မင်းက တကယ်ပဲ ကျိချန် ဟုတ်ရဲ့လား
Vol. 1 Ch. 3
အားချန်သည် မျက်လုံးများကို ဖွင့်လိုက်၏။ သူမ၏ မျက်တောင်များက ခပ်ဖျော့ဖျော့ တုန်ခါသွားပြီး တဖွဲဖွဲကျနေသော နှင်းစများကြားမှ အနက်ရောင်သားရေဖိနပ်တစ်စုံသည် သူမ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။
သူမ ပါးစပ်မဟနိုင်ခင်မှာပင် ဓားအိမ်ထဲမှ မထုတ်ရသေးသော ဓားရှည်တစ်ချောင်းက သူမ၏ လည်ပင်းထက်သို့ ရောက်လာ၏။ ကုန်စင်အောင် တိုက်ချွတ်၍မပြီးသေးသည့် ဓားအိမ်ပေါ်မှ အကြေးခွံများသည် သူမ၏ လည်ပင်းနံဘေးကို ထိရုံမျှဖြင့် သွေးစို့သွားစေခဲ့သည်။
"နာမည်”
ဦးခေါင်းထက်မှ အသံသည် နူးညံ့ညင်သာ၍ လေးနက်တည်ငြိမ်လှသည်။ အကယ်၍ ထိုဓားရှည်သာ သူမ၏ လည်ပင်းပေါ်တွင် မရှိနေခဲ့ပါလျှင် အားချန်သည် ထိုသူအား နူးညံ့သိမ်မွေ့သော အမျိုးသားတစ်ဦးဟု ထင်မှတ်မိပေလိမ့်မည်။
"အား... ကျိချန်ပါ”
"မင်း ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ”
"ကျွန်မရဲ့အိမ်က ချန်းဖိင်ဖန်းမှာပါ။ အိမ်ပြန်လမ်းမှာ ဒီနေရာကို ဖြတ်လာရုံသက်သက်ပါ”
ခန္ဓာကိုယ်ကို လွှဲပြောင်းရယူပြီးနောက်တွင် ကျိချန်၏ မှတ်ဉာဏ်တို့သည် အားချန်၏ ဦးနှောက်ထဲသို့ တိုက်ရိုက်ပင် စီးဝင်လာခဲ့၏။ ထိုအရာသည် အခြားလူတစ်ယောက်၏ တိုတောင်းလှသော ဘဝတစ်ခုလုံးဖြစ်ပြီး သူမအနေဖြင့် ကျိချန်အဖြစ် ဆက်လက်အသက်ရှင်သန်နိုင်ရန် သော့ချက်လည်း ဖြစ်သည်။
အားချန်သည် ရှေ့မှောက်မှ လူကို ရင်ဆိုင်ရန်အတွက် ယနေ့ည၏ မှတ်ဉာဏ်များကို လျင်မြန်စွာ ဖမ်းယူလိုက်၏။
"ဘာတွေဖြစ်ခဲ့တာလဲ”
မြေပြင်ပေါ်တွင် လဲလျောင်းရင်း အစစ်ဆေးခံရသည့် ခံစားချက်က သိပ်မကောင်းလှပေ။ သို့သော် သူမအနားမှ အမျိုးသားသည် ဓားကို ဖယ်ပေးမည့် အရိပ်အယောင်ပင် မပြသောကြောင့် ထိုအနေအထားအတိုင်းပင် ဆက်နေရင်း သူ၏မေးခွန်းများကို နာခံစွာ ဖြေကြားလိုက်ရသည်။
"ကျွန်မ အပြန်လမ်းမှာ အနီးအနားက လူတွေ မိစ္ဆာလိုက်ဖမ်းနေတာနဲ့ ကြုံခဲ့ရတယ်။ အဲ့ဒီမိစ္ဆာက ကျွန်မဆီကို ပြေးလာတဲ့အချိန်မှာ မြားတစ်စင်းက ပျံသန်းလာပြီး... ကျွန်မကို ထိမှန်သွားခဲ့တယ်”
ဒဏ်ရာသည် သက်သာသွားခဲ့ပြီဖြစ်၍ ဤအပိုစကားများကို သူမ ပြောစရာမလိုပေ။ သို့သော် ဤအဖြူရောင်ဝတ်ရုံသည် သိသာလွန်းပြီး ရင်ဘတ်တွင် သွေးကွက်ကြီးက ထင်ထင်ရှားရှား စွန်းထင်းနေသောကြောင့် ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။
