← Chapters

တကယ်ပဲ... တိုက်ဆိုင်လိုက်တာ

Vol. 1 Ch. 5

တကယ်ပဲ... တိုက်ဆိုင်လိုက်တာ

Vol. 1 Ch. 5

ရှောင်လင်းရှီသည် လင်မိသားစု၏ ကိုယ်လုပ်တော်မှ မွေးသည့် သမီးဖြစ်သည်။ ကျိချန်၏ မိခင်နှင့် တစ်လျှောက်လုံး သဘောထား မတိုက်ဆိုင်ခဲ့သော်လည်း ယခုနှစ်များတွင် အဆက်အသွယ်ရှိနေသေးသည်။

ကျိချန်သည် ယခင်က အမေများက စကားစမြည် ပြောဆိုနေသည်ကို ခိုးနားထောင်ခဲ့ဖူးသည်။ ရှောင်လင်းရှီသည် နုပျိုစဥ်အခါက ထိုအချိန်က အစ်မ၏ ခင်ပွန်းလောင်းဖြစ်သော ကျင့်ယန်မြို့စားကို နှစ်သက်စုံမက်ခဲ့သည်ဟု ဆိုကြ၏။ ထို့အတွက်ကြောင့် ပြဿနာလဲ အများကြီး ဖြစ်ပွားခဲ့သေးသော်လည်း မကြာမီမှာပင် သူမကို ထိုနှစ်က ဒုတိယအဆင့် ကျင့်ရှီစာမေးပွဲအောင်သူ ကျောက်မင်နှင့် လက်ထပ်ပေးခဲ့သည်။

အမေများအားလုံးက သူမသည် မြို့စားအိမ်တော်နှင့် မျက်နှာပြောင်တိုက်ကာ အဆက်အသွယ်လုပ်နေရခြင်းမှာ မြို့စားကြီးအပေါ် မျှော်လင့်ချက် မကုန်သေးသောကြောင့်ဟု ယူဆကြ၏။

ရှောင်လင်းရှီသည် အိမ်ထောင်ကျပြီးနောက် သားသမီးအစုံအလင်ဖြင့် ကောင်းမွန်စွာ နေထိုင်ခဲ့ရပြီး ခင်ပွန်းသည်ကလည်း သူမအပေါ် အရာရာ အလိုလိုက်ခဲ့သည်။

သူမ၏ ခင်ပွန်းသည် အစပိုင်းတွင် လင်မိသားစု၏ အဆက်အသွယ်ကို အားကိုးကာ ရှန့်ကျင်းတွင် နေထိုင်ခဲ့ပြီး ယခုအခါ စုံစမ်းစစ်ဆေးရေးရုံး၏ လက်ဝဲလက်ထောက်စုံစမ်းရေးမှူးအဖြစ် ရာထူးတိုးကာ အဆင့်လေးအထိ ရောက်ရှိနေပြီဖြစ်သည်။

ကျိချန်သည်လည်း နှစ်သစ်ကူးပွဲတော်များတွင်သာ ဤအဒေါ်နှင့် တစ်ကြိမ်တစ်ခါ တွေ့ဆုံရပြီး စကားလည်း မပြောဖူးသလောက်ဖြစ်ကာ ဆက်ဆံရေးမှာ အလွန်စိမ်းကားလှသည်။ မြို့စားအိမ်တော်မှ နှင်ထုတ်ခံရပြီးနောက် ဤအဒေါ်က သူမနှင့် အဆက်အသွယ် လုပ်လိုလိမ့်မည်ဟု မတွေးထင်ခဲ့မိပေ။

ဆွန်းမားမား၏ စကားကို ကြားပြီးနောက် အားချန်က ပြန်ပြောလိုက်သည်။ “အဒေါ် စိတ်ပူပေးတာကို ကျေးဇူးတင်ပါတယ်။ အခု ဘာမှမဖြစ်တော့ပါဘူး"

"မိန်းကလေး ဘာမှမဖြစ်ရင် ပြီးတာပါပဲ” ဆွန်းမားမားသည် ရင်ဘတ်ကိုပုတ်ကာ စိတ်‌‌အေးသွားသည့်နှယ်ပင်။ မင်ကျင့်စီးက ဖမ်းသွားတာလေ။ အသက်ရှင်လျက် ပြန်လာနိုင်တာကိုက တော်တော်ကောင်းနေပြီ။

