← Chapters

ကျွန်မနာမည်က အားချန်၊ ချည်နှောင်ခြင်းရဲ့ ချန်...

Vol. 1 Ch. 2

ကျွန်မနာမည်က အားချန်၊ ချည်နှောင်ခြင်းရဲ့ ချန်...

Vol. 1 Ch. 2

ထိုသားရဲမျက်လုံးများ၏ စူးရှသည့်အကြည့်အောက်တွင် ကျိချန်၏ အားအင်များ ကုန်ဆုံးသွားခဲ့၏။ သူမ၏ မျက်နှာသည် မြေပြင်နှင့် ကပ်လျက်နေပြီး အသံမှာ ကြားနိုင်ရုံမျှသာ ရှိတော့သည်။ “နင်... ငါ့ကို စားမလို့လား”

အမှောင်ထဲတွင် ပြင်းထန်သော အသက်ရှူသံများသာ ကြားနေရပြီး ထိုထိတ်လန့်ဖွယ် သားရဲမျက်လုံးများမှာလည်း မပြောင်းမလဲ ရှိနေ၏။

“ဒါဆိုရင် ငါ့ကို လာစားလိုက်ပါတော့။ ဒီအတိုင်း ဒီနေရာမှာ သေသွားတာထက်စာရင် ကောင်းပါတယ်...” သူမသည် တဆက်တည်း တီးတိုးရေရွတ်နေသည်။ “ငါ နည်းနည်းတော့ နာမှာ ကြောက်တယ်”

အသက်ရှူမှားလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည့် အခြေအနေတွင် သူမသည် နူးညံ့ညင်သာပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦး၏ အသံကို ရုတ်တရက် ကြားလိုက်ရသည်။ “ငါ လူသားမစားဘူး”

အသံသည် အမှောင်ထဲတွင် ပုန်းကွယ်နေသော သားရဲမျက်လုံးပိုင်ရှင်ထံမှ ထွက်ပေါ်လာခြင်းမှာ သေချာသည်။

“နင်... နင်က နတ်ဆိုး မလား”

ဒဏ္ဍာရီထဲက နတ်ဆိုးများသာလျှင် လူစကားပြောတတ်ပြီး လူအဖြစ်သို့ ပြောင်းလဲနိုင်သည် မဟုတ်ပါလား။

“ဟုတ်တယ်”

“နင်က... ဘာဖြစ်လို့ ရှန့်ကျင်းကို ရောက်လာတာလဲ။ လူတွေ တွေ့သွားရင် နင် သေသွားလိမ့်မယ်” ကျိချန်သည် မြေပြင်ပေါ်တွင် ကွေးကွေးလေး လဲလျောင်းနေပြီး သေခြင်းတရားနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့စိတ်သည် သူမအနားသို့ ရောက်ရှိလာသော ဤနတ်ဆိုးကြောင့် များစွာ လျော့ပါးသွားဟန်ရှိသည်။

“ငါက စည်းတံဆိပ် လာတောင်းတာ”

ကျိချန်သည် သူမ ဖတ်ဖူးသော ဒဏ္ဍာရီပုံပြင်များထဲတွင် နတ်ဆိုးတစ်ဦးသည် လူသားထံမှ စည်းတံဆိပ်ကို အောင်မြင်စွာ တောင်းခံနိုင်ပါက လူသားအသွင်သို့ ပြောင်းလဲနိုင်သည်ဟု မှတ်မိနေသည်။

“ဪ... နင် လူဖြစ်ချင်တာကိုး။ နင်... ငါ့ဆီက စည်းတံဆိပ် တောင်းလို့ရတယ်”

“ဘာဖြစ်လို့လဲ။ ငါက နတ်ဆိုးလေ၊ နင် မကြောက်ဘူးလား” ထိုသာယာသော အသံထဲတွင် အံ့ဩမှုများ ပါဝင်နေသည်။

ကျိချန်၏ မျက်လုံးများသည် မျက်စိရှေ့တွင် ကျဆင်းနေသော နှင်းမှုန်များကို အသက်မဲ့စွာ ကြည့်နေလိုက်ပြီး “နတ်ဆိုးက ဘာများ ကြောက်စရာရှိလို့လဲ”

