← Chapters

သူမ မသေချင်ပါ

Vol. 1 Ch. 1

သူမ မသေချင်ပါ

Vol. 1 Ch. 1

ရှန်းယွမ်မီးထွန်းပွဲတော်၌ ကောင်းကင်ယံမှ နှင်းမှုန်များ ကျဆင်းလျက်ရှိပြီး ကျူးချွဲ့ဂိတ်နှင့် မျက်နှာချင်းဆိုင်ရှိ လမ်းမကြီးတစ်ဆယ့်သုံးသွယ်သည် မီးရောင်များဖြင့် ထိန်လင်းလျက်ရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် နန်းတော်အတွင်းရှိ ထုန်ထျန်း (မိုးထိ)မျှော်စင်အထက် အမြင့်မှနေ၍ ငုံ့ကြည့်လိုက်ပါက လူတို့၏ အငွေ့အသက်နှင့် ထွန်းလင်းတောက်ပသော မီးရောင်များ ပေါင်းစပ်ကာ ရှုပ်ထွေးသော အစီအရင်တစ်ခုအဖြစ် ပုံဖော်လျက် ကောင်းကင်ယံထက်တွင် ထင်ဟပ်နေသည်ကို တွေ့မြင်ရပေမည်။ ထိုအစီအရင်၏ အရှိန်အဝါအောက်တွင် အမှောင်ထုထဲ၌ ပုန်းကွယ်နေသော တစ္ဆေသရဲတို့သည် လေးဖက်လေးတန်သို့ ထွက်ပြေးနေကြသည်။

အချို့သော တစ္ဆေသရဲတို့သည် အသက်လု၍ မြို့ပြင်သို့ ထွက်ပြေးရန် ကြိုးစားနေကြသော်လည်း အချို့မှာမူ အသက်ကို ပဓာနမထားဘဲ မြို့တွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးပမ်းနေကြသည်

မူလအားဖြင့် ညပိုင်း ရှူးအချိန်အစတွင် ပိတ်ရမည့် မြို့တံခါးသည် ယခုအချိန်အထိ ကျယ်ဝန်းစွာ ပွင့်လျက်ရှိနေဆဲပင်။ မြို့စောင့်တပ်သားတို့သည် စိတ်မတည်မငြိမ်ဖြင့် လမ်းမကြီးတစ်ဆယ့်သုံးသွယ်ဘက်သို့ မျှော်ကြည့်ရင်း တာဝန်ပြီးဆုံးချိန်တွင် မိသားစုနှင့်အတူ မီးထွန်းပွဲတော်သို့ သွားရောက်ရန် အချိန်မီပါဦးမလားဟု စိတ်ထဲ၌ တွက်ချက်နေကြသည်။

သူတို့သည် စိတ်အာရုံပြန့်လွှင့်နေစဉ်မှာပင် အရိပ်တစ်ခုသည် လျှပ်တစ်ပြက် ဖြတ်သန်းသွားပြီး မြို့တံခါးတွင် ချိတ်ဆွဲထားသော နဂါးမီးပုံးကိုးလုံးမှာ တစ်ချက် မှိတ်သွားခဲ့သည်။ တစ်ဖန် ပြန်လည်လင်းလာသောအခါ မီးရောင်အောက်တွင် အရိပ်တစ်စုံတစ်ရာမျှ မမြင်ရတော့ချေ။

မြို့တံခါး၏ အရိပ်ကျနေသော နေရာတွင်သာ သွေးစက်အနည်းငယ် ကျန်ရစ်ခဲ့သည်။

ထိုအချိန်တွင်ပင် ပါးလွှာသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ဦးသည် ကျင့်ယန်မြို့စားအိမ်တော်၏ ဘေးတံခါးတွင် တစ်ကိုယ်တည်း ရပ်နေလေသည်။ ကောင်းကင်မှ နှင်းမှုန်လေးများသည် တဖွဲဖွဲကျနေပြီး သူမ၏ မျက်တောင်များပေါ်တွင် နှင်းလွှာပါးလေးများ ဖုံးလွှမ်းနေကာ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုကို ဖုံးကွယ်ထားသကဲ့သို့ပင်။

တံခါးစောင့်သည် ထွက်သွားပြီးနောက် အချိန်အတော်ကြာမှ အလျင်အမြန် ပြန်ရောက်လာခဲ့သည်။ သူ့နောက်တွင်တော့ မျက်နှာထားတင်းတင်းနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။

ထိုအမျိုးသမီးသည် ကျိချန်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့တက်လာကာ ခလေသံပ်မာမာဖြင့် မေးလိုက်၏။ “သခင်မလေး ဘာဖြစ်လို့ ရောက်လာတာလဲ”

“ချန်မားမား၊ ဒီနေ့က အဖေ့ရဲ့ မွေးနေ့လေ၊ ကျွန်မ...”