တစ်ချိန်တည်းတွင် အနည်းငယ် အံ့ဩနေမိသည်။ ဤမိန်းကလေး၏ စကားပြောသံသည် ယခင်ကနှင့် အနည်းငယ် ကွာခြားသွားသကဲ့သို့ ခံစားရပြီး နားထောင်ရသည်မှာ ပို၍ သာယာနေသယောင်။

အားချန်က ပြုံးကာ နူးညံ့စွာ မေးလိုက်၏။ “ဆွန်းမားမား ဒီလောက်ကြာအောင် စောင့်နေရတာ ပင်ပန်းနေရောပေါ့။ အိမ်ထဲဝင်ပြီး ခဏနားပါလား"

သူမသည် အနက်ရောင်အိတ်ထဲမှ သော့ကို ထုတ်ကာ တံခါးဖွင့်ရန် ပြင်ဆင်နေစဥ် ဆွန်းမားမားက ထပ်ခါထပ်ခါ ငြင်းဆိုလေသည်။ “ကျွန်မ မနားတော့ပါဘူး။ သခင်မအတွက် စကားပါးချင်လို့ပါ။ သခင်မက မိန်းကလေးကို မတွေ့ရတာကြာပြီမို့ စကားစမြည်ပြောဖို့ ခေါ်ချင်တယ်တဲ့။ မနက်ဖြန် မိန်းကလေး အားရဲ့လား မသိဘူး"

"အဒေါ်က ဖိတ်ခေါ်မှတော့ အချိန်ရှိရမှာပေါ့"

"ဒါဆိုရင် ကောင်းတာပေါ့။ မိန်းကလေး အိမ်ပြန်ပြီး ကောင်းကောင်း နားလိုက်ပါဦး။ မနက်ဖြန် ကျွန်မ လာကြိုပါ့မယ်"

သခင်မ မှာကြားလိုက်သော စကားကို ပြောပြီးနောက် ဆွန်းမားမားသည် ကြာကြာမနေတော့ဘဲ မြင်းလှည်းပေါ်သို့ ပြန်တက်သွားပြီး မကြာမီ မြင်းလှည်းမောင်းသမားသည် မြင်းကိုမောင်းကာ ထွက်ခွာသွားတော့သည်။

အားချန်သည် တံခါးဘေးတွင် ရပ်ကာ မြင်းလှည်းထွက်ခွာသွားသည်ကို ကြည့်ပြီးမှ လှည့်၍ တံခါးဖွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း မျက်နှာတစ်ခုလုံး ဖုန်များဖြင့် ဖုံးလွှမ်းသွားပြီး အေးစက်လွန်း၍ မတ်တပ်ပင် မရပ်နိုင်တော့ပေ။

မူလက ဤနေရာသည် ကုန်စုံဆိုင်တစ်ဆိုင်ဖြစ်ပြီး အပေါ်အောက် နှစ်ထပ်ခွဲထားသည်။ ပြန်လည်သိမ်းယူပြီးနောက် စင်များကိုလည်း ရွှေ့ပြောင်းသွားသည့်အတွက် ပထမထပ်သည် ဟာလာဟင်းလင်းဖြစ်နေပြီး ထိုင်ခုံတစ်လုံးပင် မရှိပေ။

သူမသည် တံခါးပိတ်ကာ ဒုတိယထပ်သို့ တက်သွားလိုက်၏။ အပေါ်ထပ်သည်လည်း အလားတူ အေးစက်နေသော်လည်း အောက်ထပ်ထက် ပစ္စည်းအနည်းငယ် ပိုများသည်။

ရိုးရိုးရှင်းရှင်း သစ်သားကုတင်တစ်လုံးပေါ်တွင် စောင်ကို သေသပ်စွာ ခေါက်ထား၏။ နံရံဘေးတွင် သစ်သားဗီရိုတစ်လုံးရှိပြီး အတွင်း၌ အတွင်းခံ အဝတ်အစားများနှင့် ဆောင်းရာသီဝတ်စုံအသစ်တစ်စုံ ထည့်ထားသည်။ ဗီရိုထောင့်တွင် သစ်သားသေတ္တာတစ်လုံးရှိပြီး အတွင်း၌ ငွေစအနည်းငယ် ၁၀လျန်ခန့် ရှိသည်။

