အခန်း (၅၉၀-၅၉၁)
Vol. 36 Ch. 590-591
Chapter 590
ရထားတွဲများပြန်လည်ပြင်ဆင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း ၃
လူအင်အားနေရာချထားမှုများ ပြီးစီးသွားသည့်အခါ လင်းရှန်သည် အနန္တရထား၏ တွဲများ နေရာချထားမှုကို စတင်ပြင်ဆင်သည်၊၊ ဤသည်မှာ ၎င်းအတွက် အတော်လေး ခေါင်းခဲစရာကိစ္စပင်၊၊ နဂါးတောင် ၁ နှင့် မတူသည်မှာ အနန္တရထားတွင် လုပ်ငန်းဆောင်တာအလိုက် တွဲအများကြီး ရှိနေခြင်းပင် ဖြစ်သည်၊၊ ယခုဆိုလျှင် နျူကလီးယားစွမ်းအင်သုံး တွဲနှစ်တွဲ ရှိနေပြီ ဖြစ်သည်၊၊ Gemini 11R နျူကလီးယား စက်ခေါင်း (290MW) တစ်ခုနှင့် လင်းလုံအင်ဂျင်နီယာအဆင့် နျူကလီးယား စက်ခေါင်း (200MW) တစ်ခု ဖြစ်သည်၊၊
၎င်းတို့အပြင် ဝေလုံအဆင့် လျှပ်စစ်ရထားစက်ခေါင်း နှစ်ခု၊ ဟွမ်ရှင်း 10A တစ်ခုနှင့် ဝေးလ် 03E ဂတ်စ်တာဘိုင် စက်ခေါင်းကြီးတစ်ခုလည်း ရှိသေးသည်၊၊
လင်းရှန်သည် တွဲအမှတ် ၁၂ တွင် ထိုင်ရင်း မိုဘိုင်းလ်ကိရိယာဖြင့် ရထားတွဲများ နေရာချထားမှုကို သေချာချိန်ညှိနေသည်၊၊ ဘေးတွင်မူ လှပသော စက်ရုပ်မလေး ဂရေ့စ်ရှိနေသည်၊၊ သူသည် အနီရောင်ကမ္ဘာ၏ အဆင့်-၃ Ai ကို အသုံးပြု၍ ရထားဒီဇိုင်းကို အကောင်းဆုံး ဆွဲလိုသော်လည်း ထို AI ပရိုဂရမ်ကို ဖတ်ရန်ပင် ရက်ပေါင်းများစွာ ကြာဦးမည်ဖြစ်သောကြောင့် ခေါင်းခဲနေရခြင်းဖြစ်သည်၊၊
“ဒီပြဿနာကို ပြီးပြည့်စုံအောင် ဖြေရှင်းဖို့ဆိုရင် ဝေလုံအဆင့် စက်ခေါင်းနဲ့ Gemini 11R နျူကလီးယား စက်ခေါင်းတွေကို ပြန်ပြင်ဖို့ လိုတယ်”
“လျှပ်စစ်ရထားစက်ခေါင်းက ပြင်ရတာ လွယ်ပေမဲ့ နျူကလီးယား စက်ခေါင်းကတော့ မောင်းနှင်တဲ့ ပလက်ဖောင်းကို အကုန်ဖြုတ်ရလိမ့်မယ်၊၊ အဲဒီအစား နျူကလီးယားတွဲနှစ်ခုလုံးကို နောက်ဆုံးမှာ ထားပြီး လျှပ်စစ်ရထားခေါင်းကို အရှေ့မှာ ထားလိုက်ရင် အနောက်ဘက်က လေးလံနေတာကို ကာကွယ်နိုင်မယ်”
အနန္တရထားအတွက် စွမ်းအင်နှင့် လျှပ်စစ်သည် အသက်ပင် ဖြစ်သည်၊၊ လင်းရှန်သည် ၎င်းတို့ကို ဝါးမျိုလိုစိတ်မရှိသေးပေ၊၊ ကျင်းဟိုင်သို့ ရောက်မှ ပိုမိုကောင်းမွန်သော နည်းလမ်း ရှာတွေ့ရန် မျှော်လင့်သော်လည်း လက်ရှိတွင်မူ ဤသည်မှာ အကောင်းဆုံး နည်းဗျူဟာပင် ဖြစ်သည်၊၊
“စလိုက်တော့မယ်”