ပိုင်ရှိုးမင်၏ အကြည့်တို့သည် သူမ၏စကားအတိုင်း အောက်သို့ရွေ့လျားသွားပြီး သူမ၏ နှလုံးသားနေရာတွင် ရပ်တန့်သွားခဲ့သည်။ ထို့နောက် အနီးရှိ မြားတံကို ကြည့်လိုက်ရာ ၎င်းသည် တော်ဝင်မြားအမျိုးအစားဖြစ်ပြီး ပုံစံအရ တရားစီရင်ရေးရာဝန်ကြီးဌာနမှ ဖြစ်ဟန်တူသည်။
"ဆက်ပြော”
"ကျွန်မ ဒီလမ်းကြားထဲကို တွားသွားလာခဲ့ပြီးတော့ သူ့ကို တွေ့လိုက်ရတယ်”
"မင်း သူ့ကို စကားပြောလိုက်သေးလား”
"ကျွန်မ သေတော့မယ်လို့ ထင်ပြီး သူက ကျွန်မကို စားပစ်တော့မယ်လို့ ထင်ခဲ့တာနဲ့ စကားတစ်ခွန်း ပြောလိုက်မိတယ်။ သူက ကျွန်မကို ပြန်ထူးလာမယ်လို့ ဘယ်သူသိမှာပဲ”
"ဘာတွေပြောခဲ့လဲ”
"သူက လူမစားဘူးလို့ ပြောတယ်။ ပြီးတော့ ကျွန်မနာမည်ကို မေးပြီးနောက်မှာတော့ အသံတိတ်သွားခဲ့တယ်”
ဦးခေါင်းထက်မှ လှောင်ရယ်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် သူမ၏ အသက်ကို အချိန်မရွေး ခြိမ်းခြောက်နေသော ဓားသည် နောက်ဆုံးတွင် ဖယ်ခွာသွားခဲ့၏။ ရပ်နေသော အမျိုးသားသည် သူမရှေ့တွင် တစ်ဝက်ဒူးထောက် ထိုင်ချလိုက်ရာ အနက်ရောင်ဝတ်ရုံကြီးသည် မြေပြင်ပေါ်သို့ လျှောကျသွားပြီး နှင်းမှုန်များဖြင့် စွန်းထင်းသွားလေသည်။
အားချန်သည် အချိန်တိုလေးအတွင်းတွင် စဉ်းစားလိုက်မိသည်... အဲ့ဒီဝတ်ရုံ ကြည့်ရတာ နွေးနေမှာပဲ။
ယခင်က သူမသည် အအေးဒဏ်ကို တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ သူမ၏ သားမွေးသည် လှပရုံသာမက အလွန်နွေးထွေးလှသည်။ ယခုမူ သူမသည် အေးစက်၍ တုန်ရီနေခဲ့၏။
လူဖြစ်ရတာ တကယ်မလွယ်ပါလား။
"တော်တော်သတ္တိရှိသားပဲ ဒီအရာရှိကိုတောင် လိမ်ရဲတယ်ပေါ့လေ”
ဤအပြုံးသဲ့သဲ့ပါသော စကားသံသည် သူမ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည့် နောက်တစ်ခဏ၌ သံညှပ်ကဲ့သို့ လက်တစ်ဖက်က သူမ၏လည်ပင်းကို ဆွဲကိုင်လိုက်ပြီး မျက်နှာကို အတင်းအကျပ် ဆွဲမော့လိုက်ရာ အားချန်သည် သူနှင့် မျက်နှာချင်းဆိုင်လိုက်ရတော့သည်။
မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်မှာ အလွန်အမင်း ချောမောလှပသော မျက်နှာတစ်ခုဖြစ်သည်။ ထိုမျက်နှာသည် နတ်ဒေဝါတို့မှ အနုစိတ်ဖန်ဆင်းထားသကဲ့သို့ပင်။ သူမ သိကျွမ်းခဲ့သော နတ်မိစ္ဆာများနှင့် လူသားများထဲတွင် အနည်းဆုံး ထိပ်ဆုံးသုံးယောက်စာရင်းတွင် ပါဝင်ပေလိမ့်မည်။
