← Chapters

အခန်း (၅၈၆-၅၈၇)

Vol. 36 Ch. 586-587

အခန်း (၅၈၆-၅၈၇)

Vol. 36 Ch. 586-587

Chapter 586

ငွေရောင်ကျည်ဆန် ၂

‘’စခန်းတွေကို သွားရှင်းတယ်ဆိုတာ… ငါ့ရဲ့ အတော်လေးကျွမ်းကျင်တဲ့ အလုပ်ပဲ’’

ဟူလုရှိုသည် ၎င်းကို ကြားလိုက်ရသဖြင့် ချက်ချင်း စိတ်လှုပ်ရှားသွားသည်၊၊

“ခွေးကောင်တွေ ဒီမှာ အခြေချနေတာ ကြာပြီဆိုတော့ အထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိမှာ အသေအချာပဲ။ ဟဲဟဲ... အဲ့ဒီအချိန်ကျရင် င့ါတို့က...’’

လင်းရှန်က သူ့ကို တစ်ချက်ကြည့်ကာ ပုခုံးကို ပုတ်လိုက်သည်၊၊

‘’ဒါနဲ့ သူဌေးဟူက ဒီကိစ္စမှာ ကျွမ်းကျင်သူပဲ… ယာဉ်တန်းမှာလည်း ပစ္စည်းတင်ဖို့ ချဖို့ လူတွေ အများကြီးရှိတယ်ဆိုတော့… ဒီလိုလုပ်ကြရအောင်... ဓားပြတွေကို တိုက်ခိုက်တဲ့ အလုပ်ကိုတော့ ကျုပ်တို့က လုပ်ပေးပြီးပြီဆိုတော့ သူဌေးဟူကပဲ အဲ့ဒီ စခန်းတွေကို သွားရှင်းတဲ့အဖွဲ့ကို ဦးဆောင်ပေးလိုက်ပါလား’’

၎င်းကို ကြားလိုက်ရသောအခါ ဟူလုရှို့ ဆွံ့အသွားသည်၊၊

ဘယ်လို... ငါကိုယ်တိုင် သွားရမှာလား…

“ဟမ်... မဖြစ်ဘူး၊ မဖြစ်ဘူး။ အဲ့ဒါက ကန္တာရဓားပြတွေရဲ့ စခန်းလေ…. ညီလေးလင်း... ငါ့ကို တစ်ယောက်တည်း လွှတ်လိုက်ဖို့ စိတ်ချလို့လား’’

‘’ဘာဖြစ်လို့လဲ’’

လင်းရှန်က ရှီတိယွမ်နှင့် အခြားခေါင်းဆောင်များကို လှမ်းကြည့်လိုက်သည်၊၊

‘’ခင်ဗျားတို့ကော ဘယ်လိုထင်လဲ’’

‘’ဘာမှမဖြစ်ပါဘူး’’ ရှီတိယွမ်က ရယ်မောရင်း ပြောသည်၊၊

‘’ငါတို့က တစ်မနက်လုံး တိုက်ထားရတာဆိုတော့ အနားယူဖို့ လိုနေတယ်’’

‘’အပြင်မှာ သဲမုန်တိုင်းကလည်း အရမ်းပြင်းထန်နေတာမို့… ကျွန်မတော့ အဝေးကြီး လိုက်မသွားချင်တော့ဘူး’’

မိုနီကာသည် သင့်တော်သော နေရာတစ်ခု ရှာကာ ထိုင်ချလိုက်သည်၊၊

လင်းရှန်၏ အစီအစဉ်ကို ကြားလိုက်ရသဖြင့် အခြားအဖွဲ့ဝင်များလည်း ဝင်လာပြီး အသီးသီး ထိုင်ခုံများတွင် ထိုင်လိုက်ကြရာ ဟူလုရှို့တစ်ယောက်တည်းသာ ဘာလုပ်ရမှန်းမသိဘဲ ရပ်ကျန်ခဲ့သည်၊၊

သူ ကြောင်အမ်းအမ်းဖြစ်သွားသည်၊၊

အရင်းမြစ်များကို သိမ်းဆည်းရခြင်းမှာ သူအနှစ်သက်ဆုံး အလုပ်ဖြစ်သော်လည်း ၎င်းမှာ ဘေးကင်းလုံခြုံမှု ရှိမှသာ ဖြစ်သည်၊၊ ကန္တာရဓားပြများ၏ အဓိကအင်အားကို ရှင်းလင်းပြီးပြီ ဆိုသော်လည်း သူတို့၏ စခန်းများတွင် ကာကွယ်ရေးအင်အားများ ကျန်ရှိနေဦးမည်မှာ အသေအချာပင် ဖြစ်သည်၊၊ သူ့ကို ထိုနေရာသို့ လွှတ်လိုက်ခြင်းမှာ မိုင်းကွင်းထဲ လွှတ်လိုက်သကဲ့သို့ပင် မဟုတ်လား၊၊

‘’သူဌေးဟူ… ဒီတစ်ခါတော့ အပင်ပန်းခံပေးပါဦး’’

