ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ရတာက အပြင်မှာ ဒုက္ခခံရတာထက် ပိုကောင်းတယ်…
Vol. 1 Ch. 6
"လက်မထပ်လို့ ဘယ်ဖြစ်မလဲ” ရှောင်လင်းရှီသည် လောကကြီးကို ထိတ်လန့်စေသော စကားတစ်ခုကို ကြားလိုက်ရသကဲ့သို့ စိတ်ရှည်လက်ရှည် ဖျောင်းဖျရန် ကြိုးစားတော့သည်။ "မင်းရဲ့ ဒီရုပ်ရည်နဲ့ ကံကောင်းရင် မင်းညီမင်းသား အိမ်တော်ထဲကိုတောင် ဝင်နိုင်တယ်။ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်ရတာက အပြင်မှာဒုက္ခခံရတာထက် တော်ပါသေးတယ်။ သုံးနှစ်ကြာ ဝမ်းနည်းခြင်းကို စောင့်ထိန်းရင် အဲ့ဒီအချိန်ကျရင် ဘယ်အိမ်က မင်းကို လက်ခံတော့မှာလဲ"
သူမသည် ဝန်မခံချင်သော်လည်း အစ်မကြီးဖြစ်သူ၏သမီး ရုပ်ရည်သည် အမှန်တကယ် ချောမောလှပသည်။ လွန်ခဲ့သော ရက်အနည်းငယ်က မင်ကျင့်စီးတွင် နှိပ်စက်ခံခဲ့ရသော်လည်း အလှအပကို မထိခိုက်စေဘဲ သနားစရာကောင်းသော နူးညံ့သိမ်မွေ့မှုကိုပင် ဖြည့်ဆည်းပေးနေသေးသည်။
ထိုစဥ်က အစ်မကြီးက သူမကို အနိုင်ယူနိုင်ခဲ့သည်မှာ မျက်နှာတစ်ခုတည်းကြောင့်သာ မဟုတ်ပါလား။ သူမသည် ထိုယောက်ျားများ၏ စိတ်ကို အသိဆုံးပင်။ အကယ်၍ ထိုမင်းညီမင်းသားများ ကျိချန်ကို မြင်တွေ့ခဲ့လျှင် စိတ်ဝင်စားသူ အများအပြား ရှိလာမည်ကို မြင်ယောင်နေသေးသည်။
ရှောင်လင်းရှီသည် အာဏာရှိသူများကို ဖက်တွယ်လိုသော သူမ၏ရည်မှန်းချက်ကို ဘယ်တော့မှ မဖုံးကွယ်ခဲ့ပေ။ အကယ်၍ သမီးဖြစ်သူသည် ခင်ပွန်းနှင့် အလွန်တူပြီး ရုပ်ရည်မှာ အနည်းငယ်သာမန်သာ မဟုတ်ခဲ့လျှင် သူမသည် သမီးအတွက် လမ်းခင်းပေးခဲ့လောက်ပြီ။
ယခုအခါ သမီးဖြစ်သူက ထို ရွှဲမင်ထန်ကိုသာ စိတ်စွဲနေသည့်အတွက် သူမ မျှော်လင့်နိုင်သည်မှာ ဤတူမလေးသာ ရှိတော့၏။
ရှောင်လင်းရှီသည် ဤတူမလေးအတွက် အလွန်စဉ်းစားပေးသည်ဟု ထင်နေမိသည်။ ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသော အရောင်းအဝယ်တစ်ခု ဖြစ်သော်လည်း အားချန်ကမူ နညးနည်းလေးမှ စိတ်မဝင်စားခဲ့ပေ။