သူမ၏စကား မဆုံးမီမှာပင် ချန်မားမားက ဖြတ်ပြောလိုက်သည်။ ထိုသူ၏ လေသံထဲတွင် စိတ်မရှည်သည့် အရိပ်အယောင်များ အထင်းသား ပေါ်လွင်နေ၏။ “သခင်မလေး၊ ဒီနေ့က မြို့စားမင်းရဲ့ မွေးနေ့မှန်း သိသိကြီးနဲ့ ဘာဖြစ်လို့ လာပြီး အနှောင့်အယှက်ပေးရတာလဲ။ မြို့စားမင်းရဲ့ မွေးနေ့ပွဲကို ဖျက်ဆီးချင်လို့လား”

ကျိချန်သည် စကားစတစ်ဆို့သွားပြီး ခပ်တိုးတိုး ဆိုလိုက်သည်။ “ကျွန်မ အဖေ့ကို တစ်ချက်လောက်တွေ့ပြီး စကားနည်းနည်းလောက် ပြောချင်လို့ပါ”

“မလိုပါဘူး။ သခင်မလေး ကိုယ့်အဆင့်အတန်းကိုယ် သတိရပါ။ သခင်မလေးနဲ့ ကျွန်မတို့ မြို့စားအိမ်တော်က ဘာမှမပတ်သက်တော့ဘူး။ မြို့စားမင်းက သခင်မလေးကို ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး” သူမသည် ပြောပြီးသည်နှင့် ထွက်သွားရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် မျက်နှာဝိုင်းဝိုင်းနှင့် အစေခံမိန်းကလေးတစ်ဦး ရောက်လာသည်။

ကျိချန်သည် ထိုအစေခံမိန်းကလေးကို မှတ်မိနေသည်။ သူမသည် ကျီးဖူးရန် ရွှဲရှီ ခေါ်ဆောင်လာသော ကိုယ်ပိုင်အစေခံဖြစ်ပြီး ချွန်းဟယ်ဟု ခေါ်တွင်ဟန်တူသည်။

ချွန်းဟယ်သည် သူတို့နှစ်ဦးထံသို့ လျှောက်လာပြီး ကျိချန်ကို တစ်ချက်အကဲခတ်လိုက်ကာ ချန်မားမားဘက်သို့ လှည့်၍ မေးလိုက်သည်။ “ချန်မားမား ဘာလုပ်နေတာလဲ”

ချန်မားမားသည် အပြုံးဖြင့် ရှင်းပြလိုက်သည်။ “သခင်မလေးက မြို့စားမင်းကို တွေ့ချင်တယ်လို့ ဇွတ်ပြောနေလို့ပါ။ အခုချိန်မှာ မြို့စားမင်းက သူ့ကိုတွေ့ဖို့ အချိန်ဘယ်ရှိမှာလဲ”

“ဒီလိုကိုး” ချွန်းဟယ်သည် ကျိချန်ကို တစ်ချက်စွေကြည့်လိုက်ပြီးမှ “ဒီနေ့ မြို့စားမင်း တကယ်ပဲ အလုပ်များနေတာပါ။ ဒါပေမဲ့ ကျွန်မ သခင်မလေးကို အရင် အိမ်တော်ထဲ ခေါ်သွားပြီးတော့မှ သတင်းပို့လိုက်ပါ့မယ်။ တကယ်လို့ မြို့စားမင်းက တွေ့ဖို့ ငြင်းဆန်တယ်ဆိုရင်တော့ သခင်မလေး အဝေးကနေပဲ တစ်ချက်ကြည့်ပြီး ဦးချလိုက်ပေါ့။ ဒါဆိုရင်လည်း မြို့စားမင်းနဲ့ သခင်မလေးကြီးကြားက နှစ်ပေါင်းများစွာ ကြာခဲ့တဲ့ သားအဖသံယောဇဉ်ကို အသိအမှတ်ပြုရာ ရောက်တာပေါ့။ ဒီလိုဆိုရင် ကောင်းရဲ့လား”