လင်းရှန်က ပြောရင်း လက်ကိုင် ဆက်သွယ်ရေးကိရိယာတစ်ခုကို ထုတ်ပေးလိုက်သည်၊၊

‘’ဒါက ကျုပ်အမှတ်အသားလုပ်ထားတဲ့ သံသယဖြစ်စရာ နေရာတွေပဲ…. အကုန်လုံးက အန္တရာယ်များပြီး ခံစစ်နေရာတွေချည်းပဲ။ ကိုယ့်လုံခြုံရေးကိုတော့ သေချာဂရုစိုက်ပါ”

ထိုအချိန်တွင် လုကျောက်နှင့် အခြားသူများလည်း လင်းရှန်၏ စကားများကို ကြားပြီး အနည်းငယ် ဇဝေဇဝါဖြစ်သွားကြသည်၊၊

ဟူလုရှို့သည် အကုန်လုံးကို လှည့်ကြည့်လိုက်ပြီး သူ၏မျက်နှာက ချက်ချင်း ပြာနှမ်းသွားပြီး အတင်းပြေးလာကာ ပြောလိုက်သည်၊၊

“အာ့လိုကြီးတော့ မလုပ်နဲ့လေဟ… ငါ့ဆီမှာ ရှိတဲ့ လူအင်အားနဲ့ အဲ့ဒီစခန်းအများကြီးကို မနိုင်ဘူးလေ… ညီလေးလင်း... မင်း...’’

‘’မနိုင်ဘူးလား’’

လင်းရှန်က ခက်ခဲနေဟန်ဖြင့် ပြောလိုက်သည်၊၊

“ကျုပ်တို့က ခင်ဗျားကို ကယ်တင်ခဲ့တယ်… ကန္တာရဓားပြခေါင်းဆောင်တွေနဲ့ အဓိက အင်အားတွေကိုလည်း ရှင်းပေးခဲ့တယ်…အခု ခင်ဗျားက ဒီအလုပ်လေးကို လက်ရှောင်ချင်နေတာတော့ သိပ်ပြီး မသင့်တော်ဘူး ထင်တယ်’’

‘’ဟုတ်တယ်… ဟုတ်တယ်။ ကျွန်မတို့က ကူညီပေးထားတာကို ရှင့်ဘက်က ဘာကျေးဇူးမှ မဆပ်ရသေးဘူးလေ’’

ကီကီက ပြုံးကာ ဝင်ပြောလိုက်သည်၊၊

ရှီတိယွမ်ကလည်း အသံကျယ်ကြီးဖြင့် ဝင်ပြောသည်၊၊

‘’ဒါဆို သူဌေးဟူအတွက်တော့ ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်သွားပြီပေါ့’’

ထိုစကားများကို ကြားလိုက်ရသောအခါ ဟူလုရှို့၏ မျက်နှာမှာ အစိမ်းရောင်သန်းသွားသည်၊၊ လင်းရှန်၏ စကားများမှာ သူ့ကို အကျိုးအမြတ်အချို့ ထုတ်ပေးရန် ရည်ရွယ်နေမှန်း သူ အခုမှ နားလည်သွားတော့သည်၊၊

၎င်းကို တွေးမိသောအခါ ဟူလုရှို့၏ ရင်ထဲ၌ နင့်ခနဲ ခံစားလိုက်ရသည်၊၊ ဤကိစ္စကို ရှောင်လွှဲ၍ မရနိုင်တော့မှန်း သူ သိလိုက်သဖြင့် တည်ကြည်သော မျက်နှာအမူယာကို ချက်ချင်း ပြောင်းလဲလိုက်ပြီး

“ညီလေးလင်းက နောက်ထပ် ပြောစရာမလိုတော့ဘူး… ဒီခွေးကောင်တွေက မကောင်းမှုတွေ အများကြီးလုပ်ခဲ့ပြီး ဒီနယ်မြေကို ဒုက္ခပေးခဲ့ကြတယ်။ ထွက်ပြေးဖို့ ကြိုးစားတဲ့ ဒုက္ခသည် ဘယ်နှစ်ယောက်ကိုတောင် လုယက်ခဲ့ကြသလဲ မသိနိုင်ဘူး။ ငါက လမ်းခွန်ကောက်ချင်ယောင်ဆောင်ပြီး သူတို့ကို ထိန်းထားခဲ့ရတယ်။ အခု မင်းတို့က ဒီအန္တရာယ်ဆိုးကို ရှင်းလင်းပေးခဲ့ပြီဆိုတော့ ငါလည်း တစ်ချိန်လုံး တိတ်တဆိတ် စုဆောင်းထားတဲ့ သူတို့ရဲ့ သတင်းအချက်အလက်တွေကို အသုံးချပြီး သံသယဖြစ်စရာ နေရာတွေ အားလုံးကို အမြစ်ပြတ်ရှင်းလင်းပစ်လိုက်မယ်။ ဒီလိုဆို အချိန်ကုန်သက်သာသွားတာပေါ့’’

‘’ဒါ့အပြင် ငါလမ်းခွန်ကောက်ပြီး ရထားတဲ့ ရိက္ခာတွေကလည်း ဒီကန္တာရဓားပြတွေဆီက ရလာတဲ့ မတရားတဲ့ ပစ္စည်းတွေပဲ ဖြစ်မှာပါ… ဒါကြောင့် အဲ့ဒါတွေကိုလည်း ကျွန်တော် ပံ့ပိုးပေးပါ့မယ်။ ကပ္ပတိန်လင်းနဲ့ ကပ္ပတိန်ရှီတို့ပဲ စိတ်ကြိုက် ခွဲဝေလိုက်ကြပါ’’

ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အခြေအနေကို သေချာမသိသေးသော လုကျောက်အပါအဝင် ပူးပေါင်းယာဉ်တန်းရှိ ယာဉ်တန်းခေါင်းဆောင်များသည် ဟူလုရှို့ကို အံ့ဩလေးစားသော မျက်လုံးများဖြင့် ကြည့်လိုက်မိကြသည်၊၊

‘’အိုး... သူဌေးဟူက လမ်းခွန်ကောက်တာ ဒီလိုအကြောင်းပြချက် ရှိလို့ကိုး’’

‘’ကျွန်တော် ခင်ဗျားကို တကယ်ပဲ အထင်လွဲခဲ့မိတယ်ဗျာ’’

‘’သူဌေးဟူက တကယ့်ကို စိတ်ထားမွန်မြတ်တဲ့သူပဲ’’

‘’မဟုတ်တာဗျာ... မဟုတ်တာ...’’

ဟူလုရှို့သည် သူ၏ ရွှေသွားကြီးများ ပေါ်သည်အထိ ရှက်ကိုးရှက်ကန်းအမူယာဖြင့် ပြုံးပြနေသည်၊၊

လင်းရှန်နှင့် ရှီတိယွမ်တို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ကြိတ်ပြုံးလိုက်ကြသည်၊၊

ဤလူမှာ အကွက်ချတတ်သည်ဟု သူတို့ တွေးမိသည်၊၊ နာမည်ကောင်း ပြန်ယူလိုက်ရုံသာမက ကျွမ်းကျင်စွာ သရုပ်ဆောင်ပြပြီး လူအများ၏ စိတ်နှလုံးကိုပါ သိမ်းပိုက်နိုင်ခဲ့သည်၊၊

သို့သော် လင်းရှန်ကမူ ဂရုမစိုက်ပေ၊၊ ဟူလုရှို့က ကန္တာရဓားပြများနှင့် ပူးပေါင်းစဉ်က ရရှိခဲ့သော အကျိုးအမြတ်များကို စွန့်လွှတ်လိုက်ခြင်းမှာ သူ၏ ရပ်တည်ချက်ကို ရှင်းလင်းလိုက်ခြင်းပင် ဖြစ်သည်၊၊ အမှန်စင်စစ် ယာဉ်တန်းများစွာ၏ အမြင်တွင် သူသည် နာမည်ကောင်း ရှိသူမဟုတ်ပေ၊၊ ဤသို့သာ မလုပ်ခဲ့လျှင် ကန္တာရဓားပြများ၏ မိတ်ဆွေတစ်ဦးကို စွန့်ပစ်နယ်မြေထဲသို့ ခေါ်ဆောင်သွားခြင်းမှာ အခြားယာဉ်တန်းများ၏ ဝေဖန်မှုကို ခံရနိုင်သည်၊၊

ပြန်စဉ်းစားကြည့်လျှင် ၂၀ ရာခိုင်နှုန်းသော လမ်းခွန်အကျိုးအမြတ်ကို ရရှိထားရုံနှင့်ပင် သူသည် အလွန်ချမ်းသာနေပေလိမ့်မည်၊၊ ထိုကန္တာရဓားပြများမှာလည်း ပစ္စည်းများ အမြောက်အမြားရှိနေမည်မှာ အသေအချာပင် ဖြစ်သည်၊၊ ၎င်းကို တွေးမိပြီးနောက် လင်းရှန်သည် အချိန်မဆွဲတော့ရန် ဆုံးဖြတ်လိုက်သည်၊၊

“ညရောက်ဖို့ ၅ နာရီလောက်ပဲ လိုတော့တယ်၊ အချိန်လောက်မှာပါ။ အင်အားခွဲပြီး သဲကန္တာရကင်းမြီးကောက်ဂိုဏ်း၊ မြေနဂါးအဖွဲ့နဲ့ လင်းယုန်နီဂိုဏ်းတွေရဲ့ စခန်းတွေကို သွားရှင်းကြမယ်။ ကျန်တဲ့သူတွေကတော့ အာခီစိုင်းမှာပဲ ပြန်စုကြမယ်။ မနက်ဖြန် မိုးမလင်းခင်မှာ စွန့်ပစ်နယ်မြေထဲကို ဝင်ကြမယ်’’

ရှီတိယွမ်က ခေါင်းညိတ်သည်၊၊

‘’ဒါဆိုရင် ကားတွေနဲ့ လူတွေ ပိုလွှတ်လိုက်ကြတာပေါ့၊ ပြဿနာရှိရင်လည်း အလွယ်တကူ ဖြေရှင်းနိုင်တာပေါ့။ တစ်ခါတည်းနဲ့ အပြတ်ရှင်းလိုက်တာ အကောင်းဆုံးပဲ’’

‘’ကျွန်မ... ကျွန်မ... ကျွန်မလည်း ပါမယ်...’’

