← Chapters

ဒါက ကျွန်မနဲ့ ရှင်တို့ရဲ့ အကြီးအကဲကြားက လျှို့ဝှက်ချက်

Vol. 1 Ch. 7

ဒါက ကျွန်မနဲ့ ရှင်တို့ရဲ့ အကြီးအကဲကြားက လျှို့ဝှက်ချက်

Vol. 1 Ch. 7

ထိုအနက်ရောင် အရာရှိဝတ်စုံဝတ်ဆင်ထားပြီး ခါးတွင် ဓားချိတ်ဆွဲထားကာ ခက်ထန်သော အသွင်ဆောင်နေသော မင်ကျင့်စီးအစောင့်များကို ကြည့်ပြီးနောက် ဘယ်သူက စီးပွားရေး ဆက်လုပ်ရဲဦးမည်နည်း။ အားလုံးသည် ဆိုင်ကို ချက်ချင်းပိတ်ကာ အနားယူချင်စိတ် ဖြစ်သွားကြတော့သည်။

အားချန်က ကိုယ်ကို အလှည့်တွင် ပစ္စည်းသယ်သူသည် လူအုပ်ထဲသို့ တိုးဝင်သွားပြီး ပွဲကြည့်ရန်လား သို့မဟုတ် ဤနေရာမှ ထွက်ခွာရန် အခွင့်ကောင်းယူခြင်းလား မသိပေ။

အနောက်ဈေးသည် မင်ကျင့်စီးအစောင့်များ ရောက်ရှိလာသည့်အတွက် အနည်းငယ် ရှုပ်ထွေးနေပြီဖြစ်ပြီး အားချန်၏ လက်ထဲတွင်တော့ သစ်တုံးကို ချည်နှောင်ထားသော လျှော်ကြိုးကို ကိုင်ထားဆဲဖြစ်ရာ မိမိကိုယ်တိုင်လည်း ထွက်သွား၍မရသည့်အတွက် ဤနေရာတွင် ခဏပွဲကြည့်ရန် ဆက်နေလိုက်တော့သည်။

သူမနှင့် အလားတူ အတွေးများရှိသူ အများအပြား ရှိလေသည်။ အားလုံးက မင်ကျင့်စီးကို အလွန်ကြောက်ရွံ့သော်လည်း ပွဲကြည့်လိုသော စိတ်ကိုမူ မထိန်းချုပ်နိုင်ခဲ့ပေ။

ထိုမင်ကျင့်စီးအစောင့်များ သွားနေသည့် လမ်းကြောင်းက အားချန် ယခင်က အမွှေးနံ့သာဝယ်ခဲ့သော ဆိုင်နားတွင်ဖြစ်ပြီး ထိုတန်းမှ ဆိုင်ရှင်အနည်းငယ်သည် ကြောက်လန့်သွားနိုင်ပြီး မလှုပ်မယှက် ရပ်တန့်နေကြ၏။

ခေါင်းဆောင်၏ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံကို ကြားလိုက်ရသည်။ “ဖမ်း"

မင်ကျင့်စီးအစောင့်များသည် အုပ်စုလိုက် ပြေးဝင်လာပြီး အမွှေးနံ့သာဆိုင်ဘေးမှ ကျောက်စိမ်းဆိုင်သို့ တည့်တည့်သွားကြလေသည်။

ထိုကျောက်စိမ်းရောင်းသော ဆိုင်ရှင်ဝတုတ်သည် ဖမ်းဆီးခံရပြီးနောက် ခေါင်းကို ဘယ်ညာလှည့်ကာ မျက်ရည်များ စီးကျလို့နေ၏။

သူသည် ငိုကြွေးရင်း အော်ဟစ်နေလေသည်။ “လူကြီးမင်း။ ကျွန်တော် မတရားစွပ်စွဲခံရတာပါ--"

ဤဆိုင်ရှင်သည် မည်သည့်နေရာမှ လာသည်မသိရပေ။ စကားပြောသံသည် အလွန်ထူးဆန်းပြီး အပြစ်မရှိကြောင်း အော်ဟစ်သည်မှာ အလွန်ရယ်စရာကောင်းလှသည်။