အကြောက်စရာအကောင်းဆုံးက လူနှင့် လူ၏စိတ်နှလုံးပင်။

အမှောင်ထဲမှ အသံသည် ခဏမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် မေးလာခဲ့သည်။ “ငါ လူနဲ့တူရဲ့လား”

“တူတယ်။ နင်က သူတို့အားလုံးထက် ပိုပြီး လူနဲ့တူတယ်”

ဤစကားကို ပြောလိုက်ပြီးနောက် ကျိချန်သည် အင်အားအားလုံး ကုန်ဆုံးသွားတော့သည်။ သို့သော် အမှောင်ထဲတွင် မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။

သူမသည် ထိုအသံပိုင်ရှင်၏ သက်ပြင်းချသံကို ကြားလိုက်ရ၏။ “နှမြောစရာပဲ။ ငါ့အမြီးရှစ်ချောင်းလုံး ပြတ်သွားပြီ၊ လူအသွင် ပြောင်းလို့မရတော့ဘူး”

စည်းတံဆိပ် တောင်းခံခြင်းကို လူသိရှင်ကြား ပြောဆို၍မရပေ။ သူမသည် ဤသေလုနီးပါး မိန်းမပျိုအား ပြောပြရခြင်းမှာ သေဆုံးခါနီးတွင် စကားပြောဖော်တစ်ယောက် ရှာလိုသောကြောင့်သာပင်။ စည်းတံဆိပ် တောင်းခံခြင်းသည် သူမအတွက် စွဲလမ်းမှုတစ်ခုမျှသာ။

“ဘယ်လို... ဖြစ်ရတာလဲ” ကျိချန်၏ စိတ်ထဲတွင် နောင်တတစ်မျိုး ဖြစ်ပေါ်လာ၏။ သူမသည် မည်သည့်အရာမျှ မလုပ်နိုင်။ သေခါနီးတွင်ပင် အခြားသူကို ကူညီလိုသော်လည်း မအောင်မြင်ခဲ့ပေ။

“ငါလည်း သေတော့မှာပဲ” ထိုအသံက ဆို၏။

သူမသည် မိုင်ပေါင်းများစွာ ထွက်ပြေးပြီး သာ့ရှပြည်၏ ရှန့်ကျင်းမြို့တော်သို့ ရောက်ရှိလာခဲ့သည်။ ဤနေရာတွင် သူမအား အသက်ရှင်စေနိုင်မည့် နည်းလမ်းမရှိပေ။ သူမသည် မြို့ထဲသို့ ဝင်ရောက်လာခဲ့သော်လည်း သေခြင်းကိုသာ စောင့်ဆိုင်းနေရသည်။ သေဆုံးခါနီးတွင် လူသားတစ်ဦးနှင့် အဖော်ပြုရလိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။

ကျိချန် မမြင်နိုင်သော အမှောင်ထုထဲတွင် အမြီးမရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံးတွင် အရိုးထိအောင် နက်နေသည့် ဒဏ်ရာများနှင့် ပြည့်နေသော မြေခွေးတစ်ကောင်သည် တိတ်ဆိတ်စွာ ဝပ်နေလေသည်။ သူမ၏ ခန္ဓာကိုယ်သည် ပျက်စီးယိုယွင်းနေပြီး ခံနိုင်ရည်မရှိတော့ပေ။

နှင်းများသည် သူမအပေါ်သို့ ကျဆင်းလာပြီး မကြာမီမှာပင် သူမ၏ သွေးများဖြင့် စိုစွတ်သွားသည်။

“ဒီနေရာမှာ အတူတူ သေရတာကလည်း နင်တို့လူသားတွေပြောတဲ့ ရေစက်လို့ ဆိုရမှာပဲ”

ကျိချန်သည် သူမ၏ စကားထဲမှ အံ့ဩမှုအနည်းငယ်ကို ကူးစက်ခံရသည့်အလား မသိစိတ်ဖြင့် နှုတ်ခမ်းထောင့်ကို ကွေးလိုက်သည်။

ဟုတ်ပေသည်။ တစ်စုံတစ်ယောက်နှင့်အတူ သေဆုံးရခြင်းသည်လည်း ရေစက်တစ်ခုပင်။

“နင့်ရဲ့ အမြီးရှစ်ချောင်းလုံး... ဘာဖြစ်လို့ ပြတ်သွားရတာလဲ”