လင်းရှန် စကားဆုံးသည်နှင့် ကီကီသည် မျက်လုံးလေးများ ဝိုင်းကာ စိတ်အားထက်သန်သော မျက်နှာဖြင့် လက်မြှောက်လိုက်သည်၊၊

‘’သူများစခန်းတွေကို သွားရှင်းရတာ အတော်ပျော်ဖို့ကောင်းမှာပဲ… လင်းရှန်... ကျွန်မကို သွားခွင့်ပေးပါနော်’’

သူမ၏ လေသံမှာ အလွန်ပင် စိတ်အားထက်သန်နေပြီး သူမကိုယ်တိုင်ပင် ကန္တာရဓားပြ ဖြစ်နေသလားပင် အောက်မေ့ရသည်၊၊

‘’အစ်ကိုလင်း... ကျွန်တော်လည်း သွားချင်တယ်’’

ရှားရှားပါးပါးပင် လုရှင်းချန်သည် အဝေးမှ မစ်ရှင်ကို သွားရောက်ချင်နေသည်၊၊ ပျံသန်းနိုင်ပြီးကတည်းက သူ၏ စိတ်လှုပ်ရှားမှုမှာ ယနေ့အထိ မပြယ်သေးပုံရသည်၊၊

“ကျွန်မလည်း သွားမယ်… အစ်ကိုလင်း... Nightstar တိုက်လေယာဥ်နဲ့သွားလို့ရမလား’’

ရှားရှားသည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေသည်၊၊

“ကလေးမလေး... ငါတို့က စခန်းတွေကို သွားရှင်းမှာ… သွားဖောက်ခွဲမှာ မဟုတ်ဘူး။ ပျံသွားရင် လူမိအောင် လုပ်တာကလွဲလို့ ဘာလုပ်နိုင်ဦးမှာလဲ’’

ရှီတိယွမ်က ပြုံးရင်း ပြောလိုက်သည်၊၊

လင်းရှန်က ခေါင်းညိတ်သည်၊၊

‘’အဓိက အင်အားတွေကို ရှင်းပြီးပြီဆိုတော့ စခန်းတွေမှာ လူအများကြီး ကျန်မှာမဟုတ်ပေမဲ့ သူတို့မှာ ကာကွယ်ရေး အကြီးစားလက်နက်တွေ ရှိနေနိုင်တယ်… ဒါကြောင့် လျှော့မတွက်သင့်ဘူး’’

ထို့နောက် သူသည် အားလုံးကို လှည့်ကြည့်လိုက်ရာ ချီလီက ရှေ့သို့ ထွက်လာသည်၊၊

“ငါက မြောက်ဘက်က ဆီနက်ချောက်ကမ်းပါးကို ဦးဆောင်သွားမယ်။ လမ်းကြောင်းကိုလည်း ရင်းနှီးပြီးသားဆိုတော့ အဲ့ဒါက မြေနဂါးအဖွဲ့ရဲ့ စခန်းတစ်ခု ဖြစ်နိုင်တယ်… ဒါပေမဲ့ တစ်ခုထက်မက ရှိနိုင်တယ်’’

‘’တစ်ခုထက်မက ရှိမှာ သေချာပါတယ်’’

ဟူလုရှို့က စိတ်လှုပ်ရှားစွာ ဝင်ပြောသည်၊၊

Chapter 587

ငွေရောင်ကျည်ဆံ ၃

‘’မြေနဂါးအဖွဲ့မှာ လူအင်အား အနည်းဆုံးဆိုပေမဲ့ အဲ့ဒီမြေနဂါးအိုကြီးက တကယ့်ကို ကောက်ကျစ်တယ်… ရတနာတွေ အများကြီး ဝှက်ထားတတ်တယ်။ စခန်းလည်း တစ်ခုတည်း မဟုတ်ဘူး…. ကျုပ်စုံစမ်းလို့ရတဲ့ စခန်းလေးတွေတောင် သုံးခုလောက်ရှိတယ်”

နန်ကျင်းက ရှီတိယွမ်ကို လှမ်းကြည့်လိုက်သည်၊၊

“ငါက လင်းယုန်နီ အဖွဲ့ဘက်ကို လူတချို့ ခေါ်သွားလိုက်မယ်’’

ရှီတိယွမ်က ခေါင်းညိတ်သည်၊၊

“အဖွဲ့ကိုပါ ခေါ်သွားလိုက်… လိုရမယ်ရပေါ့’’

လင်းရှန် ခဏစဉ်းစားပြီး ချန်ဆီရွှမ်ကို လှမ်းကြည့်လိုက်သည်၊၊

‘’ကောင်းပြီ၊ ချန်ဆီရွှမ်... မင်းက မီးတောက်နဲ့ ကီကီကို ခေါ်ပြီး သဲကန္တာရကင်းမြီးကောက်ဂိုဏ်းဘက်ကို သွားလိုက်’’

‘’ပြီးတော့ ရှားရှား၊ တာလို့၊ လော့ယန်... မင်းတို့အားလုံးလည်း လိုက်သွားကြ… ဆရာမချန်ရဲ့ အမိန့်အတိုင်း လုပ်ကြ’’

