သူမ ကံကောင်းတာပါ
Vol. 1 Ch. 4
"စေတနာနဲ့လား။ မင်းတို့က မမျှော်လင့်ဘဲ တွေ့ခဲ့ကြတာပဲလေ။ သူက ဘာအတွက်ကြောင့်နဲ့ သူ့ရဲ့အမြုတေကို စေတနာနဲ့ မင်းကို ပေးရမှာလဲ”
"ကျွန်မတို့နှစ်ယောက်က ဘဝတူတွေမလို့ သနားသွားတာ ဖြစ်နိုင်ပါတယ်။ သူပြောတာတော့ သူ့ရဲ့အမြုတေက အများကြီး ပျက်စီးသွားပြီ၊ အသက်ရှင်ဖို့ကလည်း မလွယ်တော့ဘူး၊ ဒါပေမဲ့ ကျွန်မအသက်ကို ကယ်ဖို့အတွက်တော့ အသုံးဝင်သေးတယ်တဲ့”
ပိုင်ရှိုးမင်သည် အားချန်အား ပြုံး၍ ကြည့်နေ၏။ သူမ စကားဆုံးသွားသည်တွင် သူက ဖြည်းညင်းစွာ ထပ်ပြောလိုက်သည်။ "ဒီလောကကြီးမှာ ဒီလောက်စေတနာကောင်းတဲ့ မိစ္ဆာရှိတယ်လို့ အခုမှပဲ ကြားဖူးတော့တယ်။ ပြီးတော့ မင်းနဲ့မှ လာတွေ့ရတယ်လို့”
ထိုသို့ပြောနေရင်း သူသည် သံဘောင်ကိုပတ်၍ ဖြည်းညင်းစွာ လမ်းလျှောက်နေ၏။ ကြာပွတ်၏အဖျားသည် မြေပြင်ပေါ်သို့ တရွတ်တိုက်ပါလာပြီး ခပ်တိုးတိုး ခြစ်သံထွက်ပေါ်လာသည်။
အားချန်သည် သူက သူမ၏ကျောဖက်သို့ လာနေသည်ကို ခံစားမိနေ၏။ စောစောက နာကျင်မှုကို ပြန်တွေးမိသည်တွင် သူမ၏ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်သွားတော့သည်။ သို့သော် အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်၏။ "ဒါ ကျွန်မ ကံကောင်းသွားတာ ဖြစ်မှာပါ”
"ငါ့ရဲ့မင်ကျင့်စီးထဲ ဝင်လာပြီဆိုကတည်းက မင်းရဲ့ကံက သိပ်မကောင်းဘူးဆိုတာ သက်သေပြနေတာပဲ”
စကားသံဆုံးသည်နှင့် အဝတ်စုတ်ပြဲသံ ထွက်ပေါ်လာ၏။ ယခင်က မြားထိုးဖောက်ထားသဖြင့် ပေါက်ပြဲနေပြီးသော ခါးတိုအင်္ကျီသည် အတွင်းခံနှင့်အတူ ပို၍ကြီးမားသော အပေါက်ဖြစ်အောင် ဆွဲဖြဲခံလိုက်ရသည်။
စစ်ကြောရေးအခန်းထဲတွင် မီးသွေးမီးဖိုရှိသော်လည်း အေးစက်စက်လေသည် အဝတ်အစားများထဲသို့ တိုးဝင်လာသဖြင့် အားချန်၏ ခန္ဓာကိုယ်သည် ချက်ချင်း တောင့်တင်းသွားတော့သည်။
ပိုင်ရှိုးမင်က စုတ်ပြဲနေသော အင်္ကျီအောက်မှ ဖြူဖွေးချောမွတ်နေသော ကျောပြင်ကို ကြည့်ကာ မျက်လုံးကို အနည်းငယ် မှေးစင်းထားလိုက်၏။ အမှန်ပင်။ ဒဏ်ရာအမာရွတ် တစ်စက်မှ မကျန်ရစ်ခဲ့ပေ။
"အခု ပြောစမ်း။ ငါ စုံစမ်းထားတဲ့ ကျိချန်နဲ့ မင်းနဲ့က ဘာလို့ တစ်ယောက်တည်းလို့ မထင်ရတာလဲ” ဆူးချွန်ကြာပွတ်သည် သူမ၏ကျောပြင်ပေါ်သို့ ညင်သာစွာ ပွတ်ဆွဲသွားပြီး "ငါက အခါခါ လိမ်ပြောတတ်တဲ့သူတွေကို မကြိုက်ဘူး။ နားလည်ရဲ့လား”