သူမသည် အလွန်ချေးများတတ်သူဖြစ်ပြီး ချောမောလှပသူများကို အမြဲတမ်း နှစ်သက်တတ်ခဲ့သဖြင့် ထိုအကျင့်ကြောင့်ပင် အကြိမ်ကြိမ် ဒုက္ခရောက်ခဲ့ရဖူးသည်။ ရှေ့က တစ်ယောက်သည်လည်း ရင်ဆိုင်ရန် မလွယ်ကူလောက်ပေ။
ထိုအမျိုးသားတွင် နူးညံ့သော မျက်လုံးတစ်စုံရှိပြီး သူမကို ငုံ့ကြည့်သည့်အခါ မျက်ဝန်းထဲတွင် ယစ်မူးဖွယ် အလင်းတန်းများ ဖြတ်ပြေးသွားသကဲ့သို့ ထင်မှတ်ရ၏။ သို့သော် သူ၏ လက်အောက်မှ လှုပ်ရှားမှုသည် အနည်းငယ်မျှပင် မပေါ့ပါးပေ။ ခဏအကြာတွင် အားချန်သည် မျက်လုံးများ ပြာဝေလာပြီး အသက်ရှူလို့ပင် မရတော့ပေ။
သူမသည် လွတ်မြောက်ရန်အတွက် တစ်ဖက်လူ၏ လက်ကို အသည်းအသန် ဆုပ်ကိုင်ထားသော်လည်း အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ခဲ့ပေ။
ပိုင်ရှိုးမင်သည် သူမ ရုန်းကန်ရန် အားနည်းလာသည်အထိ ထိုအတိုင်း ကြည့်နေပြီးမှ လက်ကို အနည်းငယ် လျှော့ပေးကာ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
"ဒီအရာရှိ နောက်တစ်ခေါက် ထပ်မေးမယ်။ အဲ့ကောင်မက မင်းကို ဘာတွေပြောသွားသေးလဲ”
"သူက ကျွန်မဆီကနေ စည်းတံဆိပ် တောင်းပေမဲ့ မအောင်မြင်ခဲ့ဘူး။ သူက အမြီးရှစ်ချောင်းပါတဲ့ မြေခွေးတစ်ကောင်လို့လည်း ပြောသွားသေးတယ်”
"အမြီးရှစ်ချောင်းမြေခွေး ဟုတ်လား" ပိုင်ရှိုးမင်၏ မျက်ဝန်းများ အရောင်လက်သွားပြီး ရုတ်တရက် အသံထွက်ခေါ်လိုက်သည် "ဖုန်းယန်”
"တပ်မှူး အမိန့်ရှိပါ”
ဖုန်းယန်ဟု အမည်ရသော အမျိုးသားသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်မသိ။ မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် အထက်လူကြီး၏ အမိန့်ကို စောင့်ဆိုင်းနေ၏။
"လူလွှတ်ပြီး အလောင်းကို စစ်ဆေးခိုင်းလိုက်”
"ဟုတ်ကဲ့”
မကြာမီ လူနှစ်ယောက်ရောက်လာပြီး အားချန်၏ မူလခန္ဓာကိုယ်ကို ဝိုင်းဝန်းစစ်ဆေးကြ၏။ ခဏအကြာတွင် ထိုနှစ်ယောက်သည် စစ်ဆေးပြီးစီး၍ ဘေးတွင် လက်နှစ်ဖက်ကို ယှက်ကာ ရပ်နေကြသည်။
"ဘယ်လိုလဲ” ပိုင်ရှိုးမင်က မေး၏။
"လူကြီးမင်းကို သတင်းပို့ပါတယ်။ ဒီမိစ္ဆာက တကယ်ပဲ အမြီးရှစ်ချောင်းပါတဲ့ မြေခွေးတစ်ကောင်ဖြစ်ပြီး အသက်အရွယ်လည်း မကြီးသေးပါဘူး။ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေက အရိုးထိအောင် နက်ပြီး လူတစ်စုက ဝိုင်းသတ်ထားတဲ့ပုံပါပဲ။ ကျွန်တော်တို့ သူ့ကိုယ်ထဲမှာ အမြုတေလုံးကို မတွေ့ခဲ့ပါဘူး”
ပိုင်ရှိုးမင်သည် သူတို့၏ စစ်ဆေးချက်ကို စိတ်ဝင်စားပုံမရဘဲ တစ်ခွန်းသာ မေးလိုက်သည်။
"တကယ် သေသွားပြီလား”