ကျိချန်သည် နှုတ်ခမ်းကို ဖိကိုက်လိုက်သော်လည်း နာကျင်မှုကို မခံစားရပေ။ သူမသည် မိမိကိုယ်တိုင် ပြန်ဖြေလိုက်သည်ကို ကြားလိုက်ရသည်။ “ကောင်းပါပြီ”

ချွန်းဟယ်သည် ပြုံးလိုက်ပြီး လှည့်ထွက်သွားသည့်အခါ ချန်မားမားအား လေသံမာမာဖြင့် ဆိုလိုက်သည်။ “ဒီအိမ်တော်ရဲ့ သခင်မလေးက ကျွန်မတို့ သခင်မလေးပဲ၊ တခြား ဘယ်သူမှ မဟုတ်ဘူး။ ချန်မားမား နောက်ဆိုရင် သတိထားသင့်တယ်”

“ဟုတ်... ဟုတ်ကဲ့။ ကျွန်မရဲ့ ဒီဦးနှောက်က တကယ်ပဲ သုံးမရတော့ဘူး” ချန်မားမားသည် အကြိမ်ကြိမ် ခေါင်းညိတ်ကာ တောင်းပန်စကားဆိုရင်း ထပ်မံ၍ စောဒကမတက်ဝံ့တော့ချေ။

ကျိချန်သည် ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူမသည် မိမိကိုယ်တိုင် မည်သို့မည်ပုံ ဤအခြေအနေသို့ ဆိုက်ရောက်သွားသည်ကို ယနေ့တိုင် နားမလည်နိုင်သေးပေ။

လွန်ခဲ့သော ဆယ်ရက်ကျော်က သူမသည် ကျင့်ယန်မြို့စား၏ အကြီးဆုံးသမီး ဖြစ်ခဲ့သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် လွန်ခဲ့သော ဆယ့်ရှစ်နှစ်က သူမ၏ မိခင်ဖြစ်သူ၏ အစေခံဖြစ်ခဲ့သည်ဟု ဆိုသူတစ်ဦး ရောက်လာပြီး သူမသည် မြို့စားမင်း၏ သွေးသားမဟုတ်ဘဲ ကွယ်လွန်သူ မြို့စားကတော်က တခြားသူနှင့် ဖောက်ပြန်၍ မွေးဖွားခဲ့သော သမီးဖြစ်သည်ဟု လာရောက်ပြောဆိုခဲ့ကြသည်။

သူမ၏ အဖေသည် အစပိုင်းတွင် မယုံကြည်ခဲ့ဘဲ ထိုအစေခံဆိုသူကို နှင်ထုတ်ရန်သာ အမိန့်ပေးခဲ့သည်။ ရွှဲရှီက ကြားဝင်၍ အမှန်တရားကို ဖော်ထုတ်ရန် တိုက်တွန်းပြောဆိုခဲ့ပြီး ကွယ်လွန်သူ မြို့စားကတော်၏ ဂုဏ်သတင်း မညှိုးနွမ်းစေရန်ဟု ဆိုလာသည့်အခါမှ စုံစမ်းရန် သဘောတူခဲ့သည်။

သူတို့သည် ဦးစွာ ထိုအစေခံ၏ အထောက်အထားကို စစ်ဆေးအတည်ပြုပြီးနောက် ထိုအစေခံ၏ ညွှန်ပြမှုဖြင့် သူမ၏ မိခင်ဖြစ်သူကို မီးဖွားပေးခဲ့သော လက်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုလက်သည်က သူမကို လမစေ့ဘဲ မွေးဖွားခဲ့သော်လည်း လမစေ့သည့် လက္ခဏာ မရှိကြောင်း အခိုင်အမာ ထွက်ဆိုခဲ့ပြန်သည်။

အဘယ်ကမှန်း မသိသော ထိုလူတို့၏ စွပ်စွဲချက်အနည်းငယ်ကြောင့် သူမ အဖေ၏ မျက်နှာသည် ချက်ချင်း အရောင်ပြောင်းသွားခဲ့သည်။

မိခင်ဖြစ်သူသည် သူမကို လမစေ့ဘဲ မွေးဖွားခဲ့ရခြင်းမှာ ဖခင်ဖြစ်သူ စစ်ထွက်ရာ၌ တိုက်ခိုက်ခံရသည်ကို ကြားသိပြီး ထိတ်လန့်မှုကြောင့်ဖြစ်သည်ကိုမူ ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ပေ။