အားချန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး နှုတ်ခမ်းထောင့်ကို အနည်းငယ် ဆွဲပင့်ထားလိုက်ကာ "လူကြီးမင်းကို မလှည့်စားဝံ့ပါဘူး။ သူ့အမြုတေကို စားပြီးတဲ့နောက်မှာ သူ့ရဲ့မှတ်ဉာဏ်တစ်ချို့ကို ရခဲ့ပါတယ်။ အဲဒီမှတ်ဉာဏ်တွေနဲ့ ပေါင်းစပ်သွားလို့ ကျွန်မ ပြောင်းလဲသွားတာ ဖြစ်နိုင်ပါတယ်”
"ဟုတ်လို့လား” ပိုင်ရှိုးမင်သည် သူမရှေ့သို့ ပြန်ရောက်လာသည်။ "ဒါပေမဲ့ ငါ ကတော့ မြေခွေးမိစ္ဆာက လူ့ခန္ဓာကိုယ်ကို အပိုင်စီးပြီး ငါ့ကိုလှည့်စားဖို့ ကြိုးစားတယ်ဆိုတဲ့ ဇာတ်လမ်းက ပိုပြီး ယုတ္တိရှိတယ်လို့ ထင်တယ်”
"လူကြီးမင်းက ကျွန်မကို မြေခွေးမိစ္ဆာလို့ ထင်နေတာလား” အားချန်သည် သရော်သလို ရယ်မောလိုက်ရင်း မျက်ဝန်းများ နီရဲလာ၏။
"မင်း မဟုတ်ဘူးလား”
"လူကြီးမင်းက ကျွန်မအဖေနဲ့ တော်တော်တူတာပဲ။ ကျွန်မ အပေါ်ကို ရေဆိုးတွေ လောင်းချဖို့ပဲ တွေးနေတာ။ တကယ်လို့ ကျွန်မကို သေစေချင်ရင် အကြောင်းပြချက်ရှာစရာ လိုသေးလို့လား”
စကား ပြောနေရင်းက မျက်ရည်များသည် ကြိုးပြတ်သွားသည့် ပုလဲလုံးများကဲ့သို့ တလိမ့်လိမ့် ကျဆင်းလာ၏။ မျက်ရည်စက်များသည် ချွန်မြမြမေးစေ့မှတစ်ဆင့် ကိုယ်ပေါ်သို့ ကျဆင်းသွားသော်လည်း သူမသည် ပိုင်ရှိုးမင်ကိုသာ စိုက်ကြည့်နေလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီကနေ အသက်ရှင်လျက် ထွက်သွားရင်တောင် နောက်ထပ်ဘယ်နှစ်ရက် အသက်ရှင်နိုင်ဦးမလဲဆိုတာ မသေချာပါဘူး။ ကျွန်မအမေ သေသွားပြီ။ ကျွန်မအဖေကလည်း ကျွန်မကိုပါ လိုက်သေစေချင်နေတယ်။ ကျွန်မ စဉ်းစားမိတာက လူကြီးမင်းလက်ထဲမှာ သေတာကမှ အလောင်းကောက်ပေးမယ့်သူ ရှိဦးမယ်လို့လေ”
ပိုင်ရှိုးမင်သည် သူ့ရှေ့မှ သေချင်လှပြီဟု ထပ်တလဲလဲ ပြောနေသော မိန်းမပျိုကို ကြည့်ရင်း လွန်ခဲ့သောနှစ်များစွာက သူ့အား သတ်ပေးရန် တောင်းပန်ခဲ့သူတစ်ဦးကို ရုတ်တရက် အမှတ်ရသွားတော့သည်။
မသေချင်သော်ငြားလည်း သူ့ထံမှ သေခြင်းတရားကိုသာ တောင်းခံခဲ့ရသည်။
အတိတ်မှ အမှတ်တရများသည် ပိုင်ရှိုးမင်ကို ခဏတာတွေ ဝေသွားစေပြီး မကြာမီ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
သူ့စိတ်ထဲတွင် တွေးလိုက်မိ၏။ သူ့ရှေ့မှလူသည် သူ့မှတ်ဉာဏ်ထဲမှလူနှင့် များစွာကွာခြားနေသည်ပင်။