ရှောင်လင်းရှီက သူမအတွက် အနာဂတ်၏ လှပသော ဘဝကို မျှော်မှန်းပေးနေသည်ကို နားထောင်ပြီးနောက် အားချန်က ပြောလိုက်တော့သည်။ "အဒေါ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အမေက အားချန်ကို အကြိမ်ကြိမ် သတိပေးထားခဲ့တယ်။ ဇနီးမယားအဖြစ်ပဲ လက်ထပ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင် မလုပ်ရဘူးလို့"
ရှောင်လင်းရှီသည် ချက်ချင်း မျက်နှာထားတင်းမာသွားပြီး မကျေမနပ်ဖြင့် အေးစက်စွာ ငေါက်ငမ်းတော့သည်။ "တကယ်ပဲ ကျေးဇူးတရားကို မသိတတ်ဘူး။ မင်းရဲ့ အခုအဆင့်အတန်းနဲ့ဆိုရင် ပညာတတ်တစ်ယောက်နဲ့ လက်ထပ်ဖို့တောင် လူတွေက မင်းကို မနှစ်သက်ကြဘူး။ ဇနီးမယားဖြစ်ဖို့တောင် စဉ်းစားနေသေးတယ်လား။ အားလုံး မင်းအမေကြောင့်ပဲ။ မင်းကို သစ်တုံးတစ်တုံးလို သင်ကြားပေးခဲ့တယ်"
ရှောင်လင်းရှီသည် လင်းရှီကို အပြစ်တင်စကားများ ဆက်တိုက်ပြောဆိုလာပြီး ယခုနှစ်များအတွင်း သူ၏စိတ်ထဲတွင် သူမအပေါ်ထားသော မကျေနပ်မှုများအားလုံးကို ထုတ်ပြောချင်နေသလိုပင်။
အားချန်ကတော့ ဘေးတွင် ငြိမ်ငြိမ်သက်သက်လေး နားထောင်နေပြီး မငြင်းခုံသလို ထောက်ခံခြင်းလည်း မပြုပေ။
ထိုအချိန်တွင် အပြင်မှ အစေခံမလေးတစ်ဦးက သတင်းပို့သည်။ "သခင်မ။ သာ့ကုန်းဇီ ရောက်လာပါပြီ"
ရှောင်လင်းရှီသည် သားရောက်လာသည်ကို ကြားသောအခါ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာမပေါ်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။ "သူ စာသင်ကျောင်းမှာ စာမသင်ဘဲ ငါ့ဆီကို ဘာလာလုပ်တာလဲ"
သူမကို သားဖြစ်သူအပေါ် အေးစက်သည်ဟု အပြစ်မဆိုသာပေ။ နှစ်မကုန်မီက သူမသည် သားကြီးက ရက်ဆက်ညမအိပ်ဘဲ နေသည်ကို တွေ့ရှိခဲ့ပြီး သား၏ ကိုယ်ရံတော်လေးကို စစ်ဆေးမေးမြန်းသောအခါမှသာ မိမိကိုယ်တိုင် မျှော်လင့်ချက်အပြည့်ဖြင့် အားကိုးခဲ့သောသားသည် လောင်းကစားရုံသို့ သွားရန် စိတ်အားထက်သန်နေသည်ကို သိရှိခဲ့ရသည်။
သူမက ရှာဖွေသွားသောအခါ သားဖြစ်သူသည် လောင်းကစားရုံတွင် ငွေတစ်ထောင်ကျော် အကြွေးတင်နေပြီဖြစ်ပြီး ထိုအကြွေးကို သူမက အစေခံမလေးကို အိမ်တော်သို့ ပြန်လွှတ်ကာ ငွေယူခိုင်းမှသာ ဆပ်နိုင်ခဲ့သည်။ သို့မဟုတ်လျှင် လူကိုပင် ပြန်ခေါ်နိုင်မည် မဟုတ်ပေ။
