အခန်း (၅၇၆-၅၇၇)
Vol. 36 Ch. 576-577
Chapter 576
အကူညီ ၃
သူ၏ ခန္ဓာကိုယ်တစ်ခုလုံး စိမ့်တတ်သွားသည်။ သူ၏ ကိုယ်ပျောက်စွမ်းအားမှာလည်း တဖျပ်ဖျပ် တုန်ခါလာသည်။
“အား”
ဘစ်ဇ်
သူ အော်ဟစ်လို့ မဆုံးမီမှာပင် အနီရောင်လျှပ်စစ်တန်းတစ်ခုသည် သူ၏ မျက်နှာကို တိုက်ရိုက်ပစ်ခတ်လိုက်သည်။
နှင်းဆီနက်ဘား အပြင်ဘက်တွင် ချန်လီယွန်၏ ခန္ဓာကိုယ် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသံ ထွက်ပေါ်လာသည်။ ကိုယ်ပျောက်စွမ်းအားလည်း ပျောက်ကွယ်သွားသည်။ တက်တူးများဖြင့် ပြည့်နှက်နေသော ကတုံးနှင့် လူတစ်ယောက်သည် ပက်လက်လန်နေပြီး သူ၏ နဖူးတွင် တစ်လက်မအရွယ်အစားရှိသော နက်မှောင်သည့် အနီရောင်အပေါက်တစ်ခုဖြစ်နေကာ ထိတ်လန့်နေသော မျက်လုံးများမှာ ပွင့်လျက်သား ရှိနေသေးသည်။
ဘားအတွင်းတွင် လင်းရှန်သည် ဒရုန်းမှ ရိုက်ကူးထားသော ဗီဒီယိုကို ကြည့်နေသည်။ သူသည် ဆက်သွယ်ရေးစက်ထဲသို့ တည်ငြိမ်စွာ ပြောလိုက်သည်။
“အစ်ကိုရှီ… ကျုပ်တို့ တိုက်ပွဲထဲ အကုန်ရောက်နေပြီ… စလိုက်ကြစို့”
“နားလည်ပြီ”
ဝူးး… ဂျုံး ဂျုံး
လက်နက်အပြည့်အစုံ တပ်ဆင်ထားသော ကြီးမားသည် ရထားကြီးသည် သဲကန္တာရကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းမောင်းနှင်လာသည်။ ရထားအပေါ်တွင်မူ Nightstar ဟိုက်ပါဆိုးနစ် လေယာဉ်ငါးစင်းသည် ကောင်းကင်ယံကို ခွဲ၍ ပျံသန်းလာကြပြီး ပလာစမာအင်ဂျင်သံများမှာ ကျယ်လောင်စွာ ထွက်ပေါ်နေသည်၊၊
ဝုန်း
အာခီစိုင်းရင်ပြင်ရှိ ခံစစ်ကြောင်းတွင် ဂရန်းနိုက်သည် သူ၏ တင့်ကား သံချပ်ကာပြားကို ပြန်မကာ ရှေ့သို့ တိုးလာသည်။ သူသည် ရှေ့တန်းသို့ ရောက်လုနီးပါးဖြစ်နေပြီး ခံစစ်သမားများမှာလည်း ပြိုလဲလုနီးပါး ဖြစ်နေသည်။
“နောက်ဆုတ်ကြ”
တစ်စုံတစ်ယောက်က အော်လိုက်သည်။
ထိုစဉ်မှာပင် လူတစ်ယောက်သည် ပေါ့ပါးစွာ ကားခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး သူ၏ လက်ဆစ်များကို ချိုးကာ ရှေ့သို့ တိုးလာနေသော ဂရန်းနိုက်ကို ကြည့်၍ ပြုံးလိုက်သည်။
“တုန်ခါလှိုင်းလက်သီး”
လီကွမ်းဝမ်က အော်ဟစ်လိုက်သည်။ သူ၏ လက်သီးကို လေထဲသို့ ထိုးလိုက်သည်။
ဖျစ် ဖျစ်