သူမသည် အသက်ရှင်သန်ရန် နည်းလမ်းမျိုးစုံသုံး၍ ကြိုးစားနေသည်မှာ မြင်သာလှ၏။ ထို့ကြောင့်လည်း ဤသို့ ဆွဲဆောင်မှုရှိအောင် ငိုပြနေခြင်းပင်...။
သူ၏လက်ချောင်းထိပ်များ လှုပ်ရှားသွားပြီးနောက် နောက်ဆုံးတွင် သူက စကားဆိုလိုက်သည်။ "လူရှိလား”
"လူကြီးမင်း” အကျဉ်းထောင်စောင့်နှစ်ဦးသည် စစ်ကြောရေး အခန်းအပြင်ဘက်တွင် ပေါ်လာခဲ့သည်။
"သူ့ကို အချုပ်ထဲထည့်ထားလိုက်”
"ဟုတ်ကဲ့”
သံဘောင်ပေါ်မှ ချပေးခံရပြီးနောက် အားချန်၏ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ပုံကျသွား၏။ သူမ၏ခန္ဓာကိုယ်ပေါ်မှ ကြာပွတ်ဒဏ်ရာသည် သူမ၏အသက်တစ်ဝက်ကို နုတ်ယူသွားသလောက်ပင်။ သို့သော် အသက်တော့ ချမ်းသာရာရခဲ့သေးသည်။
အကျဉ်းထောင်စောင့်နှစ်ဦးသည် သူမ၏လက်မောင်းတစ်ဖက်စီကို ဆွဲကာ မည်းမှောင်နေသော အချုပ်ခန်းတစ်ခုထဲသို့ ပို့ဆောင်ပြီးနောက် အချုပ်ခန်းတံခါးကို လျင်မြန်စွာသော့ခတ်ကာ ထွက်သွားကြလေသည်။
အချုပ်ခန်းထဲတွင် ဘာမျှမရှိချေ။ သာမန်အချုပ်ခန်းများတွင် ခင်းထားသည့် ကောက်ရိုးတစ်ပင်မျှပင် မရှိပေ။ အားချန်သည် မြေပြင်ပေါ်တွင် ကွေးကွေးလေး လှဲနေရင်း ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုနှင့် မြေပြင်ပေါ်က အအေးဓာတ်ကို ကြိတ်မှိတ်ခံနေရသည်။
သူမသည် အလွန်အမင်းအားနည်းနေသဖြင့် အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူမကို အချုပ်ခန်းထဲသို့ ပို့ပြီးနောက်တွင် ပိုင်ရှိုးမင်သည် အပြင်ဘက်တွင်ရပ်ကာ သူမကို ကြည့်နေသည်ကိုလည်း သူမ မသိခဲ့ပေ။
သူသည် လက်မှလက်စွပ်ကို ပွတ်သပ်နေမိသည်။ ကျိချန်အပေါ် သံသယစိတ်များကတော့ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
ခဏရပ်ကြည့်ပြီးနောက် သူသည် အနားတွင် စောင့်နေသော အကျဉ်းထောင်စောင့်ကို တိုးတိုးလေး စကားအနည်းငယ်မှာကြားပြီးမှ လှည့်ထွက်သွားသည်။
မြေအောက်အကျဉ်းထောင်မှ ထွက်ပြီးနောက် ပိုင်ရှိုးမင်သည် မင်ကျင့်စီးရုံး၏ အနောက်မြောက်ဘက်ထောင့်ရှိ စာကြည့်တိုက်သို့ ဦးတည်သွားလိုက်၏။ သူသည် အပေါ်ဆုံးထပ်ရှိ စာကြည့်ခန်းငယ်တစ်ခုတွင် ဆံပင်နှင့် မုတ်ဆိတ်ဖြူဖွေးနေပြီး စုတ်တံကိုင်လျှင်ပင် တုန်ယင်နေသော အဘိုးကြီးတစ်ဦးကို သွားရှာလိုက်သည်။