"ပါးစပ်ပိတ်" ခေါင်းဆောင်က လေသံဆိုးဆိုးဖြင့် အော်ငေါက်လိုက်၏။

အားချန်သည် ထိုအခါမှသာ ခေါင်းဆောင်မှာ ဖုန်းယန်ဖြစ်ကြောင်း သတိပြုမိခဲ့သည်။

ဖုန်းယန်၏ နောက်မှ လူနှစ်ဦးသည် ဆိုင်ရှေ့သို့ ရောက်လာပြီး တစ်ဦးက ကျောက်ပြားတစ်ချပ်ကို ကောက်ယူကာ အခြားတစ်ဦးထံသို့ ပေးလိုက်၏။ ထိုလူက သူ့လက်ကို ပွတ်သပ်လိုက်ရုံဖြင့် ကျောက်ပြားသည် အမှုန့်ဖြစ်သွားတော့သည်။

နှစ်ဦးသား မျက်လုံးချင်းဆုံကြည့်ပြီးနောက် လက်သီးဆုပ်အရွယ်ရှိ အခွံခွာထားသော ကျောက်စိမ်းတုံးတစ်တုံးကို ထပ်မံကောက်ယူရန် ပြင်ဆင်နေစဥ် ယခင်က ပါးစပ်ပိတ်ထားသော ဆိုင်ရှင်သည် ထပ်မံအော်ဟစ်လာခဲ့သည်။

"လူကြီးမင်း။ စကားကောင်းကောင်းပြောပါ။ ဒီကျောက်စိမ်းတွေက ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုအားလုံးပဲ။ အားလုံးကို ချေမွလိုက်ရင် ကျွန်တော် သေတာကမှ ပိုကောင်းဦးမယ်"

ကျောက်စိမ်းစစ်ဆေးသူနှစ်ဦးသည် ဆိုင်ရှင်၏ သေရေးရှင်ရေးကို ဂရုမစိုက်ဘဲ ထိုကျောက်စိမ်းတုံးကိုလည်း ချိုးဖဲ့လိုက်လေသည်။

သူတို့သည် ချိုးဖဲ့ထားသော ထိုကျောက်စိမ်းတုံးကို ဖုန်းယန်ထံသို့ ပေးလိုက်ကာ ဖုန်းယန်သည် ကြည့်ပြီးနောက် ဆိုင်ရှင်ထံသို့ ပစ်ပေးလိုက်သည်။ “ကြည့်လိုက်။ ဒါက မင်းရဲ့ ပိုင်ဆိုင်မှုအားလုံးပဲ။ အပြင်က အခွံကပဲ ကျောက်စိမ်း။ အတွင်းက ကျောက်တုံးထက်တောင် ဆိုးသေးတယ်"

ဆိုင်ရှင်သည် သူ၏ ကျောက်စိမ်းတုံးကို ကိုင်ကာ အချိန်အတော်ကြာ ကြည့်ပြီးနောက် တရှုံ့ရှုံ့ဖြင့် ပြောလာ၏။ “မဖြစ်နိုင်ဘူး။ ကျွန်တော့်ဆိုင်ပေါ်က ကျောက်စိမ်းအားလုံးက စစ်ဆေးပြီးသား။ ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ"

"ဒီဆိုင်ကို မင်းတစ်ယောက်တည်း ကြည့်နေတာလား"

"အလုပ်သမားတစ်ယောက် ရှိသေးတယ်"

"နာမည်"

"ကျန်းစန်းလို့ ခေါ်တယ်။ အားလုံးက ဒီလိုပဲ ခေါ်ကြတယ်"

"သူ ဘယ်မှာလဲ"

ဆိုင်ရှင်သည် ဘယ်ညာကြည့်ကာ အနည်းငယ် ဇဝေဇဝါဖြစ်သွားလေသည်။ “သူ ခုနက ဒီမှာပဲ ရှိနေသေးတာ"

ဖုန်းယန်က မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လူအုပ်အပြင်ဘက်တွင် ပွဲကြည့်နေသော အားချန်ကို အမှတ်မထင် တွေ့လိုက်ရပြီး အကြည့်သည် သိပ်မကြာလိုက်ပေ။