"တကယ် သေသွားပါပြီ”
"မင်ကျင့်စီးကို သယ်သွားလိုက်”
"ဟုတ်ကဲ့”
"ဒီတစ်ယောက်ကိုလည်း..." သူသည် မတ်တပ်ရပ်လိုက်ပြီး ဖုန်းယန်ကမ်းပေးသော ပဝါဖြင့် လက်ကိုသုတ်ရင်း "ခေါ်သွားလိုက်”
စကားဆုံးသည်နှင့် ပဝါသည် မြေပြင်ပေါ်သို့ ကျသွားသည်။
"ဟုတ်ကဲ့”
အားချန်သည် မင်ကျင့်စီးသို့ ခေါ်ဆောင်ခံခဲ့ရ၏။ ပို၍ တိတိကျကျဆိုရလျှင် သူမသည် မင်ကျင့်စီး၏ မြေအောက်ရှိ အကျဉ်းထောင်သို့ ခေါ်ဆောင်ခံခဲ့ရခြင်းဖြစ်သည်။
သူမသည် မြေအောက်အကျဉ်းထောင်အကြောင်းကို ကြားဖူး၏။ ထိုနေရာတွင် မိစ္ဆာကြီးများစွာကို ချုပ်နှောင်ထားသည်ဟု ဆိုကြပြီး ထိုနေရာသည် မိစ္ဆာပေါက်စလေးများကို ပုံပြင်ပြော၍ ငိုအောင် ခြောက်လှန့်နိုင်သည့် နေရာတစ်ခုပင်။
ကျိချန်၏ မှတ်ဉာဏ်ထဲတွင်လည်း လူအများအပြားက မင်ကျင့်စီး၏ မြေအောက်အကျဉ်းထောင်သို့ ဝင်သွားလျှင် အသက်ရှင်လျက် ထွက်လာသူ အလွန်နည်းပါးသည်ဟု ပြောစမှတ်ပြုကြ၏။
မြေအောက်အကျဉ်းထောင်၏ ဝင်ပေါက်တွင် အနက်ရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော မင်ကျင့်စီး အစောင့်များသည် နေ့ရောညပါ ကင်းစောင့်နေကြပြီး အနက်ရောင် သံမဏိတံခါးနှစ်ချပ်ပေါ်တွင် နဂါးမင်း၏ ကိုးယောက်မြောက်သားတော် ပိအန်း၏ ပုံရိပ်သည် မထင်မရှား ပေါ်နေ၏။
မင်ကျင့်စီး အစောင့်သည် အားချန်ကို ခေါ်ဆောင်၍ ချဉ်းကပ်လာသောအခါ တံခါးပေါ်မှ ပိအန်း၏ ပုံရိပ်သည် ပို၍ ထင်ရှားလာပြီး ထိုမျက်လုံးတစ်စုံသည် သူမ၏ ခြေလှမ်းများနှင့်အညီ ဖြည်းညင်းစွာ ရွေ့လျားလို့နေကာ သံမဏိတံခါးကြီး ပွင့်သွားသည့်တိုင်အောင်ပင်။ ထို့နောက် အားချန်သည် အတွင်းသို့ တွန်းထိုးခြင်း ခံလိုက်ရလေသည်။
မြေအောက်အကျဉ်းထောင် တံခါးမကြီးကို ဖြတ်ကျော်ဝင်ရောက်လာသော အားချန်သည် စိတ်ထဲမှ ကြိတ်၍ တွေးလိုက်မိသည်... အဲ့ဒီလူ ငါ့ကို သံသယဝင်နေတာပဲ။
ပိအန်းသည် အမှားအမှန်ကို ခွဲခြားနိုင်ပြီး အပြစ်ဒဏ်များကို ဆုံးဖြတ်နိုင်စွမ်းရှိသည်ကို လောကီသားတိုင်း သိကြသော်လည်း သူ၏ နဂါးမျက်ဝန်းတစ်စုံသည် လူ့ခန္ဓာနှင့် ဝိညာဉ်တို့ ကိုက်ညီမှု ရှိ မရှိကို ထွင်းဖောက်မြင်နိုင်သည်ကိုမူ မသိကြပေ။
အကယ်၍သာ သူမသည် ယနေ့ညတွင် ကျိချန်၏ ခန္ဓာကိုယ်ကို အတင်းအကျပ် လွှဲပြောင်းရယူခဲ့ပါလျှင် ကောင်းကင်ဘုံ၏ အပြစ်ဒဏ်မှ ကံကောင်း၍ လွတ်မြောက်ခဲ့သည့်တိုင် ထိုသူ၏ လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သို့သော် သူမသည် ဤအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့်တိုင် ယနေ့ အသက်ရှင်လျက် ထွက်သွားနိုင်ပါမည်လား။