လေထုသည် လှိုင်းတွန့်များ ထွက်ပေါ်လာပြီး သံချပ်ကာပြားကို ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။ ကြီးမားသော သံမဏိပြားသည် တွန့်လိမ်ပျက်စီးသွားပြီးနောက် ပေါက်ကွဲထွက်သွားကာ သံမဏိအပိုင်းအစများမှာ ဂရန်းနိုက်၏ ကျောက်သားကဲ့သို့ မာကျောသော အရေပြားထဲသို့ စိုက်ဝင်သွားသည်။
ထိုအချိန်တွင် လူသန်ကြီးနှစ်ယောက်သည် နောက်ဆုတ်နေသော ခံစစ်သမားများကို ဖြတ်၍ ရှေ့သို့ လှမ်းတက်လာသည်။
တာလို့နှင့် လျန်လေးတို့ ဖြစ်သည်။
သူတို့၏ မျက်နှာများမှာ တည်ကြည်လေးနက်နေသည်။ နှစ်ယောက်လုံး ဂတ်တလင်သေနတ်များကို ကိုင်ထားကြသည်။ စစ်နတ်ဘုရားများကဲ့သို့ပင် သူတို့၏ သေနတ်ပြောင်းတံများမှာ ချက်ချင်း လည်ပတ်လာပြီး ဂရန်းနိုက်နှင့် သူ့နောက်ရှိ ယာဉ်တန်းဆီသို့ အင်အားအပြည့်ဖြင့် ပစ်ခတ်လိုက်ကြသည်။
ဝူး ဒက် ဒက် ဒက်
သံမဏိကျည်ဆန်မိုးများမှာ ရန်သူများကို ဖောက်ထွက်သွားသည်။ ဂရန်းနိုက်၏ ဦးခေါင်းမှာ ကျည်ဆန်များကြောင့် စက္ကန့်ပိုင်းအတွင်း အပိုင်းပိုင်းပြတ်ထွက်သွားကာ သွေးနှင့် ဖုန်မှုန့်များအဖြစ် ပေါက်ကွဲသွားလေသည်။
သူ့နောက်ရှိ ယာဉ်များမှာလည်း ပစ်ခတ်မှုကြောင့် ပျက်စီးသွားပြီး အချို့မှာ ထိုနေရာတွင်ပင် အပေါက်ပေါင်းများစွာဖြင့် ကျန်ရစ်ခဲ့သည်။
အခြားနေရာများတွင်လည်း စွမ်းအားမြှင့်ဝတ်စုံ ဝတ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင် အများအပြား ရုတ်တရက် ပေါ်ထွက်လာပြီး လမ်းမများပေါ်တွင် အရှိန်အပြည့်ဖြင့် လှုပ်ရှားကာ တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲလိုက်ကြသည်။
ကင်းမျှော်စင်ပေါ်မှနေ၍ ခံစစ်သမားများ၏ မမျှော်လင့်ထားသော အင်အားကို မြင်သောအခါ ကင်းခြေများ၏ မျက်နှာက ရှုံ့မဲ့သွားသည်။ သူသည် သူ၏ ပီကေဝါးရန်ပင် မေ့သွားခဲ့သည်။ သူသည် အသံတိတ်ကျိန်ဆဲကာ သူ၏ ရိုင်ဖယ်ကို လီကွမ်းဝမ်ဆီသို့ လှည့်လိုက်သည်။
ဘန်း
အာခီစိုင်းမြို့၏ ကောင်းကင်ယံတွင် သေနတ်သံတစ်ချက် ပဲ့တင်ထပ်သွားသည်။ ကင်းခြေများ ခလုတ်ကိုပင် မဆွဲရသေးမီ သူ၏ ဦးခေါင်းမှာ ဖရဲသီးတစ်လုံးလို ပေါက်ကွဲသွားပြီး နံရံပေါ်သို့ သွေးများ လွင့်စင်သွားသည်။
“ငါးယောက်”
မီတာရာပေါင်းများစွာ အကွာဝေးတွင်မူ ဘလက်ဟော့ခ် Black Hawk ဝတ်စုံကို ဝတ်ဆင်ထားသော ပိန်ပါးသည့် ပုံရိပ်တစ်ခုသည် Meteor-3 စနိုက်ပါရိုင်ဖယ်ကို ကိုင်ဆောင်ကာ အဆောက်အအုံ ခေါင်မိုးများပေါ်တွင် ပြေးနေသည်။ သူမ၏ လှုပ်ရှားမှုသည် တွန်းကန်အားပေးစနစ်ကြောင့် ယန္တရားပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် ဖြစ်နေသည်—ထိုပုံရိပ်သည် ချန်ဆီရွှမ်ဖြစ်သည်။