သူက ခဏလောက် စဉ်းစားပြီးနောက် အသံကို မြှင့်ထားလိုက်၏။ ထိုအသံသည် ထိုးဖောက်နိုင်စွမ်းရှိပြီး လူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားတော့သည်။ “ကျောက်စိမ်းဆိုင်က ကျန်းစန်းကို ရှာပေးနိုင်တဲ့သူ တိုင်းကို ကျွန်တော် ငွေ၁၀လျန်ဆုချမယ်"

စကားသံဆုံးသည်နှင့် မလှမ်းမကမ်းမှ လူတစ်ဦးက အော်ကာ ပြောလာသည်။ “ဟိုမှာ။ သူ ပြေးတော့မယ်!"

အားလုံးသည် အသံလာရာသို့ ကြည့်လိုက်ကြ၏။ ထိုသူမှာ ပိန်ပိန်ပါးပါး လူငယ်တစ်ဦးဖြစ်ပြီး သူ့လက်သည် အနောက်ဈေးမြောက်ဘက်တံခါးသို့ ညွှန်ပြနေလေသည်။

ထိုကျန်းစန်း၏ အမြန်နှုန်းသည် မနှေးပေ။ မျက်စိတစ်မှိတ်အတွင်း မြောက်ဘက်ဂိတ်မှ ထွက်ခွာလုနီးပါး ဖြစ်နေပြီဖြစ်သည်။

"ဖမ်း" ဖုန်းယန်သည် အမိန့်ပေးလိုက်ရာ သူ၏နောက်မှ မင်ကျင့်စီးအစောင့်တစ်ဝက်သည် ခြေထောက်တွင် လေဘီးတပ်ထားသကဲ့သို့ လျင်မြန်စွာ ပြေးထွက်သွားကြသည်။

သို့သော် သူတို့ ကျန်းစန်းကို မမီခင်မှာပင် မြောက်ဘက်ဂိတ်တွင် လူတစ်စု ရုတ်တရက် ပေါ်လာပြီး ခေါင်းဆောင်က ထွက်ပြေးရန် ပြင်ဆင်နေသော ကျန်းစန်းကို ခြေဖြင့် ကန်ထုတ်လိုက်တော့သည်။

ထိုကျန်းစန်းသည် ၁၀မီတာကျော်အထိ လွင့်စင်သွားပြီး ကိုယ်ခန္ဓာက တစ်ချက်တွန့်သွားပြီးနောက် မလှုပ်ရှားတော့ချေ။

ဖုန်းယန်သည် ခြေလှမ်းကျဲကျဲဖြင့် ကျန်းစန်းထံသို့ သွားကာ သူ၏ဘေးတွင် တစ်ဝက်တစ်ပျက် ထိုင်ချပြီး သူ၏လည်ပင်းဘေးမှ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်တွင် သွေးခုန်နှုန်းမရှိတော့ဘဲ လူက သေဆုံးနေပြီ ဖြစ်သည်။

သူသည် ထရပ်ကာ မသာမယာမျက်နှာထားဖြင့် မှုခင်းဌာနက အရာရှိများနှင့်အတူ ရောက်လာသည့် ရွှဲမင်ထန်ကို ကြည့်လိုက်သည်။

ရွှဲမင်ထန်သည် ဖုန်းယန်၏ ရန်လိုမှုကို မခံစားမိသကဲ့သို့ ဖုန်းယန်၏ ခါးတွင် ချိတ်ဆွဲထားသော တံဆိပ်ပြားကို တစ်ချက်ကြည့်ကာ လက်နှစ်ဖက်ယှက်ပြီး အရိုအသေပေးလိုက်သည်။ “ကျွန်တော် မှုခင်းဌာနက အဖွဲ့ဝင် ရွှဲမင်ထန်ပါ။ ခုနက အလျင်စလိုဖြစ်သွားလို့ လက်လွန်သွားခဲ့တဲ့အတွက် ကျေးဇူးပြုပြီး လူကြီးမင်းက အပြစ်မယူပါနဲ့နော်"