မီးဖိုကို ကုတင်အောက်တွင် ထားရှိပြီး အတွင်း၌ မီးသွေးပြာများနှင့် မလောင်ကျွမ်းသေးသော မီးသွေးများ ရှိနေ၏။

မီးဖိုရှိနေတော့ ဒီညတော့ အေးခဲပြီး အိပ်မပျော်တော့မှာ မဟုတ်ဘူး။

အားချန်သည် လှည့်ကာ နောက်ဖေးခြံသို့ ဆင်းသွားလိုက်သည်။ ဤဆိုင်၏ တည်နေရာသည် မကောင်းသော်လည်း အားသာချက်တစ်ခုရှိသည်။ နောက်ဖေးခြံတွင် ရေတွင်းတစ်တွင်းရှိပြီး ကုန်ပစ္စည်းထားရန် အခန်းတစ်ခန်း၊ မီးဖိုချောင်တစ်ခန်းနှင့် အိမ်သာတစ်ခန်း ဆောက်ထားသည်။

ဤရေတွင်းသာ မရှိခဲ့လျှင် ဤဆိုင်၏ ဈေးနှုန်းသည် အခြားဆိုင်များထက် များစွာမြင့်မားပြီး ယခုထိ မရောင်းထွက်သေးဘဲ ရှိနေမည် မဟုတ်ပေ။ ကံကောင်းစွာဖြင့် သူမတွင် နေစရာနေရာတစ်ခု ရှိနေခဲ့သည်။

ကုန်ပစ္စည်းထားရန် အခန်းထဲတွင် ယခင်က ဝယ်ထားသော မီးသွေးနှင့် ထင်း၄စည်း ရှိနေသည်။ မီးဖိုချောင်တွင် ဆန်နှင့် ဂျုံမှုန့်များ ရှိနေသည့်အတွက် အပြင်ထွက်ပြီး ထပ်ဝယ်ရန် မလိုတော့ပေ။

ကိုယ်လက် မအီမသာ ဖြစ်နေသည့်အတွက် အားချန်သည် လှုပ်ရှားချင်စိတ် မရှိသော်လည်း ထောင်ထဲတွင် ခုနစ်ရက်ကြာ နေခဲ့ရသည့်အတွက် သန့်ရှင်းရေးလုပ်ရန် လိုအပ်နေသည်။ ထို့ကြောင့် မီးဖိုချောင်တွင် ရေနွေးတစ်အိုးတည်ကာ တံခါးပိတ်ပြီး မီးဖို၏ အပူငွေ့ကို အားကိုးကာ မြန်မြန်ဆန်ဆန် ရေချိုးလိုက်ရသည်။

သစ်သားပုံးထဲမှ ရေနွေးဖြင့် ကိုယ်ကို သုတ်သင်လိုက်ချိန်တွင် အားချန်သည် ကိုယ်ပေါ်မှ ကြာပွတ်ဒဏ်ရာများကို ဂရုတစိုက် ရှောင်ရှားခဲ့သည်။ ထောင်ထဲတွင် သမားတော်က သွေးတိတ်ဆေး လိမ်းပေးခဲ့သည့်အတွက် ယခုရက်ပိုင်းတွင် ကြာပွတ်ဒဏ်ရာများသည် အနာဖေးတက်ကာ ပျောက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

အဝတ်စဖြင့် ခါးကို သုတ်သင်နေစဥ် အားချန်သည် ရေနွေးဖြင့် သုတ်သင်လိုက်ချိန်တွင် ခါးပေါ်တွင် အနက်ရောင် မျဉ်းကြောင်းသေးသေးလေး တစ်ကြောင်း ပေါ်လာသည်ကို အံ့ဩစရာကောင်းအောင် တွေ့လိုက်ရသည်။

ထိုမျဉ်းကြောင်းသည် မွေးရာပါနှင့်တူသယောင် ရှိသော်လည်း ကျိချန်၏ မှတ်ဉာဏ်ထဲတွင် သူမ ရေချိုးသောအခါ ကိုယ်ပေါ်တွင် ဤသို့သော အမှတ်အသားမျိုး မရှိခဲ့ပေ။