သူမသည် အဆောက်အအုံနိမ့်တစ်ခု၏ ခေါင်မိုးပေါ်သို့ ဆင်းသက်လိုက်ပြီး အရှိန်ဖြင့် လျှောတိုက်ကာ ရပ်လိုက်ရာ မီးပွားများ ထွက်လာသည်။ သူမသည် လှုပ်ရှားနေရင်းပင် တန်းချိန်ကာ ပစ်ခတ်လိုက်သည်။
ဘန်း
သူမ၏ ပစ်ချက်သည် ဒုံးပစ်လောင်ချာကိုင်ထားသော ဓားပြတစ်ဦးနှင့် သူ့နောက်ရှိ လူနှစ်ဦးကို ဖောက်ထွက်သွားသည်။ ဦးနှောက်နှင့် အရိုးအပိုင်းအစများမှာ ယာဉ်ပေါ်သို့ လွင့်စင်သွားသည်။ ကြောက်လန့်နေသော ကားမောင်းသူမှာမူ လီဗာနင်းရမလား… ဘရိတ်အုပ်ရမလား ဝေခွဲမရပဲ ထိုနေရာတွင်ပင် တောင့်တင်းနေသည်။
စက္ကန့်ဝက်အကြာတွင် သူ၏ ဦးခေါင်းမှာလည်း ပျောက်ကွယ်သွားသည်။
“ရှစ်ယောက်”
….
ကင်းမြီးကောက်သည် တစ်ခုခုအကြီးအကျယ်မှားယွင်းနေမှန်း ယခုမှ ခံစားမိသွားသည်၊၊ ဤမြို့ရှိ အသက်ရှင်ကျန်ရစ်သူများသည် သူတို့ မျှော်လင့်ထားသည်ထက် များစွာ ပို၍ အစွမ်းထက်နေကြသည်။
“သေစမ်း… မနေ့က အုပ်စုပဲ ဖြစ်ရမယ်”
လင်းယုန်နီက ထဆဲလိုက်သည်။ သူသည် ကင်းမြီးကောက်ဘက်သို့ လှည့်လိုက်သည်၊၊
“ဒီမှာ ခြိမ်းခြောက်မှုတွေ ရှိနေပြီ—ငါတို့ သူတို့ကို အခုပဲ ရှင်းရမယ်”
ကင်းမြီးကောက်က သူ၏ မွန်းစတားထရပ်ကားတံခါးကို ကန်ဖွင့်ကာ ဘီးပေါ်သို့ တက်လိုက်ပြီး ရက်စက်သော အကြည့်များဖြင့် လမ်းမများကို ဝေ့ကြည့်လိုက်သည်။
“လင်းယုန်နီ မင်းနဲ့ ဝူလောင်အာတို့က အလယ်လမ်းမရဲ့ ဘေးနှစ်ဖက်ကနေ ညှပ်တိုက်။ အရိုးနဂါး—ကင်းခြေများကို သတ်လိုက်တဲ့ စနိုက်ပါသမားက ဒီနားမှာပဲ ရှိတယ်။ သူ့ကို ရှာ… ကျန်တဲ့လူတွေ—ငါနဲ့အတူ နှင်းဆီနက်ဘားကို လိုက်ခဲ့… အဲဒီယာဉ်တန်း ခေါင်းဆောင်တွေရဲ့ အရိုးပြာကို ငါကိုယ်တိုင် ကြဲပစ်မယ်”
လင်းယုန်နီနှင့် အရိုးနဂါးတို့၏ မျက်လုံးများမှာ အေးစက်စွာ တောက်ပလာသည်။ သူတို့သည် အမိန့်များ ပေးလိုက်ကြပြီး အာခီစိုင်းမြို့ကို ဝန်းရံထားသော ဓားပြများသည် မြို့ထဲသို့ စုပြုံတိုးဝင်လာကြသည်။ မြို့၏ တစ်ဝက်ခန့်မှာ ယခုအခါ မီးတောက်များဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။ လမ်းတိုင်းတွင် သေနတ်သံများ ပဲ့တင်ထပ်နေကာ ရက်စက်လှသော လက်နက်မျိုးစုံကို အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများအပေါ် အသုံးပြုလိုက်ကြသည်။