"မင်းတို့ မှုခင်းဌာနက ဒီကို ဘာလာလုပ်တာလဲ" ဖုန်းယန်သည် အေးတိအေးစက် မေးလိုက်သည်။

ရွှဲမင်ထန်က သဘောထားကြီးသည့် မျက်နှာထားဖြင့် “နတ်ဆိုးလူသတ်မှုတစ်ခုကို စုံစမ်းဖို့ပါ။ သဲလွန်စတစ်ခုက အနောက်ဈေးကို ညွှန်ပြနေလို့ လာစုံစမ်းတာပါ"

ဖုန်းယန်သည် ထပ်မမေးလိုက်တော့ချေ။ သူသည် လက်ရှိတွင် ဤကိစ္စက ရွှဲမင်ထန်နှင့် ဆက်စပ်နေကြောင်း သက်သေမရှိသော်လည်း သူ ရောက်လာသည်မှာ အလွန်တိုက်ဆိုင်နေသည်။

"ကျန်းစန်းရဲ့ အလောင်းကို ယူသွား" ဖုန်းယန်သည် အမိန့်ပေးလိုက်သည်။

ထွက်လာသော လေးဦးသည် တစ်နေရာတွင် သွေးစိမ်ထားသလိုဖြစ်နေသည့် ကြိုးနှစ်ချောင်းကို ထုတ်ယူလာ၏။ သူတို့သည် အလောင်းကို ချည်နှောင်ရန် ပြင်ဆင်နေစဥ် ထိုအလောင်း၏ ခေါင်းသည် ရုတ်တရက် ထောင်မတ်လာခဲ့သည်။

အားလုံး အော်ဟစ်နေစဥ်တွင် အလောင်းထဲမှ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူအုပ်ထံသို့ ပြေးဝင်လာခဲ့၏။

အားချန်သည် လူတိုးခံရမည်ကို စိုးရိမ်သည့်အတွက် လူအုပ်အပြင်ဘက်တွင် ရပ်နေသော်လည်း သည်လိုအနေအထားက ပိုပြီး ထင်ရှားနေသကဲ့သို့ ဖြစ်နေ၏။ ထိုအဖြူရောင်အလင်းတန်းသည် မူလက သူမ၏ လမ်းကြောင်းသို့ လာနေသော်လည်း ဘာကြောင့်မှန်းမသိ လမ်းတစ်ဝက်တွင် ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး သူမကို တမင်တကာ ရှောင်ရှားနေသည့်နှယ် လူအုပ်ကို ဖြတ်ကျော်ကာ ပျောက်ကွယ်သွားတော့သည်။

ကိုယ်ခန္ဓာပြောင်းပြီးနောက် အားချန်၏ မျက်လုံးများသည် ယခင်ကဲ့သို့ မကောင်းတော့ဘဲ ထိုပျံထွက်သွားသော အဖြူရောင်အလင်းတန်းသည် မည်သည့်အရာဖြစ်ကြောင်း သေသေချာချာလေး မမြင်လိုက်ရပေ။

သို့သော်… သူမသည် ခြေထောက်ဘေးမှ မိုးမခသစ်တုံးကို ငုံ့ကြည့်ပြီးနောက် မြေပေါ်တွင် လဲကျနေသော ထိုအလောင်းကို ကြည့်ကာ စိတ်ထဲတွင် တစ်ခုကို ခန့်မှန်းမိလိုက်တော့သည်။

ရုတ်တရက် သူမသည် အလွန်မသက်မသာဖြစ်စေသော အကြည့်တစ်ခုကို ခံစားလိုက်ရပြီး လှည့်ကြည့်ချိန်တွင် ရွှဲမင်ထန်က သူမကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ကျိချန် မသေဆုံးသေးကြောင်း သတင်းကို ရွှဲမင်ထန်သည် မနေ့ကမှ သိရှိခဲ့သည်။

သူသည် ထိုညက မည်သည့်အရာ ဖြစ်ပွားခဲ့သည်ကို မသိပေ။ ရင်ဘတ်ကို မြားဖြင့် ထိုးဖောက်ခံရသူတစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့သည့် အကြောင်းအရင်းကို သူ မသိပေ။ သို့သော် သူက လူတစ်ဦးကို သေစေလိုလျှင် ထိုသူသည် အသက်ရှင်ကျန်ရစ်ရန် အကြောင်းမရှိပေ။