အိမ်ပြန်ရောက်သောအခါ သူမသည် ဤကိစ္စကို ခင်ပွန်းအား ပြောပြလိုက်တော့သည်။ ခင်ပွန်းသည်ကလဲ သားကို ပြင်းထန်စွာ ရိုက်နှက်ပြီး အကယ်၍ ဆက်လက်လောင်းကစားပါက အိမ်မှ နှင်ထုတ်မည်ဟု ဆိုခဲ့သည်။
ရှောင်လင်းရှီသည်လည်း ဒေါသထွက်လွန်းနေသဖြင့် နည်းနည်းပါးပါးသာ ပြောဆိုပေးခဲ့လေသည်။ သို့သောငြား သားဖြစ်သူ၏ တွန်းထုတ်ခြင်းကို ခံရပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
ဤကိစ္စကြောင့် သူမသည် ယခုအခါ သားကြီးကို အလွ န်မျက်စိနောက်နေတော့သည်။
အပြင်မှ ဝင်လာသော ကျောက်ဝမ်ရှန်းသည် မိခင်၏ စကားကို ကြားလိုက်ရပြီးနောက် ပြုံးကာ ပြောလာ၏။ "သားက အမေက ဒီရက်ပိုင်းမှာ ရုတ်တရက် မြစ်ငါးကို ကြိုက်နေတယ်လို့ ကြားလို့ စာသင်ကျောင်းသွားတဲ့လမ်းမှာ ငါးရောင်းတဲ့ ဆိုင်တစ်ဆိုင်တွေ့လို့ ဆိုင်ပေါ်က ငါးတွေကို ဝယ်ပြီး အိမ်တော်ကို ပြန်လာခဲ့တာပါ"
အမှန်တကယ်ပင် သားကြီးပြောသည့်အတိုင်း သူမ ကိုယ်ဝန်ဆောင်စ ပထမသုံးလတွင် အလွန်ပြင်းထန်စွာ ခံစားခဲ့ရပြီး ဘာစားစား အန်ထွက်ကာ ဒုက္ခအများအပြား ခံစားခဲ့ရသည်။ ယခုအခါ ကိုယ်ဝန်က ခြောက်လရှိပြီဖြစ်သော်လည်း ထိုငါးညှီနံ့ကို အလွန်နှစ်သက်နေသည်။
ကံဆိုးချင်တော့ ဤလတွင် လတ်လတ်ဆတ်ဆတ် ငါးများက အလွန်ရှားပါးပြီး စားရသည်မှာ အားမရပေ။
သားဖြစ်သူက မိမိကို အမှတ်ရနေကြောင်း သိသောအခါ ရှောင်လင်းရှီ၏ ကျုံ့နေသည့်မျက်ခုံးများမှာ ပြေလျော့သွားပြီး ငေါက်ငမ်းလေတော့သည်။ "ငါးညှီနံ့တွေ စွဲနေတာ အံ့ဩစရာမရှိတော့ဘူး။ မင်းကတော့ စေတနာရှိတာပဲ"
ထိုသို့ပြောရင်း သူမသည် ဖောင်းကြွနေသော ဗိုက်ငယ်ကို ညင်သာစွာ ပွတ်သပ်လိုက်ကာ "မင်းရဲ့ ဒီညီလေးက ငါးကြိုက်တဲ့ကောင်လေး ဖြစ်မယ် ထင်တယ်။ မင်းနဲ့မတူဘူး။ မင်းကို ကိုယ်ဝန်ဆောင်တုန်းက အမေက အချိုကြိုက်တယ်"
"သားက အချိုမကြိုက်ဘူး" ကျောက်ဝမ်ရှန်းသည် တီးတိုးပြောလိုက်ပြီး ခေါင်းကိုအလှည့်တွင် ရိုးရိုး အဝတ်အစားများကို ဝတ်ဆင်ထားပြီး မျက်လုံးများက နူးညံ့သိမ်မွေ့သော ကျိချန်ကို သတိပြုမိကာ မျက်လုံးများတွင် အံ့ဩမှုတစ်ခု ပေါ်လာသည်။ "ဒီမိန်းကလေးက..."