ထို့နောက်တွင် သူတို့သည် မည်သို့မည်ပုံ စီမံလိုက်သည်မသိ။ သူမ၏ အဘိုးဖြစ်သူ၏ အိမ်တော် မပျက်စီးမီက အမှုထမ်းခဲ့ကြသော အစေခံအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြန်သည်။ ထိုသူတို့က သူမ၏ မိခင်ဖြစ်သူသည် လက်မထပ်မီက တခြားယောက်ျားနှင့် တိတ်တဆိတ် တွေ့ဆုံခဲ့သည်ကို မြင်တွေ့ခဲ့ကြောင်း သက်သေထွက်ဆိုကြသည်။

ထိုလူများသည် ပြဇာတ်ကနေသည့်အလား တစ်ယောက်ပြီးတစ်ယောက် ထွက်လာကာ စကားတစ်ခွန်းစီဖြင့် သူမ၏ မိခင်ဖြစ်သူ၏ ဂုဏ်သတင်းကို လွယ်လွယ်ကူကူ ဖျက်ဆီးခဲ့ကြသည်။

သူမကဲ့သို့ မြို့စားအိမ်တော်၏ သမီးသည်ပင် မိခင်ဖြစ်သူက မြို့စားမင်းအပေါ် သစ္စာမရှိခဲ့ကြောင်း သက်သေတစ်ခု ဖြစ်သွားခဲ့သည်။

လွန်ခဲ့သော ငါးရက်က သူမသည် မြို့စားအိမ်တော်မှ နှင်ထုတ်ခံခဲ့ရသည်။ အိမ်တော်မှ မထွက်ခွာမီ ရွှဲရှီက အမြင့်မှနေ၍ သူမအား ဆိုခဲ့သည်မှာ သူမ၏ အဖေသည် နှစ်ပေါင်းများစွာ မွေးမြူခဲ့သည့် သံယောဇဉ်ကို ထောက်ထား၍ ဆက်လက်အရေးမယူလိုတော့ကြောင်း၊ မြို့စားအိမ်တော်၏ ကျေးဇူးတရားကို အမြဲအမှတ်ရနေရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

ကျိချန်သည် မည်သို့ပင်ဖြစ်စေ မိခင်ဖြစ်သူကိုယ်စား ဤမျှကြီးမားသော အပြစ်ကို လက်ခံနိုင်မည် မဟုတ်ပေ။ သူမသည် ယနေ့ အဖေ၏ မွေးနေ့ဖြစ်သောကြောင့် ယခင်နှစ်ပေါင်းများစွာက မိခင်ဖြစ်သူသည် အဖေနှင့်အတူ မွေးနေ့ကို ဖြတ်သန်းခဲ့သည်ကို သတိရကာ ယနေ့တွင် အဖေသည် မိခင်ဖြစ်သူနှင့် ရှိခဲ့သော သံယောဇဉ်ကို ထောက်ထား၍ ဤကိစ္စကို ပြန်လည်စစ်ဆေးလိမ့်မည်ဟု တွေးထင်မိခဲ့သည်။

ချွန်းဟယ်သည် သူမကို ဥယျာဉ်ရှိ စင်္ကြန်တွင် စောင့်ဆိုင်းခိုင်းပြီးနောက် ဥယျာဉ်အတွင်း မီးရောင်ထိန်ထိန်လင်းနေသော နေရာသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။

ကျိချန်သည် အဝေးမှ မီးရောင်များကို ကြည့်ရင်း မနှစ်က ဥယျာဉ်တော်ထဲတွင်လည်း မီးပုံးများ အပြည့်ချိတ်ဆွဲထားပြီး မိခင်ဖြစ်သူသည် သူမ၏ တောင်းဆိုမှုကြောင့် သူမနှင့်အတူ မီးပုံးပဟေဠိပွဲတော်ကို ဆင်နွှဲခဲ့သည်ကို ရုတ်တရက် သတိရမိသည်။

တစ်နှစ်တာကာလအတွင်း အဘိုးဖြစ်သူ၏ မိသားစုတစ်စုလုံး အဝေးသို့ နယ်နှင်ဒဏ်ခံရပြီး မိခင်ဖြစ်သူသည်လည်း နာမကျန်းဖြစ်ကာ ကွယ်လွန်သွားခဲ့သည်။ သူမကိုယ်တိုင်မှာမူ အခြားသူများ သတင်းပို့ပေးသည်ကို စောင့်ဆိုင်းနေရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ခဏမျှ တုံ့ဆိုင်းပြီးနောက် ကျိချန်သည် မီးရောင်ရှိရာသို့ ခြေလှမ်းလိုက်၏။ နီးကပ်လာလေလေ မိန်းမပျိုတို့၏ ရယ်မောသံများသည် ပို၍ရှင်းလင်းစွာ ကြားလာရလေလေပင်။