ကန္တာရဓားပြခေါင်းဆောင်များအားလုံး တစ်ပြိုင်နက် လှုပ်ရှားလာကြသည်၊၊
သို့သော် သူတို့ မြို့တွင်းပိုင်းသို့ ပိုမို တိုးဝင်ရန် ပြင်ဆင်နေစဉ်မှာပင် လေထဲမှ ပြင်းထန်သော လေတိုးသံများ ပေါ်ထွက်လာသည်။
ဝူး ဝူး ဝေါ
ကောင်းကင်ယံမှ အနက်ရောင်လေယာဉ် အစင်းပေါင်းများစွာသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားကြသည်။ တစ်ချိန်တည်းမှာပင် ဝေဟင်ပစ်ဒုံးကျည်အများအပြားကို ကင်းမြီးကောက်၏ ယာဉ်တန်းဆီသို့ ဦးတည်ပစ်လွှတ်လိုက်ကြသည်။
ဝုန်း ဝုန်း ဝုန်း
ပေါက်ကွဲမှုများက လမ်းမကို မီးဟုန်းဟုန်း တောက်သွားစေပြီး ကန္တာရဓားပြများ၏ ယာဉ်များကို အရည်ပျော်စေကာ ကင်းမြီးကောက် စီးနင်းလာသော ရွှေရောင်ထရပ်ကားကြီးကိုလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။
ထရပ်ကား နောက်ခန်းရှိ ထွားကျိုင်းသော သေနတ်သမားမှာ သူ၏ လက်နက်ကိုပင် ဆွဲမချိန်မရှိလိုက်ပဲ အငွေ့ပျံသွားခဲ့သည်။ သူ၏ မျက်နှာဖုံးတစ်ခြမ်းမှာ မီတာတစ်ရာကျော် အဝေးရှိ အမှိုက်ပုံထဲသို့ လွင့်စင်သွားသည်။
ကားပေါ်မှဆင်း၍ အဝေးရောက်နေကာ ပေါက်ကွဲမှုကို သီသီလေးလွတ်သွားသော ကင်းမြီးကောက်သည် သူ၏ ပျက်စီးသွားသော ယာဉ်ကို ထိတ်လန့်စွာ ကြည့်နေသည်။
“အာကာသတိုက်လေယာဉ်တွေလား”
“သေစမ်း… ဒါတွေက ဖက်ဒရေးရှင်းကလား ဒါမှမဟုတ် ဖီးနစ်အဖွဲ့အစည်းကလား”
“ခေါင်းဆောင်… ကျွန်တော်တို့ ပြဿနာတက်ပြီ”
ရုတ်တရက် စကားပြောစက်မှ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်—၎င်းမှာ ကင်းထောက်ပင် ဖြစ်သည်။
“အနောက်ဘက်ကနေ ရထားကြီးတစ်စင်း လာနေပြီ။ သူတို့က… သူတို့က…”
မြို့စွန်ရှိ အဆောက်အအုံနိမ့်တစ်ခု၏ ခေါင်မိုးပေါ်တွင် အဝါရောင်ဆံပင်နှင့် ကန္တာရဓားပြတစ်ဦးသည် တုန်ယင်နေသော လက်များဖြင့် လျှပ်စစ်မှန်ပြောင်းကို ကိုင်ကာ သဲကန္တာရထဲသို့ စူးစိုက်ကြည့်နေသည်။ သူ၏ မြင်ကွင်းထဲတွင် ကြီးမားသော သံမဏိသားရဲကြီးတစ်ကောင်သည် သဲများနှင့် တောင်ကုန်းများကို ဖြတ်ကျော်ကာ သဲကန္တာရ မြေပြင်ရှိ ရထားလမ်းများအတိုင်း ကံကြမ္မာ-သက်ရှည်ယာဉ်တန်းဆီသို့ တိုက်ရိုက်မောင်းနှင်လာနေသည်။
Chapter 577
အမဲလိုက်ခြင်း ၁
“ရထားလား… လူဘယ်လောက်ပါလဲ”
ကင်းမြီးကောက်က ပြန်အော်လိုက်သည်။
“၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆…”