“မယုံကြည်သင့်တဲ့လူကို ယုံကြည်မိလို့ပဲ။ နင်ကရော”

“ငါ့အဖေက ငါ့ကို အသက်မရှင်စေချင်လို့ ဖြစ်မယ်”

လူတစ်ဦးနှင့် နတ်ဆိုးတစ်ကောင်သည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ ယုံကြည်ရသူ၏ သစ္စာဖောက်ခြင်း၊ အရင်းနှီးဆုံးလူ၏ သစ္စာဖောက်ခြင်းတို့သည် ကြားရသူအဖို့ အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည်။

စကားအနည်းငယ်ပြောပြီးနောက် ကျိချန်သည် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ သူမသည် မျက်စိရှေ့မှ နှင်းများကို တဖြည်းဖြည်း မမြင်ရတော့ပေ။

သူမသည် မိမိကိုယ်တိုင် မကြာမီ သေဆုံးရတော့မည်ကို သိသော်လည်း စိတ်ထဲတွင် မကျေနပ်မှုများ ရှိနေသည်။ ဤသို့ အလွယ်တကူ သေဆုံးသွားရမည်ကို မကျေနပ်ပေ။ မိမိကိုယ်တိုင် မည်သည့်အရာမျှ မလုပ်နိုင်သည်ကို မကျေနပ်ပေ။

သူမသည် ဖတ်ဖူးသော ဒဏ္ဍာရီပုံပြင်စာအုပ်ကို တစ်ဖန် ပြန်လည်သတိရမိသည်။ “ငါ ကြားဖူးတယ်... သရဲမိစ္ဆာတွေက လူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးတော့ အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ ဆက်ပြီး အသက်ရှင်နေနိုင်တယ်တဲ့၊ အဲဒါ တကယ်ပဲလား”

“တကယ်ပဲ။ ဒါပေမဲ့ အရမ်းခက်ခဲတယ်။ ဒီလိုကောက်ကျစ်တဲ့အမှုကို ကောင်းကင်ဘုံက ခွင့်မလွှတ်ဘူး”

“တကယ်လို့... ကိုယ်တိုင် သဘောတူရင်ရော” ကျိချန်၏ လေသံသည် ရုတ်တရက် စိုးရိမ်တကြီး ဖြစ်သွားသည်။ “တကယ်လို့ ငါ့ခန္ဓာကိုယ်ကို နင့်ကို ပေးလိုက်ရင် နင် အသက်ရှင်နိုင်မလား”

“...ဖြစ်နိုင်လောက်ပါတယ်” အချိန်အတော်ကြာမှ အသံပြန်ထွက်လာသည်။

ကျိချန်သည် နှုတ်ခမ်းကို ကွေး၍ ပြုံးလိုက်သည်။ “ကောင်းပြီလေ။ ငါ့ရဲ့ ဒီခန္ဓာကိုယ်ကို နင့်အတွက် ထားခဲ့မယ်။ ငါ သေသွားရင် နင်က ငါ့ကိုယ်စား ဆက်အသက်ရှင်လိုက်ပါ”

“ဘာဖြစ်လို့လဲ” အသံထဲတွင် နားမလည်နိုင်မှုများ အပြည့်ပါဝင်နေသည်။

“နင် ပြောတယ်လေ။ ငါတို့မှာ ရေစက်ပါတယ်။ ငါတို့နှစ်ယောက်လုံး ဒီနေရာမှာ သေလို့မဖြစ်ဘူး။ တစ်ယောက်ယောက်တော့ အသက်ရှင်ကျန်ရစ်ရမယ်။ ငါက... အဲဒီလူကို နင် ဖြစ်စေချင်တယ်။ တကယ်လို့... နင် အသက်ရှင်နိုင်ခဲ့ရင် ငါနဲ့ ငါ့အမေ့အတွက် ကလဲ့စားချေပေးနိုင်မလား”

“...ကောင်းပြီ” သူမသည် ဤလူသား၏ ခန္ဓာကိုယ်ကို အမှန်တကယ် သိမ်းပိုက်လိုက်ပါက ထိုသူပြောသကဲ့သို့ အသက်ရှင်နိုင်ကောင်း ရှင်ပေလိမ့်မည်။