"ဘာမိန်းကလေးလဲ။ အဲ့ဒါ မင်းအဒေါ်အိမ်က ကျိဝမ်းကွဲညီမပဲ"
"ဪ။ ဝမ်းကွဲညီမကိုး။ အရင်က ဝမ်းကွဲညီမ အိမ်ကို လာလည်တာ မမြင်ဖူးပါလား" ကျောက်ဝမ်ရှန်းသည် အားချန်ကို စူးစိုက်စွာ ကြည့်နေလေသည်။
"တော်ပြီ။ မင်းဝမ်းကွဲညီမရဲ့ ကိစ္စကို မင်း မမေးနဲ့တော့"
ရှောင်လင်းရှီသည် သားဖြစ်သူနှင့် ကျိချန်တို့ အလွန်အကျွံ ထိတွေ့ဆက်ဆံသည်ကို မလိုလားပေ။ အကယ်၍ သားဖြစ်သူက တူမလေးကို သဘောကျသွားလျှင် ဆွေမျိုးချင်း လက်ဆက်ရဦးမည်မဟုတ်ပါလား။
သူမသည် ယခုအချိန်တွင်တော့ ကျိချန်ကို သူမ၏ ကျောက်အိမ်တော်တံခါးသို့ ဝင်ရောက်သည်ကို လုံးဝ သဘောမတူနိုင်ပေ။
ကျောက်ဝမ်ရှန်းသည် အားချန်ကို နည်းနညး်လောက် ထပ်ကြည့်ပြီးမှ မချင့်မရဲဖြင့် အကြည့်ကို ရုပ်သိမ်းလိုက်တော့၏။
ရှောင်လင်းရှီသည် ထိုအဖြစ်ကို မြင်လိုက်ရသည်တွင် မျက်နှာထားမှာ တင်းမာသွားတော့သည်။ "ဒီအချိန်ဆို မင်း စာသင်ကျောင်းကို ပြန်သင့်ပြီ။ မဟုတ်ရင် ဆရာက မင်းအဖေဆီကို တိုင်နေလိမ့်မယ်"
"ဟုတ်ကဲ့။ သား သိပါပြီ"
"ပြီးတော့ မင်းအဖေက မင်းရဲ့ အရည်အချင်းက မကောင်းဘူးလို့ ပြောတယ်။ မင်းက တခြားသူတွေထက် ပိုကြိုးစားရမယ်။ အပြင်မှာ ပေါက်ကရတွေ လုပ်နေတာကို ငါ ထပ်သိရင် မင်းအဖေကို မင်းကို ဇာတိမြေကို ပြန်ပို့ခိုင်းမယ်"
ကျောက်ဝမ်ရှန်းသည် ခေါင်းငုံ့ကာ စိတ်ပျက်ပျက်နှင့် ပြန်ဖြေလေသည်။ "သား မလုပ်ရဲပါဘူး"
သူ လှည့်ထွက်သွားသောအခါ အားချန်သည် ဤဝမ်းကွဲအစ်ကို၏ မျက်လုံးများထဲမှ ဒေါသကို ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။
ကျောက်ဝမ်ရှန်း ထွက်သွားပြီးနောက် ရှောင်လင်းရှီ၏ အာရုံသည် အားချန်အပေါ်သို့ ပြန်ရောက်လာခဲ့လေသည်။ သူမသည် အားချန်ကို လက်ထပ်ပေးရန် စိတ်ပိုင်းဖြတ်ထားပုံရပြီး သူမအား လက်ထပ်ခြင်း၏ အကျိုးကျေးဇူးများကို ရှုထောင့် အမျိုးမျိုမှ ပြောပြကာ မိမိကိုယ်တိုင်ကိုပင် ဥပမာပေးခဲ့သေးသည်။
ရှောင်လင်းရှီသည် သားသမီးနှစ်ယောက် မအောင်မြင်သည်မှလွဲ၍ မိမိကိုယ်တိုင် အိမ်ထောင်ကျပြီးနောက် အလွန်ကောင်းမွန်စွာ နေထိုင်ခဲ့ရသည်ဟု အမြဲ ထင်ထားလေသည်။ သူမ၏ ခင်ပွန်းသည်က သူမအပေါ် အရာရာ အလိုလိုက်ပြီး အိမ်တွင် အခြားသော အငယ်အနှောင်းမယားများ မရှိပေ။ ထို လင်ပါသား မွေးထားသည်ကိုပင် မသိသော အစ်မကြီးထက် အဆတစ်ရာ သာသည်ဟု ထင်နေသည်။