အားချန်သည် ရွှဲမင်ထန်၏ သူမအပေါ်ထားသည့် အငြိုးအတေးကို ခံစားမိပြီး ရွှဲမင်ထန်သည် သူမကို တစ်ကြိမ်သတ်၍ မအောင်မြင်လျှင် ဤမျှလွယ်လွယ်ကူကူ လက်လျှော့မည်မဟုတ်ကြောင်း စိတ်ထဲတွင် ပိုပြီး ရှင်းလင်းသွားခဲ့သည်။

ရွှဲမင်ထန်နဲ့ ရင်ဆိုင်ရရင် ငါ့မှာ အနိုင်ရဖို့ အခွင့်အလမ်း တစ်စက်မှမရှိဘူး။ ဒါပေမဲ့ ငါက အခုချက်ချင်းကြီးလည်း မသေချင်သေးဘူးလေ။

အားချန်သည် အကြည့်လွှဲလိုက်ပြီး နောက်ဆုံးတွင်တော့ အကြည့်တို့က ဖုန်းယန်၏ကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။

"လူကြီးမင်းဖုန်း”

သူမ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ဖုန်းယန်ကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။

ဖုန်းယန်က လှည့်ကြည့်လာပြီး အားချန်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်၏။

အားချန်က သူ့ကို ပြုံးပြလိုက်ပြီး "ကျွန်မ လူကြီးမင်းဖုန်းကို ပြောစရာစကား နည်းနည်းရှိလို့ပါ”

ဖုန်းယန်က မျက်မှောင်ကြုတ်လိုက်၏။ ကျိချန် ဘာလုပ်ချင်နေသည်ကို သူ မသိသော်လည်း သူမ၏ ပွင့်လင်းပြတ်သားသည့် အမူအရာကြောင့် ရှေ့သို့ ခြေလှမ်းတိုးသွားလိုက်လေသည်။

ကျန်လူများမှာ နားထောင်ချင်ကြသေးသော်လည်း နောက်မှလိုက်ပါလာသော မင်ကျင့်စီးအစောင့်များ၏ ခြောက်လှန့်နှင်ထုတ်ခြင်းကို ခံလိုက်ရလေသည်။

"ဘာစကားများ ပြောစရာရှိလို့လဲ။ တိုက်ရိုက်သာပြောပါ”

"ကျွန်မ ခန့်မှန်းရသလောက်တော့ လူကြီးမင်း ခုနကကိစ္စနဲ့ပတ်သက်ပြီး ဘာမှခေါင်းစားနေစရာ မရှိလောက်ဘူး ထင်တယ်”

"မင်းမှာရော အကြံဉာဏ်ရှိလို့လား” ဖုန်းယန်သည် မူလက "မင်းနဲ့ ဘာဆိုင်လို့လဲ" ဟု ပြောချင်စိတ်ကို ထိန်းလိုက်ပြီး လေပြင်းတစ်ချက် တိုက်လျှင်ပင် လဲကျသွားနိုင်သည့် သူမ၏ပုံစံကို ကြည့်ကာ စကားလုံးတို့ကို ပြောင်းလဲကာ ပြောလိုက်ခြင်းဖြစ်သည်။

အားချန်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး "လူကြီးမင်း ဘယ်အမှုကို စစ်ဆေးနေလဲဆိုတာ ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ခုနကကိစ္စနဲ့ပတ်သက်ပြီး ကျွန်မမှာ အတွေးတချို့တော့ ရှိပါတယ်။ လူကြီးမင်းဖုန်း အချိန်အနည်းငယ်ပေးပြီး နားထောင်ကြည့်ပေးနိုင်မလား”

ဖုန်းယန်က ကျိချန်ကို အကဲခတ်လိုသည့် အရိပ်အယောင်တို့ဖြင့် သေသေချာချာလေး ကြည့်လိုက်သည်။ ကျိချန်ကို လွှတ်ပေးရန် အမိန့်ကို လူကြီးမင်းကိုယ်တိုင် အမိန့်ပေးခဲ့သဖြင့် ကျိချန်တွင် ပြဿနာမရှိနိုင်ကြောင်း သက်သေပြနေသကဲ့သို့ပင်။

