေတာပဲ"

"နတ်ဘုရားဓားမှာ စိတ်ဝိညာဉ်ရှိတယ်၊ သူက သူ့အရှင်သခင်ကို သူကိုယ်တိုင် ရွေးချယ်လိမ့်မယ်၊ ကမ္ဘာတစ်ဝှမ်းက ဓားသိုင်းပညာရှင်တွေကို ဓားစမ်းသပ်ဖို့ ခေါ်ယူနေတာပဲ"

"ငါဆိုတဲ့ ကျန့်ရွှီ တစ်ယောက်တည်းသာ ဒီနတ်ဘုရားဓားနဲ့ ထိုက်တန်တာ၊ ဟားဟား"

​ ထို့ကြောင့် ဓားသိုင်းပညာရှင် အများအပြားသည် ဓားသံထွက်ပေါ်ရာ အရပ်သို့ ဦးတည် ထွက်ခွာလာကြသည်။ မီးတောင်ခြေတွင် ကျွမ်းကျင်သော ဓားသမားများ တဖြည်းဖြည်း စုဝေးမိလာကြသည်။

​ မဟာရှ၏ စစ်သည်များက လမ်းကို ပိတ်ဆို့ထားပြီး "ဒီနေရာက မဟာရှရဲ့ ကန့်သတ်နယ်မြေ ဖြစ်တယ်၊ ပြင်ပလူ ဝင်ခွင့်မရှိဘူး"

​ "ဘာအကြောင်းနဲ့လဲ၊ ဘာလို့ ဝင်လို့မရတာလဲ"

"ဒါက တောရိုင်းမြေပဲ၊ ဘယ်တုန်းက ကန့်သတ်နယ်မြေ ဖြစ်သွားတာလဲ"

"မင်းတို့ ဧကရာဇ်က နတ်ဘုရားဓားကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ချင်လို့လား"

​ "တိတ်စမ်း၊ စည်းကမ်းမဲ့ စကားတွေ လာမပြောနဲ့" မဟာရှ ဗိုလ်ချုပ်က အော်ဟစ်လိုက်ကာ "ဒီမြေဟာ အစဉ်အမြဲ မဟာရှရဲ့ ပိုင်နက်ဖြစ်တယ်။ ဝင်ခွင့်ရှိမရှိဆိုတာ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ပဲ၊ ဒီဓားဟာ အစကတည်းက အရှင်မင်းကြီးကိုယ်တိုင် သွန်းလုပ်ခိုင်းထားတာ၊ လက်ဝါးကြီးအုပ်တယ်ဆိုတဲ့ စကားက ဘယ်ကလာတာလဲ။ မင်းတို့တွေ နောက်မဆုတ်ဘူးဆိုရင် ငါတို့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

​ "ချိန်လိုက်ကြ" စစ်သည် ၁ သိန်းက မြှားများကို အသင့်ပြင်လိုက်ကြသည်။

​ ဓားသမားများမှာ တုန်လှုပ်သွားကြသည်။ မြှားပေါင်း တစ်သိန်း ပျံသန်းလာပါက အဆင့်မြင့်ကျင့်ကြံသူ မဟုတ်လျှင် သေချာပေါက် အသက်ပျောက်ပေလိမ့်မည်။ သူတို့သည် ယခုအချိန်တွင် အသက်အန္တရာယ် မစွန့်စားနိုင်သေးပေ။ ထို့ကြောင့် နောက်ဆုတ်သွားကြရသည်။ သို့သော် တောင်ခြေတွင် စုဝေးနေသော သိုင်းပညာရှင်ဦးရေမှာ ရာနှင့်ချီ တိုးပွားလာပြီး ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့သည်။

​ ညဖက်သို့ ရောက်သောအခါ အဆင့်မြင့်ကျင့်ကြံသူ ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦး ရောက်ရှိလာသည်။ သူသည် စစ်သည်တစ်သိန်းကို မမှုဘဲ သူ၏ ပညာဖြင့် မီးတောင်ဝသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။ သို့သော် ထိုနေရာတွင် အရက်ဓားအင်မော်တယ်တို့ သုံးဦးနှင့် တွေ့ဆုံလေသည်။

​ "ကန့်သတ်နယ်မြေကို ကျူးကျော်ရဲတာလား၊ သေစမ်း" ပိုင်ဇူက သူမ၏ ဓားဖြင့် တိုက်ခိုက်လိုက်ရာ ၁၀ ကွက်မပြည့်မီမှာပင် ကျူးကျော်သူကို သတ်ဖြတ်လိုက်သည်။ သွေးအလိမ်းလိမ်းနှင့် ခေါင်းပြတ်ကို တောင်အောက်သို့ ပစ်ချလိုက်ခြင်းက မကောင်းသော ရည်ရွယ်ချက်ရှိသူများကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