အားချန်သည် ရှောင်လင်းရှီ၏ ကြွားဝါမှုများကို နားထောင်ပြီးနောက် လိုက်လျောညီထွေစွာ ချီးကျူးစကားအနည်းငယ် ပြောဆိုပေးလိုက်တော့သည်။
ရလဒ်အနေဖြင့် သူမက ထပ်ပြောသည်ကို ကြားလိုက်ရ၏။ "မင်းကြည့်စမ်း။ ဘာမှမတတ်ဘူး။ အသက်မွေးဝမ်းကျောင်းတစ်ခုတောင် မရှိဘူး။ မင်းအမေအတွက် သုံးနှစ်ကြာ ဝမ်းနည်းပူဆွေးမှုကို စောင့်ထိန်းဖို့တောင် စဉ်းစားနေသေးတယ်။ တစ်လမပြည့်ခင်မှာ မင်း ဆာလောင်ပြီး သေသွားမှာ ကြောက်ရတယ်"
အားချန်ကလည်း ပြန်စဉ်းစားကြည့်လိုက်သည်။ ကျိချန်တွင် အသက်မွေးဝမ်းကျောင်းပညာရပ် တစ်ခုမျှမရှိသည်မှာ အမှန်ပင်။ အကြောင်းမှာ သူမ လိုအပ်လာမည့်နေ့တစ်နေ့ ရှိလိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့သောကြောင့်ပင်။
အားချန်ကိုယ်တိုင်မှာမူ အကယ်၍ ပညာရပ်ဟု ဆိုလျှင် သူမသည် အမှန်တကယ်ပင် တစ်ခုကိုတော့ တတ်ကျွမ်းလေသည်။
အမှန်တကယ်တော့ တမင်တကာ သွားသင်ခဲ့ခြင်းမဟုတ်ဘဲ မိဘများနှင့် ကွဲကွာခဲ့သော ထိုတစ်နှစ်တွင် သူမသည် မိခင်၏ စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကိုသာ ယူဆောင်သွားခဲ့သည်။ အမွှေးနံ့သာပြုလုပ်ခြင်းဆိုင်ရာ စာအုပ်တစ်အုပ် ဖြစ်နေခဲ့သည်။
နောက်ပိုင်းတွင် သူမ မိဘများကို လွမ်းဆွတ်သောအခါ စာအုပ်ကို ကြည့်ပြီး အချိန်ကြာလာသောအခါ အလွတ်ရသွားခဲ့သည်။
"အဒေါ် စိုးရိမ်လွန်နေပါပြီ။ အားချန်က အမွှေးနံ့သာပြုလုပ်နည်းကို သင်ယူခဲ့ဖူးပါတယ်။ အသက်မွေးဝမ်းကျောင်းအတွက်လည်း အသုံးပြုနိုင်ပါတယ်"
"မင်းက အမွှေးနံ့သာလုပ်တတ်တယ်ပေါ့။ အရင်က မင်းအမေပြောတာ မကြားဖူးပါလား" ရှောင်လင်းရှီသည် မယုံမကြည် အမူအရာဖြင့် ရှိနေတော့၏။
"အားလပ်ချိန်မှာ အချိန်ဖြုန်းဖို့ သင်ယူခဲ့တာပါ။ အမေလည်း မသိပါဘူး"
"ဘယ်သူက စကား မပြောတတ်လို့လဲ။ ကိုယ့်ကိုယ်ကိုယ် ရှာစားနိုင်မလားဆိုတာက မင်းရဲ့ အရည်အချင်းပေါ်မှာ မူတည်တယ်။ မင်းမှာ အရည်အချင်းရှိတယ်လို့ ထင်ရင် မနက်ဖြန် စိတ်ငြိမ်စေတဲ့ အမွှေးနံ့သာတစ်မျိုး လုပ်လာခဲ့။ ငါ အရင်စမ်းကြည့်မယ်"
အားချန်သည် ပျော့ပျောင်းစွာဖြင့် ငြင်းဆိုလိုက်လေသည်။ "အဒေါ်က အခု ကိုယ်ဝန်ဆောင်နေတာ။ အမွှေးနံ့သာနဲ့ မထိတွေ့တာက ပိုကောင်းပါတယ်"