ကျိချန်သည် ကျောက်ဆောင်တုအနီးသို့ ရောက်သောအခါ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူမသည် အဝေးတွင် ရွှဲရှီနှင့် သူခေါ်ဆောင်လာသော သား၊သမီးတို့နှင့်အတူ မီးပုံးပဟေဠိပွဲတော်ကို ဆင်နွှဲနေသော အဖေဖြစ်သူကို မြင်တွေ့လိုက်ရသည်။

ရွှဲကျောင်းက မီးပုံးတစ်လုံးကို ကိုင်ဆောင်ကာ သူမ၏ အဖေ၏ ဘယ်ဘက်တွင် ရပ်နေသည်။

ရွှဲယင်မှာမူ သူမ၏ အဖေ၏ ညာဘက်တွင် ရပ်နေပြီး အဖေ၏ လက်မောင်းကိုပင် ရင်းနှီးစွာ ဆုပ်ကိုင်ထားသည်။

လေးယောက်သားသည် မီးပုံးရှေ့တွင် ရယ်မောစကားပြောနေကြပြီး ရွှဲယင်သည် အဖေဟု အကြိမ်ကြိမ် ခေါ်ဝေါ်နေသည်မှာ တကယ့်မိသားစုတစ်ခုကဲ့သို့ပင်။

မိသားစုတစ်စုတဲ့လား။

ကျိချန်၏ နှလုံးသားသည် ရုတ်တရက် နာကျင်သွားပြီး သူမ၏ အဖေအနီးတွင် ရပ်နေသော ရွှဲကျောင်းနှင့် ရွှဲယင်ကို စိုက်ကြည့်နေမိသည်။

ယခင်က သူမသည် ရွှဲရှီ၏ သား၊သမီးတို့နှင့် သိပ်မတွေ့ဆုံခဲ့သဖြင့် သတိမထားမိခဲ့ပေ။ ယခုမူ ထိုနှစ်ဦး၏ ဘေးတိုက်မျက်နှာသည် အဖေဖြစ်သူနှင့် အလွန်တူညီနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ အထူးသဖြင့် ရွှဲကျောင်းပင်။

ရွှဲရှီသည် ရွှဲယင်အား သူမ၏ အဖေနှင့် ဤမျှရင်းနှီးစွာ နေခွင့်ပြုသည်မှာ သူတို့သည် တကယ့်သားအဖအရင်းများ ဖြစ်နေခြင်းမှလွဲ၍ အခြားအကြောင်းပြချက် ရှိနိုင်ဦးမည်တဲ့လား။

မိခင်ဖြစ်သူကွယ်လွန်ပြီး သုံးလမပြည့်မီမှာပင် ရွှဲရှီသည် အိမ်တော်သို့ ဝင်ရောက်လာနိုင်ပြီး သူမ၏ သားနှင့်သမီးတို့ကိုပါ အတူခေါ်ဆောင်လာနိုင်ရခြင်း၏ အကြောင်းရင်းကို သူမ နောက်ဆုံးတွင် သိရှိသွားခဲ့သည်။

သူမသည် မိမိကိုယ်တိုင် အဘယ်ကြောင့် ဤသို့သော အဆုံးသတ်မျိုးနှင့် ကြုံတွေ့ရသည်ကိုလည်း နားလည်နေသင့်ပြီ။ သူမ၏ အဘိုးဖြစ်သူ၏ မိသားစုတစ်စုလုံး နယ်နှင်ဒဏ်ခံရပြီးနောက် မခင်ဖြစ်သူသည် ရုတ်တရက် အပြင်းအထန် နာမကျန်းဖြစ်ကာ ကွယ်လွန်သွားခဲ့သည်မှာ အမှန်တကယ် နာမကျန်းဖြစ်ခြင်း ဟုတ်ရဲ့လားဟုပင် သူမ သံသယဝင်လာသည်။

ကျိချန်သည် ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာသည်ကို ခံစားလိုက်ရသည်။ သူမသည် ဖခင်ဖြစ်သူကို မည်သည့်အခါကမျှ အမှန်တကယ် နားလည်ခဲ့ခြင်းမရှိကြောင်း သိရှိလိုက်ရသည်။