ချန်ဆီရွှမ်လည်း သူမကို အပြင်ထွက်ရသည့် မစ်ရှင်တွင် ပါဝင်ခွင့်ပေးလိမ့်မည်ဟု ထင်မထားသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်၊၊ သူမ၏ စိတ်ထဲတွင် ချက်ချင်းပင် ဝမ်းသာသွားပြီး ခေါင်းညိတ် အဖြေပေးလိုက်သည်၊၊

‘’ကောင်းပါပြီ၊ ကျွန်မ အခုပဲ သွားပြင်ဆင်လိုက်ပါ့မယ်’’

လင်းရှန်က ချန်ဆီရွှမ်ကို တာဝန်ပေးရခြင်းမှာ ရိုးရှင်းပေသည်၊၊ သူမသည် လူငယ်လေးများနှင့် မီးတောက်တို့ထက် ပို၍ တည်ငြိမ်သူဖြစ်သည်၊၊ သူမ ပါဝင်ခြင်းမှာ လင်းရှန်ကို ပို၍ စိတ်အေးစေသည်၊၊ ထို့ပြင် သူမ၏ အာရုံခံနိုင်စွမ်း မြင့်မားလာမှုနှင့် Black Hwak စွမ်းအားမြှင့်ဝတ်စုံတို့ကြောင့် သူမ၏ တိုက်ခိုက်ရေးစွမ်းအားမှာလည်း အတော်ပင် အားကောင်းလှသည်၊၊

သဲကန္တာရကင်းမြီးကောက်ဂိုဏ်း၏ စခန်းတွင် ပစ်အားကောင်းနေလျှင်ပင် ဤလူများ ရှိနေခြင်းကြောင့် ပြဿနာများ လျော့နည်းသွားမည် ဖြစ်သည်၊၊

“လီယီ”

လင်းရှန်က လီယီဘက်သို့ လှည့်လိုက်သည်၊၊

‘’မင်းတို့ဘက်မှာ လူတွေ အများကြီး ရှိတယ်… လျန်လေးက လိုက်သွား…. ဒါပေမဲ့ မင်းကတော့ ဒီမှာပဲ နေခဲ့ပါ။ ငါက ဒီအခွင့်အရေးကို သုံးပြီး ရထားစနစ်တွေကို ပြန်ညှိချင်လို့… ပြီးရင် မင်းတို့ရဲ့ ရထားကို ငါတို့နဲ့ ပေါင်းလိုက်မယ်’’

လီယီက ခေါင်းညိတ်သည်၊၊

‘’ကောင်းပါပြီ… အားလုံးကို ကပ္ပတိန်ရဲ့ အစီအစဉ်အတိုင်း လိုက်နာပါမယ်”

ကင်းစခန်းများကို ရှင်းလင်းရန် တာဝန်များကို လျင်မြန်စွာ ခွဲဝေပေးလိုက်သည်၊၊

အဖွဲ့တစ်ခုစီတွင် အနည်းဆုံး လူ ၅၀ ပါဝင်သည်၊၊

လင်းရှန်သည် အခြေစိုက်ယာဉ် ၁၀ စီး စီစဉ်ပေးခဲ့သလို ဟူလုရှို့၏ ယာဉ်တန်းမှ နယ်မြေဖြတ်ကျော်ယာဉ်များကိုလည်း အသုံးပြုခဲ့သည်၊၊ နေမြင့်လာသည်နှင့်အမျှ အဖွဲ့အသီးသီးမှာ စတင် ထွက်ခွာသွားကြသည်၊၊

ကျန်ရှိသော ယာဉ်တန်းများမှာ နားနေရန်အတွက် ကျန်ရစ်ခဲ့သည်၊၊ ယာဉ်တန်းခေါင်းဆောင် အများအပြားမှာ တစ်နေကုန် ရထားပေါ်တွင်သာ နေနေရသည်မှာ မကောင်းသဖြင့် သူတို့၏ အဖွဲ့ဝင်များကို အပြင်ထွက်၍ လမ်းလျှောက်ခြင်းနှင့် နေပူစာလှုံခြင်းများ ပြုလုပ်ရန် စီစဉ်ပေးလိုက်ကြသည်၊၊

မကြာမီမှာပင် နှင်းဆီနက်ဘားသည် အရက်သောက်နေသော လူများဖြင့် ပြည့်နှက်သွားတော့သည်၊၊ အားလုံးမှာ အတူတကွ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သဖြင့် ဟူလုရှို့မှာ ပိုက်ဆံတောင်းရန် မျက်နှာပူနေပြီး သူ၏ တန်ဖိုးကြီးအရက်ပုလင်းများ တစ်ဖာပြီးတစ်ဖာ လျော့နည်းသွားသည်ကို ကြည့်ကာ နှမြောတသ ဖြစ်နေလေသည်၊၊

ထိုအချိန်တွင် ဟူလုရှို့သည် အနန္တ ရထားပေါ်သို့ ပြန်ရန် ပြင်နေသော လင်းရှန်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် အနားသို့ သွားကာ မြေအောက်ခန်းထဲသို့ ဆွဲခေါ်သွားပြီး ညည်းညူပြောဆိုလိုက်သည်၊၊

‘’ကပ္ပတိန်လင်း…. စွန့်ပစ်နယ်မြေထဲကို ဖြတ်တဲ့အခါ ငါတို့ကို ကာကွယ်ပေးမယ်လို့ ကတိပေးထားတယ်နော်’’