သူမသည် ကိုယ်ဝန်ဆောင်များအတွက် သင့်တော်သော အမွှေးနံ့သာကို ပြုလုပ်နိုင်သော်လည်း လူ့စိတ်က ခန့်မှန်းရခက်သည်။ အကယ်၍ ရှောင်လင်းရှီ တကယ်ပဲ တစ်ခုခုဖြစ်သွားလျှင် တစ်စုံတစ်ယောက်က သူမအပေါ် အပြစ်ပုံချမည်ကို စိုးရိမ်ရသည်။ မိမိကိုယ်ကိုတော့ ဒုက္ခမပေးချင်ပေ။
"ဒါဆိုရင် ခြင်ပြေးစေတဲ့ အမွှေးနံ့သာတစ်မျိုးလုပ်"
အားချန်က ရယ်မောလိုက်ကာ "အဒေါ်။ ဒီအချိန်မှာ ခြင်မရှိသေးပါဘူး"
ရှောင်လင်းရှီသည် သိပ်စိတ်မရှည်တော့ပေ။ "မင်းကို အမွှေးနံ့သာတစ်မျိုး လုပ်ခိုင်းတာနဲ့ မင်းက အကြောင်းပြချက် အမျိုးမျိုးပေးနေတယ်။ တကယ်တော့ မင်းက ငါ့ကို လိမ်နေတာ မဟုတ်လား"
အားချန်သည် အားမလိုအားမရ ဖြစ်သွားတော့၏။ သူမသည် ရှောင်လင်းရှီကဲ့သို့ မိမိကိုယ်ကို ဗဟိုပြုပြီး စိတ်တိုတတ်သော လူမျိုးကို မတွေ့ဖူးသလောက်ပင်။
"အဒေါ်က လိုချင်မှတော့ အားချန် မနက်ဖြန် ပိုးမွှားပြေးစေတဲ့ အမွှေးနံ့သာတစ်မျိုးကို အဒေါ်မြင်ရအောင် ဖော်စပ်ပေးပါ့မယ်"
"ကောင်းပြီ။ ငါ အိမ်မှာ စောင့်နေမယ်" ထိုသို့ပြောရင်း ရှောင်လင်းရှီသည် သမ်းဝေလိုက်ပြီး ဆွန်းမားမားက အလျင်အမြန် ရှေ့သို့တိုးကာ သူမကို လှဲလျောင်းရန် ကူညီပေးလိုက်သည်။
အားချန်က ထိုအဖြစ်ကို မြင်သောအခါ ထရပ်ကာ နှုတ်ဆက်လိုက်တော့သည်။
ရှောင်လင်းရှီက လက်ကို ဝှေ့ယမ်းလိုက်ပြီး စောင်မခြုံခင်မှာပင် ဆွန်းမားမားကို ခဏအကြာတွင် အားချန်ကို အပြင်သို့ ပို့ဆောင်ရန် မှာကြားလိုက်လေသည်။
အားချန်က ပင်မအဆောင်မှ ထွက်လာပြီး အပြင်တွင် ခဏစောင့်နေစဥ် ဆွန်းမားမားက ပြုံးကာ ထွက်လာခဲ့သည်။
ဆွန်းမားမားသည် အားချန်ကို ကျောက်အိမ်တော် တံခါးမကြီးအထိ ပို့ဆောင်ပြီး ဘေးပတ်ဝန်းကျင်တွင် လူမရှိသည်ကို မြင်သောအခါမှသာ အင်္ကျီလက်စမှ ငွေစက္ကူနှစ်ရွက်ကို ထုတ်ကာ အားချန်ထံသို့ ထည့်ပေးလိုက်၏။
အားချန်သည် တစ်ရာတန် ငွေစက္ကူနှစ်ရွက်ကို ကိုင်ကာ ခဏတာ ဇဝေဇဝါ ဖြစ်သွားပြီ "ဆွန်းမားမား ဒါက ဘာသဘောလဲ"
ဆွန်းမားမားက ပြုံးကာ ပြောလာသည်။ "ဒါက သခင်မက ကျွန်မကို ပြင်ဆင်ခိုင်းထားတာပါ။ သခင်မက ပြောတယ်။ မိန်းကလေးက သူ့အဒေါ်က သူ့ကို မသနားဘူးလို့ ထင်မှာစိုးလို့။ ငွေကိုယူပြီး အဝတ်အစားအသစ်တွေ ဝယ်ပါ။ ကျန်တာကို အမွှေးနံ့သာဝယ်ဖို့ သုံးပါ။ တကယ်လို့ မိန်းကလေးရဲ့ လက်ရာက တကယ်ကောင်းရင် နောင်မှာ အကျိုးကျေးဇူးတွေ ရှိလာဦးမှာပါ"