ထို့နောက် သူမ၏ ဒူးနှစ်ဖက်နှင့် လက်မောင်း၊ တံတောင်ဆစ်များတွင်လည်း အလားတူ အနက်ရောင် မျဉ်းကြောင်းများ ပေါ်လာသည်ကို တွေ့ရှိခဲ့သည်။ ဤအမှတ်အသားများသည် ယခုရက်ပိုင်းအတွင်းမှသာ သူမ၏ ကိုယ်ပေါ်တွင် ပေါ်လာခြင်းဖြစ်သည်မှာ ထင်ရှားသည်။

ဖြစ်နိုင်တာက… သူမ လည်ပင်းကို စမ်းကြည့်လိုက်၏။ ခြေလက်လေးဖက်လုံးမှာ ရှိနေရင် ဒီနေရာမှာလည်း အမှတ်အသားတစ်ခု ရှိသင့်တယ်။

ဒီအမှတ်အသားတွေကြောင့် သူ့ခန္ဓာကိုယ်က ဒီလောက်တောင် အားနည်းနေတာလား။ အားချန် မသေချာပေ။

သို့သော် ထိုအရာများက ယခင်က ကိုယ်ခန္ဓာ လွှဲပြောင်းခြင်းနှင့် ဆက်စပ်နေသည်မှာ ထင်ရှားသည်။ ကံဆိုးချင်တော့ သူမတွင် သဲလွန်စမရှိဘဲ ဖြေရှင်းနည်းကိုလည်း မသိသည့်အတွက် လောလောဆယ် တစ်ကြိမ်လျှင် တစ်လှမ်းသာ လှမ်းရန် တတ်နိုင်တော့သည်။

ကံကောင်းချင်တော့ ခန္ဓာကိုယ်ကို သုတ်သင်ပြီးသောအခါ ထိုအမှတ်အသားများသည် မှေးမှိန်သွားခဲ့သည်။

ညဘက် အိမ်ထဲတွင် မီးသွေးမွှေးထားသည့်အတွက် အနည်းငယ် နွေးထွေးလာပြီး အားချန်သည် အတော်အသင့် ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည်။ သို့သော် ယင်အချိန် ကုန်ခါနီး (မနက် ၅ နာရီ) တွင် အေးခဲပြီး နိုးလာခဲ့၏။ မီးဖိုထဲမှ မီးသွေးများ လောင်ကျွမ်းကုန်ပြီး ဗိုက်ကလည်း ဆာလောင်ကာ အော်မြည်လို့နေသည်။

သူမသည် စောင်ကိုခြုံကာ ကုတင်ပေါ်တွင် မလှုပ်မယှက် လှဲနေပြီး တစ်ကိုယ်လုံး မျှော်လင့်ချက်ကင်းမဲ့နေသလို ခံစားနေရ၏။ လူဖြစ်ရတာ တကယ်ကို ဆိုးဝါးတာပဲ။ တစ်နေ့ သုံးနပ်စားရတယ်။ အေးခဲပြီး သေလွယ်တယ်။ တွေးလေလေ ပိုပြီး မျှော်လင့်ချက်မဲ့လေပဲ။

အသိစိတ်နှင့် ပင်ကိုသိစိတ်တို့သည် အပြန်အလှန် ဆွဲငင်နေကြပြီး နောက်ဆုံးတွင် သူမ၏ ခိုင်မာသော အသိစိတ်သည် ဆာလောင်သော ဗီဇစိတ်ကို အနိုင်ယူသွားတော့သည်။ စစ်ရှီအချိန်အစ (မနက် ၉ နာရီ) တွင် ဆွန်းမားမား လာကြိုသောအခါမှသာ သူမသည် မြင်းလှည်းပေါ်တွင် သစ်အယ်သီးမုန့် အနည်းငယ်ကို စားကာ ဆာလောင်မှုကို ဖြေဖျောက်နိုင်တော့သည်။

ဆွန်းမားမားသည် အားချန်က သစ်အယ်သီးမုန့် တစ်ပန်းကန်လုံးကို အိန္ဒြေရရ စားသုံးနေသည်ကို ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်လေသည်။ တကယ်ကို နှမြောစရာပဲ။ မြို့စားအိမ်တော်ရဲ့ ဒီလောက်ကောင်းတဲ့ သမီးဦးတစ်ယောက်က အခုတော့ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့နေရတယ်လို့။ ကြည့်ရတာ မနက်စာတောင် မစားရသေးတဲ့ပုံပဲ။