သို့သော် ညတစ်ညအတွင်း သူမသည် အဘယ့်ကြောင့် ဤမျှလောက် ပြောင်းလဲသွားသည်ကိုတော့ လူကြီးမင်းက သူ့ကို ပြောပြခဲ့ခြင်းမရှိချေ။

ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ဖုန်းယန်က ပြောလိုက်သည်။ "မင်း ပြောကြည့်လေ”

"ဒဏ္ဍာရီတွေထဲမှာတော့ နဂါးမျိုးနွယ်တွေ သေဆုံးသွားတဲ့အခါ အရမ်းအေးစက်ပြီး ယင်ဓာတ်အားကြီးတဲ့နေရာမှာ နေထိုင်တဲ့ မြွေနက်တစ်မျိုးကို ဆွဲဆောင်တတ်တယ်လို့ ဆိုကြပါတယ်။ ဒီမြွေတွေဟာ တစ်လက်မလောက်ပဲ ရှည်ပြီး နဂါးတွေရဲ့ ကျောရိုးထဲက ခြင်ဆီကို အရမ်းနှစ်သက်ကြတယ်။ အဲဒါကို စားပြီးသွားရင် သူတို့က အနက်ရောင်အရေခွံကိုလဲပြီး မြွေဖြူအဖြစ် ပြောင်းလဲသွားကြတယ်။ သူတို့ရဲ့ဓာတ်သဘာဝကလည်း ယင်ဓာတ်အားကြီးရာကနေ အမြင့်ဆုံး ယန်ဓာတ်အဖြစ် ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ ဒီမြွေအမျိုးအစားဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်ပြီး နတ်ဆိုးစွမ်းအင်လည်း မရှိပါဘူး။အရည်သွေးကောင်း ကျောက်စိမ်းပေါ်မှာကလွဲရင် တခြားနေရာမှာ မနားခိုတတ်ကြပါဘူး”

ဖုန်းယန်သည် နားထောင်ရင်း သူ၏မျက်နှာအမူအရာမှာ ပိုပိုပြီး တည်ကြည်လေးနက်လာလေသည်။ အကြောင်းမှာ သူမ ပြောလိုက်သော အချက်တိုင်းသည် သူ စုံစမ်းသိရှိထားသော သဲလွန်စများနှင့် တစ်ထပ်တည်း တူညီနေသောကြောင့်ပင်။

သူ စုံစမ်းစစ်ဆေးနေသည့်အမှုမှာ လွန်ခဲ့သောလအနည်းငယ်က တားမြစ်ဘဏ္ဍာတိုက် ဖောက်ထွင်းခံရသည့်အမှု ဖြစ်သည်။ ဤအမှုနှင့် ပတ်သက်သော အရာရှိများဖြစ်သည့် ကျိချန်၏ အဘိုးတော်စပ်သူ မိသားစုတစ်စုလုံးမှာ သေဒဏ်ပေးသင့်သူကို သေဒဏ်ပေး၊ ပြည်နှင်ဒဏ်ပေးသင့်သူကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ဖြစ်သော်လည်း တားမြစ်ဘဏ္ဍာတိုက်အတွင်းသို့ ခိုးဝင်ခဲ့သော လူ သို့မဟုတ် တစ်စုံတစ်ရာကိုမူ ယနေ့ထက်တိုင် ရှာမတွေ့သေးချေ။

တားမြစ်ဘဏ္ဍာတိုက်တွင် အထပ်ထပ် ကာရံထားသော ကာကွယ်ရေးစနစ်များနှင့် နတ်ဆိုးမိစ္ဆာများကို ရည်ရွယ်သည့် ထောင်ချောက်များ တပ်ဆင်ထားသည်။ သို့သော် အထဲသို့ဝင် ရောက်ခဲ့သည့်အရာသည် ထိုထောင်ချောက်များကို လုံးဝမထိမိခဲ့ပေ။ သူတို့ နောက်ဆုံး စစ်ဆေးခဲ့သောအခါ ဘဏ္ဍာတိုက်ထဲရှိ အဖိုးတန်ကျောက်စိမ်းအချို့တွင် ပုံမှန်မဟုတ်သော အခြေအနေများ ဖြစ်ပေါ်နေသည်ကိုသာ တွေ့ရှိခဲ့ရသည်။