အားချန်သည် သိပ်ပြီးတွန့်ဆုတ်မနေတော့ဘဲ ငွေကို လက်ခံလိုက်ကာ ထပ်ပြောလေသည်။ "ဆွန်းမားမားက အဒေါ်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။ မနက်ဖြန် ကျွန်မ ထပ်လာတွေ့ပါ့မယ်"
"ကောင်းပြီ။ မိန်းကလေး ဖြည်းဖြည်းသွားပါ"
အားချန်သည် လမ်းတစ်လမ်းကို လျှောက်ထွက်သွားပြီး စိတ်ထဲတွင် ရှောင်လင်းရှီကို စဉ်းစားနေမိဆဲ။
ဤအဒေါ်သည် အမှန်တကယ်ပင် ဖော်ပြရခက်သော လူတစ်ဦးပင်။ သူမကို လူကောင်းဟု ဆိုလျှင် သူမ၏ တွက်ချက်မှုများသည် လူ၏ မျက်နှာပေါ်သို့ ခုန်တက်လာလုနီးပါးဖြစ်ပြီး သူမ၏ အတ္တနှင့် အတ္တကိုလည်း အနည်းငယ်မျှပင် မဖုံးကွယ်ပေ။
သို့သော် သူမကို လူဆိုးဟု ဆိုလျှင် ရှန့်ကျင်းမြို့တော်တစ်ခုလုံးတွင် ကျိချန်၏ အဘိုးအဘွား လင်းမိသားစုနှင့် ဆက်စပ်မှုရှိသော အငယ်အနှောင်းမယားမှ မွေးသော သမီးသည် ဤတစ်ဦးတည်းသာ မဟုတ်ပေ။ သို့သော် သူမတစ်ဦးတည်းသာ ကျိချန်၏ တည်နေရာကို စုံစမ်းမေးမြန်းပြီး သူမကို ငွေကြေးပေးကမ်းခဲ့သည်။
ဖြစ်နိုင်သည်မှာ ရှောင်လင်းရှီက သူမကို အမွှေးနံ့သာဝယ်ရန် ငွေပေးသည်မှာ သူမ နောင်တွင် "အရောင်းအဝယ်" တစ်ခု ထပ်တိုးနိုင်ရန်အတွက်သာ ဖြစ်နိုင်လေသည်။ သို့သော် လူတစ်ဦး ဒုက္ခရောက်နေသောအခါတွင် အမှတ်ရသူတစ်ဦး ရှိနေပြီး ကူညီလိုသူတစ်ဦး ရှိနေခြင်းသည် အလွန်ရှားပါးလှ၏။
သူမနှင့်တော့ မတူချေ။ မြောက်ပိုင်းလွင်ပြင်မှ ရှန့်ကျင်းသို့ရောက်လာရန် အချိန်ကာလ အများကြီး ကုန်လွန်သွားခဲ့သော်လည်း သူမ၏ သေရေးရှင်ရေးကို ဘယ်သူမှ ဂရုမစိုက်ခဲ့ပေ။
အားချန်သည် လူစည်ကားသော လမ်းမပေါ်တွင် ရပ်နေပြီး အကြောင်းမဲ့ အထီးကျန်သလို ခံစားလိုက်ရ၏။
ဘေးမှ ဖြတ်သွားဖြတ်လာများသည် မျက်နှာပေါ်တွင် အပြုံးများဖြင့် သို့မဟုတ် ခြေလှမ်းများ အလျင်စလို ရှိနေကြပြီး နေ့ဘက်တွင် အလုပ်များပြီးနောက် အိမ်ပြန်ရန် နေရာရှိကြသည်။ သူမမှာမူ အိမ်မရှိပေ။
မတော်တဆ လူတစ်ဦးနှင့် တိုက်မိသောအခါမှသာ အားချန်သည် စိတ်ဓာတ်ကျနေသည့် ခံစားချက်မှ လွတ်မြောက်လာခဲ့၏။