ငယ်စဉ်က သူမသည် အဖေနှင့်အတူ ကစားရန် တောင်းဆိုသည့်အခါတိုင်း အဖေက အလုပ်များနေသည်ဟု အမြဲဆိုလေ့ရှိသည်။ အမှန်မှာ အချိန်မရှိခြင်း မဟုတ်ဘဲ သူချစ်မြတ်နိုးသော သမီးသည် သူမ မဟုတ်သောကြောင့်သာပင်။

ကျိချန်သည် ဆက်လက်မကြည့်တော့ဘဲ လာလမ်းအတိုင်း တိတ်ဆိတ်စွာ ပြန်ထွက်သွားခဲ့သည်။

လာစဉ်က စိတ်ထဲတွင် ကြိုတင်ပြင်ဆင်ထားသော စကားလုံးများ အားလုံးသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ။ ပြောစရာ ဘာများကျန်သေးသနည်း။ မိခင်ဖြစ်သူအပေါ် စွပ်စွဲထားသော အပြစ်များအားလုံးသည် ဖခင်က ရွှဲရှီအတွက် ဖန်တီးခဲ့သော ဇာတ်လမ်းတစ်ခုသာ ဖြစ်နိုင်ပေသည်။

ကျိချန် ထွက်သွားပြီးနောက် အချိန်အတော်ကြာမှ ချွန်းဟယ်သည် စင်္ကြံသို့ လူရှာရန် သွားရောက်ခဲ့သော်လည်း လူသည် ပျောက်ဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။

သူမသည် တံခါးစောင့်ထံသို့ သွားရောက်မေးမြန်းကြည့်ရာ ကျိချန်သည် စောစောကတည်းက ထွက်သွားပြီဖြစ်ကြောင်း သိရှိရသည်။

သူမသည် ကျောက်တိုင်များနှင့် လေသာဆောင်အတွင်း၌သမီးဖြစ်သူ၏ မီးပုံးပဟေဠိပွဲကို ကြည့်ရှုနေသော ရွှဲရှီအား တိုးတိုးလေး သတင်းပို့လိုက်သည်။ ရွှဲရှီ၏ မျက်ဝန်းများသည် တစ်ချက် လှုပ်ခတ်သွားပြီး အနီးရှိ သားကြီးဖြစ်သူ ရွှဲကျောင်းအား စကားအနည်းငယ် တိုးတိုးလေး ပြောကြားလိုက်ရာ ရွှဲကျောင်းသည် ထ၍ ထွက်ခွာသွားခဲ့သည်။

ကျိချန်သည် ကျင့်ယန်မြို့စားအိမ်တော်မှ ထွက်လာပြီးနောက် အိမ်တော်၏ တင်းကျပ်စွာ ပိတ်ထားသော ကျူးဟုန်တံခါးကို လှည့်ကြည့်ကာ နောက်ဆုံးတွင် ပခုံးများ အိုက်ကျသွားသည်။

သူမက မိမိကိုယ်ကို မေးလိုက်၏။ အဲဒီ အမှန်တရားတွေကို ခန့်မှန်းပြီး ဘာအသုံးဝင် ဦးမှာလဲ။ သူမကရော ဘာတတ်နိုင်မှာမလို့လဲ။

သူမအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်သော အဘိုးနှင့် ဦးလေးများမှာ နယ်နှင်ဒဏ်ခံထားရပြီး အမေဖြစ်သူသည်လည်း မရှိတော့ပေ။ သူမတွင် သူမတစ်ယောက်တည်းသာ ကျန်တော့သည်။

သူမသည် ဤအမှန်တရားကို ရှန့်ကျင်းမြို့တော်မှ လူများအား ပြောပြလျှင်ပင် ယုံကြည်မည့်သူ ရှိပါမည်တဲ့လား။ မည်သူမျှ ယုံကြည်မည်မဟုတ်။ သူမတွင် သက်သေအထောက်အထားပင် မရှိချေ။

ယနေ့ညကျမှ နှင်းများသည် ပိုမိုသည်းထန်စွာ ကျဆင်းနေလေသည်။

ကျိချန်သည် သက်မဲ့ရုပ်အလောင်းကဲ့သို့ လူစည်ကားရာ လမ်းမမှ ဖြတ်လျှောက်လာခဲ့လိုက်သည်။ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ပါးလွှာသောကြောင့် သူမ၏ လက်နှင့် ခြေထောက်များသည် အေးခဲနေသော်လည်း သူမသည် မသိကျိုးကျွန်ပြုကာ ချန်းဖိင်ဖန်းရပ်ကွက်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။