ပြတ်သားသော ဆုံးဖြတ်ချက်နှင့်အတူ လင်းရှန်သည် အနန္တရထား၏ တွဲနေရာချထားမှု အသစ်ကို စတင်စီစဉ်လိုက်သည်၊၊
အရှေ့ဆုံးတွင်မူ အကာအကွယ် သံချပ်ကာများ အပြည့်တပ်ထားသော ဝေးလ် 03E ကြီးမားသောဂတ်စ်တာဘိုင်စက်ခေါင်း ရှိမည်၊၊ ထိုနေရာတွင် တုံ့ပြန်စွမ်းမြင့်ရေဒါများ၊ လျှပ်စစ်အာရုံခံကိရိယာစနစ်နှင့် အလျားလိုက်ဆွဲချိတ်များ ပါဝင်မည်၊၊
တွဲအမှတ် ၂ နှင့် ၃ အတွက်မူ လင်းရှန်သည် စီလန်မြို့မှ ရရှိခဲ့သော ဝေလုံ စက်ခေါင်းနှစ်ခုကို ချိတ်ဆက်ရန် ရည်ရွယ်သည်၊၊ ၎င်းတို့သည် စုစုပေါင်း 70,000 kW စွမ်းအား ရှိသောကြောင့် ဂတ်စ်တာဘိုင်စက်ခေါင်းနှင့် ပေါင်းစပ်လိုက်ပါက အနောက်မှ တွဲရာပေါင်းများစွာကို ဆွဲရန် လုံလောက်သည်၊၊
လင်းရှန်သည် ဤစက်ခေါင်းများ၏ အမိုးပေါ်တွင် YJ03 လေကြောင်းရန်ကာကွယ်ရေး အမြောက်နှင့် အလိုအလျောက် မီးတောက်ထုတ်စက်တစ်ခုစီကို တပ်ဆင်လိုက်သည်၊၊ အားလုံးကို သတင်းအချက်အလက်စင်တာ၏ ပစ်ခတ်မှု ထိန်းချုပ်ရေးစနစ်နှင့် ချိတ်ဆက်ထားသည်၊၊
တွဲအမှတ် 1 သည်မူ လင်းရှန်နှင့် ချန်ဆီရွှမ်တို့ နေထိုင်သည့် အဓိကတွဲ ဖြစ်ပြီး တွဲအမှတ် ၂ သည် ကီကီနှင့် ရှားရှားတို့၏ သတင်းအချက်အလက် စင်တာ ဖြစ်သည်၊၊ ထိုနေရာတွင် ရထား၏ လျှပ်စစ်စနစ်နှင့် G3 သံလိုက်အမြောက်တစ်ခု ရှိမည်၊၊
တွဲအမှတ် ၃ နှင့် ၄ သည်မူ မြေအောက်မြို့တော် အမှတ် ၉ မှ ရရှိခဲ့သော ဇီဝသိပ္ပံသုတေသနတွဲများ ဖြစ်ပြီး တင်းကျန်းရီ၏ နေအိမ်နှင့် လင်းရှန်၏ စိုက်ပျိုးရေးတွဲအဖြစ် အသုံးပြုသည်၊၊ လင်းရှန်သည် နေမင်းအဖွဲ့၏ စားသောက်တွဲကို တွဲအမှတ် ၄ ၏ အနောက်တွင် ထားရှိပြီး အဖွဲ့သားအားလုံးအတွက် စိုက်ပျိုးရေးတွဲတစ်ခု ထပ်မံတိုးချဲ့လိုက်သည်၊၊
ဤနည်းဖြင့် မူလတွဲအမှတ် ၅ (အနန္တ၏ တွဲအမှတ် ၉) တွင် တာလို့နှင့် လုရှင်းချန်တို့ နေထိုင်ကြပြီး လင်းရှန်သည် ယိကျင်းမြို့တွင် ပြုလုပ်ခဲ့သော G3 လျှပ်စစ်သံလိုက်အမြောက်ကို တပ်ဆင်လိုက်သည်၊၊ ထိုနေရာတွင် CIWS 1130 ကိုလည်း တပ်ဆင်ရန် စီစဉ်ထားပြီး လက်နက်စခန်းမှ ပြင်းထန်သော ပစ်အားကို ပေးနိုင်ရန် ဆောင်ရွက်ထားသည်၊၊