အားချန် စားသောက်ပြီးနောက် လက်ဖက်ရည်ပူတစ်ခွက် သောက်ပြီးသောအခါ မြင်းလှည်းသည် ကျောက်အိမ်တော်ရှေ့တွင် ရပ်တန့်နေပြီ ဖြစ်သည်။

ဆွန်းမားမားသည် သူမကို အတွင်းဖက်ခြံဝင်းသို့ ခေါ်ဆောင်သွားပြီး ရှည်လျားလှသော စင်္ကြံတစ်ခုကို ဖြတ်ကျော်ကာ ပင်မအဆောင်အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

တိုင်ဆိုင်မှု တစ်ခု ဖြစ်နိုင်သည်။ ခြံထဲသို့ ဝင်ကာစမှာပင် အားချန်သည် အိမ်ထဲမှ အမျိုးသမီးတစ်ဦး၏ စူးရှသော အသံကို ကြားလိုက်ရလေသည်။ “နောက်မယားဖြစ်တော့ ဘာဖြစ်လဲ။ ကျွန်မ သူ့ကိုပဲ လက်ထပ်မှာ"

ဤအသံကို နားထောင်ရသည်မှာ သူမ၏ ငယ်စဥ်အခါက အကြိမ်အနည်းငယ်သာ တွေ့ဖူးသော ဝမ်းကွဲညီမ ကျောက်ဝမ်ယွဲ့ ဖြစ်ရမည်။

ကျောက်ဝမ်ယွဲ့သည် သူမ၏ အိမ်ထောင်ရေးကိစ္စအတွက် မိခင်နှင့် ငြင်းခုံနေသည်မှာ ထင်ရှားလေသည်။ သို့သော် သူမ မည်သူ့ကို လက်ထပ်လိုသည်ကိုမူ မသိပေ။ လက်ဝဲလက်ထောက်စုံစမ်းရေးမှူး၏ သမီးက အခြားသူတစ်ဦးအတွက် နောက်မယားအဖြစ် လက်ထပ်ရန် ဆန္ဒရှိနေသည်တဲ့လား။

ဆွန်းမားမားသည်လည်း ဤသို့သော အခြေအနေမျိုးကို မမျှော်လင့်ထားဘဲ မျက်နှာအမူအရာမှာ အနည်းငယ် အနေရခက်သွားတော့၏။ သို့သော် အားချန်က ဘာမှမကြားသကဲ့သို့ ပြုမူနေသည်ကို မြင်သောအခါမှသာ စိတ်အေးသွားတော့သည်။

သူမသည် ခြေလှမ်းအနည်းငယ်ကို အမြန်လှမ်းကာ ပင်မအဆောင်တံခါးကို တွန်းဖွင့်ပြီး ခန်းဆီးကို မ,ကာ အသံကျယ်ကျယ်ဖြင့် လှမ်းအကြောင်းကြားလိုက်တော့သည်။ “သခင်မ။ ကျွန်မ ချန်မိန်းကလေးကို ခေါ်လာခဲ့ပါပြီ"

ဆွန်းမားမား၏ အသံသည် ငြင်းခုံနေသော သားအမိနှစ်ဦးကို ဖြတ်တောက်လိုက်ပြီး ရှောင်လင်းရှီသည် အသက်ပြင်းပြင်းရှူကာမှ ပါးစပ်ဖွင့်ပြောသည်။ “ဝင်ခဲ့"

အားချန်သည် ပင်မအဆောင်သို့ ဝင်သွားချိန်တွင် အပူငွေ့တစ်ခု မျက်နှာကို ရိုက်ခတ်လာပြီးနောက် သူမ၏ အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်မှာ ခုတင်ပေါ်တွင် မှီနေသော အဒေါ် ရှောင်လင်းရှီ ဖြစ်နေသည်။ ရှောင်လင်းရှီသည် သူမ၏ မှတ်ဉာဏ်ထဲကနှင့် များစွာကွာခြားခြင်းမရှိဘဲ ဗိုက်မှာမူ မြင့်မားစွာ ဖောင်းကြွနေပြီး ကိုယ်ဝန်ရှိနေခဲ့သည်။