ဤသို့ဖြင့် လဝက်နီးပါး ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် သူတို့သည် ကျောက်စိမ်းများမှတစ်ဆင့် သဲလွန်စအချို့ကို ရရှိခဲ့သည်။ သို့သော် လူကို မဖမ်းမိသေးခင်မှာပင် ရွှဲမင်ထန်၏ ခြေကန်ချက်ကြောင့် သေဆုံးသွားခဲ့ပြီး ထိုလူ၏ကိုယ်ပေါ်၌ ကပ်ပါနေသောအရာသည်လည်း အရိပ်အယောင်ပင် မမြင်ရဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့လေသည်။

သူတို့သည် အချိန်အတော်ကြာ စုံစမ်းစစ်ဆေးခဲ့သော်လည်း ကျိချန်၏ စကားအနည်းငယ်လောက်ပင် အသုံးဝင်ခြင်း မရှိခဲ့ပေ။

"မိန်းကလေးကျိ ဒါတွေကို ဘယ်လိုများ သိထားရတာလဲ” ဖုန်းယန်သည် မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။

အားချန်၏ နှုတ်ခမ်းထောင့်တို့သည် ကွေးတက်သွားပြီး လျှို့ဝှက်နေသည့်လေသံတစ်ခုဖြင့် ပြောလာ၏။ "ဒါကတော့ ကျွန်မနဲ့ ရှင်တို့ရဲ့ ကျန့်ဖူရှီ (တမန်တော် လူကြီးမင်း)ကြားက လျှို့ဝှက်ချက်တစ်ခုပဲ။ တကယ်လို့ ရှင် တကယ် သိချင်တယ်ဆိုရင် သူ့ကို သွားမေးလို့ရပါတယ်”

"...ကျွန်တော် မေးမှာပါ” သူသည် ကျိချန်၏ တစ်ဖက်သတ်စကားကို ယုံကြည်မည်မဟုတ်သည်မှာ သေချာလှသည်။

ကျိချန်၏စကားကို ကြားပြီးနောက် ဖုန်းယန်သည် ထွက်သွားရန် ပြင်လိုက်သော်လည်း သူမက နောက်တစ်ကြိမ် ထပ်မံခေါ်လိုက်ပြန်သည်။

"လူကြီးမင်းဖုန်း”

"ဘာကိစ္စများ ရှိသေးလို့လဲ” ဖုန်းယန်သည် လှည့်ကြည့်လိုက်ပြီး သူ၏မျက်နှာပေါ်က သဘာဝမကျသော အမူအရာအချို့ကို ဖုံးကွယ်ထားလိုက်၏။

အဘယ်ကြောင့်မှန်းမသိ ဤအမျိုးသမီးက သူ့ကို ခေါ်လိုက်တိုင်း သူသည် တစ်ကိုယ်လုံး မလုံမလဲဖြစ်လာသည်ဟု ခံစားရလေသည်။

အားချန်သည် မျက်လွှာအနည်းငယ်ချလိုက်ပြီး ရှက်ရွံ့ဟန်ဆောင်ကာ "လူကြီးမင်းဖုန်း ကျွန်မကို ဒီသစ်တုံးကို အိမ်အထိ သယ်သွားဖို့ လူလွှတ်ပြီး ကူညီပေးလို့ရမလား။ လူကြီးမင်းလည်း သိတဲ့အတိုင်း။ ကျွန်မက ကိုယ်ခန္ဓာအားနည်းတော့ ဒီပစ္စည်းတွေ အများကြီးနဲ့ လမ်းဆက်မလျှောက်နိုင်တော့လို့ပါ”

ဖုန်းယန်၏ စိတ်ထဲတွင် ပြောစရာစကားတို့ ဆွံ့အသွားရလေသည်။ ကျိချန်၏ မျက်နှာအမူအရာနှင့် သူမ ပြောလိုက်သောစကားတို့မှာ အမှန်တကယ်ပင် လားလားမှ မအပ်စပ်ပေ။

"ဒါက..."