သူမသည် မြို့စားအိမ်တော်မှ နှင်ထုတ်ခံရပြီးနောက် ချန်းဖိင်ဖန်းရပ်ကွက်ရှိ ဆိုင်ငယ်လေးတစ်ဆိုင်တွင် နေထိုင်ခဲ့သည်။ ထိုဆိုင်ငယ်လေးမှာ မနှစ်က အမေက သူမအား ပေးခဲ့သော လက်ဆောင်ဖြစ်သည်။

မြို့စားအိမ်တော်မှ ထွက်ခွာလာစဉ်က မိခင်ဖြစ်သူ၏ ပစ္စည်းများကို တစ်ခုမျှ ယူဆောင်ခွင့်မပေးခဲ့ပေ။ အကယ်၍ ထိုဆိုင်ငယ်လေးသည် တရားဝင် သူမ၏ နာမည်ဖြင့် မှတ်ပုံတင်ထားခြင်း မရှိခဲ့ပါက သူမသည် ယခုအခါ နေထိုင်စရာ နေရာပင် ရှိမည်မဟုတ်ပေ။

ချန်းဖိင်ဖန်းရပ်ကွက်သည် မြို့စားအိမ်တော်နှင့် နာရီဝက်ကျော်ခန့် လမ်းလျှောက်ရသော အကွာအဝေးတွင် ရှိလေသည်။ ကံကောင်းထောက်မစွာ ယနေ့သည် ရှန့်ယွမ်ပွဲတော်နေ့ဖြစ်သောကြောင့် ညမထွက်ရအမိန့် မရှိပေ။

ကျိချန်သည် မီးရောင်များ ထိန်လင်းပြီး လူသံများ ဆူညံနေသော လမ်းမကြီးကို ဖြတ်ကျော်ကာ ယုံဖိင်ဖန်းရပ်ကွက်ကို ဖြတ်သန်းသွားပြီးနောက် ဆူညံသော လူသံများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နှင်းပေါ်တွင် နင်းလျှောက်နေသော ဖိနပ်သံကိုသာ ကြားရတော့သည်။

မည်သည့်အချိန်ကမှန်း မသိဘဲ နှင်းဖြူများသည် မြေပြင်ကို ဖုံးလွှမ်းသွားခဲ့ပြီး ရှည်လျားသော လမ်းမပေါ်တွင် သူမ၏ ခြေရာများသာ ကျန်ရစ်ခဲ့သည်။

ချန်းဖိင်ဖန်းရပ်ကွက်ဘက်သို့ လျှောက်သွားလေလေ မီးရောင်များသည် ပို၍ ကျဲပါးလာလေလေပင်။ ကံကောင်းထောက်မစွာ ယနေ့ညတွင် နှင်းကျနေသောကြောင့် ခြေထောက်အောက်မှ လမ်းကို မြင်နိုင်သေးသည်။

အန်းဖိင်ဖန်းရပ်ကွက်ကို ဖြတ်ကျော်ပြီးလျှင် ချန်းဖိင်ဖန်းရပ်ကွက်ကို မြင်တွေ့ရတော့မည်ဖြစ်သည်။ ကျိချန်သည် ရပ်တန့်ကာ အနားယူလိုက်ပြီး လက်နှစ်ဖက်ကို ပါးစပ်နားတွင်ကပ်၍ လေပူများမှုတ်ထုတ်ကာ အေးခဲ၍ ခံစားချက်မဲ့လုနီးပါးဖြစ်နေသော လက်ချောင်းများကို နွေးထွေးအောင်လုပ်လိုက်သည်။

ခဏမျှ အနားယူပြီးနောက် သူမသည် ချန်းဖိင်ဖန်းရပ်ကွက်ဘက်သို့ ဆက်လက်လျှောက်သွားသည်။ လမ်းကြားငယ်တစ်ခုကို ဖြတ်သန်းသွားစဉ် ရုတ်တရက် အသက်ရှူသံပြင်းပြင်းကို ကြားလိုက်ရသည်။ ထိုအသံသည် သူမနှင့် မဝေးလှဘဲ လမ်းကြားထဲမှ ထွက်ပေါ်လာနေပြီး သားရဲတစ်ကောင် အသက်ရှူနေသကဲ့သို့ပင်။