လင်းရှန်က သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုး ချလိုက်သည်၊၊

“ကျုပ် ခင်ဗျားတို့ကို ကာကွယ်နိုင်မလား မသေချာဘူး… ကန္တာရဓားပြတွေဆိုရင်တော့ ပြဿနာမရှိပေမဲ့ ထူးဆန်းတဲ့ သတ္တဝါတွေဆိုရင်တော့... ခင်ဗျားလည်း သိတဲ့အတိုင်းပဲ… ဖီးနစ်အဖွဲ့ရဲ့ စတားဖလိ့စစ်တပ်တောင် ဒီနေရာမှာ အာမခံချက်မပေးနိုင်ဘူးလေ’’

“ငါ နားလည်ပါတယ်”

ဟူလုရှိုက ခေါင်းကို အကြိမ်ကြိမ်ညိတ်လိုက်သည်၊၊

‘’ဘာပဲဖြစ်ဖြစ်… ငါတို့ မင်းနောက်ကပဲ လိုက်မှာပါ…. ဒါနဲ့… ချွမ်းချန်မြို့ကို ဖြတ်ပြီးရင် ကျင်းဟိုင်ကို သွားမှာလား…. ဒါမှမဟုတ် လုလင်ကိုလား’’

‘’ဘာလို့ မေးတာလဲ’’

ဟူလုရှို့က ရယ်မောလိုက်သည်၊၊

‘’မေးကြည့်တာပါ။ တကယ်လို့ မင်းတို့က အာရုဏ်ဦးမြို့ဘက်ကို သွားမယ်ဆိုရင် ငါလည်း လိုက်ခဲ့မလို့ပါ’’

‘’ခင်ဗျားက အာရုဏ်ဦးမြို့ကို သွားမလို့လား’’

‘’ဟုတ်တယ်’’

ဟူလုရှို့က ပြောရင်း သူ၏ အိတ်ကပ်ထဲမှ ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော မှတ်ပုံတင်ကတ်ပြားတစ်ခုကို ထုတ်ပြသည်၊၊

‘’ဒါက အာရုဏ်ဦးမြို့ရဲ့ အမှတ် (၁) မြေအောက်မြို့တော်က အလတ်တန်းစား နိုင်ငံသားကတ်ပဲ။ ငါက ဒါလေးရဖို့ အတော်လေး အကုန်အကျ များခဲ့တယ်’’

လင်းရှန် ထိုကတ်ကို ယူကြည့်လိုက်ရာ ဖက်ဒရေးရှင်း၏ နိုင်ငံသား ID အသစ် ဖြစ်နေသည်ကို တွေ့ရသည်၊၊ ထိုကတ်တွင် ဟူလုရှို့၏ လက်ဗွေ၊ အသံနှင့် မျက်ကြည်လွှာ အချက်အလက်များ ပါဝင်နေပြီး ၎င်းမှာ လင်းရှန် ယခင်က စီလန်မြို့ရှိ ဖီးနစ်အဖွဲ့တွင် မှတ်တမ်းတင်ခဲ့သည့် အီလက်ထရွန်နစ် အချက်အလက်များနှင့် ဆင်တူနေသည်၊၊

‘’အာရုဏ်ဦးမြို့ကို သွားမလားဆိုတာတော့ မသေချာသေးဘူး… ဒါပေမဲ့ လုလင်ဘက်ကိုတော့ သေချာပေါက် သွားမှာပါ’’

ဟူလုရှို့ သက်ပြင်းချလိုက်သည်၊၊

‘’ကောင်းပြီလေ။ မင်းတို့လို အဖွဲ့ကြီးနဲ့ အတူရှိနေရတာက ငါ့အတွက် ပိုပြီး လုံခြုံ တယ်လို့ ခံစားရတယ်’’

‘’ဒါနဲ့…’’ လင်းရှန်က သူ့ကို ကြည့်လိုက်သည်၊၊

‘’ခင်ဗျားပ အာခီစိုင်းကို ဘယ်လိုရောက်လာတာလဲ’’

‘’အာ... အဲ့ဒါက မပြောပါနဲ့တော့’’

ဟူလုရှို့က ညည်းညူသည်၊၊

“ငါက ဟန်ရှန်းတောင်ကြားကနေ လုံကျန်းဘက်ကို သွားပြီး အဲ့ဒီ တိတ်ဆိတ်ခြင်းမြို့တော်နောက်ကို လိုက်ဖို့ ကြိုးစားခဲ့တာပါ။ သောက်ကျိုးနဲ... ငါတို့က ထူးဆန်းတဲ့ အရာတစ်ခုနဲ့ ကြုံခဲ့ရတယ်၊၊ တွင်းနက် အမှတ် (၅) က ရုတ်တရက် ကျယ်ပြန့်လာတဲ့ ဝင်ရိုးစွန်းညထဲမှာ ငါတို့ ဒါဇင်နဲ့ချီတဲ့ ယာဉ်တန်းတွေ လမ်းပျောက်သွားခဲ့တယ်။ အဲ့ဒီထဲကနေ ပြန်ထွက်လာတော့... လခွမ်းမှ... အနောက်ဘက် သဲကန္တာရထဲ ရောက်နေတော့တာပဲ’’