သူမသည် မွေးရာပါ အမြီးရှစ်ချောင်းမြေခွေး ဖြစ်သောကြောင့် ဝိညာဉ်စွမ်းအင် အားကောင်းသည်။ အားနည်းသော လူသားခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် ကျန်ရှိသော စွမ်းအင်များဖြင့် ထိုသူ၏ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နိုင်ပေသည်။

သူမသည် ထိုသူကို ကတိပေးလိုက်လျှင် အနာဂတ်တွင် အဘယ်အရာနှင့် ရင်ဆိုင်ရမည်ကို မသိပေ။ သို့သော် အသက်ရှင်နိုင်ပါက မည်သူသည် သေချင်မည်နည်း။

သူမ၏ အဖြေကို ကြားရသောအခါ ကျိချန်သည် ပြုံးချင်သော်လည်း သူမ၏ မျက်နှာသည် တောင့်တင်းနေလေပြီ။

သူမက ဆိုသည်။ “ငါ့နာမည်က ကျိချန်၊ ရာသီဥတုရဲ့ 'ကျိ'၊ လမင်းရဲ့ 'ချန်'။ ဒီနာမည်ကို ငါ့အမေက ပေးထားတာ။ ငါ အရမ်းကြိုက်တယ်။ နောက်ဆိုရင် နင့်ကို ခဏငှားသုံးလိုက်မယ်”

“ကောင်းပြီ။ နင့်အတွက် ကလဲ့စားချေပြီးရင် နင့်နာမည်ကို နင့်ဆီ ပြန်ပေးမယ်”

“ကျေးဇူးတင်ပါတယ်... နင်ကရော၊ နင့်နာမည် ဘယ်လိုခေါ်လဲ”

“ငါ့နာမည်က အားချန်၊ ချည်နှောင်ခြင်းရဲ့ 'ချန်'၊ ငါ့မှာ မျိုးရိုးနာမည် မရှိဘူး”

“အားချန်...”

ကျိချန်သည် ခပ်တိုးတိုး တစ်ချက်ခေါ်လိုက်ပြီးနောက် အသံတိတ်သွားခဲ့သည်။

ကျိချန်၏ ခန္ဓာကိုယ်မှ နောက်ဆုံးအသက်ငွေ့ငွေ့ ပျောက်ကွယ်သွားသည့်အခိုက်တွင် အမှောင်ထဲမှ သားရဲမျက်လုံးများသည် ရုတ်တရက် မှိန်ကျသွားပြီး အစိမ်းရောင်အလင်းတန်းတစ်ခုသည် မြေခွေး၏ ပျက်စီးနေသော ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကျိချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ကောင်းကင်တွင် မိုးခြိမ်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီးနောက် မိုးခြိမ်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။

အားချန် ပြောသကဲ့သို့ပင် ခန္ဓာကိုယ်သိမ်းပိုက်ခြင်းသည် ကောင်းကင်ဘုံ၏ စည်းမျဉ်းကို ဆန့်ကျင်နေသည်။ အထူးသဖြင့် ဤရှန့်ကျင်းမြို့တော်၊ လူသားတို့၏ လောကီရေးရာ စည်ပင်ရာအရပ်တွင် နတ်ဆိုးသည် လူအသွင်ဆောင်ရန် ကြိုးပမ်းခြင်းကို ကောင်းကင်ဘုံက ခွင့်မပြုပေ။

အကယ်၍ ကျိချန်က သူမ၏ ခန္ဓာကိုယ်ကို မိမိသဘောဆန္ဒဖြင့် ပေးအပ်ခဲ့ခြင်း မဟုတ်ပါက သူမသည် ခန္ဓာကိုယ်ကို သိမ်းပိုက်သည့်အခိုက်တွင်ပင် မိုးကြိုးပစ်ခံရ၍ သေဆုံးသွားနိုင်ပေသည်။

ကျိချန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် အားအင်ချိနဲ့မှုနှင့် ပြင်းထန်သော နာကျင်မှုသည် သူမ၏ အသိစိတ်ကို ချက်ချင်း လွှမ်းမိုးသွားသည်။ နားထဲတွင် မိုးခြိမ်းသံများ ဆက်တိုက် ကြားနေရပြီး သူမ၏ ဝိညာဉ်ကို အချိန်မရွေး ဆွဲဖြဲပစ်တော့မည့်အလားပင်။