သို့သော် သူမသည် သေသေချာချာလေး မစဉ်းစားရသေးမီမှာပင် စူးရှသော အော်သံတစ်သံသည် ညဉ့်နက်သန်းခေါင်ယံကို ထိုးဖောက်သွားခဲ့သည်။ သူမနှင့် မနီးမဝေးရှိ အိမ်တစ်အိမ်မှ ကြောက်မက်ဖွယ်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် အရိပ်အချို့သည် ကောင်းကင်သို့ ပျံတက်သွားကာ ဓားရောင်များ လက်ခနဲ ဖြစ်သွားခဲ့သည်။

ကျိချန်သည် တစ်စုံတစ်ယောက်က “ဟိုနတ်ဆိုးက အရှေ့ဘက်ကို သွားပြီ” ဟု အော်ဟစ်သံကို ကြားလိုက်ရသည်။

ထိုအိမ်၏ အရှေ့ဘက်သည် ကျိချန် ယခုရှိနေသော နေရာပင်။ သူမသည် စိတ်ထဲတွင် ထိတ်လန့်သွားပြီး မည်သို့တုံ့ပြန်ရမည်မသိ ဖြစ်နေစဉ်မှာပင် နောက်စေ့မှ အနံ့ဆိုးတစ်ခု ရရှိလိုက်သည်။

ထို့နောက်တွင် ကြယ်များကြွေလာသကဲ့သို့ မြားတံအများအပြား ပျံသန်းလာပြီး ထိုအထဲမှ မြားတစ်စင်းသည် သူမ မည်သို့မျှ မတုံ့ပြန်နိုင်မီမှာပင် နောက်ကျောမှနေ၍ ရင်ဘတ်ကို ထွင်းဖောက်သွားခဲ့သည်။

နောက်တစ်ခဏတွင်တော့ နတ်ဆိုးသည် လမ်းကြောင်းပြောင်းကာ တောင်ဘက်သို့ ထွက်ပြေးသွားပြီး ထိုမိစ္ဆာ၏ နောက်မှ လိုက်လာသော လူများသည်လည်း လမ်းကြောင်းပြောင်းကာ လိုက်ပါသွားကြသည်။

မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် ကျိချန်သည် လေးကိုင်ဆောင်ထားသော အရိပ်တစ်ခုသည် အိမ်ခေါင်မိုးပေါ်တွင် ခေတ္တမျှ ရပ်တန့်ကာ သူမ၏ ဘက်သို့ ကြည့်နေသည်ကို မသဲမကွဲ မြင်လိုက်ရသည်။

တစ်စုံတစ်ယောက်က “လူကြီးမင်းရွှဲ၊ ဟိုမိစ္ဆာ ထွက်ပြေးလွတ်မြောက်သွားပြီထင်တယ်...” ဟု ပြောဆိုသံကိုလည်း သူမ ကြားလိုက်ရသည်။

ထိုအရိပ်သည် ချက်ချင်း ပျောက်ကွယ်သွား၏။

ကျိချန်သည် မြေပြင်ပေါ်တွင် မှောက်လျက် လဲနေပြီး သည်းမခံနိုင်လောက်အောင် နာကျင်မှုကြောင့် စိတ်ပျက်အားငယ်သွားသည်။ ရွှဲမျိုးနွယ်... သူတို့သည် သူမကို အရှင်မထားလိုကြပေ။ သို့သော် သူမ မသေချင်သေး။

သူမ၏ လက်များသည် မြေကြီးကို အားကုန် ဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ်ကို တစ်လက်မချင်း ရှေ့သို့ ရွှေ့နေသည်။ ကျိချန်၏ ဦးနှောက်ထဲတွင် ဗလာနတ္ထိ ဖြစ်နေပြီး သူမသည် မိမိကိုယ်ကို ဤသို့ပြုလုပ်ခြင်းက ဘာများအဓိပ္ပာယ်ရှိသည်ကို မသိပေ။ သို့သော် သူမ အရှုံးမပေးချင်။

သူမသည် မည်မျှကြာအောင် တွားသွားခဲ့သည်ကို မသိတော့ပေ။ နာကျင်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း သူမသည် အသက်ပင် မရှူနိုင်တော့လောက်အောင် အားအင်ချိနဲ့လို့နေပြီ။

လမ်းကြားထဲမှ အမှောင်ထုက သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားချိန်အထိ သူမသည် ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ရာ သွေးနီရောင် သားရဲမျက်လုံးတစ်စုံနှင့် တည့်တည့်တိုးသွားလေတော့သည်။

...

All Chapters