ထိုအဘိုးကြီးသည် ပိုင်ရှိုးမင်ကို မြင်လျှင် စုတ်တံကိုချကာ ထရန်ကြိုးစားသော်လည်း သူက လှမ်းတားလိုက်သည်။
"အရိုအသေပြုစရာမလိုပါဘူး”
ထိုအဘိုးကြီးသည် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး စကားဆိုလိုက်သည်။ "စာကြည့်တိုက်မှူးဟောင်း ကျန်းယီက တမန်တော် လူကြီးမင်းကို ဂါရဝပြုပါတယ်။ လူကြီးမင်း ဘာများ စုံစမ်းစရာရှိလို့ပါလဲ”
ပိုင်ရှိုးမင်က သူ့အား အပိုစကားမဆိုဘဲ တိုက်ရိုက်မေးလိုက်တော့သည်။ "လူသားတစ်ယောက်က မိစ္ဆာအမြုတေကို မျိုချပြီး အသက်ရှင်နိုင်ပါ့မလား”
ကျန်းယီသည် ခဏစဉ်းစားပြီးမှ ပြောလာ၏။ "သဘောတရားအရတော့ မဖြစ်နိုင်ပါဘူး။ မိစ္ဆာမျိုးနွယ်ရဲ့ စွမ်းအားက လူသားမျိုးနွယ်နဲ့ ကွာခြားလွန်းတာကြောင့် ပေါင်းစပ်ဖို့ ခက်ခဲပါတယ်”
"ခက်ခဲတယ်ဆိုတာက ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သဘောလား” ပိုင်ရှိုးမင်သည် သူ၏စကားထဲမှ မသေချာမှုကို ဖမ်းဆုပ်လိုက်သည်။
"လူကြီးမင်း ကျွန်တော့်ရဲ့ ဘိုးဘေးတစ်ယောက်က မှတ်တမ်းစာအုပ်မှာ ရေးခဲ့ဖူးပါတယ်။ မိစ္ဆာမျိုးနွယ်က ဆန္ဒအလျောက် မိစ္ဆာအမြုတေကို ထုတ်ပြီး သာမန်လူသားကို ပေးရင် သာမန်လူသားက မျိုချပြီးနောက် အသက်ဆက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုး အသက်တစ်ရာကျော်နေပြီ။ တစ်ခါမှ မျက်မြင်မတွေ့ဖူးပါဘူး”
" ခင်ဗျားဘိုးဘေးရဲ့ မှတ်တမ်းစာအုပ်မှာ ရေးထားတာတွေက အမှန်လို့ ခင်ဗျား ထင်လား”
"ဘိုးဘေးက မျိုးဆက်အလိုက် လက်ဆင့်ကမ်းနိုင်တဲ့ မှတ်တမ်းစာအုပ်ကို ချန်ထားခဲ့တာဆိုတော့ ကိုယ်တိုင်မြင်ဖူးလို့ ဖြစ်မှာပါ။ ကျွန်တော် ငယ်ငယ်တုန်းက နေရာအနှံ့က ထူးဆန်းတဲ့ပုံပြင်တွေကို ရှာဖွေဖတ်ရှုခဲ့ဖူးတယ်။ အဲဒီထဲမှာ မိစ္ဆာက ကိုယ့်ချစ်ရသူကို မိစ္ဆာအမြုတေပေးတဲ့ ဇာတ်လမ်းတွေလည်း မနည်းမနောပါပဲ။ ဒါတွေက လုံးဝအခြေအမြစ်မရှိဘူးလို့တော့ မဆိုနိုင်ပါဘူး”
ပိုင်ရှိုးမင် မျက်မှောင်ကြုတ်သွားသည်ကိုမြင်လိုက်သောအခါ ကျန်းယီသည် ဖြည်းညင်းစွာ ဆက်ပြောလေသည်။ "ကျွန်တော် အရင်တုန်းက မိစ္ဆာအမြုတေ အနည်းငယ်ကို လေ့လာခဲ့ဖူးပါတယ်။ အဲဒီထဲမှာ ပြင်းထန်တဲ့ မိစ္ဆာစွမ်းအားအပြင် ကြီးမားတဲ့အသက်စွမ်းအားလည်း ပါဝင်နေတာ အမှန်ပါပဲ။ မိစ္ဆာအမြုတေထဲက မိစ္ဆာစွမ်းအားကို ဖယ်ရှားနိုင်ရင် ကျန်တာက ဒီလောကမှာ အကောင်းဆုံး အသက်ရှည်ဆေးပါပဲ”