လူ၏ အသက်သည် တိုတောင်းလွန်းလှပြီး သူမတွင်တော့ လုပ်စရာအများအပြား ရှိနေသည်။ သူမနှင့် မသက်ဆိုင်တော့သော လူများနှင့် အတိတ်ကို စဉ်းစားရန် ဘယ်မှာ အချိန်ရှိပါမည်နည်း။
မိစ္ဆာတစ်ကောင်သည် အချိန်ကို ဖြုန်းတီးနိုင်သော်လည်း လူသည် ရှေ့သို့သာ မျှော်ကြည့်ရမည်။
လောလောဆယ်တွင် သူမသည် ငွေအချို့ကို လဲလှယ်ပြီးနောက် အနောက်ဈေးသို့ သွားကာ သာမန်အမွှေးနံ့သာများကို ဝယ်ရမည်။ ထိုစာအုပ်ထဲမှ အမွှေးနံ့သာနည်းများသည် သာမန်လူများအတွက် မဟုတ်သော်လည်း သာမန်အမွှေးနံ့သာ လုပ်နည်းများကိုမူ အနည်းငယ်တော့ သိသေးသည်။
အားချန်သည် ပထမဆုံး ငွေလဲလှယ်ဆိုင်သို့ သွားကာ လျန်ငွေ နှစ်ဆယ်နှင့် လျန်နှစ်ဆယ်တန် ငွေစက္ကူလေးရွက်ကို လဲလှယ်လိုက်သည်။
သာမန်အိမ်ထောင်စုတစ်စုအတွက် ငွေနှစ်ဆယ်သည် အချိန်အတော်ကြာ သုံးစွဲနိုင်လောက်၏။ အားချန်သည် အနောက်ဈေးတွင် တစ်ပတ်ပတ်ကာ သာမန်အမွှေးနံ့သာတစ်ပုံကို ဝယ်ခဲ့သော်လည်း ငွေ၅လျန်ပင် မကုန်ခဲ့ပေ။
သို့သော် ထွက်လာချိန်တွင်တော့ သူမသည် သစ်သားပန်းပုရောင်းသော ဆိုင်တစ်ဆိုင်တွင် မထွင်းရသေးသော အနက်ရောင် သစ်တုံးတစ်တုံးကို တွေ့လိုက်ရလေသည်။
ဆိုင်ရှင်၏ ပြောစကားအရ ထိုပစ္စည်းမှာ နှစ်၅၀သက်တမ်းရှိ မိုးမခပင်ဖြစ်ပြီး ခုတ်လှဲပြီးမကြာမီ အနက်ရောင်ပြောင်းသွားသည်။ မိုးမခသားသည် သာမန်ဖြစ်သော်လည်း ဤအရောင်မှာ ရှားပါးသည်။ အကယ်၍ သူမ ဝယ်လိုပါက အနည်းဆုံး ငွေ၁လျန် ပေးရမည်ဟု ဆိုသည်။
အားချန်သည် ခဏတုံ့ဆိုင်းပြီးနောက် ထိုသစ်တုံးကို ဝယ်ယူခဲ့၏။ အလွန်အေးမြသော နေရာတွင် ကြီးထွားလာသော မိုးမခပင်။ ယခုအခါ အသုံးမဝင်သော်လည်း နောင်တွင် အသုံးဝင်လာနိုင်သည်ဟု စဉ်းစားမိလိုက်သည်။
ဆိုင်ရှင်သည် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်းမရှိသည့်အတွက် အားချန်သည် ဈေးထဲတွင် လူတစ်ဦးကို ရှာကာ သူမ၏ သစ်တုံးကို ပြန်သယ်ခိုင်းရသည်။ ပစ္စည်းသယ်ပေးသူက သစ်တုံးသည် လေးလံပြီး ချန်းဖိင်ဖန်းသည်လည်း ဝေးလံသည့်အတွက် ပျဉ်ပြားလှည်းဆွဲရမည်ဖြစ်ပြီး သူမကို ၁၀ဝမ်ပေးရမည်ဟု ဆိုလာသည်။
အားချန်ကလည်း ဈေးကြီးသည်ဟု မြင်ပြီး တစ်ဖက်လူနှင့် ဈေးဆစ်နေစဥ်တွင် မင်ကျင့်စီးအစောင့်တစ်ဖွဲ့သည် အနောက်ဈေးသို့ အပြေးအလွှား ဝင်ရောက်လာလေတော့သည်။
...