တွဲအမှတ် ၇ နှင့် ၈ သည် တစ်တွဲလုံး၏ အဓိကကုန်ကြမ်းနှင့် စားသောက်ဆောင်တွဲများအဖြစ် ဆက်ရှိနေ၏။ အမှန်စင်စစ် အနန္တရထား၏ စားသောက်ဆောင်တွဲအများစုကို ရိက္ခာသိုလှောင်ရန်သာ အသုံးပြုခြင်းဖြစ်သည်၊၊ အကြောင်းမှာ အုပ်စုလိုက်ကြီးကြီးမားမား စားသောက်ရန် လိုအပ်ချက်မှာ အလွန်ရှားပါးသောကြောင့်ဖြစ်၏။ အစားအသောက်အများစုကို ကြိုတင်ပြင်ဆင်ထားခြင်း သို့မဟုတ် စည်သွတ်ဘူးများအဖြစ် ထောက်ပံ့ပေးထားခြင်းကြောင့် လူအများမှာ မိမိတို့လိုအပ်ချက်ကို မိမိတို့ဘာသာ ဖြေရှင်းနိုင်ကြသည်။
တွဲအမှတ် ၉ မှစ၍ နေထိုင်ဆောင်များ ဖြစ်ကြ၏။ ဤတွဲတွင် YJ03 လေကြောင်းရန်ကာကွယ်ရေးအမြောက်တစ်လက်နှင့် အလိုအလျောက် မီးတောက်ပစ်လွှတ်စက်တစ်ခုကို တပ်ဆင်ထားသည်။ ရှုချင်း၊ မြောင်လု၊ လုချန်နှင့် သူတို့အဖွဲ့ဝင် စုစုပေါင်း ၂၆ ဦးမှာ အဓိကအားဖြင့် ဤတွဲ၌ နေထိုင်ကြပြီး ရှုချင်းသည် အတော်အသင့်ကျယ်ဝန်းသည့် တစ်ယောက်ခန်းကို ရရှိထားသည်။
တွဲအမှတ် ၁၀ မှာမူ အတော်ပင် ထူးခြား၏။ လင်းရှန်သည် ကလေး ၂၂ ဦးကို ဤတွဲ၌ နေထိုင်ရန် စီစဉ်ပေးထားသည်၊၊ ထိုအတွဲကို ထူထဲသော သံချပ်ကာများဖြင့် အားဖြည့်မွမ်းမံထားပြီးဖြစ်၏။
တွဲအမှတ် ၁၁ ကိုမူ လီယီနှင့် မိသားစုဝင်ပါဝင်သည့် အဖွဲ့ဝင်များ၊ အထူးသဖြင့် အမျိုးသမီးများအတွက် နေထိုင်မှုအဆင်ပြေစေရန် လင်းရှန်က စီစဉ်ပေးထားသည်။
တွဲအမှတ် ၁၂ သည် လက်နက်စခန်းအဖြစ် ရှိနေဆဲဖြစ်ပြီး ၁၁၃၀ အနီးကပ်လက်နက်စနစ် တစ်စုံ တပ်ဆင်ထားသည်။ လင်းရှန် သည် ဤနေရာ၌ G3-လျှပ်စစ်သံလိုက်အမြောက်တစ်လက်ကိုလည်း ထုတ်လုပ်ရန် စီစဉ်ထား၏။ သူသည် လော့ယန်နှင့် သူတို့အဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာ အမာခံလူဟောင်းဖြစ်သူ ရှောင်ပိုင်တို့ကို လက်နက်စခန်းအား စောင့်ကြပ်ရန် တာဝန်ပေးထားသည်။
တွဲအမှတ် ၁၃ ကိုမူ လင်းရှန်က အလွတ်သုံးကိရိယာတွဲအဖြစ် ထားရှိထားပြီး အလိုအလျောက် ကျည်ခွံဖိစက်တစ်လုံး ထုတ်လုပ်ရန်နှင့် ရထားတစ်တွဲလုံးအတွက် လက်နက်ခဲယမ်းများ သိုလှောင်ရန် ရည်ရွယ်ထားသည်။ ရထား၏အလယ်ပိုင်းတွင် ရှိနေခြင်းမှာ ပို၍သင့်တော်နိုင်ပေသည်။