ထိုလူသည် အာရုံစိုက်ကြည့်ရန် ကြိုးစားသော်လည်း သံချပ်ကာ ရထားကြီးမှာ ရှည်လျားလွန်းသဖြင့် သူ အဆုံးကို မမြင်ရပေ—ရှေ့ခေါင်းတွဲမှာ ထွက်ပေါ်လာပြီ ဖြစ်သော်လည်း တွဲများမှာ တောင်ကုန်းများ နောက်ကွယ်မှ အဆုံးမရှိ ထွက်ပေါ်လာနေဆဲပင်။
“ရေလို့မရဘူး… တွဲရာနဲ့ချီရှိတယ်။ အားလုံးက သံချပ်ကာတွေနဲ့ပဲ။ စက်သေနတ်ကြီးတွေ၊ လေယာဉ်ပစ်အမြောက်တွေ၊ ဗုံးပစ်လောင်ချာတွေ၊ တာတိုအမြောက်တွေ၊ CIWS ပစ်ခတ်မှုစနစ်တွေ—နေရာအနှံ့မှာပဲ… ကျွန်တော်… ကျွန်တော်တို့…”
ထိုလူသည် ရထားတွဲ တစ်တွဲမှ တောက်ပသော အပြာရောင် လျှပ်စစ်သံလိုက်ပင်မအမြောက်တစ်ခုက လှည့်လာသည်ကို ကြည့်ကာ ဆွံ့အသွားသည်။ သူ၏ မေးစေ့မှာ မြေပြင်သို့ ပြုတ်ကျမတတ် ဖြစ်သွားသည်။
“သူတို့မှာ လျှပ်စစ်သံလိုက်အမြောက်လည်း ရှိတယ်”
ဘစ်ဇ်
သူ ပြောလို့ မဆုံးမီမှာပင် သံလိုက်အမြောက်သည် အပြင်ဘက်မှနေ၍ ပစ်ခတ်လိုက်သည်။ အပြာရောင်ပလာစမာလှိုင်းတစ်ခုသည် မြို့၏ အနောက်ဘက်ကို ပိတ်ဆို့ထားသော လုံခြုံရေးယာဉ်တန်းဆီသို့ ဦးတည်သွားလေသည်၊၊ လျှပ်စစ်သံလိုက် တုန်ခါသံများ ပဲ့တင်ထပ်သွားသည်။ မြို့ထဲသို့ စစ်ကူသွားရန် ပြင်ဆင်နေသော ဝူတာဖန်း၏ ယာဉ်တန်းမှ သံချပ်ကာယာဉ် အများအပြားမှာ ချက်ချင်းပေါက်ကွဲသွားပြီး သူတို့နောက်ကွယ်ရှိ အဆောက်အအုံများမှာလည်း အပေါက်ကြီးများ ဖြစ်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း ပေါက်ကွဲသံများ၊ အော်ဟစ်သံများနှင့် ပရမ်းပတာဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့သည်။
“ဖာ့ခ်…. အဲဒါ ဘာကြီးလဲ”
“အား”
“သံလိုက်အမြောက်လားဟ”
အနောက်ဘက်မှ တိုက်ခိုက်ရန်ပြင်နေသော ဓားပြများ လုံးဝ ဆွံ့အသွားကြသည်။ သူတို့သည် မြို့ထဲသို့ စုရုံးရန် အမိန့်ရရုံသာ ရှိသေးသော်လည်း သဲကန္တာရထဲမှ သံမဏိသားရဲကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ သဲကန္တာရမြေပြင်သည် ၎င်း၏ အရှိန်ဟုန်ကြောင့် အနည်းငယ် တုန်ခါနေသည်။ ကြီးမားလှသော စစ်ရထားကြီးတွင် တပ်ဆင်ထားသည့် ကြီးမားသည့် အမြောက်များ—မွန်းစတားကြီးများကို နှိမ်နင်းရန် ရည်ရွယ်ထားသော လက်နက်များ—အားလုံးသည် သူတို့ဆီသို့ တိုက်ရိုက် ဦးတည်နေသည်ကို မြင်သောအခါ…
သူတို့အားလုံး တောင့်တင်းသွားကြသည်။