လင်းရှန် မျက်ခုံးပင့်လိုက်သည်၊၊

‘’ခင်ဗျားပြောချင်တာက ခင်ဗျားက တွင်းနက်ကို ဖြတ်ကျော်လာခဲ့တာပေါ့ ဟုတ်လား’’

ဟူလုရှို့၏ လေသံမှာ ဝေခွဲမရဖြစ်သွားသည်၊၊

‘’အဲ့ဒါက ပြောရခက်တယ်… ဘာလို့လဲဆိုတော့ ငါတို့က ညဘက်မှာ ခရီးသွားခဲ့တာဖြစ်ပြီး ဆက်သွယ်ရေးကိရိယာအားလုံးလည်း ပျက်စီးကုန်လို့ပဲ။ ဒါပေမဲ့ ငါတို့ ယာဉ်တန်းတွေ တကယ်ကို ကံကောင်းခဲ့တယ်လို့ ပြောရမှာပဲ။ အဲ့ဒီ... အမှောင်အမှတ်အသားတွေ အားလုံးက တိတ်ဆိတ်ခြင်းမြို့တော်ဆီကိုပဲ စုပြုံသွားပုံရတယ်။ ဘုရားရေ... ကောင်းကင်က ဧရာမအရာဝတ္ထုကြီးတွေ၊ မြေအောက်က ထူးဆန်းတဲ့ အလောင်းတွေ၊ နေရာတိုင်းမှာ ကြောက်စရာကောင်းတဲ့ အရာတွေချည်းပဲ… တကယ့်ကို သရဲတစ္ဆေတွေ စီတန်းလှည့်ပတ်နေသလိုမျိုးပဲ။ အခုဆိုရင် တိတ်ဆိတ်ခြင်းမြို့တော်က ရှိသေးရဲ့လားတောင် မသိတော့ဘူး… ငါ့အထင်တော့ ပျက်စီးသွားလောက်ပြီ ထင်တယ်၊ အဲ့ဒီပေါ်မှာ လူပေါင်း ရှစ်သောင်း၊ ကိုးသောင်းလောက် ရှိတယ်လို့ ကြားတာပဲ’’

‘’ဟုတ်သားပဲ’’

ဟူလုရှို့က လင်းရှန်ကို ရုတ်တရက် ကြည့်ကာ ပြောလိုက်သည်၊၊

“တွင်းနက်ထဲမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိတယ်’’

‘’ဘယ်သူတွေလဲ’’

‘’အင်း... ငါခန့်မှန်းကြည့်ရသလောက်တော့ ညလမ်းလျှောက်သူတွေလား မသိဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒီမှာ စုံစမ်းစစ်ဆေးနေတဲ့ သတ္တိကောင်းတဲ့ အုပ်စုတစ်စု ရှိတယ်…. ဒါပေမဲ့ သူတို့က အစွန်အဖျားမှာပဲ ရှိကြတာပါ။ ပြောရမယ်ဆိုရင်...’’

ဟူလုရှို့က မျက်မှောင်ကြုတ်လိုက်သည်၊၊

“တွင်းနက်ကို ဖြတ်ကျော်ဖို့ဆိုတာကတော့ မဖြစ်နိုင်သလောက်ပါပဲ…. ဘာလို့လဲဆိုတော့ အမှောင်ကျူးကျော်မှုရဲ့ စွမ်းအားကို ငါတို့ ခံစားနေရတုန်းပဲလေ။ ပိုနက်လေ ပိုအားကောင်းလေပဲ၊ ကောင်းကင်ကြီးက ကိုယ့်လက်ချောင်းကိုတောင် ပြန်မမြင်ရတော့တဲ့အထိ မှောင်ကျသွားခဲ့တယ်။ ဒါကြောင့် ငါက တွင်းနက်ရဲ့ အစွန်းနားမှာတင် မျက်ကန်းတောတိုးဖြစ်ပြီး ဒီကို ရောက်လာတာ ဖြစ်မယ်လို့ ထင်တာပဲ’’

‘’ဒါဆို ခင်ဗျားက တကယ်ကံကောင်းတာပဲ’’

လင်းရှန်က ဟူလုရှို့ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်၊၊ သူတို့အဖွဲ့သည် စီလန်မြို့မှ ထွက်လာပြီးနောက် ယိကျင်းမြို့မှ အသက်လုထွက်ပြေးခဲ့ရကာ တစ်ဖွဲ့လုံးနီးပါး သေလုမျောပါးဖြစ်ခဲ့ရသည်၊၊ သို့သော် ဟူလုရှို့မှာမူ လုံကျန်းဘက်မှနေ၍ တွင်းနက် အမှတ် (၅) ၏ အစွန်းတစ်လျှောက် ယာဉ်တန်းကို ဦးဆောင်ကာ အနောက်ဘက် သဲကန္တာရထဲအထိ ရောက်အောင် လာနိုင်ခဲ့သည်၊၊ ဤလူ့ဘက်တွင် ကံတရားရှိသည်ကိုတော့ ဝန်ခံရပေလိမ့်မည်… ကန္တာရဓားပြများနှင့် ကြုံသည့်တိုင် ချက်ချင်း ဒုက္ခမရောက်ဘဲ အကျိုးအမြတ်ပင် အကြီးအကျယ် ရလိုက်သေးသည်၊၊