"ခင်ဗျား စမ်းကြည့်ဖူးလား” သူ၏စကားကြောင့် ပိုင်ရှိုးမင် အနည်းငယ် စိတ်ဝင်စားသွားသည်။
ကျန်းယီသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "ကျွန်တော် မစမ်းဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော့်အစား အရင် စမ်းသပ်ပေးသွားတဲ့လူ ရှိခဲ့ပါတယ်”
သူသည် မျက်လုံးမှေးကာ အတိတ်ကို ခဏပြန်စဉ်းစားပြီးမှ ပြောသည်။ "အဲဒါက ယခင်မင်းဆက်တုန်းကပေါ့။ ထုန်ကျိုးနယ်မှာ မိစ္ဆာနတ်ဘုရားဂိုဏ်းတစ်ခု ပေါ်ပေါက်ခဲ့တယ်။ သူတို့က မိစ္ဆာအမြုတေနဲ့ နတ်ဘုရားဖြစ်အောင် ကျင့်ကြံတဲ့လမ်းစဉ်ကို လိုက်ကြတယ်။ ဂိုဏ်းသားတွေက မိစ္ဆာအမြုတေကို ကိုယ်ထဲမှာ မြှုပ်နှံကြတယ်။ အသက်ရှင်ကျန်ရစ်တဲ့သူတွေက မိစ္ဆာပုံပြောင်းသွားပြီး နန်းတော်အတွက် ပြဿနာတွေ အများကြီး ပေးခဲ့ကြတယ်”
"နောက်တော့ရော။ ပထမဧကရာဇ်က လူလွှတ်ပြီး မိစ္ဆာနတ်ဘုရားဂိုဏ်းကို ရှင်းလင်းလိုက်လား”
"မလုပ်ခဲ့ပါဘူး” ဤသို့ပြောရင်း ကျန်းယီသည် မရယ်ဘဲမနေနိုင်တော့ပေ။ "ပထမဧကရာဇ်က စစ်တပ်မလွှတ်ခင်မှာပဲ ဒီမိစ္ဆာနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်က သေသွားတယ်”
"ဘယ်လိုသေတာလဲ”
"ဒီဂိုဏ်းချုပ်က လိပ်နက်မိစ္ဆာရဲ့အမြုတေက အသက်နှစ်တစ်ထောင် ဆက်ပေးနိုင်တယ်လို့ ကြားတော့ အဆင့်သုံး လိပ်နက်မိစ္ဆာတစ်ကောင်ကို အမဲလိုက်သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ သူက ဂိုဏ်းသားတွေကို အမြုတေထဲက မိစ္ဆာစွမ်းအားကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီ။ နောင်မှာ မိစ္ဆာနတ်ဘုရားဂိုဏ်းသားအားလုံး မသေမျိုးတွေ ဖြစ်လာလိမ့်မယ်လို့တောင် ပြောခဲ့သေးတယ်။ ပြီးတော့ သူက လူအများရှေ့မှာ အဲဒီအမြုတေကို မျိုချလိုက်တယ်။ ရလဒ်ကတော့ အဆင့်လေးအစွမ်းရှိသူ တစ်ယောက်က ချက်ချင်းပဲ ပေါက်ကွဲသွားပြီး အမှုန့်ဖြစ်သွားခဲ့တယ်။ မိစ္ဆာနတ်ဘုရားဂိုဏ်းရဲ့ အထက်ပိုင်းလူအားလုံးကိုပါ တစ်ခါတည်း ပေါက်ကွဲသေဆုံးစေခဲ့တယ်”
"မိစ္ဆာစွမ်းအားကို သန့်စင်အောင် မဖယ်ရှားနိုင်ခဲ့လို့လား”
"ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။ အဲဒီဂိုဏ်းချုပ်က အဆင့်လေးကို ရောက်နေပြီ၊ ဒီလောက်တော့ ခွဲခြားနိုင်မှာပါ။ ကျွန်တော် အမြဲထင်တာက မိစ္ဆာအမြုတေဆိုတာ မိစ္ဆာမျိုးနွယ်ရဲ့ အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခုလိုပဲ။ အထဲမှာ သူတို့ရဲ့စွမ်းအားနဲ့ အသက်စွမ်းအားတွေ ပါဝင်နေတယ်။ ပြီးတော့ သူတို့ရဲ့အသိစိတ်လည်း ပါဝင်နိုင်တယ်။ သူတို့က လူသားတွေရဲ့ မျိုချခြင်းကို မခံချင်ရင် ခုခံကြမှာပဲ”
ပိုင်ရှိုးမင်သည် ခေါင်းအသာငြိမ့်လိုက်ပြီး ဤအဆိုကို လက်ခံသည်၊ လက်မခံသည်ကိုတော့ မသိနိုင်ပေ။
"တကယ်လို့ တစ်စုံတစ်ယောက်က ကံကောင်းလို့ မိစ္ဆာအမြုတေကို မျိုချပြီး မသေခဲ့ရင် သူ့ရဲ့ပင်ကိုစရိုက်က ပြောင်းလဲသွားနိုင်ပါ့မလား”
"ကျွန်တော့်အတွေးကတော့ မိစ္ဆာအမြုတေထဲမှာ စွမ်းအားနဲ့ အသက်စွမ်းအားအပြင် တခြားအရာတွေလည်း ပါဝင်နေတာကြောင့် လွှမ်းမိုးမှုရှိမှာ သေချာပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ခန့်မှန်းချက်တွေပါပဲ။ တကယ့်အထောက်အထားတော့ မရှိပါဘူး”
"မိစ္ဆာမျိုးနွယ်က လူသားမျိုးနွယ်ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးထားရင် သေချာပေါက် မိုးကြိုးပစ်ချမှာလား”
"ဒါကတော့ သေချာတယ်။ ခြွင်းချက်မရှိပါဘူး” ကျန်းယီသည် အလွန် အခိုင်အမာ ဖြေကြားလိုက်၏။
ပိုင်ရှိုးမင်က ထရပ်လိုက်ကာ "ဒီနေ့ ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ဆရာကျန်း”
"လူကြီးမင်း ဖြည်းဖြည်းသွားပါ”
ပိုင်ရှိုးမင်သည် စာကြည့်တိုက်မှ ထွက်ခွာလာပြီး ယနေ့အဖြစ်အပျက်ကို စိတ်ထဲတွင် စဉ်းစားနေမိသည်။
ယနေ့ည ရှန့်ကျင်းမြို့တော် ကောင်းကင်ယံတွင် မိုးခြိမ်းသံများ လှိမ့်နေသည်မှာ မိစ္ဆာတစ်ကောင်က ခန္ဓာကိုယ်အပိုင်စီးရန် ကြိုးစားနေသည်မှာ ထင်ရှား၏။ သို့သော် မိုးကြိုးပစ်မချခြင်းသည် မအောင်မြင်ကြောင်း ပြသနေသည်။
ကျိချန်ပြောသည့် မိစ္ဆာအမြုတေသည် မြေခွေးမိစ္ဆာက သူမကိုသနား၍ ပေးသည်ဖြစ်စေ၊ သူမ၏ခန္ဓာကိုယ်ကို အရင်ပြင်ဆင်ပြီးမှ လက်လွဲယူရန်ဖြစ်စေ နောက်ဆုံးတွင် အမြတ်ထွက်သွားသူက သူမသာပင်။
သူမပြောသကဲ့သို့ပင် သူမသည် ကံကောင်းခဲ့ပေသည်။
ထိုညမှစ၍ အားချန်သည် ပိုင်ရှိုးမင်ကို ထပ်မတွေ့ရတော့ပေ။
သူမသည် အချုပ်ခန်းထဲတွင် အမြဲတမ်းအပိတ်ခံထားရပြီး ကိုယ်ပေါ်မှဒဏ်ရာကြောင့် အဖျားတက်လာသဖြင့် အကျဉ်းထောင်စောင့်က သမားတော်ကိုခေါ်၍ ကုသပေးရသည်။