သို့သော် နောက်ဆုံးတွင် ထိုမိုးခြိမ်းသံသည် ကောင်းကင်တွင်သာ ပေါက်ကွဲသွားပြီး အောက်သို့ ကျမလာခဲ့ပေ။

နန်းမြို့တော်၊ ထုံထျန်းမျှော်စင်ထိပ်တွင် ကောင်းကင်နက္ခတ်တာရာများကို လေ့လာပြီး သာ့ရှပြည်မင်းဆက်အတွက် ယခုနှစ်၏ ကံကြမ္မာကို ဟောကိန်းထုတ်နေသော စစ်ထျန်းကျန့်(နက္ခတ်ဗေဒဌာန)မှ လူများအားလုံးသည် မိုးခြိမ်းသံကို ကြားလိုက်ရချိန်တွင် မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားကြသည်။

ကြီးကြပ်ရေးမှူးသည် လက်ထဲမှ နိမိတ်ကြည့်အိမ်မြှောင်ကို အနီးရှိ စိုးရိမ်ထိတ်လန့်နေသော လက်ထောက်ကြီးကြပ်ရေးမှူးထံသို့ ချက်ချင်း ပေးအပ်ကာ အမိန့်ပေးလိုက်၏။ “ဒီနိမိတ်ကြည့်အိမ်မြှောင်ကို မင်ကျင့်စီးရဲ့ တပ်မှူးချုပ်ဆီ အမြန်ဆုံး ပို့ပေးလိုက်။ နတ်ဆိုးကြီးတစ်ကောင် မြို့ထဲဝင်လာပြီး ကောင်းကင်နိမိတ်ကို လှုပ်ခတ်သွားတယ်လို့ ပြောလိုက်”

“ဟုတ်ကဲ့ပါ၊ လူကြီးမင်း” ထိုလက်ထောက်ကြီးကြပ်ရေးမှူးသည် နိမိတ်ကြည့်အိမ်မြှောင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

မင်ကျင့်စီးသည် သာ့ရှပြည်ကို တည်ထောင်သူ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် တည်ထောင်ခဲ့ပြီး သူ၏ အစ်ကိုတော်ဖြစ်သူ မင်ဝမ်(ဝမ်-ဦးရီတော်/မင်းသား)က ဦးဆောင်သည်။

သာ့ရှမင်းဆက်သည် နှစ်ပေါင်းတစ်ထောင်တိုင် တည်တံ့ခဲ့ပြီး မင်ကျင့်စီးသည် မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့သည်။ မျိုးဆက်အလိုက် ဌာနချုပ်မှူးများသည် တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာပြီး မင်ဝမ်ဘွဲ့ကို ရရှိကြသည်။

ထိုလက်ထောက်ကြီးကြပ်ရေးမှူးသည် မင်ကျင့်စီးရုံးတော်သို့ ဒယိမ်းဒယိုင် ရောက်ရှိလာပြီး အမည်ပြောကြားကာ တပ်မှူးချုပ်နှင့် တွေ့ဆုံလိုကြောင်း တောင်းဆိုခဲ့သည်။ သို့သော် တာဝန်ကျအစောင့်က တုံ့ဆိုင်းစွာဖြင့်ဒီည နန်းတော်ထဲမှာ" အရှင်မင်းကြီးက အမတ်တွေကို ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံနေလို့ တပ်မှူးချုပ်က ပွဲတော်တက်သွားပါတယ်”

လက်ထောက်ကြီးကြပ်ရေးမှူး၏ ရင်ထဲတွင် ချက်ချင်း အေးစက်သွားတော့သည်။ ကြီးကြပ်ရေးမှူးပြောသော နတ်ဆိုးကြီး၏ စွမ်းအားသည် အနည်းဆုံး အဆင့် ၄အဆင့် ရှိနိုင်ပေသည်။