မင်ကျင့်စီး အစောင့်သည် သူမကို အကျဉ်းခန်းသို့ ခေါ်မသွားဘဲ နက်ရှိုင်းပြီး မှောင်မိုက်သော စင်္ကြံတစ်ခုကို ဖြတ်၍ ခေါ်ဆောင်သွားသည်။ စင်္ကြံအဆုံးတွင် မီးရောင်လင်းနေသော ကျောက်သားအခန်း တစ်ခုရှိနေ၏။
အတွင်းသို့ ဝင်ရောက်ပြီးနောက်မှ အားချန်သည် ထိုနေရာမှာ စစ်ကြောရေးအခန်းတစ်ခုဖြစ်ကြောင်း သိလိုက်ရတော့သည်။
သူမ ခုနက မြင်လိုက်ရသော အနီရောင်မီးတောက်သည် မီးဖိုထဲတွင် တောက်လောင်နေသော မီးသွေးခဲများမှဖြစ်ပြီး အပေါ်တွင် အရွယ်အစားအမျိုးမျိုးရှိသော သံပူကပ်တံဆိပ်များ တင်ထားသည်။
မင်ကျင့်စီး အစောင့်သည် အားချန်ကို အခန်းထောင့်ရှိ သံတိုင်တွင် လျင်မြန်စွာနှင့် တိတ်ဆိတ်စွာ ချိတ်ဆွဲလိုက်ပြီး သူမ၏ ခြေလက်လေးဖက်နှင့် လည်ပင်းကို သံကြိုးများဖြင့် ချည်နှောင်ကာ တိတ်ဆိတ်စွာပင် ပြန်လည်ထွက်ခွာသွားသည်။
စစ်ကြောရေးအခန်းထဲတွင် အားချန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။
အခြေအနေသည် ဤအဆင့်သို့ ရောက်လာမှ အားချန်သည် မိမိ မည်သို့သော အမှားမျိုးကို ကျူးလွန်ခဲ့မိသည်ကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
ကျင့်ယန်မြို့စားအိမ်တော်တွင် ငယ်စဉ်ကတည်းက အလိုလိုက်ခံ ကြီးပြင်းလာခဲ့သော အမျိုးသမီးငယ်တစ်ဦးသည် ဤသို့သော ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရသည့်အခါ ဤမျှလောက် တည်ငြိမ်နေမည် မဟုတ်ပေ။
သူမသည် ထိုလူ၏ မေးခွန်းများကို ရှင်းလင်းပြတ်သားစွာ ဖြေကြားလိုက်သည့် အချိန်မှာပင် တစ်ဖက်လူ၏ ထောင်ချောက်ထဲသို့ သက်ဆင်းသွားခဲ့ပြီး ဖြစ်သည်။
သူမအနေဖြင့် စိတ်ထဲတွင် နောင်တရနေသော်လည်း အရာမထင်တော့ပေ။
အကယ်၍ သူမသည် ယနေ့ ထိုလူအား ကျိုးကြောင်းဆီလျော်သော ဖြေရှင်းချက်တစ်ခု မပေးနိုင်ခဲ့ပါလျှင် သူတို့သည် မှားယွင်းစွာ သတ်ဖြတ်မိသည့်တိုင် သူမကို အလွတ်ပေးမည် မဟုတ်ပေ။
အားချန်သည် မိမိ၏ အသက်အတွက် စိုးရိမ်နေစဉ်မှာပင် ပိုင်ရှိုးမင်သည် ရုံးခန်းအတွင်း၌ ဖုန်းယန်၏ အစီရင်ခံချက်ကို နားထောင်နေခဲ့သည်။
"လူကြီးမင်း ကျိချန်ရဲ့ နောက်ကြောင်းကို စုံစမ်းပြီးပါပြီ”
"ပြော” ယခုအချိန်တွင် ပိုင်ရှိုးမင်သည် ဝတ်ရုံကြီးကို ချွတ်ထားပြီး နဂါးရုပ် ၅ခု ရွှေချည်ထိုးထားသော အနီရောင်ရုံးဝတ်စုံသည် သူ၏ ရှည်လျားသော ကိုယ်လုံးကို ပို၍ ထင်ရှားပေါ်လွင်စေသည်။