နောက်ပိုင်းတွင် ထိုအကျဉ်းထောင်စောင့်သည် သူမ၏ကိုယ်ခန္ဓာက အားနည်းနေပြီး အအေးဒဏ်ကို မခံနိုင်ကြောင်း သမားတော်ထံမှ ကြားသိရသဖြင့် စောင်ပါးတစ်ထည် ပစ်ပေးလာခဲ့သည်။
သမားတော်သည် သုံးရက်ဆက်တိုက် သူမကို လာရောက်ကြည့်ရှုပြီး ဆေးလုံးများထားခဲ့ကာ စကားများများမပြောဘဲ ပြန်သွားခဲ့သည်။
အားချန်ကတော့ ထိုသမားတော်ကို စိတ်ထဲမှ ကျေးဇူးတင်နေမိ၏။ အကယ်၍ သူသာ ရပ်တည်ပြီး မပြောပေးခဲ့လျှင် မိမိ၏ဤခန္ဓာကိုယ်သည် အပြင်သို့ ပြန်ထွက်နိုင်သည့်အချိန်အထိ ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပေ။
သူမ မသိခဲ့သည်မှာ ထိုသမားတော်သည် မြေအောက်အကျဉ်းထောင်မှ ထွက်လျှင် မင်ကျင့်စီး၏ အတွင်းဆောင်သို့ တန်းသွားခဲ့ခြင်းကိုပင်။
"ဘယ်လိုလဲ” ပိုင်ရှိုးမင်သည် ခေါင်းငုံ့၍ တရားဝင်စာရွက်စာတမ်းများကို စစ်ဆေးနေရင်း ခေါင်းမဖော်ဘဲ မေးလိုက်၏။
ထိုသမားတော်သည် တံခါးဝတွင်ရပ်၍ တရိုတသေ ဖြေကြားလိုက်သည်။ "တမန်တော်ကို လျှောက်တင်ပါတယ်။ အဲဒီအမျိုးသမီးက အရိုးနဲ့ အမြစ် အင်မတန် အားနည်းပြီး ခန္ဓာကိုယ်ထဲက သွေးကြောမှတ်တွေက ပိတ်ဆို့နေပါတယ်။ မိစ္ဆာအငွေ့အသက် လည်ပတ်ခြင်းလည်း မရှိသလို မိစ္ဆာပုံပြောင်းတဲ့ လက္ခဏာလည်း မရှိပါဘူး။ သူ့ခန္ဓာကိုယ်က အရမ်းအားနည်းနေပြီး သာမန်လူထက်တောင် ဆိုးနေပါသေးတယ်”
"သိပြီ။ သွားတော့”
သမားတော် လာကြည့်ပြီးကတဲက သုံးရက်ကြာသွားခဲ့ပြီ။ အခြားသူသာဆိုလျှင် မြေအောက်အကျဉ်းထောင်ထဲတွင် ခြောက်ရက်လောက် ကြာနေပါက မျှော်လင့်ချက် ကင်းမဲ့နေလောက်ပြီ။
သို့သော် အားချန်၏ သည်းခံနိုင်စွမ်းသည် အမြဲတမ်း ကောင်းမွန်လေသည်။ သို့မဟုတ်လျှင် ကောင်းကင်နှင့် မြေကြီး၏ ပိုက်ကွန်အောက်တွင် အခွင့်အရေးကို စောင့်လျက် ရှန့်ကျင်းသို့ အောင်မြင်စွာ ထွက်ပြေးလာနိုင်မည် မဟုတ်ပေ။
ဤတစ်ကြိမ်တွင်လည်း သူမသည် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့၏။
ခုနစ်ရက်မြောက်နေ့တွင် သူမသည် ထိုယောက်ျား၏ဘေးမှ ဖုန်းယန်ဟု ခေါ်သော လက်အောက်ငယ်သားကို ရောက်ရှိလာခဲ့၏။
ဖုန်းယန်က အကျဉ်းထောင်စောင့်ကို အချုပ်ခန်းတံခါးဖွင့်ခိုင်းပြီး သူမကို လွှတ်ပေးလိုက်တော့သည်။
အားချန်သည် အချုပ်ခန်းထဲတွင် ခုနစ်ရက်ကြာနေထိုင်ခဲ့ပြီးနောက် အသွင်အပြင်က အနည်းငယ် ဖရိုဖရဲဖြစ်နေသည်မှအပ သိပ်မပိန်ကျသွားပေ။