လောကရှိ ကျင့်ကြံသူတို့သည် အဆင့်ငါးဆင့်ကို အမြင့်ဆုံးအဖြစ် သတ်မှတ်ထားပြီး မင်ကျင့်စီး၏ အကြီးအကဲ မင်ဝမ်သည် အဆင့်ငါးဆင့်ဖြစ်ကာ တပ်မှူးချူပ်မှာ ယခုအခါ အဆင့် ၄အဆင့် အထွတ်အထိပ်တွင် ရှိနေသည်။ မင်ဝမ် မရှိလျှင် သူ သွားခြင်းသည်သာ အလုံခြုံဆုံးဖြစ်သည်။

ယနေ့ညသည် မင်းဆက်၏ ကံကြမ္မာ စုစည်းရာနေ့ဖြစ်သောကြောင့် အကယ်၍ ဆူဆူညံညံဖြစ်ပြီး ဧကရာဇ်မင်းမြတ်ကို အနှောင့်အယှက်ဖြစ်စေပါက မည်သူမျှ ကောင်းကျိုးရမည် မဟုတ်ပေ။

“ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ။ တပ်မှူးချုပ်ကလွဲပြီး တခြားဘယ်လူကြီးမင်း ရှိသေးလဲ”

တာဝန်ကျအစောင့်က ပြန်ဖြေသည်။ “ရုံးတော်မှာ တမန်တော် ရှိပါသေးတယ်”

“ဘယ်တမန်တော်လဲ”

မင်ကျင့်စီး၏ တမန်တော်လေးဦးသည် တိုင်းပြည်အနှံ့မှ ထူးဆန်းသော ဘေးအန္တရာယ်များကို နှိမ်နင်းကြပြီး စွမ်းအားများကလည်း တစ်ဦးတစ်ယောက်ချင်းစီ မသေးလှပေ။ အကယ်၍ တစ်ဦးတစ်ယောက်ရှိနေပါက အဆင်ပြေနိုင်သေးသည်။

“ပိုင်ရှိုးမင်။ ပိုင်လူကြီးမင်းပါ”

ဤတမန်တော်ဖြစ်ကြောင်း ကြားသိရသောအခါ လက်ထောက်ကြီးကြပ်ရေးမှူး၏ စိတ်သည် လုံးဝ အေးချမ်းသွားပြီး အလျင်အမြန် ဆိုလိုက်သည်။ “ပိုင်လူကြီးမင်း ရှိနေတာလား။ အမြန်ဆုံး သတင်းပို့ပေးပါ”

ထိုတာဝန်ကျအစောင့် အလျင်အမြန် ထွက်ခွာသွားသည်ကို မြင်သောအခါ လက်ထောက်ကြီးကြပ်ရေးမှူး၏ စိတ်ထဲတွင် ယနေ့ည ရှန့်ယွမ်နန်းတွင်းစားပွဲတော်ကို ဤပိုင်လူကြီးမင်းသည် အဘယ်ကြောင့် မင်ဝမ်နှင့်အတူ မတက်ရောက်သနည်းဟု သိလိုစိတ် ဖြစ်ပေါ်လာပြန်သည်။

ပိုင်မျိုးနွယ်သည် တော်ဝင်မျိုးနွယ်နာမည်ဖြစ်ပြီး ငယ်ရွယ်စဉ်မှာပင် တမန်တော်ရာထူး ရရှိခဲ့သော ပိုင်လူကြီးမင်းသည်လည်း တော်ဝင်မျိုးနွယ်မှပင် ဖြစ်သည်။ သူသည် မင်ဝမ်၏ မွေးစားသားဖြစ်ကာ အနာဂတ်တွင် မင်ဝမ်၏ ဘွဲ့ထူးကို ဆက်ခံနိုင်ဖွယ်ရှိသည်ဟုပင် ကောလာဟလများ ထွက်ပေါ်နေသည်။

လွန်ခဲ့သော ငါးနှစ်က ပိုင်ရှိုးမင်သည် ရုတ်တရက် တမန်တော်ရာထူး ရရှိလာခဲ့သည်။ အစပိုင်းတွင် မကျေနပ်သူများစွာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် ဝေ့ရွှေမြစ်ကမ်းနားတွင် ဆူပူသောင်းကျန်းနေသော အဆင့်၄ နဂါးနက်ကို ဓားတစ်ချက်တည်းဖြင့် ခုတ်သတ်ခဲ့ပြီးနောက် ထိုအသံများ ပျောက်ကွယ်သွားခဲ့သည်။