တွဲအမှတ် ၁၄ မှ ၁၈ အထိ ငါးတွဲစလုံးမှာ လူပေါင်း ၁၀၀ နီးပါး နေထိုင်ရန် ရည်ရွယ်ထားသည့် နေထိုင်ဆောင်များဖြစ်ကြသည်။ တွဲအမှတ် ၁၄ တွင် လော့ယန်၏ အဖွဲ့ဟောင်းမှ လုလော့မင် အပါအဝင် အမျိုးသမီး ၁၆ ဦးကို နေထိုင်စေသည်။ တွဲအမှတ် ၁၅ မှာမူ လီကွမ်းဝမ်နှင့် အခြားယောကျ်ား ၁၈ ဦးအတွက် ဖြစ်သည်။ တွဲအမှတ် ၁၆၊ ၁၇ နှင့် ၁၈ တို့ကိုမူ နေမင်းယာဥ်တန်းအဖွဲ့ဝင်များက အပြည့်အဝ နေရာယူထားကြ၏၊ အများစုမှာ လျန်လေး၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများဖြစ်သော်လည်း လမ်းခရီးတွင် ကယ်ဆယ်လာခဲ့သည့် မိသားစုဝင်များလည်း ပါဝင်သောကြောင့် အားလုံးမှာ အမျိုးသားများချည်းတော့ မဟုတ်ပေ။
ဤကမ္ဘာပျက်ကပ်ကာလတွင် ယောကျ်ားနှင့် မိန်းမများအကြား၊ အထူးသဖြင့် လူပျို၊ အပျိုများအကြား တစ်ခုခုဖြစ်ပွားခြင်းမှာ သူတို့၏ လွတ်လပ်ခွင့်ပင်ဖြစ်သည်။ သို့သော် နေ့စဉ်ဘဝနေထိုင်မှု အဆင်ပြေစေရန်အတွက် လင်းရှန်က မိသားစုမဟုတ်သည့် ယောကျ်ားနှင့် မိန်းမများကို ခွဲခြားနေထိုင်စေရန် အတတ်နိုင်ဆုံးကြိုးစားထားပြီး တိုက်ခိုက်ရေးသမားအချို့ကိုလည်း နေရာချထားပေးခဲ့သည်၊၊ ထောက်ပံ့ရေးနှင့် အတွင်းပိုင်းကိစ္စများကို တာဝန်ယူရသည့် အမျိုးသမီးများသည် ကလေးများနှင့်အတူ စားသောက်ဆောင်တွဲများနှင့် ပိုမိုနီးကပ်စွာ ရှိနေကြပြီး အနန္တရထား၏ အကာအကွယ်အများဆုံး အလယ်ဗဟိုဧရိယာတွင် ရှိနေကြခြင်း ဖြစ်သည်။
နောက်တစ်ခုမှာ တွဲအမှတ် ၁၉ ဖြစ်သည်။ လင်းရှန်သည် ယခင်ကိရိယာတွဲကို Nightstar ဟိုက်ပါဆိုးနစ်တိုက်လောယာဥ်နှစ်စီး ထည့်သွင်းရန် ပြောင်းလဲခဲ့သည်။ လင်းရှန်အနေဖြင့် ဤအတွဲကို အပြည့်အဝ အလိုအလျောက်စနစ်ဖြစ်စေရန်နှင့် တိုက်လေယာဥ်များ လွယ်ကူစွာ ပျံတက်နိုင်ရန် ဖွင့်ထုတ်နိုင်သောပုံစံဖြင့် ပြန်လည်ဒီဇိုင်းထုတ်ရန် လိုအပ်သလို သံချပ်ကာအကာအကွယ်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ရာ အတော်ပင် လက်ဝင်လှပေသည်။
တွဲအမှတ် ၂၀ မှာ ယခင်က ယန္တရားစက်ရုပ်တွဲဖြစ်ပြီး ယခုအခါ ရှားရှား၏ ဆယ်လီနှင့် ဝင်ရိုး၆ခု စက်ရုပ်လက်တံတို့ ရှိနေသည်။
Chapter 591
တွဲအတွင်းပိုင်း တည်ဆောက်ရေး ၁
တွဲအမှတ် ၂၁ မှာ အနန္တရထား၏ နောက်ဆုံးလက်နက်စခန်းဖြစ်ပြီး ဟွမ်ရှင်း 10A ရထားစက်ခေါင်းနှင့် Gemini 11R နှင့် လင်းလုံဟူသော နျူကလီးယားစွမ်းအင်သုံးရထားတွဲများကို အကာအကွယ်ပေးထားသည်။ ထို့အတူပင် လင်းရှန် သည် ဤနေရာ၌ ၁၁၃၀ စနစ်တစ်ခုနှင့် G3-လျှပ်စစ်သံလိုက်အမြောက်တစ်လက်ကို ထုတ်လုပ်ရန် လိုအပ်သည်။