​ ထို့ကြောင့် ထိုညမှာ ချောမွေ့စွာ ကုန်ဆုံးသွားသည်။ သို့သော် ရောက်ရှိလာသူ အရေအတွက်မှာ တိုးပွားလာပြီး တစ်ထောင်ကျော် ရှိလာပြီ ဖြစ်သည်။ သူတို့သည် တောင်ခြေတွင် စောင့်ဆိုင်းရင်း အခွင့်အရေးကို ချောင်းမြောင်းနေကြသည်။ ထိုစဉ် သတင်းပေးတစ်ဦးက စိတ်လှုပ်ရှားစွာ ပြေးလာသည်။

​ "ငါ သိလိုက်ရပြီ။ အပေါ်မှာ ဓားသွန်းလုပ်နေတာက ဆရာကြီး အိုးယဲ့ဇီ တဲ့၊ သူက ဓားသွန်းလုပ်ရာမှာ အတော်ဆုံးပဲ"

"လွန်ခဲ့တဲ့ လေးလလောက်က သူ မဟာရှကို ရောက်လာပြီး မဟာရှဧကရာဇ်ရဲ့ လက်အောက်ကို ဝင်ခဲ့တာ၊ အဲ့ဒါကြောင့် ဧကရာဇ်အတွက် လက်နက်တွေ သွန်းလုပ်ပေးနေတာပဲ"

"ကြားရတာတော့ ကောင်းကင်ပြင်ပက ဥက္ကာခဲသံနဲ့ တခြား အဖိုးတန်ပစ္စည်းတွေကို သုံးပြီး နတ်ဘုရားဓားကို ဖန်တီးနေတာတဲ့"

"သုံးလကျော် ကြာပြီးပြီဆိုတော့ အခု သွန်းလုပ်တာ ပြီးခါနီးပြီ၊ အဲ့ဒါကြောင့် ဧကရာဇ်က ပညာရှင်တွေ အများကြီးလွှတ်ပြီး စောင့်ခိုင်းနေတာပဲ"

​ လူအုပ်ကြီးမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

​ "ဒါဆို နတ်ဘုရားဓားက တကယ်ပဲ မဟာရှဧကရာဇ် ပိုင်တာပေါ့"

"သူပိုင်တော့ ဘာဖြစ်လဲ။ ရတနာဆိုတာ မြင့်မြတ်တဲ့ သူနဲ့ပဲ ထိုက်တန်တာ။ ငါကြားဖူးတာကတော့ သူက မိုက်မဲတဲ့ဧကရာဇ် တစ်ယောက်ပဲ၊ လူမိုက်တစ်ယောက်က နတ်ဘုရားဓားကို ပိုင်ဆိုင်ဖို့ မထိုက်တန်ဘူး။ ငါတို့လို ဓားသမားတွေနဲ့ပဲ ထိုက်တန်တာ"

"မင်းပြောတာ မှန်တယ်၊ ရတနာက ပါရမီရှိတဲ့ သူတွေအတွက်ပဲ။ ဓားက သူ့ဟာဆိုရင်တောင် ကြက်တစ်ကောင်ကိုတောင် မသတ်ဝံ့တဲ့လူက နတ်ဘုရားဓားကို ဘယ်လို ကိုင်မလဲ။ ဒါဟာ ကောင်းကင်ဘုံရဲ့ လက်ဆောင်ကို ဖြုန်းတီးတာပဲ"

​ ထိုစကားများက လူများကို ကြောက်လန့်စေမည့်အစား နတ်ဘုရားဓားကို ရှာဖွေရန် ပိုမို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားသည်။

​ ဒုတိယနေ့တွင် ထူးခြားမှု မရှိသော်လည်း ရောက်ရှိလာသူ အရေအတွက်မှာ ၂,၀၀၀ ခန့်အထိ တိုးလာလေသည်။ ၎င်းတို့အထဲတွင် အဆင့်မြင့်ကျင့်ကြံသူ ၄ ဦး ပါဝင်သော်လည်း လှုပ်ရှားမှု မရှိသေးပေ။ တတိယနေ့တွင်လည်း သိသာသော ထူးခြားမှု မရှိသော်လည်း လူဦးရေမှာ ၂,၅၀၀ အထိ တိုးလာခဲ့သည်။

​ ၎င်းတို့အထဲတွင် အဆင့်မြင့်ကျင့်ကြံသူ အရေအတွက်မှာ ၇ ဦး သို့မဟုတ် ၈ ဦးအထိ ရှိလာခဲ့သည်။ ၎င်းတို့သည် ဝိညာဉ်များကဲ့သို့ လျင်မြန်လှုပ်ရှားရင်း မီးတောင်အတွင်းသို့ ဝင်ရောက်ကာ နတ်ဘုရားဓားကို ရယူရန် အခွင့်အရေးကို စောင့်နေကြသည်။

All Chapters