ဤပိုင်လူကြီးမင်းသည် ယခင်က ယိုးကျိုးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါတွင် တာဝန်ပြောင်းရွှေ့ရမည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်၏။

ဤအတွေးများသည် လက်ထောက်ကြီးကြပ်ရေးမှူး၏ ဦးနှောက်ထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။ သူသည် အချိန်ကြာမြင့်စွာ မစောင့်လိုက်ရဘဲ ထိုတာဝန်ကျအစောင့်သည် ပြန်လည်ရောက်ရှိလာသည်။ “လူကြီးမင်း၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါ”

သူသည် လက်ထောက်ကြီးကြပ်ရေးမှူးကို မင်ကျင့်စီးရုံးတော်၏ အဓိကခန်းမဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။

သူတို့ မရောက်မီမှာပင် အရိပ်တစ်ခုသည် ရုံးတော်၏ အဓိကခန်းမဆောင်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုသူသည် အလွန်ငယ်ရွယ်ပြီး အလွန်ချောမောလှသည်။ သူ၏ မက်မွန်ပွင့်မျက်လုံးများသည် လူကို ကြည့်သည့်အခါ နူးညံ့သိမ်မွေ့မှု အပြည့်ပါဝင်နေပြီး သူသည် စိတ်ထားကောင်းသူတစ်ဦးဟု အလွယ်တကူ အထင်မှားစေနိုင်သည်။

သူသည် ရွှေရောင်သရဖူကို ဆောင်းထားပြီး အနက်ရောင်ဝတ်ရုံကြီးကို ခြုံလွှမ်းထားသည်။ အတွင်းမှ အနီရောင်တောက်တောက် အရာရှိဝတ်စုံမှာ လမ်းလျှောက်သည့်အခါ အစွန်းကိုသာ မြင်ရသည်။

လက်ထောက်ကြီးကြပ်ရေးမှူးသည် သိပ်ပြီးမကြည့်ဝံ့တော့ဘဲ ပိုင်ရှိုးမင် ထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ကိုယ်ကိုညွှတ်၍ အရိုအသေပေးလိုက်သည်။ “ပိုင်လူကြီးမင်း၊ ကျွန်တော်မျိုး နက္ခတ်ဗေဒင်ဌာနမှ လက်ထောက်ကြီးကြပ်ရေးမှူးပါ၊ ကြီးကြပ်ရေးမှူးရဲ့ အမိန့်အရ နတ်ဆိုးကြီးတစ်ကောင် မြို့ထဲဝင်ရောက်လာပြီး ကောင်းကင်ဘုံရဲ့ အခြေအနေ လှုပ်ခတ်သွားကြောင်း လာရောက်သတင်းပို့တာပါ ခင်ဗျာ”

“နေရာ”

လက်ထောက်ကြီးကြပ်ရေးမှူးသည် နိမိတ်ကြည့်အိမ်မြှောင်ကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။ “ဒါက ကြီးကြပ်ရေးမှူးက လူကြီးမင်းကို ပေးခိုင်းလိုက်တာပါ”

ပိုင်ရှိုးမင်သည် လက်လှမ်း၍ အနည်းငယ် ဟောင်းနွမ်းနေသော နိမိတ်ကြည့်အိမ်မြှောင်ကို ယူလိုက်သည်။ လက်ညှိုးမှ လက်စွပ်သည် သစ်သားအိမ်မြှောင်ကိုယ်ထည်နှင့် ထိခတ်မိရာ အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

သူသည် နိမိတ်ကြည့်အိမ်မြှောင်ကို ငုံ့ကြည့်လိုက်၏။ အပေါ်တွင် အနက်၊ အဖြူ၊ အနီရောင် လက်တံသုံးချောင်းရှိပြီး အနီရောင်လက်တံသည် နေရာရွှေ့လျားနေကာ မြို့ထဲသို့ ဝင်ရောက်လာသော နတ်ဆိုးကြီး၏ နေရာကို ညွှန်ပြနေဟန်တူသည်။