ဤ ၂၁တွဲနှင့် စွမ်းအင်တွဲ ၆ တွဲတို့ ပေါင်းစပ်လိုက်သောအခါ အနန္တ ရထားတွဲသစ်မှာ ၂၇ တွဲ ဖြစ်လာခဲ့သည်။ ဂတ်စ်တာဘိုင်စက်ခေါင်းမှအပ ကျန်စွမ်းအင်တွဲများနှင့် လက်နက်စခန်းများကို လင်းရှန်က နေ့စဉ်ပြုပြင်ထိန်းသိမ်းမှု၊ စစ်ဆေးမှုနှင့် ခဲယမ်းဖြည့်တင်းမှုများအတွက် PX05-ပြုပြင်ရေးစက်ရုပ်များကို တာဝန်ချထားပေးခဲ့သည်။
ရထားတွဲဖွဲ့စည်းပုံကို သတ်မှတ်ပြီးနောက် လင်းရှန်သည် ယခုအချိန်ကို အသုံးပြု၍ ရထားပြုပြင်မွမ်းမံမှုများကို ချက်ချင်းစတင်ရန် ဆုံးဖြတ်လိုက်သည်။ ယနေ့မွန်းလွဲပိုင်းတွင် ဝေလုံရထားစက်ခေါင်း မွမ်းမံမှုများ၊ စိုက်ပျိုးရေးတွဲအတွက် သံချပ်ကာအသစ်နှင့် တွဲအမှတ် ၁၉ ရှိ တိုက်လေယာဉ် သိုလှောင်ခန်းတို့ကို အပြီးသတ်နိုင်မည်ဟု သူ ခန့်မှန်းထား၏။ ကျန်ရှိသည်များကိုမူ လမ်းခရီးတွင် ဖြည်းဖြည်းချင်း လုပ်ဆောင်သွားရမည် ဖြစ်သည်။ လင်းရှန်သည် နှစ်ရက်နှင့် နှစ်ညတိုင်တိုင် မအိပ်ရသေးပေ၊၊ မနက်ဖြန်တွင် ရထားသည် စွန့်ပစ်နယ်မြေသို့ ရောက်ရှိတော့မည်ဖြစ်ရာ ယနေ့ညတွင် သူ မည်သို့ပင်ဖြစ်စေ အနားယူရမည်ဖြစ်သည်။ သူသည် ယနေ့တွင် ဆွဲငင်အားမှန်ဘီလူးကို တစ်ကြိမ် အသုံးပြုထားပြီးဖြစ်ရာ စွမ်းအင်မှာလည်း အတော်အတန် ကုန်ခမ်းနေပြီ ဖြစ်သည်။
“တွဲအမှတ် ၆ မှာ ၁၁၃၀ အနီးကပ်လက်နက်စနစ် မရှိသေးဘူး… တွဲအမှတ် ၂၁ ရဲ့ လက်နက်စခန်းမှာလည်း G3-လျှပ်စစ်သံလိုက်အမြောက် မရှိသေးဘူး… ပြီးတော့ တွဲအမှတ် ၁၂ လက်နက်စခန်းက အလွတ်ကြီးပဲ၊ အဲဒီစနစ်နှစ်ခုလုံးကို တည်ဆောက်ရဦးမယ်”
“အဲဒီပြီးရင် နေမင်းရထားရဲ့ မူလသံချပ်ကာကို အနန္တရထားစံနှုန်းအတိုင်း အဆင့်မြှင့်ရမယ်… ဒါပေမဲ့ အဲဒါကို မလောသေးပါဘူး။ တွဲအမှတ် ၁၃ အတွက် အလိုအလျောက် ကျည်ခွံဖိစက်ကို အရင်ဆုံး အပြီးသတ်ရမယ်… အပြင်ဘက် လျှပ်စစ်ဓားသွားစနစ်ကို အစားထိုးဖို့ ပလာစမာလျှပ်စစ်ဖြတ်တောက်ဖွဲ့စည်းပုံကို လုပ်ရမယ်”
“ပြီးတော့ ရထားတွဲတစ်ခုလုံးရဲ့ လျှပ်စစ်စွမ်းအင်၊ ရေပေးဝေရေးနဲ့ သတင်းအချက်အလက်စနစ်တွေ”