တကယ် အရည်အချင်းရှိသူပင်၊၊

‘’တခြား ဘာရှိသေးလဲ’’

‘’ရှိသေးတယ်’’

ဟူလုရှို့သည် လျင်မြန်စွာ လှည့်ထွက်သွားပြီး မီးခံသေတ္တာ ထားရှိသည့် ထောင့်သို့ ပြေးသွားသည်၊၊ သူသည် ထူးထူးခြားခြား ဒီဇိုင်းထုတ်ထားသော သိုလှောင်သေတ္တာတစ်ခုကို ထုတ်ယူကာ လင်းရှန်ထံသို့ လာခဲ့သည်၊၊ လက်ဗွေဖြင့် ခလုတ်ကို နှိပ်လိုက်သောအခါ ‘ရှူး’ ဟူသော အသံနှင့်အတူ သတ္တုသေတ္တာ ပွင့်သွားသည်၊၊

လင်းရှန်၏ အကြည့်မှာ ထိုသေတ္တာအတွင်းသို့ ကျရောက်သွားရာ အနီရောင် သွေးပဲစေ့ ၁၀ ခုကို တွေ့လိုက်ရသည်၊၊ အရွယ်အစားကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ အဆင့် ၂ သွေးပဲစေ့များ ဖြစ်ကြပြီး အရောင်အမျိုးမျိုး ကွဲပြားနေသလို ညှီစို့စို့နံ့လည်း အနည်းငယ်ထွက်နေသည်၊၊

‘’ဒါက သေးငယ်တဲ့ လက်ဆောင်လေးပါ… ဒီတစ်ခါ ကူညီပေးတဲ့အတွက် ကပ္ပတိန်တိန်လင်းကို ကျေးဇူးတင်တဲ့ အနေနဲ့ပါ’’

ဟူလုရှို့က ပြုံးကာ ပြောလိုက်သည်၊၊

လင်းရှန်က ဟူလုရှို့ကို စိတ်ဝင်တစား ကြည့်လိုက်သည်၊၊

‘’ပွင့်လင်းလှချည်လား’’

‘’ဒါက တကယ် စိတ်ရင်းနဲ့ပါဗျာ၊ တခြား ရည်ရွယ်ချက် မရှိပါဘူး’’

ဟူလုရှို့က အလျင်အမြန် ပြောလိုက်ပြီး သိုလှောင်သေတ္တာ၏ အောက်အကန့်ကို ထပ်မံ ဖွင့်လိုက်သည်၊၊

‘’ပြီးတော့ ဒါလည်း ရှိသေးတယ်’’

ဝှမ်၊၊

ဟူလုရှိုက သေတ္တာ၏ အောက်ဆုံးအကန့်ကို ဖွင့်လိုက်သည်နှင့် မြေအောက်ခန်းရှိ မီးလုံးများမှာ ရုတ်တရက် မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်၊၊ လင်းရှန် မျက်လုံးများကို ကျဉ်းမြောင်းသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မျက်နှာကျက်ရှိ မီးဆိုင်းများနှင့် တွဲလောင်းကျနေသော သတ္တုပစ္စည်းအချို့မှာ ဆွဲငင်အားတစ်ခုခု၏ ဆွဲဆောင်မှုကို ခံနေရသကဲ့သို့ ထိုသိုလှောင်သေတ္တာဘက်သို့ အနည်းငယ် စောင်းသွားသည်ကို သတိပြုမိလိုက်သည်၊၊

လင်းရှန်၏ အကြည့်မှာ အေးခဲသွားသည်၊၊ ဟူလုရှို့၏ သိုလှောင်သေတ္တာထဲရှိ ဝါဂွမ်းလွှာတစ်ခုပေါ်တွင် ငြိမ်သက်စွာ တည်ရှိနေသည်မှာ ၁၂.၇ မီလီမီတာရှိသော ငွေရောင်နှင့် အနက်ရောင် ရောယှက်နေသည့် သံချပ်ကာဖောက် ကျည်ဆံတစ်ခု ဖြစ်သည်၊၊ ထိုကျည်ဆံမှာ အသုံးပြုပြီးသား ဖြစ်ကြောင်း ထင်ရှားလှပြီး ပွတ်တိုက်မိသည့် အမှတ်အသားများနှင့် အနက်ရောင် သွေးကွက်တစ်ခုပင် ကျန်ရှိနေသည်၊၊ သို့သော် လင်းရှန် ထိုအရာကို မြင်လိုက်ရသည့် ခဏမှာပင် ပြင်းထန်သော ဓာတ်ရောင်ခြည်ကြောင့် ခေါင်းမူးဝေမှုနှင့်အတူ အမှောင်ကျူးကျော်က အလုံးအရင်းနှင့် တိုးဝင်လာသည်၊၊

ဟူလုရှို့က လင်းရှန်ကို ကြည့်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်၊၊

‘’အမှန်အတိုင်း ပြောရရင် ကပ္ပတိန်လင်း... ဒါက...’’

‘’တားမြစ်ပစ္စည်းပဲ’’

All Chapters