သူ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ အားချန်က ထပ်မံပြောလိုက်သည်။ "လူကြီးမင်းအနေနဲ့ ကျွန်မရဲ့အိမ်ကို အခွင့်ကောင်းယူပြီး လမ်းကြုံမှတ်သွားပေါ့။ တကယ်လို့ ကျွန်မက လူကြီးမင်းကို လိမ်လည်ခဲ့တယ်ဆိုရင် ရှင် အချိန်မရွေး လူခေါ်ပြီး ကျွန်မကို မင်ကျင့်စီးကို ပြန်ဖမ်းသွားလို့ရတာပဲ”

ထိုစကားကြောင့် ဖုန်းယန်သည် အကျိုးသင့်အကြောင်းသင့်ရှိသည်ဟု ယူဆလက်ခံလိုက်တော့သည်။ ကျိချန်ပေးတဲ့ သဲလွန်စကသာ အမှန်ဖြစ်ခဲ့ရင် အကြီးအကျယ် အကူအညီဖြစ်စေမှာပဲ။ သူ့ကို ပစ္စည်း နည်းနည်းပါးပါး သယ်ပေးဖို့ လူလွှတ်လိုက်တာကတော့ အရမ်းလွယ်တဲ့ကိစ္စပဲလေ ဟု တွေးလိုက်မိသည်။

သူသည် သူ၏လက်အောက်ငယ်သားနှစ်ဦးကို ခေါ်လိုက်ပြီး ကျိချန်ဝယ်ထားသော ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးရန် တာဝန်ပေးလိုက်ရာ ထိုလက်အောက်ငယ်သားနှစ်ဦး၏ သူ့ကို ကြည့်သော အကြည့်တို့မှာ အလွန်ပင် ထူးဆန်းနေလေသည်။

သူသည်လည်း ရှင်းပြရန် နည်းလမ်းမရှိသောကြောင့် မျက်နှာထားတင်းတင်းဖြင့်သာ လူများကိုခေါ်ကာ ထွက်ခွာသွားလေသည်။

ဖုန်းယန် ထွက်ခွာသွားသော်လည်း သူသည် မင်ကျင့်စီးမှ အရာရှိငယ်နှစ်ဦးကို ကျိချန်၏ဘေးတွင် ထားရစ်ခဲ့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ ရွှဲမင်ထန်၏စိတ်ထဲ၌ တဟုန်ထိုး ထကြွလာသော သတ်ဖြတ်လိုစိတ်တို့ကို အတင်းအကျပ် ချိုးနှိမ်ထားလိုက်ရ၏။

ကျိချန်နှင့် မင်ကျင့်စီးတို့၏ ဆက်ဆံရေးကို တိတိကျကျ မသိရှိမီအချိန်အထိ သူသည် မဆင်မခြင် မလှုပ်ရှားနိုင်သေးချေ။

အားချန်သည် ရွှဲမင်ထန်အား လှည့်မကြည့်တော့ပေ။ ဤလူသည် လတ်တလောတွင် သူမကို လာရောက်နှောင့်ယှက်မည် မဟုတ်ပေ။ နောင်ဖြစ်လာမည့် ကိစ္စများကိုတော့... နောင်မှပင် ဆက်လက်စဉ်းစားရမည်။

ပစ္စည်းသယ်ပေးမည့်သူနှစ်ဦး ရရှိသွားသောကြောင့် အားချန်သည် အားမနာတော့ဘဲ အနောက်ပိုင်းဈေးကို တစ်ပတ်ထပ်မံ လျှောက်ပတ်လိုက်သေးသည်။

မင်ကျင့်စီးအစောင့်များ ပါလာသောကြောင့် ပစ္စည်းဝယ်ရာတွင်ပင် ဈေးနှုန်းတစ်ဝက်ခန့် သက်သာသွားခဲ့၏။ အားချန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် ဂွမ်းစောင်တစ်ထည်ကိုပင် ဝယ်ယူ၍ အိမ်သို့ သယ်ဆောင်သွားခဲ့လေသည်။

ထိုမင်ကျင့်စီးအစောင့်နှစ်ဦးမှာ သူမ၏ပစ္စည်းအားလုံးကို အိမ်တိုင်ရာရောက် ကြိုးကြိုးစားစား သယ်ပို့ပေးပြီးနောက် ရေတစ်ခွက်ပင်မသောက်ဘဲ အလျင်အမြန်ပင် ပြန်သွားကြလေတော့သည်။

...

All Chapters