လင်းရှန် ခေတ္တမျှ မျက်စိမှိတ်လိုက်သည်။ အဖွဲ့ကို ချဲ့ထွင်ခြင်းမှာ တကယ်ပင် မလွယ်ကူလှပေ၊၊ သို့သော် ကံကောင်းထောက်မစွာဖြင့် အင်ဂျင်နီယာပိုင်းနှင့် စက်မှုပိုင်းကို နားလည်သော လော့ယန်နှင့် လျန်လေးတို့ ရောက်လာခြင်းက ဝန်ထုပ်ဝန်ပိုးကို လျော့ပါးစေသည်။ လင်းရှန်အနေဖြင့် ထုတ်လုပ်မှုအပေါ်တွင်သာ အာရုံစိုက်ရန် လိုအပ်ပြီး ကျန်ရှိသည်များကို အခြားသူများက ကိုင်တွယ်နိုင်သောကြောင့် စိတ်ဖိစီးမှုမှာ သိသိသာသာ လျော့နည်းသွားသည်။
ဤသို့တွေးတောရင်း လင်းရှန် နာရီကို တစ်ချက်ကြည့်ကာ ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။
‘’အလုပ်စကြရအောင်’’
…..
လူကြီးတစ်ဦး၏ ပျမ်းမျှနေ့စဉ် ရေသောက်သုံးမှု ပမာဏ ၁၀၀၀ မီလီလီတာကို အခြေခံ၍ တွက်ချက်ကြည့်လျှင် ဤပူးပေါင်းယာဉ်တန်းနှင့် အာခေစိုင်းမှ အခြားယာဉ်တန်းအချို့ အပါအဝင် လူပေါင်း ၅၀၀၀ ကျော်အတွက် တစ်ရက်စာ သောက်သုံးရေပင် မလုံလောက်ပေ။
အမှန်စင်စစ် ဤကဲ့သို့သောနေရာမျိုးတွင် တစ်နေ့လျှင် ၁၀၀၀ မီလီလီတာ သုံးစွဲနိုင်ခြင်းသည်ပင် ဇိမ်ခံနိုင်ခြင်း တစ်မျိုးဖြစ်နေပြီ။ ရှင်သန်နိုင်စွမ်း ရှုထောင့်သက်သက်မှ ကြည့်မည်ဆိုပါက ကိုယ်လက်လှုပ်ရှားမှု မရှိသည့် အခြေအနေမျိုးတွင် အနည်းဆုံး ၃၀၀ မီလီလီတာ ရှိရုံဖြင့် ဖြစ်သော်လည်း အမှောင်ထုနှင့် အမြဲတစေ ကြုံတွေ့နေရသော ဘေးအန္တရာယ်များကြားတွင် ထိုသို့နေထိုင်ရန်မှာ လက်တွေ့တွင် လုံးဝမဖြစ်နိုင်ပေ။ ၅၀၀ မီလီလီတာ သုံးစွဲလျှင်ပင် အလွန်ဆုံး နှစ်ရက်သာ ခံပေလိမ့်မည်။
ထိုပမာဏထဲတွင် ရထားအတွက် လိုအပ်သောရေနှင့် နျူကလီးယားဓာတ်ပေါင်းဖိုများ အအေးခံရန် လိုအပ်သောရေများကိုပင် ထည့်မတွက်ရသေးပေ။
ယာဉ်တန်းတွင် လက်ကျန်ရိက္ခာ အနည်းငယ် ကျန်ရှိနေသေးရာ စွန့်ပစ်နယ်မြေကို ဖြတ်ကျော်၍ နောက်ထပ် နှစ်ရက်၊ သုံးရက်အတွင်း ချွမ်းချန်သို့ ရောက်ရှိနိုင်မည်ဆိုပါက အခြေအနေများ သိသိသာသာ တိုးတက်ကောင်းမွန်လာနိုင်သည်။
နောက်ဆုံးအနေဖြင့် ထောက်ပံ့ရေးပစ္စည်းများအပြင် ကန္တာရဓားပြများထံမှ ကယ်ထုတ်လာသော သုံ့ပန်း ၁၂၀ ကျော်လည်း ပါဝင်ပြီး ထိုအထဲတွင် ကင်းမြီးကောက်၏ အကြိုက်ဆုံး မိန်းကလေး ဆယ်ဂဏန်းခန့်လည်း ပါဝင်သည်။ လင်းရှန် သူတို့ကို တစ်ချက်ကြည့်လိုက်ရာ ထိုအမျိုးသမီးများအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေကြပြီး လူအုပ်ကြားမှ ဖယ်ခွာနေကြသည်။ ၎င်းမှာ အချိန်အတော်ကြာ ချုပ်နှောင်ခံထားရသော စိတ်ဒဏ်ရာများကြောင့်လား သို့မဟုတ် တကယ်ပဲ ကယ်တင်ခြင်းခံရသည်ကို မယုံကြည်နိုင်ခြင်းကြောင့်လား ဆိုသည်မှာ ပြောရန်ခက်လှသည်။ သူတို့ကိုယ်သူတို့ ဖမ်းဆီးသူတစ်စုမှ နောက်တစ်စုထံသို့ လွှဲပြောင်းခံရသည့် အရာဝတ္ထုများအဖြစ်သာ စတင်ယူဆနေကြပြီ ဖြစ်သည်။