ရှောင်လင်းရှီ၏ သမီး ကျောက်ဝမ်ယွဲ့ကတော့ မိခင်နှင့် ငြင်းခုံပြီးစဖြစ်သည့်အတွက် ဘေးတွင် ရပ်နေပြီး အားချန် ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် သူမကို ကြည့်လာသည့် အကြည့်တွင် ရန်လိုမှုအနည်းငယ် ပါဝင်နေခဲ့သည်။

အားချန်သည် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သူမသည် ဤဝမ်းကွဲညီမနှင့် အဆက်အသွယ်မရှိသလောက်ပင်။ တစ်ဖက်လူ၏ ရန်လိုမှုသည် မည်သည့်နေရာမှ လာရပါသနည်း။

"အားချန် အဒေါ်ကို ဂါရဝပြုပါတယ်" အားချန်သည် ရှေ့သို့တိုးကာ ရှောင်လင်းရှီကို အရိုအသေပြုလိုက်သည်။

သူမ၏ မိမိကိုယ်ကို ခေါ်ဝေါ်သုံးစွဲပုံသည် ရှောင်လင်းရှီကို သံသယ မဖြစ်စေခဲ့ပေ။ အကြောင်းမှာ ဤစာလုံးနှစ်လုံး၏ အသံထွက်သည် တူညီပြီး လင်းရှီ မသေဆုံးမီကလည်း တစ်ခါတစ်ရံ သမီးကို အားချန်ဟု ခေါ်ခဲ့ခြင်းကြောင်းပင်။

"လာ ထိုင်" တူမဖြစ်သူကို နှုတ်ဆက်ပြီးနောက် ရှောင်လင်းရှီသည် စိတ်မရှည်တော့ဘဲ သမီးဖြစ်သူကို မောင်းထုတ်တော့သည်။ “တော်ပြီ။ နင်လည်း ဒီမှာ ငါ့ကို စိတ်တိုအောင် မလုပ်နဲ့တော့။ ပြန်တော့"

ကျောက်ဝမ်ယွဲ့သည် ယခင်က မိခင်နှင့် ငြင်းခုံခဲ့သည်မှာ အားမရသေးသယောင် အလျှော့မပေးဘဲ အားချန်ကို လက်ညှိုးထိုးကာ စောဒကတက်တော့သည်။ “အမေက သူ့ကြောင့် ကျွန်မကို ရွှဲလန်နဲ့ လက်မထပ်စေချင်တာလား"

ရွှဲလန်လား။ ဤမျိုးရိုးအမည်သည် အားချန်၏ မျက်လုံးများကို လှုပ်ရှားသွားစေသည်။ ဘယ်ရွှဲလဲ။

ရှောင်လင်းရှီသည် ချက်ချင်း မျက်နှာထားတင်းမာသွားပြီး စားပွဲကို ခင်ပြင်းပြင်း ရိုက်ကာ မကျေမနပ် ပြောတော့သည်။ “ပထမဇနီးအဖြစ် နေနိုင်ရဲ့သားနဲ့ နင်က နောက်မယားအဖြစ် နေချင်နေတယ်။ နင် အဲ့ဒီ ရွှဲမင်ထန်နဲ့ ဘယ်နှစ်ကြိမ်များ တွေ့ဖူးလို့ ဒီလောက်တောင် ဦးနှောက်မဲ့သွားတာလဲ"

ရွှဲမင်ထန်။ ဤအမည်ကို အားချန်သည် သိသည်။ ရွှဲရှီ၏ မောင်အရင်း။ ရှန့်ယွမ်ပွဲတော်ညက ထို ရွှဲလူကြီးမင်းဆိုသော စကားသည် ကျိချန်၏ ဦးနှောက်ထဲတွင် စွဲထင်နေခဲ့သည်။

တကယ်ပဲ... တိုက်ဆိုင်လိုက်တာ။

မိခင်တစ်ဦးအနေဖြင့် ရှောင်လင်းရှီသည် သမီးအတွက် နေရာတကာတွင် စဉ်းစားပေးသည်ဟု ထင်သော်လည်း ကျောက်ဝမ်ယွဲ့ကမူ ထိုသို့မထင်ပေ။ သူမ၏ အမြင်တွင် မိခင်သည် ချစ်သူနှစ်ဦးကို ခွဲခွာစေသော လူဆိုးမကြီး ဖြစ်သည်ပင်။