ပေါင်းစည်းရထားကြီးချဉ်းကပ်လာသည်နှင့်အမျှ ၎င်း၏ အပေါ်ဘက်ရှိ လက်နက်စနစ်များ—1130 CIWSနှင့် လူကိုယ်တိုင်ထိန်းချုပ်သည့် စနစ်များ အားလုံးသည် မြို့ကို ဝိုင်းရံထားသော ဓားပြယာဉ်တန်းများဆီသို့ လှည့်လိုက်ကြသည်။
ထို့နောက် ချက်ချင်းမှာပင် လက်နက်အားလုံး တစ်ပြိုင်နက် မီးကုန်ယမ်းကုန် ပစ်ခတ်လိုက်ကြသည်။
ဝုန်း ဝုန်း ဝုန်း
ဒီရထားက ဘယ်ကနေ ရောက်လာတာလဲ။
အာကာသတိုက်လေယာဉ်တွေ၊ သံချပ်ကာ ရထားကြီး… ဒါက စတားဖလိ့လား။
နေပါဦး… လူတွေကို တိုက်ခိုက်ဖို့ သံလိုက်အမြောက်သုံးတာက နည်းနည်းတော့ လွန်မနေဘူးလား။
ဒီရထားက တော်တော်ရှည်တာပဲ…
သူတို့အပေါ်သို့ ပစ်ခတ်မှုများ မကျရောက်မီ ကန္တာရဓားပြများ၏ စိတ်ထဲတွင် နောက်ဆုံး ပေါ်လာသော အတွေးများသာ ဖြစ်သည်။
အနန္တရထားကြီးပေါ်တွင် ရှောင်ယွမ်သည် ပစ်ခတ်ထိန်းချုပ်ရေး ရေဒါကို အသုံးပြုကာ ရန်သူ့ယာဉ်များနှင့် တည်နေရာများကို သတ်မှတ်ပေးနေသည်။ သူမသည် 1130 CIWS နှင့် G3 လျှပ်စစ်သံလိုက်အမြောက် အပါအဝင် လက်နက်စနစ်အားလုံးကို အသက်သွင်းကာ ပစ်ခတ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း ဆူးများနှင့် သံမဏိပြားများဖြင့် ခိုင်ခံ့အောင် လုပ်ထားသော ကန္တာရဓားပြများ၏ စစ်သုံးယာဉ်များနှင့် အဆောက်အအုံထဲတွင် ပုန်းနေသူများ အားလုံး ချေမှုန်းခံလိုက်ရသည်။ သဲကန္တာရထဲမှ ယိုင်နဲ့နဲ့ အဆောက်အအုံများသည် ပြင်းထန်သော ကျည်ဆန်များကို မခံနိုင်ပေ—မီးထဲမှ စက္ကူများကဲ့သို့ပင်ဖြစ်သည်။
တစ်ကြိမ် ပစ်ခတ်လိုက်ရုံဖြင့် မြို့အပြင်ဘက်ရှိ လမ်းမများနှင့် အဆောက်အအုံများမှာ ပြာပုံဖြစ်သွားခဲ့သည်။ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။
မြို့ထဲတွင် ကင်းမြီးကောက်သည် သတင်းကို ကြားရသည်နှင့် ပို၍ ကောင်းမွန်စွာ မြင်နိုင်ရန် အဆောက်အအုံ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။ ပေါင်းစည်းရထားကြီးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ မျက်ခွံများ တုန်ယင်သွားသည်။ သူ၏ မျက်လုံးများတွင် ဒေါသများ တောက်လောင်နေသည်။
ယခုအချိန်တွင် သူ သိလိုက်ရလေပြီ—ဒါက တိုက်ဆိုင်မှု မဟုတ်ပေ။ ရန်သူက အသင့်ပြင်လာခြင်းပင်။ သူ၏ အတွေးများ မြန်ဆန်စွာ လည်ပတ်နေပြီး သူသည် ချက်ချင်းပင် စကားပြောစက်ကို ကိုင်ကာ အော်လိုက်သည်၊၊