"ကျိချန်က အစတုန်းက ကျင့်ယန်မြို့စား ကျိဟန်ရဲ့ တရားဝင်ဇနီးကနေ မွေးဖွားတဲ့ သမီးကြီးပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ မျိုးနွယ်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ကြားရတာကတော့ ကျင့်ယန်မြို့စားက ဒီကျိချန်ဟာ သူ့ရဲ့ သမီးအရင်း မဟုတ်ဘူးဆိုတာကို ရုတ်တရက် သိရှိသွားလို့ပါတဲ့”
"ရုတ်တရက် သိသွားတယ် ဟုတ်လား" ပိုင်ရှိုးမင်သည် နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး ထိုစကားကို အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်နေပုံရသည်။
"ကျွန်တော်မျိုး ထင်မြင်ချက်အရတော့ ကျင့်ယန်မြို့စားရဲ့ ဒီလုပ်ရပ်က ရာထူးက အဖြုတ်ခံရတဲ့ လင်းမျိုးနွယ်နဲ့ သက်ဆိုင်လောက်ပါတယ်။ အရင် ကျင့်ယန်မြို့စားကတော်က လင်းမျိုးနွယ်ရဲ့ တရားဝင်သမီး ဖြစ်ခဲ့လို့ပါပဲ”
"အင်း တခြားကော” ပိုင်ရှိုးမင်သည် လက်ဖက်ရည်ခွက်ကို မော့၍ တစ်ငုံသောက်လိုက်သည်။
"နောက်တစ်ခုကတော့ ဒီည ကျိချန်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့သူက တရားစီရင်ရေးရာဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီး ရွှဲမင်ထန် ဖြစ်လောက်တယ်။ ဒီရွှဲမင်ထန်ရဲ့ အစ်မက မကြာသေးခင်ကမှ ကျင့်ယန်မြို့စားနဲ့ လက်ထပ်ခဲ့ပြီး သားနဲ့သမီးကိုလည်း ခေါ်ဆောင်သွားခဲ့ပါတယ်”
"ဒါပဲလား”
ဖုန်းယန်က ခေါင်းညိတ်လိုက်သည်။ "ဒါပါပဲ”
သူ၏ သုံးသပ်ချက်ကိုမူ လူကြီးမင်းက နားထောင်ရန် မလိုအပ်ဟု ထင်မြင်လေမည်။ ကျင့်ယန်မြို့စားအိမ်တော်၏ ထိုညစ်ပတ်သော ကိစ္စများသည် သူတို့၏ အရှင်သခင်ကို ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
"ကျိချန်ဆိုတာ ဘယ်လိုလူစားမျိုးလဲ”
ဖုန်းယန်သည် ခဏမျှ ကြောင်သွားပြီး သူစုံစမ်းရရှိထားသော အချက်အလက်များကို အားစိုက်၍ ပြန်လည်စဉ်းစားကာ နောက်ဆုံးတွင် စကားလုံးလေးလုံးဖြင့် အကျဉ်းချုံးလိုက်သည် "မျိုးရိုးမြင့် အမျိုးသမီးငယ်တစ်ဦးပါ”
ပိုင်ရှိုးမင်သည် အေးစက်စွာ ရယ်မောလိုက်သည် "တော်တော် မျိုးရိုးမြင့်တဲ့ အမျိုးသမီးငယ်ပါလား”
ဖုန်းယန်သည်လည်း ယခင်က ကျိချန်နှင့်ပတ်သက်ပြီး တစ်ခုခု မူမမှန်ဖြစ်နေသည်ကို သတိပြုမိသော်လည်း စကားအပို မပြောဝံ့ခဲ့ပေ။
"ဟိုမြေခွေးမိစ္ဆာကကော”