ဖုန်းယန်ကတော့ သူမကို တစ်ချက်သာကြည့်ပြီး အကြည့်ကို အလျင်အမြန် လွှဲလိုက်ကာ လူခေါ်၍ အနက်ရောင်ဝတ်ရုံတစ်ထည်ကို သူမထံ ပစ်ပေးလာခဲ့သည်။
အားချန်သည် ဤရက်ပိုင်းအတွင်း စောင်ခြုံထားခဲ့သဖြင့် မိမိအဝတ်အစားများ စုတ်ပြဲနေသည်ကို မေ့လုနီးပါး ဖြစ်သွားခဲ့သည်။ လူသားအမျိုးသမီးများက ဤအရာကို အလွန်ဂရုစိုက်သင့်ပေသည်။
သူမက ဝတ်ရုံကို ချည်နှောင်ပြီး ဆံပင်ကို သပ်ရပ်အောင်ပြုပြင်ပြီးမှ ဖုန်းယန်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ "လူကြီးမင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်”
"ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ ဒါတွေအားလုံးက ငါတို့ တမန်တော် လူကြီးမင်းက မှာကြားထားတာ။ သွားကြစို့”
သူသည် အားချန်ကို မြေအောက်အကျဉ်းထောင်မှ ခေါ်ထုတ်ပြီး မင်ကျင့်စီး၏ တံခါးမကြီးအပြင်သို့ ပို့ဆောင်ပေးခဲ့၏။
သူမကို သည်အတိုင်း လွှတ်ပေးလိုက်ပြီတဲ့လား။ အားချန်သည် သိပ်တော့ မယုံနိုင်သေးပေ။
သူမသည် မင်ကျင့်စီးရုံးအပြင်ဘက်တွင် ခဏရပ်နေလိုက်ပြီး သူမကို ပြန်ခေါ်မည့်သူ မရှိတော့ကြောင်း သေချာမှ အရပ်မျက်နှာကို ခွဲခြားကာ ချန်းဖိင်ဖန်းသို့ လျှောက်လာခဲ့လိုက်တော့၏။
လမ်းတစ်လျှောက် လျှောက်လိုက်နားလိုက်ဖြင့် တစ်နာရီခန့်ကြာမှ ကျိချန်၏နေထိုင်ရာ တံခါးပိတ်ထားသော ဆိုင်ငယ်လေးကို နောက်ဆုံးတော့ မြင်လိုက်ရတော့သည်။
သို့သော်ငြား ဆိုင်နှင့်မလှမ်းမကမ်းတွင် လှည်းတစ်စီး ရပ်ထားလေသည်။ လှည်းပေါ်တွင် အမှတ်အသားမရှိသဖြင့် ကျင့်ယန်မြို့စားအိမ်တော်မှ မဟုတ်လောက်ပေ။ ဘယ်သူ့လှည်း ပါလိမ့်။
သူမ၏စိတ်ထဲတွင် မှတ်ဉာဏ်များကို ရှာဖွေနေစဉ် လှည်းပေါ်မှ အဘွားကြီးတစ်ယောက် ဆင်းလာသည်ကို မြင်လိုက်ရသည်။ ထိုအဘွားကြီးသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် သူမထံသို့ တည့်တည့်လျှောက်လာသည်။
"ချန်မိန်းကလေး ဟုတ်တယ်မလား။ သခင်မက မင်းကို မင်ကျင့်စီးက စစ်ဆေးဖို့ ခေါ်သွားတယ်ကြားတော့ ရက်တော်တော်ကြာအောင် စိုးရိမ်နေခဲ့တာ။ ကျွန်မကို ဒီမှာ မိန်းကလေးကို ဆက်တိုက်စောင့်နေဖို့ ခိုင်းထားတာလေ”
အားချန်သည် သူမရှေ့မှလူက မည်သူဖြစ်သည်ကို နောက်ဆုံးတွင် မှတ်မိသွားတော့သည်။ သူမသည် သူမ၏အဒေါ်ဖြစ်သူ ရှောင်လင်းရှီကို အလုပ်အကျွေးပြုနေသည့် ဆွန်းမားမား ဖြစ်နေသည်ပင်။
...