“လင်းယုန်နီ၊ အရိုးနဂါး… ငါတို့ ပြဿနာကြီးတက်နေပြီ။ ပြန်ဆုတ်ကြ”
ကင်းမြီးကောက်၏ အသံကို ကြားသောအခါ အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ရပ်တန့်နေသော လင်းယုန်နီနှင့် အရိုးနဂါးတို့ မျက်နှာပျက်သွားကြသည်။ သူတို့သည် အနီးဆုံးယာဉ်ပေါ်သို့ အပြေးတက်ကာ အမိန့်ပေးလိုက်ကြသည်။
“ပြန်ဆုတ်ကြ”
ချက်ချင်းပင် တိုက်ပွဲ၏ အခြေအနေမှာ ပြောင်းလဲသွားသည်။ အင်အားအပြည့်ဖြင့် တိုက်ခိုက်နေသော ကန္တာရဓားပြများသည် ထိတ်လန့်တကြား နောက်ဆုတ်ကုန်ကြသည်။ ယာဉ်များသည် လမ်းကြောင်းပြောင်းကြပြီး ဓားပြအုပ်စု သုံးခုလုံးသည် အရှေ့တောင်၊ မြောက်နှင့် တောင်ဘက်များသို့ ဆုတ်ခွာသွားကြသည်။
နောက်မဆုတ်နိုင်သူများမှာမူ အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများ၏ လျင်မြန်စွာ ချေမှုန်းခြင်းကို ခံလိုက်ရသည်။ ဖိအားများမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။ ရှုပ်ထွေးနေသော အသံများ ထွက်ပေါ်လာသည်၊၊
“သူတို့ ပြေးနေကြပြီ”
“ငါတို့ စစ်ကူတွေ ရောက်လာပြီလား”
“ဒါ အနီရောင်တိုက်ခိုက်ရေးအဖွဲ့လား”
“ဘုရားသခင် ကျေးဇူးတော်ကြောင့် ငါတို့ လွတ်သွားပြီ”
“စောစောက လေယာဉ်က စတားဖလိ့က ဖြစ်ရမယ်”
“ဟေ့… ဟိုမှာ ကြည့်ဦး။ အနောက်ဘက်ကနေ ရထားကြီးတစ်စင်း ဝင်လာနေတယ်”
လူအများအပြားမှာ ကြည့်ရှုရန် ခေါင်မိုးပေါ်သို့ တက်ကြသည်—အမှန်ပင် ပေါင်းစည်းရထားကြီးမှာ လွင်ပြင်ကို ဖြတ်ကျော်ကာ ဝင်ရောက်လာနေသည်။
သို့သော် ထိုစဉ် ပေါင်းစည်းရထားကြီး၏ နောက်မှ ကျယ်လောင်သောအသံများ ထပ်မံ ထွက်ပေါ်လာသည်။ မီးခိုးလုံးကြီးများ အူထွက်လာသည်။ လူတိုင်း လှည့်ကြည့်လိုက်သောအခါ မြေမျက်နှာပြင်မရွေး မောင်းနှင်နိုင်သော ရထားနှစ်စင်းသည် ပေါင်းစည်းရထားကြီးမှ ခွဲထွက်ကာ သဲကန္တာရကို ဖြတ်ကျော် မောင်းနှင်လာကြသည်ကို တွေ့လိုက်ရသည်—တစ်စင်းမှာ အနက်နှင့် အစိမ်းရောင်၊ နောက်တစ်စင်းမှာ အနက်နှင့် အနီရောင် ဖြစ်ပြီး ရန်သူကို ညှပ်တိုက်ရန် မြောက်ဘက်နှင့် တောင်ဘက်သို့ ခွဲထွက်သွားကြသည်။
၎င်းတို့မှာ နဂါးတောင် ၁ နှင့် ဘုရင်မ မိုနီကာတို့ဖြစ်ကြပြီး နှစ်စင်းလုံးမှာ မြေမျက်နှာပြင်မရွေး မောင်းနှင်နိုင်သော ရထားများဖြစ်ကြသည်။
ကြည့်ရသည်မှာ သူတို့သည် မြောက်ဘက်နှင့် တောင်ဘက်သို့ ထွက်ပြေးနေသော ရန်သူများကို ကြားဖြတ်တိုက်ခိုက်ရန် စီစဉ်နေပုံရသည်။