"မြေခွေးမိစ္ဆာရဲ့ အလောင်းကို စစ်ဆေးဖို့ ပို့လိုက်ပါပြီ။ သူ့ရဲ့ဝိညာဉ် အကြွင်းအကျန်ကို မတွေ့ရှိရပါဘူး။ ပျောက်ကွယ်သွားလောက်ပါပြီ”
"ပျောက်ကွယ်သွားတယ် ဟုတ်လား။ မိစ္ဆာမျိုးနွယ်တွေက အမြဲတမ်း ကောက်ကျစ်စဉ်းလဲတယ် အသက်ရှင်ဖို့ အခွင့်အရေးရှိရင် သူက အသေခံဖို့ စိတ်လိုလက်ရ ရှိပါ့မလား”
"ဒါပေမဲ့ အဲ့ဒီကျိချန်က ပိအန်းရဲ့ မျက်စိအောက်ကနေ ဖြတ်သွားခဲ့တာ ဘာမှထူးခြားမှုမရှိခဲ့ပါဘူး”
ပိုင်ရှိုးမင်သည် ထ၍ အပြင်သို့ ထွက်သွားရင်း "ငါလည်း အဲ့ဒီအချက်ကိုပဲ စိတ်ဝင်စားနေတာ”
သံတိုင်တွင် ချိတ်ဆွဲခံထားရသည့် ခံစားချက်သည် မကောင်းလှပေ။ အထူးသဖြင့် အားချန်၏ ခန္ဓာကိုယ်သည် အလွန်အမင်း အားနည်းသောကြောင့်ပင်။
အစပိုင်းတွင် သူမသည် ခန္ဓာကိုယ်လွှဲပြောင်းရယူခြင်းကြောင့် ဝိညာဉ်နှင့် ခန္ဓာကိုယ် မကိုက်ညီမှုကြောင့် ဖြစ်ရမည်ဟု ထင်ခဲ့ပြီး အချိန်အတိုင်းအတာတစ်ခု လိုက်လျောညီထွေဖြစ်အောင် နေလိုက်လျှင် ကောင်းသွားမည်ဟု တွေးခဲ့သည်။
သို့သော် ဤမျှကြာမြင့်သည့်တိုင် အနည်းငယ်မျှ ပြန်လည်ကောင်းမွန်လာသည့် အရိပ်အယောင် မရှိသောအခါ သူမ၏ စိတ်ထဲတွင် ဤအားနည်းမှုသည် ဝိညာဉ်မကိုက်ညီမှုကြောင့် မဖြစ်နိုင်ဟု တိတ်တဆိတ် တွေးထင်မိလာသည်။
ထိုအချိန်တွင် သူမသည် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ မကြာမီ ရှည်လျားသော အရိပ်တစ်ခုသည် စစ်ကြောရေးအခန်း အပြင်ဘက်တွင် ပေါ်လာခဲ့သည်။
အားချန်သည် ထိုလူ ဝင်လာသည်ကို မျက်တောင်မခတ် ကြည့်နေမိ၏။ ဤတစ်ကြိမ်တွင် သူသည် ဓားကို ယူဆောင်မလာသော်လည်း ဤကျောက်သားအခန်းထဲတွင် ဓားထက်ပို၍ အန္တရာယ်များသော အရာများစွာ ရှိနေသည်။
သူမ ဘာတွေတွေးနေသည်ကို သိသည့်အလား ပိုင်ရှိုးမင်သည် စားပွဲတစ်ခုရှေ့တွင် ရပ်တန့်လိုက်ပြီး အပေါ်တွင် တင်ထားသော ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများစွာထဲမှ ကြာပွတ်တစ်ချောင်းကို ရွေးချယ်လိုက်သည်။
သူသည် ထိုကြာပွတ်ကို ကိုင်ဆောင်လျက် အားချန်၏ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။
"နာမည်”
ဤသည်မှာ ပိုင်ရှိုးမင် သူမ၏ နာမည်ကို ဒုတိယအကြိမ် မေးမြန်းခြင်းဖြစ်သည်။
"ကျိချန်”
"ကျိချန်?" သူ၏ အသံသည် နိမ့်ကျနေပြီး ထိုစာလုံးနှစ်လုံးကို ရွတ်ဆိုသည့်အခါ ချစ်သူ၏ နာမည်ကို တီးတိုးရေရွတ်နေသကဲ့သို့ အသက်ရှူမှားလောက်အောင် နူးညံ့နေလေသည်။
"နာမည်လေးက သိပ်လှတာပဲ ဒါပေမဲ့... မင်းက တကယ်ပဲ ကျိချန် ဟုတ်လို့လား”