တစ်စုံတစ်ယောက်က သူတို့ကို အဝတ်အစားများ ပတ်ပေးကာ လည်ပင်းမှ သံကြိုးကွင်းများကို ဖြုတ်ပေးပြီး အစားအသောက်နှင့် ရေများ ကမ်းလှမ်းပေးသောအခါမှသာ အချို့မှာ မျက်ရည်များဖြင့် ရှိုက်ကြီးတငင် ငိုကြွေးကြလေသည်။ အခြား ထုံထိုင်းနေသူများမှာမူ တိတ်ဆိတ်စွာပင် အစားအစာများကို စားသောက်ကြသည်။
ယိကျင်းတွင်ကဲ့သို့ မဟုတ်ဘဲ ယခုအကြိမ် ရိက္ခာခွဲဝေမှုမှာ ကွဲပြားသည်။ ကန္တာရဓားပြများနှင့် တိုက်ပွဲတွင် ယာဉ်တန်းတိုင်းက လူအင်အားနှင့် အားဖြည့်ပါဝင်ခဲ့ကြသည်။ ထို့ပြင် ရေသည် နေရာတိုင်းတွင် ရှားပါးလှသော အရင်းအမြစ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လင်းရှန်သည် ယာဉ်တန်းအားလုံးနှင့် ဆွေးနွေးပြီး လူဦးရေအလိုက် အစားအသောက်နှင့် ရေကို ခွဲဝေရန် သဘောတူခဲ့သည်။
“ကျွန်မ လက်နက်တွေ မလိုဘူး။ ကျွန်မရမယ့် ဝေစုကို လိုချင်တဲ့ ယာဉ်တန်းရှိရင် ရေနဲ့ လဲလို့ရတယ်”
ထိုစဉ်တွင် တစ်နေ့ခင်းလုံး အေးအေးဆေးဆေး အပန်းဖြေနေခဲ့သော မိုနီကာသည် သူမ၏ ထီးမိုးပေးသည် နောက်လိုက်တစ်ယောက်ဖြင့် လျှောက်လာပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။
“နောက်ပြီးတော့... ဟိုအမျိုးသမီး တစ်ဒါဇင်ကျော်လောက်က စစ်ဆေးမှု အောင်မြင်တယ်ဆိုရင် သူတို့ကို ကျွန်မ ခေါ်သွားမယ်”
ထိုစကားကို ကြားသောအခါ ဦးစွာ အံ့အားသင့်သွားသူမှာ ချီလီပင် ဖြစ်သည်။ သူသည် မိုနီကာဘက်သို့ လှည့်၍ အံ့အားသင့်သောအကြည့်ဖြင့်
“လာနောက်နေတာလား… မင်းက အမျိုးသမီးတွေကို ခေါ်သွားမလို့လား”
“ဘာလို့ မရရမှာလဲ”
မိုနီကာက လက်ပိုက်လျက် ပြောလိုက်သည်၊၊
“သူတို့တွေက ကြောက်ရွံ့နေကြမယ်၊ ထုံထိုင်းနေကြမယ်၊ သူတို့ရဲ့ ဖြစ်တည်မှုနဲ့ ဂုဏ်သိက္ခာတွေလည်း အဖျက်ဆီးခံထားရပြီး ရှင်သန်လိုတဲ့ စိတ်ရိုင်းပဲ ကျန်တော့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလို အမျိုးသမီးတွေသာ စွမ်းအားရလာရင် လူသတ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး။ နောက်ပြီး သူတို့ကို ယောက်ျားတွေနဲ့ ဝေးဝေးမှာ ထားမှာပါ”