ဂျုံး ဂျုံး
ရထားနှစ်စင်းလုံးမှာ ဘေးတိုက် တိုက်ခိုက်မည့် အနေအထားသို့ ရောက်ရှိလာပြီး မြို့၏ တောင်ဘက်နှင့် မြောက်ဘက် ထွက်ပေါက်များကို ပိတ်ဆို့ထားလိုက်ကြသည်။ သူတို့၏ လျှပ်စစ်သံလိုက်အမြောက်နှင့် ကြီးမားသောလက်နက်များသည် ထွက်ပြေးနေသော ကန္တာရဓားပြယာဉ်တန်းများဆီသို့ စတင် ပစ်ခတ်လိုက်ကြသည်။
“ဖာ့ခ်”
ဓာတ်ငွေ့ကာမျက်နှာဖုံး ဝတ်ဆင်ထားသော လင်းယုန်နီသည် အနက်နှင့် အနီရောင် စစ်ရထားကြီး ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးများမှာ မျက်နှာဖုံးအောက်၌ တုန်ယင်နေသည်။ သူသည် ကားမောင်းသူထံမှ စတီယာရင်ကို ဆွဲယူလိုက်ပြီး အော်ဟစ်လိုက်သည်၊၊
“လှည့်လိုက်။ အရှေ့ဘက်ကို သွားကြမယ်”
အရိုးနဂါးသည်လည်း သူတို့၏ လမ်းကြောင်း ပိတ်ဆို့ခံထားရသည်ကို မြင်သောအခါ ထိုကဲ့သို့သော ပစ်အားများရှိသည့် ရထား၏ လက်မှလွတ်ရန် သဲကန္တာရထဲသို့ ဝင်ရောက်ခြင်းသည် မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် တူကြောင်း သိလိုက်သည်။ သူတို့သည် ထင်ရှားသောပစ်မှတ်များ ဖြစ်သွားပေလိမ့်မည်။ သူ ကောင်းကောင်းနားလည်ထားသည်—တစ်ချိန်က သူတို့ကိုယ်တိုင်လည်း အသက်ရှင်ကျန်ရစ်သူများကို ဤကဲ့သို့ပင် အမဲလိုက်ခဲ့ဖူးသည်။
ယခုအခါတွင်မူ အခြေအနေများ ပြောင်းပြန် ဖြစ်သွားလေပြီ။
မြို့အတွင်းတွင်မူ ယာဉ်တန်း အများအပြားသည် လင်းရှန်၏ အမိန့်အောက်တွင် ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်လာကြသည်။ လမ်းတစ်ခုပြီးတစ်ခု သူတို့သည် ကန္တာရဓားပြများကို တိုက်ထုတ်ကာ ရှင်းလင်းလိုက်ကြသည်။ အချိန်တိုအတွင်း ကင်းမြီးကောက်ဂိုဏ်း၊ လင်းယုန်နီဂိုဏ်းနှင့် မြေနဂါးအဖွဲ့အစည်းတို့သည် အကျအဆုံး များပြားခဲ့သည်—ကျန်နေခဲ့သည့် ဓားပြများအား ကောက်ပင်များကို တံစဥ်ဖြင့် ရိတ်သိမ်းသည့်အလား ရှင်းပစ်လိုက်သည်၊၊
နှင်းဆီနက်ဘား၏ ခေါင်မိုးပေါ်မှနေ၍ လင်းရှန်သည် အရှေ့ဘက်မှ အဝါရောင်သဲများ ထွက်ပေါ်လာသည်ကို ကြည့်နေပြီး ထွက်ပြေးနေသော ယာဉ်တန်းများသည် မြွေတောင်ကြားဆီသို့ ဦးတည်နေကြသည်။ သူသည် ကီကီနှင့် ချန်ဆီရွှမ်တို့ဘက်သို့ လှည့်ကာ ပြောလိုက်သည်၊၊
“ဆရာမချန်… မင်းက ရထားအဖွဲ့သားတွေနဲ့အတူ ရှင်းလင်းရေးအဖွဲ့တွေမှာ လိုက်သွားပါ… ကီကီ ငါတို့ သွားကြစို့”