ထို့အပြင် သူမသည် အမေက အနာဂတ် အလားအလာကောင်းသော ရွှဲလန်နှင့် လက်မထပ်စေချင်သည်မှာ ရွှဲလန်၏ အစ်မက အဒေါ်၏ ခင်ပွန်းနှင့် လက်ထပ်ကာ နောက်မယားဖြစ်နေသောကြောင့်ဟု အစောကြီးကတည်းက သိရှိထားသည်။ အမေသည် ဤသို့သော ကိစ္စသေးသေးလေးအတွက် သူမ၏ အိမ်ထောင်ရေးကို တားဆီးနေသည်တဲ့လား။

ကျောက်ဝမ်ယွဲ့သည် အားချန်၏ ရှေ့တွင် အော်ဟစ်ကာ ပွဲကြမ်းပြချင်စိတ် မရှိသော်လည်း သူမကို အလွယ်တကူ လွှတ်ပေးချင်စိတ်လည်း မရှိဘဲ ပြောထွက်လာသော စကားများသည် အလွန်အမင်း အဆိပ်ပြင်းလှသည်။ “အမေ ဒီလောက်တောင် ဟန်ဆောင်ကောင်းကောင်းနဲ့ ပြောစရာမလိုပါဘူး။ အမေက လင်းမိသားစုကိုပဲ စိတ်စွဲနေမှန်း ကျွန်မ သိပါတယ်။ ဒါပေမဲ့ အဒေါ်က တခြားသူနဲ့ တိတ်တဆိတ် ဖောက်ပြန်တဲ့ကိစ္စကို အခု ရှန့်ကျင်းမှာ လူတိုင်းသိနေပြီ။ လူတိုင်းက ကျွန်မရဲ့ ဒီဝမ်းကွဲအစ်မရဲ့ ဖခင်အရင်းက ဘယ်သူလဲဆိုတာကို အရမ်းသိချင်နေကြတယ်"

"အမှားက အဒေါ်ရဲ့ ခင်ပွန်းမှာ မဟုတ်ဘူး။ ရွှဲလန်ရဲ့ အစ်မမှာလည်း အမှားမရှိဘူး။ အမေက အမေတို့ လင်းမိသားစုရဲ့ ရန်ငြိုးတွေကို သမီးအပေါ်မှာ ပုံချစရာမလိုပါဘူး"

သမီးဖြစ်သူ ပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်တွင် ရှောင်လင်းရှီသည် ဒေါသကြောင့် မူးဝေသွားတော့သည်။ သူမသည် ကျောက်ဝမ်ယွဲ့ကို လက်ညှိုးထိုးကာ စကားမပြောမီမှာပင် ဗိုက်ထဲမှ နာကျင်မှုကို ခံစားလိုက်ရပြီး ဘေးက အစေခံမလေးများက အလန့်တကြား ဝိုင်းအုံလာကြသည်။ ဆွန်းမားမားသည်လည်း သမားတော်ရှာရန် ပြေးထွက်သွားတော့သည်။

ကျောက်ဝမ်ယွဲ့သည် နောက်ဆုံးတွင် မိမိကိုယ်တိုင် ပြဿနာရှာမိကြောင်း သဘောပေါက်သွားပြီး ပင်မအဆောင် ရှုပ်ထွေးနေစဥ်အတွင်း တိတ်တဆိတ် လစ်ပြေးသွားတော့သည်။

သမားတော်သည် ချက်ချင်း ရောက်ရှိလာပြီး ရှောင်လင်းရှီကို ကိုယ်ဝန်ငြိမ် ဆေးပေးကာ စိတ်အေးချမ်းသာစွာ ကိုယ်ဝန်ဆောင်ရန်နှင့် ဒေါသမထွက်ရန် မှာကြားခဲ့လေသည်။