လင်းရှန် ခေတ္တမျှ မှင်သက်သွားသည်။ မိုနီကာသည် သူမ၏ယာဉ်တန်းရှိ ယောက်ျားအင်အား အဆမတန် များပြားနေမှုကို ညှိယူရန် ကြိုးစားနေခြင်း ဖြစ်မည်ဟု သူက နဂိုက တွေးထားခဲ့ခြင်း ဖြစ်သည်။ သူ၏ အတွေးမှာ ရိုးရှင်းလွန်းပြီး အနည်းငယ် ရိုင်းစိုင်းသွားသည်ဟုလည်း ဆိုနိုင်သည်။
မိုနီကာသည် သူမ၏ အမျိုးသားအဖွဲ့ဝင်များနှင့် လုံးဝသီးခြားဖြစ်သော အမျိုးသမီး တိုက်ခိုက်ရေးယူနစ်တစ်ခုကို အမှန်တကယ် ဖွဲ့စည်းလိုခြင်း ဖြစ်သည်။ သူမ၏ နောက်လိုက်များ၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေမှုများ ချက်ချင်း အေးခဲသွားပုံကို လင်းရှန် မြင်ယောင်နေမိသည်။
ဤအမျိုးသမီးသည် နတ်ဆိုးတစ်ကောင်ပင်။ ဘုရင်မ မိုနီကာရထား၏ ပိတ်ဆို့ထားသော အခန်းတွင်း၌ ဤကမ္ဘာပျက်ကပ်၏ အထီးကျန်မှုကြားတွင် မြင်ရရုံသာရှိပြီး ထိတွေ့ခွင့်မရသော ဆွဲဆောင်မှုရှိသည့် ဘုရင်မတစ်ပါး ရှိနေခြင်းသည်ပင် လုံလောက်သော နှိပ်စက်မှုဖြစ်နေခဲ့ပြီး… ယခုမူ သူမက လှပသော အမျိုးသမီးတစ်ဒါဇင်ကျော်ကို ထပ်မံဖြည့်တင်းပြီး သီးခြားစီ ထားဦးမည်တဲ့လား။ သူမ၏ အမျိုးသား အဖွဲ့ဝင်များမှာ ရူးသွပ်သွားကြပေလိမ့်မည်။
ထိုစကားကို ကြားသောအခါ လင်းရှန်သာမက အခြားယာဉ်တန်းများကလည်း မိုနီကာအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်ကြသည်၊၊ ထိုအမျိုးသမီးကို သူတို့ လုံးဝ ခန့်မှန်း၍ မရနိုင်တော့သလိုပင်။
“မူလအချက်ကို ပြန်သွားရရင် ကျုပ်လည်း လက်နက်တွေ မလိုပါဘူး။ လက်နက်ကိရိယာ လိုအပ်နေတဲ့ ယာဉ်တန်းတွေက ကျုပ်ကို ရေအနည်းငယ်နဲ့ လဲပေးနိုင်ပါတယ်”
လင်းရှန်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ သူ၏ အနန္တယာဉ်တန်းတွင် ယခုအခါ စိုက်ပျိုးရေးတွဲ နှစ်တွဲ ပါဝင်နေပြီဖြစ်ရာ ရေလိုအပ်ချက်မှာ အလွန်ကြီးမားလှသည်။
အနန္တယာဉ်တန်းနှင့် မိုနီကာ၏ ယာဉ်တန်းတို့သည် အဆင့်မြင့် ကိရိယာများ အပြည့်အစုံ တပ်ဆင်ထားသည်။ ရထားပေါ်ရှိ လက်နက်တိုင်းမှာ ထိပ်တန်းအဆင့်များ ဖြစ်သည်။ လင်းရှန်အဖို့ အခြားယာဥ်တန်းများမှ လက်နက်များသည် စကင်ဖတ်ရန်နှင့် ပုံတူကူးရန်ပင် မထိုက်တန်ပေ။ သူက လက်နက်အစား ရေကိုသာ ပို၍ တောင်းဆိုခဲ့သည်။