"လူကြီးမင်းက ကျွန်မကို မဟုတ်ဘူးလို့ ထင်နေတာလား” အားချန်သည် ပိုင်ရှိုးမင်ကို စိန်ခေါ်သကဲ့သို့ ကြည့်လိုက်သည်။
ကြမ်းတမ်းသော ကြာပွတ်သည် သူမ၏ ပါးပြင်ပေါ်တွင် ညင်သာစွာ ပွတ်ဆွဲသွား၏။ ပိုင်ရှိုးမင်၏ စိတ်ခံစားချက်သည် အနည်းငယ်မျှပင် မပြောင်းလဲဘဲ အားချန်ကို စူးစိုက်ကြည့်နေရင်း " ကျင့်ယန်မြို့စားရဲ့ တရားဝင်သမီးက သတ္တိနည်းတဲ့သူတစ်ယောက် မဟုတ်ဘူးပဲ”
"အကယ်၍သာ လူကြီးမင်းလည်း တစ်ခါလောက် သေဖူးခဲ့မယ်ဆိုရင် ဒီလိုမျိုး တွေးနေမှာ မဟုတ်တော့ဘူး ထင်တယ်။ ကျွန်မရဲ့ သတ္တိက လူကြီးမင်း ထင်ထားတာထက် ပိုကြီးမားပါတယ်”
"အိုး? ဘယ်လောက်တောင် ကြီးမားလို့လဲ”
အားချန် ပြုံးလိုက်သည်။ "လူကြီးမင်းက ဟိုမြေခွေးမရဲ့ အမြုတေလုံး ဘယ်ရောက်သွားလဲဆိုတာ သိချင်နေတာ မဟုတ်လား။ ကျွန်မ သိတယ်”
"မင်း သိတယ်?"
"လူကြီးမင်း အနားကို တိုးလာခဲ့ပါ။ ကျွန်မ ပြောပြမယ်”
ပိုင်ရှိုးမင်သည် အားချန်ထံသို့ ချဉ်းကပ်လာရာ နှစ်ဦးသား၏ အသက်ရှုသံများ ရောယှက်သွားလုနီးပါးဖြစ်နေပြီး သူမ၏ မျက်ဝန်းထဲတွင် သူ၏ နူးညံ့ကြင်နာသော မျက်ဝန်းတစ်စုံကို မြင်နေရသည်။
အားချန်သည် ညင်သာစွာ အသက်ရှူထုတ်လိုက်ရင်း "ကျွန်မ စားလိုက်လို့”
နောက်တစ်ခဏတွင် သူမသည် နာကျင်စွာ အော်ဟစ်လိုက်ရ၏။
ပိုင်ရှိုးမင်သည် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေပြီး သူ၏ လက်ထဲမှ ကြာပွတ်သည် အားချန်၏ ကိုယ်ပေါ်တွင် ရှည်လျားသော သွေးရာတစ်ခုကို ချန်ရစ်ခဲ့လေသည်။
ကြာပွတ်ကို ဝေ့လိုက်သည်နှင့် အပေါ်မှ ဆူးချွန်များ အားလုံးသည် ပွင့်ထွက်လာကာ သွေးနှင့်အသားကိုပင် ခွာထုတ်နိုင်စွမ်းရှိပြီး အလွန်အမင်း ရက်စက်လှ၏။
အားချန်သည် နာကျင်မှုကြောင့် တစ်ကိုယ်လုံး တုန်ရီနေသော်လည်း သူမ၏ အသိစိတ်ကို ထိန်းသိမ်းကာ သူ့ကို ဆွပေးလိုက်သေးသည်။ "ရှင် ကျွန်မကို ရိုက်လည်း အလကားပဲ။ အဲ့ဒါကို ကျွန်မ စားလိုက်တာပဲ”
"လူက မိစ္ဆာရဲ့ အမြုတေလုံးကို စားရင် သေလိမ့်မယ်”
"မိစ္ဆာက သူ့သဘောနဲ့သူ ပေးတာဆိုရင်တော့ မသေဘူး” အားချန်သည် အသက်ကို ပြင်းပြင်းရှူရင်း "သူမ အသက်မရှင်ချင်တော့ဘူး။ ဒါကြောင့် သူ့ရဲ့ အမြုတေလုံးကို ကျွန်မကို သူ့သဘောနဲ့သူ ပေးခဲ့တာ။ သူမရဲ့ အမြုတေလုံးကို မစားခဲ့ဘူးဆိုရင် အဲ့ဒီမြားက ကျွန်မအသက်ကို နှုတ်ယူသွား ပြီးလောက်ပြီ”
ကြားရသည်မှာ ကျိုးကြောင်းဆီလျော်သော ရှင်းလင်းချက်တစ်ခုလိုပင်။
...