သမားတော်ကို ပြန်လွှတ်ပြီးနောက် ဆွန်းမားမားသည် မနေနိုင်ဘဲ တိုက်တွန်းရတော့သည်။ “သခင်မ။ အခု သခင်မက အသက်နှစ်ချောင်းနဲ့ပါ။ သခင်လေးကို မွေးဖွားဖို့ နောက်ဆုံးမှ ကိုယ်ဝန်ဆောင်ခဲ့ရတာ။ စိတ်ကို ထိန်းပါဦး။ ဒုတိယမိန်းကလေးနဲ့ ထပ်ပြီး မငြင်းခုံပါနဲ့တော့"

ရှောင်လင်းရှီသည် အေးစက်စွာ ဟောက်လိုက်တော့သည်။ “ငါက သူနဲ့ ငြင်းခုံနေတာလား။ သူက ငါ့ကို ဒေါသထွက်အောင် လုပ်ချင်နေတာ။ ပြီးတော့ သခင်ကြီးလည်း ဘယ်လိုဖြစ်သွားလဲ မသိဘူး။ အဲ့ဒီ ရွှဲမင်ထန်က ကောင်းတယ်လို့ ထင်နေတယ်။ ငါ့သမီးက အဆင့်၆ အရာရှိလေးတစ်ယောက်နဲ့ လွယ်လွယ်ကူကူ လက်ထပ်လို့မဖြစ်ဘူး။ သူက မြို့စားအိမ်တော်ထဲကို လက်မထပ်နိုင်ရင်တောင် ဒီလိုတော့ လက်မထပ်ပေးနိုင်ဘူး"

ဆွန်းမားမားသည် သက်ပြင်းချလိုက်တော့သည်။ သခင်မက နှစ်တွေကြာလှပြီ။ ဒီစိတ်အတိုင်းပဲ။ ဘယ်လို တိုက်တွန်းတိုက်တွန်း နားမထောင်ဘူး။

ရှောင်လင်းရှီသည် ခွင့်မလွှတ်နိုင်သော်လည်း ဒေါသပြေလွယ်သည်။ ဗိုက်မနာတော့သောအခါမှသာ ဘေးတွင် ပစ်ထားမိသည့် အားချန်ကို သတိရသွားတော့သည်။

"မင်း ရှန့်ယွမ်ညက နတ်ဆိုးဘေးနဲ့ ကြုံခဲ့တယ်လို့ ကြားတယ်။ အခု အဆင်ပြေသွားပြီလား"

အားချန်သည် ထိုင်ခုံပေါ်တွင် ထိုင်ကာ ပြန်ဖြေလိုက်၏။ “ဘာမှမဖြစ်တော့ပါဘူး။ မင်ကျင့်စီးရဲ့ လူကြီးမင်းက ကျွန်မနဲ့ မသက်ဆိုင်ကြောင်း စစ်ဆေးတွေ့ရှိပြီးတော့ ကျွန်မကို လွှတ်ပေးခဲ့ပါတယ်"

"ဒါဆိုရင် ကောင်းတာပေါ့။ မင်းအမေလည်း မရှိတော့ဘူး။ အခု ရှန့်ကျင်းမှာ မင်းမှာ ဆွေမျိုးဆိုလို့ ငါပဲ ရှိတော့တာ။ ငါ့ကို ဒုက္ခမပေးနဲ့ဦး"

အားချန် ပြုံးမိတော့သည်။ သူမက ဘာများ ပြောနိုင်ဦးမည်နည်း။ သူမ၏ ဤအဒေါ်က စိတ်ထဲရှိသည့်အတိုင်း ပြောတတ်သည်ဟု ဆိုရလေမလား။

"မင်း အခု ၁၈နှစ်ရှိပြီမလား။ မင်းအမေက မင်းကို အတင်းဆွဲထားလို့ အခုထိ အိမ်ထောင်ရေးတောင် မစီစဉ်ရသေးဘူး။ အခုတော့ ပြီးကြလေရော။ အိမ်ထောင်ကောင်းတစ်ခုရှာဖို့တောင် မလွယ်တော့ဘူး"

အားချန်သည် မျက်လွှာချကာ ညင်သာစွာ ပြောလိုက်တော့သည်။ “အားချန်က အမေ့အတွက် သုံးနှစ်ကြာ ဝမ်းနည်းခြင်းကို စောင့်ထိန်းရမှာမို့ လက်ထပ်ဖို့ စိတ်မကူးသေးပါဘူး"

...

All Chapters