“လူစုလိုက်” ပိုင်ရှိုးမင်က အမိန့်ပေးလိုက်သည်။

ပတ်ဝန်းကျင်မှ ချက်ချင်း လူအများအပြားက “ဟုတ်ကဲ့” ဟု ပြန်လည်ဖြေကြားလိုက်ကြသည်။

ထိုလက်ထောက်ကြီးကြပ်ရေးမှူးသည် ထိတ်လန့်သွားပြီး ဘေးဘီကို ကြည့်လိုက်သော်လည်း စကားပြောသူများကို မမြင်တွေ့ရပေ။

ခဏအကြာတွင်ပင် မင်ကျင့်စီးမှ အစောင့်အရှောက် ဒါဇင်ပေါင်းများစွာသည် အသင့်အနေအထားဖြင့် စုရုံးရောက်ရှိလာကြသည်။

ပိုင်ရှိုးမင်သည် လက်အောက်ငယ်သားတစ်ဦး ဆွဲလာသော နဂါးသွေးမြင်းပေါ်သို့ မတက်မီ လက်ထောက်ကြီးကြပ်ရေးမှူးကို ပြန်လည်ပို့ဆောင်ရန် အမိန့်ပေးခဲ့သည်။

မင်ကျင့်စီး၏ နဂါးသွေးမြင်းများသည် လမ်းမကြီးကို ဖြတ်၍ သွားလာကြလျှင် ပတ်ဝန်းကျင်မှ လူများသည် လမ်းဖယ်ပေးကြပြီး မည်သူမျှ နောက်မှလိုက်၍ စူးစမ်းရန် မဝံ့ရဲကြပေ။

နဂါးသွေးမြင်း၏ အရှိန်ဖြင့် ခဏမျှသာ ခရီးနှင်ပြီးနောက် နတ်ဆိုးကြီး ရပ်တန့်နေသော နေရာသို့ ရောက်ရှိသွားခဲ့သည်။

မြင်း၁၅ငါးစီးသည် အန်းဖိင်ဖန်းရပ်ကွက်တွင် ရပ်တန့်သွားပြီး လူအားလုံးသည် မြင်းပေါ်မှ ဆင်းကာ တိတ်ဆိတ်စွာ ရပ်ကွက်ထဲသို့ ဝင်ရောက်သွားကြသည်။ ပိုင်ရှိုးမင်က လက်တံညွှန်ပြရာ နေရာသို့ လျှောက်လာခဲ့လိုက်သည်။

မှောင်မိုက်သော လမ်းကြားသည် ကျင့်ကြံသူများ၏ အမြင်အာရုံကို မတားဆီးနိုင်ပေ။ တစ်ချက်ကြည့်ရုံဖြင့် ပိုင်ရှိုးမင်သည် လမ်းကြားအတွင်းမှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

လူတစ်ဦးနှင့် နတ်ဆိုးတစ်ကောင်သည် တစ်နေရာတည်းတွင် လဲကျနေသည်။ ထိုနတ်ဆိုးသည် အသက်မရှိတော့ဘဲ သူ၏ဘေးတွင် ကွေးကွေးလေး လဲလျောင်းနေသော လူကမူ အသက်ရှင်နေဟန်ရှိသည်။ ထိုသူ၏ လက်ဘေးတွင် သွေးစွန်းနေသော မြားတစ်စင်း ရှိနေ၏။

စိတ်ဝိညာဉ်သည် ကွဲအက်နေသော နှလုံးသားကို ပြုပြင်ပြီးနောက် ခန္ဓာကိုယ်က ဆက်လက်၍ အားနည်းနေဆဲဖြစ်ကာ အားချန်သည် အင်အားပိုမရှိတော့ပေ။ လူသားများသည် သူမ ထင်ထားသည်ထက် ပိုမိုအားနည်းလှသည်။ အထူးသဖြင့် ကျိချန်ကဲ့သို့ ကျင့်ကြံ၍မရသော သာမန်လူသားပင်။

သူမသည် ယခုအခါ ထမထိုင်နိုင်တော့ဘဲ မိမိ၏ မူလခန္ဓာကိုယ်အနီးတွင် နွေးထွေးမှုရယူရန်သာ တတ်နိုင်တော့သည်။

ရုတ်တရက် သူမသည် တည်ငြိမ်သော ခြေသံတစ်သံကို ကြားလိုက်ရ၏။ တစ်စုံတစ်ယောက်တော့ ရောက်လာလေပြီ။

...

All Chapters